အပိုင်း (၈၃) မိုးသောက်ချိန် အာရုဏ်ဦး
“ပုံပြင်ရဲ့အဆုံးသတ်က လူငယ်လေးထင်ထားတာထက် ကျော်လွန်နေတာပေါ့။ ဒါပေမယ့် ဒီအချိန် ဆို ငတုံးတစ်ကောင်တောင် တစ်ခုခုတော့ သင်ယူနိုင်သွားလောက်ပြီ”
အကြီးအကဲစန်း ခဏတာ ရပ်တန့်သွားပြီးနောက် ထပ်လောင်း၍ “သူက ငတုံမဟုတ်ဘူး။ တကယ့်ကို ဉာဏ်ကောင်းတဲ့သူ။ ကမ္ဘာပေါ်မှာရှိတဲ့ ဉာဏ်အကောင်းဆုံးသူပဲ”
စုရှောင်ရှန် စွံ့အသွားသည်။ ဤအဖိုးကြီးက အရှက်မရှိပါပေ။
“အဲ့အချိန်မှာပဲ အဲ့ဒီအဖိုးကြီးထပ်ရောက်လာပြန်တယ်… ဒီတော့ ကောင်လေးကမေးတော့တာပေါ့…”
အကြီးအကဲစန်း စုရှောင်ရှန် ဘက်ကို လှည့်၍ “သူဘာမေးတယ်ထင်လဲ”
စုရှောင်ရှန် ခေါင်းကိုကုတ်၍ စဉ်းစားလိုက်ပြီးမှ “ခင်ဗျားမျက်လုံးတွေ ဘာလို့ ဒီလောက်ညိုမဲနေတာလဲလား”
အကြီးအကဲစန်း မှင်သက်သွား၏။ ထို့နောက် ပေါက်ကွဲတော့သည်။ စုရှောင်ရှန်၏ ခေါင်းကို ထုပြီး ဆို၏။ “ကောင်းကောင်းပြေားစမ်း”
“ကျုပ်ပြော…” စုရှောင်ရှန် သူပြောချင်သောစကားများကို ပြန်မျိုချလိုက်သည်။ သူမနောက်ပါတော့ပေ။ သူ့အသက်က ပို၍ တန်ဖိုးရှိသည်မဟုတ်ပါလား။
“ခင်ဗျားဘာလို့ ကျုပ်ကို ငရဲမီးတောက်အစေ့ အတင်း ကျွေးတာလဲ လား” စုရှောင်ရှန် ပြောလိုက်သည်။
အကြီးအကဲစန်းက လက်တစ်ချောင်းထောင်ပြကာ “အဲ့တာ ပထမ မေးခွန်းပဲ”
“အဲ့မှာ အဖိုးကြီးက ပြန်ပြောတယ် သူပျော်လို့လုပ်တာပါတဲ့”
စုရှောင်ရှန်၏ မျက်ခုံးများလှုပ်သွားသည်။ သူက အဖိုးကြီး၏ ပြိုင်ဘက်မဖြစ်နိုင်ရာ ထိုးနှက်ပစ်လိုက်ချင်သည့် စိတ်ဆန္ဒအား အတင်းထိန်းချုပ်နေရ၏။
အကြီးအကဲစန်း နောက်လက်တစ်ချောင်းထောင်လိုက်သည်။ ဤသည်က အကြီးအကဲစန်း၏ သူ့ကို မေးခွန်းမေးသည့် တမူထူးခြားသော နည်းလမ်းဆိုတာသိသည်။ ပုံပြင်ထဲက ကောင်လေးကဲ့သို့တော့ သူ့ကိုယ်သူ မှတ်ယူပြီးမမေးလိုက်ပါ။ ထိုအစား သူ့ပုံစံဖြင့်ပြောလိုက်၏။
“အဲ့ဒီသောက်အဖိုးကြီး သူပေးတဲ့ နာကျင်မှုနဲ့ ဒုက္ခတွေဒွန်တွဲပါလာတဲ့ အခွင့်အရေးကို ဘယ်သူမှ မလိုချင်ဘူးဆိုတာ မသိဘူးလား”
