အပိုင်း (၈၂) ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်
အကြီးအကဲစန်းက ထိုသို့သောသူပင်။ သူအသိအမှတ်မပြုသည့်သူ သေသည်ရှင်သည်ကို သူဂရုမစိုက်ပါပေ။ သို့ပေမယ့် သူအသိအမှတ်ပြုလိုက်ရင်တော့ သင့်ကို ရတနာတစ်ခုအဖွယ် မည်သူမှ ယူမသွားနိုင်အောင် သူအလေးထားပေမည်။ သူ့မျက်လုံးထဲ၌ စုရှောင်ရှန်နှင့် အကြီးအကဲကြီး(၉) တို့၏ တန်ဖိုးကွာခြားမှုက ကမ္ဘာခြားသလိုပင်။
အကြီးအကဲစန်း စုရှောင်ရှန်ကို တိတ်တဆိတ်ကြည့်လိုက်သည်။ ထို့နောက် ရှောင်ချိစွေကို ကောက်ရိုးခမောက်စောင်းရင်းမှ ဆို၏။ “ငါတို့ဒီည မျက်နှာဖုံးတပ်လူရဲ့ ခွန်အားကို မသိလို့ ဖမ်းတဲ့ အစီအစဉ် ပျက်သွားပြီ။ သူငါတို့ အတွင်းစည်းဂိုဏ်းသားနှစ်ယောက်ကို သတ်ပြီး ထွက