အကြီးအကဲစန်း၏ နှုတ်ခမ်းများလှုပ်သွားသည်။ သူတို့က ယခု နှစ်ယောက်တည်းရှိသည်ဖြစ်ရာ အားပေးမည့် ပုရိသတ်မရှိဘဲ ဤသို့ ဘယ်သူ့ပြောချင်သလိုလို နာကျဉ်းချက်ကို ထုတ်ဖော်မသင့် ဟုတွေးလိုက်သည်။
“မင်းရဲ့ အရည်မရ အဖက်မရ စကားတွေကို သတိထားပါ” မပျော််မရွှင် ပြောလိုက်၏။
“အဖိုးကြီးက ပြန်ပြောတယ် လူဆိုတာ ရည်မှန်းချက်နဲ့ ဆန္ဒဆိုတာ မရှိရင် လူ့ဘောင်လောကကြီးနဲ့ မစပ်မတည့်ဘူးတဲ့။ သူတို့ကိုယ်သူတို့ အဆက်မပြတ် တိုးတက်အောင်လုပ်နေတဲ့သူတွေသာ မြင့်မြတ်နန်းတော်နဲ့ ထိုက်တန်တယ်တဲ့… အဲ့ဒီမေးခွန်းရဲ့ အဖြေကို မင်းသိပြီးသားပါ”
စုရှောင်ရှန် ပြန်ချေပရန် ပြင်လိုက်ချိန် အကြီးအကဲစန်းက ကြား၀င်ဖြတ်လိုက်သည်။ “ကောင်လေးက အဖိုးကြီးပြောတာ သဘောတူတယ်။ နောက်ထပ်အခွင့်အရေးပေးမယ်ဆိုရင် ငရဲမီးတောက် အစေ့ကို စားဖို့ သူရွေးချယ်မိမှာပဲနဲ့။ နာကျင်ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် သွေးကြွေးစပ်ချင်စိတ်သာ မဆာလောင်နေခဲ့ရင် သူ့စစ်မှန်ခြင်းခန္ဓာကိုယ် ပျက်ဆီးပြီးတဲ့နောက် ပြန်တည်ဆောက်ဖို့ လုပ်နိုင်မှာမဟုတ်ဘူးတဲ့။ အရှင်သခင် နယ်ပယ် ခန္ဓာကိုယ်ကိုလဲ ရောက်နိုင်မှာ မဟုတ်ဘူးတဲ့လေ”
အကြီးအကဲစန်း စုရှောင်ရှန်ကို မင်းသိပါတယ် အကြည့်နှင့်ကြည့်လိုက်ရာ စုရှောင်ရှန် နှာခေါင်းရှုံ့ပြလိုက်၏။ ဘာကိုဆိုလိုချင်သနည်း
အဖိုးကြီးက သူ့ကို စကားပြောခွင်လည်းမပေး၊ မေးခွန်းမေးခွင့်လည်းမမေး ဘဲနှင့် ယခုမှ သူ့ကို လာချော့ချင်နေသည်လော။ ဒီအဖိုးကြီးက သူ့ကို ဦးနှောက်ဆေးချင်နေသည်ဟု သံသယ၀င်သွားပြီး ထိုအတွက်လည်း သက်သေရှိလေသည်။ သို့သော် အဖိုးကြီးပြောသည့် စကားကို မ၀န်ခံချင်ပေမယ့် သူလည်း သဘောတူမိလေသည်။
နေပါဦး။ မဟုတ်သေးဘူး။ ဘုရား ဘုရား သူဦးနှောက်ဆေးတာ အောင်မြင်တော့မလို့။
စုရှောင်ရှန် စိတ်ချဉ်ပေါက်နေသည်ကိုပြသလိုသည့်အလား အဖိုးကြီးကို သတ်ဖြတ်ချင်သော အကြည့်ဖြင့်ကြည့်လိုက်သည်။
“နောက်ဆုံး မေးခွန်းတစ်ခု” အကြီးအကဲစန်း တတိယ လက်ချောင်းကိုထောင်ပြသည်။
တတိယတစ်ခုလော။ သူသေချာ မေးခွန်းထုတ်ရပေမည်။
စုရှောင်ရှန် တစ်အောင့်ကြာ စဉ်းစားပြီးနောက် ဖြေးညှင်းစွာ ပြောလိုက်သည်။
“မျက်နှာဖုံးတပ်နဲ့လူက ဘယ်သူလဲ” သူ၏မျက်လုံးများက စူးစမ်းလိုစိတ်တို့ဖြင့် ပြည့်နေ၏။
အကြီးအကဲစန်း၏ နဖူးပေါ်တွင် သွေးကြောများထောင်ထလာသည်။ သူ့ကိုယ်သူမနည်းထိန်းထားရ၏။ ဒီကောင် တကယ် ငယ်ငယ်က ဦးနှောက်ထိသွားတာဖြစ်ရပေမည်။ လူရွေးမှားသွားပြီလားဟု နောင်တရသွား၏။
“လျှောက်ပြောမနေနဲ့”
“အာ… ဘာလို့ ကျုပ်ကို ရွေးတာ လဲတဲ့လား” စုရှောင်ရှန် လေးနက်သွားသည်။
အကြီးအကဲစန်း၏ တင်းမာနေသော မျက်ခုံးများ ပြန်ပြေလျော့သွားပြီး ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ “ဒါမျိုးကမှ သာမန်လူမေးတဲ့ မေးခွန်းမျိုး”
အကြီးအကဲစန်း၏ မျက်နှာထက်၌ လေးနက်နေသော ဟန်ပန်ပေါ်လာပြီး “ရိုးရိုးသားသားပြောရမယ်ဆိုရင် ငရဲမီးတောက်ကောင်းပင်က စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကို ဒုက္ခိတ ဖြစ်စေကြောင်းနဲ့ ကျော်ကြားတယ်… အဲ့လိုကျော်ကြားစေရတဲ့အချက်ကလည်း သေဆုံးနှုန်း ၁၀၀ ကျော်ပြီမို့လို့ပဲ”
စုရှောင်ရှန်၏ အမူအရာက ၎င်းကို မျှော်လင့်ထားသည့်အလား ရှိနေသည်။ အကြီးအကဲစန်း ဤသို့သော တုန့်ပြန်မှုကိုမမျှော်လင့်ထားသော်လည်း ဆက်၍ပြောလိုက်သည်။
“မင်းမလာခင်မှာ ငါစိတ်ဝိညာဉ်နန်းတော်က မဟုတ်တဲ့ တခြား ပါရမီရှင်တွေနဲ့ စမ်းသပ်ကြည့်ပြီးပြီ။ သူတို့အားလုံးသေတာပဲ… အစက ငါလည်း မင်းအပေါ်မှာ မျှော်လင့်ချက် အဲ့လောက်မရှိဘူး။ အဆိုးဆုံးဘာဖြစ်နိုင်လဲပေါ့… နောက်တစ်ယောက်သေတာပဲ အဖက်တင်မယ်ပေါ့လေ”
စုရှောင်ရှန်ကိုကြည့်လိုက်ရာ တည်ငြိမ်အေးဆေးနေသေးသောကြောင့် အကြီးအကဲစန်း ထိုကောင်လေး ဟန်ဆောင်ပန်ဆောင်လုပ်နေသည်လား တွေးကြည့်လိုက်သည်။
စုရှောင်ရှန် တည်ငြိမ်အေးဆေးဟန် ဆောင်နေခြင်းမဟုတ်ပါ။ သူက အကြီးအကဲစန်း၏ အပြုအမူတို့ဖြင့် ရင်းနှီးပြီးသားဖြစ်သည်။ အကယ်၍ အကြီးအကဲစန်းကသာ တစ်ခါမှ မတွေ့ဖူးသည့်သူအတွက် စိုးရိမ်သည် ပြောလာမှသာ သူအံ့အားသင့်ပေလိမ့်မည်။ တကယ်က အဖိုးကြီးက သူထင်ထားသည်ထက် အမှန်တရားများပြောသွား၏။
“ပုံပြင်ကိုပြန်သွားရအောင်” အကြီးအကဲဆန်းကဆိုသည်။ “ကောင်လေးက အခုလို မေးခွန်းတူတူမေးသွားတာပေါ့။ အဖိုးကြီးကလည်း ငါဖြေသလို ပြန်ဖြေသွားတယ်”
ပုံပြင်ထဲမှ ဇာတ်ကောင်၏ အပြုအမူကို အတုယူလိုက်၍ အကြီးအကဲစန်းက ဆက်ပြောလိုက်သည်။
“ကမ္ဘာကြီးက လှောင်အိမ် အကြီးကြီးပဲ။ လူတိုင်းက လွတ်မြောက်ခြင်းကို ရှာလိုကြတယ်… လူတိုင်း ဘာမှတဲ့ ဘ၀ကနေစကြရတယ်။ မင်းဘာမှမဟုတ်တဲ့ကောင်လို ဘယ်သူမှ မင်းရဲ့ အလားအလာကို မမြင်နိုင်တဲ့အချိန်လိုပေါ့”
“မင်းကြိုးစားလို့ ဘ၀မှာ အဆင့်တစ်ခုကို ရောက်သွားတယ်။ အဲ့အချိန်မှ လူတိုင်းက မင်းအလားအလာကို ရှာတွေ့ကြတာ။ ဒါပေမယ့် မင်းက လွတ်မြောက်ပြီလို့ မဆိုသေးဘူး… မင်းက နယ်ရုပ်လေး တစ်ရုပ်အဖြစ် ကျန်နေသေးတုန်းပဲ။ အခြားသူတွေ သူတို့ လွတ်မြောက်ခြင်းကို ရှာဖို့ အသုံးပြုတဲ့ပစ္စည်း။ မင်းရဲ့ဘ၀ မင်းရဲ့ အလားအလာကို ကြိုးကိုင်တဲ့လူရဲ့ လက်ထဲမှာပဲရှိတော့တယ်။ မင်းအပိုင်မဟုတ်တော့ဘူး”
ထို့နောက် စုရှောင်ရှန်ကို လက်ညှိုးထိုးပြလိုက်သည်။ “အခု မင်းက ဘယ်သူလဲ”
စုရှောင်ရှန် အကြီးအကဲစန်းပြောချင်တာကို နားလည်လေသည်။ အဖိုးကြီးက ဆက်၍ ဆို၏။ “နောက်ဆုံးတော့ ပြင်းပြင်းထန်ထန် ကြိုးစားပြီးတဲ့နောက် မင်းက နယ်ရုပ်တစ်ရုပ်မဟုတ်တော့ဘူး။ မင်းရဲ့ လွတ်မြောက်ခြင်းကို လိုက်ဖမ်းနိုင်ဖို့ အခွင့်အရေးရှိသွားပြီ။ နောက်တော့ မင်းရဲ့ ကိုယ်ပိုင် စစ်တပ်ကြီးနဲ့ နယ်ရုပ်တွေကို စုစည်းပြီး အင်မတန်ကြီးတဲ့ ဒီလှောင်အိမ်ကြီးထဲကနေ အောင်အောင်မြင်မြင် ထွက်နိုင်လိုက်ပြီဆိုပါစို့”
“ကမ္ဘာကြီးထဲကို လျှောက်သွားပြီးတဲ့နောက်မှာ ကောင်းကင်ရဲ့ အလွန်မှာ နောက်ထပ် လှောင်အိမ်တစ်ခုကို ထပ်တွေ့လိုက်ရတယ်။ မင်းကသာ လွတ်မြောက်သွားပြီလို့ထင်နေတာ တကယ်တော့ ပိုကြီးတဲ့ လှောင်အိမ်ကြီးဖြစ်နေတယ်”
အကြီးအကဲစန်း ငန်းရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။ ရေကန်၏ မျက်နှာပြင်က မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေ၏။ ထိုမျက်နှာပြင်ပေါ်၌ အဖြူရောင်တိမ် ဆိုင်များနှင့် အပြာရောင်ကောင်းကင်ကြီးကို ရောင်ပြန်ဟပ်နေသည်။
“မင်းက လှောင်အိမ်ထဲမှာ ရှိနေတုန်းပဲ ကဲ ဘယ်လိုထွက်မလဲ”
စုရှောင်ရှန် ထိုင်ချလိုက်ပြီး တန်းပြန်ရပ်လိုက်သည်။ ထို့နောက် ငန်းရေကန်ထဲသို့ ခဲတစ်လုံးပစ်ချလိုက်ရာ လှိုင်းများထသွားပြီး ရောင်ပြန်ဟပ်နေသော ကောင်းကင်ကြီး၏ ပုံရိပ်ကို ပျက်ဆီးသွားစေ၏။ “အခု ချိုးဖျက်နိုင်သွားပြီ မဟုတ်လား”
အကြီးအကဲစန်း စွံ့အသွားသည်။ သူ့ကိုယ်သူ စိတ်လိုက်မာန်ပါမလုပ်မိအောင် ထိန်းချုပ်ရပေမည်။
“ကောင်းပြီလေ။ မင်းက ထွက်သွားပြီထား တကယ်ကောင်းကင်ကြီးကိုတွေ့လိုက်ရပြီတဲ့… အခု ငါတို့ အပေါ်က ကောင်းကင်ကြီးကို ကြည့်လိုက်။ ဘယ်လို ချိုးဖျက်ပြီးထွက်မလဲ” အကြီးအကဲစန်း စုရှောင်ရှန်၏ ခေါင်းမာမှုကို ခေါင်းမော့ရင်ကော့ပြီး သရော်လိုက်သည်။
“မင်းလုပ်နိုင်ရင်တောင် နောက်ထပ် ကောင်းကင်တစ်လွှာနဲ့ တွေ့ရမှာပဲ”
စုရှောင်ရှန် တံတွေးသီးသွားသည်။ မကျေမနပ်ဟန်ဖြင့် စကားသံသေးသေးလေးထွက်သွား၏။ “အဆုံးမသတ်နိုင်တဲ့ ကြော့ကွင်းနဲ့တော့ ယှဉ်ပြီး မပြောနဲ့လေ”
အကြီးအကဲစန်း ရပ်တန့်သွားသည်။ “အဲ့တာ ဘာပြောတာလဲ”
“အာ… ဘာမှ မဟုတ်ဘူး” စုရှောင်ရှန်ခေါင်းကို ချက်ခြင်းငုံ့လိုက်သည်။ ထို့နောက် နားမလည်နိုင်ဟန်ဖြင့် ထပ်မေးလိုက်၏။ “ခင်ဗျား စကားတွေအများကြီးပြောနေတာ ကျုပ်ကို ဘာပြောဖို့ ကြိုးစားနေတာလဲ”
အကြီးအကဲစန်း စုရှောင်ရှန်၏ ခေါင်းပေါ်လက်တင်လိုက်ပြီး “ကမ္ဘာကြီးလည်ပတ်ပုံက အဲ့လိုပဲကွ။ သူတစ်ပါးကို ပျက်ဆီးဒုက္ခရောက်စေလိုတဲ့ ဆန္ဒနဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတာ။ စိတ်ဝိညာဉ်နန်းတော်ကနေ ထွက်ခွာရတဲ့ အချိန်ကြရင် မင်းသိလာပါလိမ့်မယ်”
“မင်းရဲ့အလားအလာကို ကြိုးကိုင်ချင်တဲ့သူတိုင်းက မင်းအပေါ် ကောင်းကောင်းဆက်ဆံမှာမဟုတ်ဘူး။ ငါစမ်းသပ်မှုလုပ်ခဲ့တဲ့လူတွေလို မင်းကို စတေးရင် စတေးကြမှာ… ဒါကြောင့် မင်းကိုယ်ပိုင် စစ်မှန်တဲ့ ခွန်အားမရမချင်း လိမ္မာတဲ့ နယ်ရုပ်ကလေးလို တာ၀န်သိသိ ရေလိုက်ငါးလိုက်လုပ်ပေးရမယ်… အနည်းဆုံးတော့ မင်းကို ကြိုးကိုင်ချင်တဲ့သူတွေကို မင်းက နယ်ပယ် တစ်ရုပ်ပါလို့ မြင်အောင်လုပ်ရမှာပေါ့”
စုရှောင်ရှန် မှင်သက်သွားသည်။ အကြီးအကဲစန်းပြောနေသည်ကို သူနားလည်သလိုလို နားမလည်သလိုလို ဖြစ်နေသည်။ ကမ္ဘာကြီး၏ သရုပ်မှန်ကို သူသိသည်။ ခံစားရဖူးသည်။ သို့သော် အကြီးအကဲစန်းက ၎င်း၏ အဆုံးမသတ်နိုင်သော ကြော့ကွင်းဖြင့်ယှဉ်ပြောသည့် အန္တရာယ်ကို ကိုတော့ ကိုယ်တိုင် တစ်ခါမှ မကြုံတွေ့ဖူးပါချေ။
“မစိုးရိမ်ပါနဲ့။ ကျုပ် ဒီလှောင်အိမ် တစ်ခုချင်းစီတိုင်းကို ချိုးဖျက်သွားပြမယ်” စုရှောင်ရှန် အားကြိုးမာန်တက်ပြောလိုက်လေသည်။
အကြီးအကဲစန်းပြုံးလိုက်ရာ သူ၏ ရှံ့တွနေသော မျက်နှာက လျော့ကျသွားပြီး ပန်းပွင့်သွားသည်နှင့် အလားဆင်တူသွား၏။ “အဲ့တုန်းက ငါလည်း ဒီလို ပြောခဲ့တာပဲ…”
စုရှောင်ရှန် ခေါင်းပြန်မော့လိုက်ပြီး “ခင်ဗျားက ပုံပြင်ထဲက ကောင်လေးဆိုရင် ရုပ်ဆိုးဆိုးအဖိုးကြီးက ခင်ဗျားရဲ့ ဆရာလား”
ဘုတ်
အကြီးအကဲစန်း စုရှောင်ရှန်၏ ခေါင်းကို ထပ်ထုလိုက်သည်။
“ဘယ်က ရုပ်ဆိုးဆိုး အဖိုးကြီးလို့ပြောနေတာလဲ… အဲ့တာ မင်းရဲ့ ဆရာ့ ဆရာပဲကွ”
စုရှောင်ရှန် ကြက်သေသွေားသည်။
“ပုံပြင်လေးရဲ့ အဆုံးမှာ အဖိုးကြီးက ပြောလိုက်တယ် ‘မင်းကိုငါ သင်ခန်းစာတစ်ခု သင်ပေးပြီးသွားပြီ။ ငါ့ကို မင်းရဲ့ ဆရာအဖြစ် ခံယူဖို့ ဆန္ဒရှိလား’ တဲ့”
အကြီးအကဲစန်း သူ၏ အတိတ်က ဖြစ်ရပ်များမှ ထွက်လိုက်ပြီး ၎င်းကို ထပ်ပြောလိုက်သည်။ “ငါ့ကို မင်းရဲ့ ဆရာအဖြစ် ခံယူဖို့ ဆန္ဒရှိလား”
“ခင်ဗျားကျုပ်အပေါ် ကောင်းမှာလား” စုရှောင်ရှန်၏ မျက်နှာထက်၌ အသနားခံနေသော အမူအရာ ချက်ခြင်းပေါ်လာခဲ့၏။
အကြီးအကဲစန်းစွံ့အသွားသည်။ ဤအချိန်၌တောင် ဟာဟ လုပ်နေသည်လော။
သူမအော်ငေါက်လိုက်နိုင်ခင်မှာပင် သူ့ရှေ့ရှိ ကောင်လေး ဒူးထောက်လိုက်လေသည်။
“ဆရာ။ ဒီတပြည့်ရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါ”
စုရှောင်ရှန် ဤအဖိုးကြီး၏ လုပ်ရပ်ကြောင့် အတိတ်က မကျေမချမ်းဖြစ်ခဲ့တယ်ဆိုပေမယ့် ငရဲမီးတောက်ကောင်းကင်ကို ကျင့်ကြံရန်အတွက် ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ပြန်တည်ဆောက်ရသည်ကို သိလိုက်သည်နှင့် ၎င်းတို့ အစအန မကျန်ပျောက်သွားလေသည်။
ထို့ပြင် ဤနေ့ည အကြီးအကဲစန်း၏ ကြား၀င်နောက်ယှက်မှုမရှိပါက ရဲ့ရှောင်ထျန်း၏ စွန့်ပစ်ခြင်း (သို့) ဖျက်နှာဖုံးတပ်လူ၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရမည်ဖြစ်လေသည်။
အကြီးအကဲစန်းက တမူထူးခြားသော နည်းလမ်းများဖြင့် လူထူးလူဆန်းဖြစ်သော်လည်း စုရှောင်ရှန်ကို ကယ်တင်ဖို့အရေးတုန်းက စစ်မှန်သော စိုးရိမ်ပူပန်မှုကို ပြသခဲ့လေသည်။ ၎င်းကို သူမည်သို့ မေ့နိုင်ပါမည်နည်း။ ထို့ပြင် အကြီးအကဲစန်းက သူ၏ ရည်ရွယ်ချက်ကို ကွေ့ကာဝိုက်ကာ ပြောပြီးဖြစ်လေရာ စုရှောင်ရှန်ထံတွင် တခြား ရွေးချယ်စရာလည်း မရှိပါပေ။
အကြီးအကဲစန်းထံမှ မည်သည့် တုန့်ပြန်ချက်ကိုမှ မကြားရသောကြောင့် မော့ကြည့်လိုက်ရာ မျက်ရည်တို့ ရွှန်းစိုနေပြီး ပီတိဝေဖြာမှုကြောင့် တောက်ပနေသည့်အလား အဖိုးကြီးတစ်ဦး၏ ရှံ့တွတွ မျက်နှာကိုတွေ့လိုက်ရသည်။
စုရှောင်ရှန် မှင်သက်သွား၏။
အဖိုးကြီး၏ နောက်၌ အရှေ့ဘက် မိုးကုတ်စက်၀ိုင်းမှ တဖြေးဖြေး ထွက်ပေါ်လာသော နေမင်းကြီးက ခရမ်းရောင်ခြည်အလင်းတန်းတို့ ဖြန့်ကျက်ပေးနေလေသည်။
အလင်တန်းဖျော့ဖျော့ကလေးတစ်ခုက ဒူးထောက်နေသော လူငယ်လေးနှင့် ပီတိဖြစ်နေသော အဖိုးကြီးတို့အပေါ်ကျရောက်လာသည်။
နေ့သစ်တစ်ဖန်ပြန်စခြင်းနှင့်အတူ ငန်းရေကန်လဲ ဆူညံလာခဲ့သည်။ မနက်လေညှင်းကလေးက တိုက်ခတ်လာပြီး ပုစဥ်းရင်ကွဲများနှင့် ငန်းတို့က တေးသီလိုက်ကြသည်။ ၎င်းတို့၏ အာရုဏ်တက် တေးသွားကလေးက ဒဏ်ရာရ ပျက်ဆီးနေသော မြေကမ္ဘာနှင့် ညှိုးကျနေသော မိုးမခပင်တို့ကို ဖြတ်သန်း ပွတ်တ်ိုက်သွားလိုက်သည်။ သို့ဖြင့် ပျက်ဆီးနေသော နယ်မြေမှ ဘ၀အသစ်အတွက် မျှော်လင့်ချက်တို့ ဖူးပွင့်လာကြတော့၏။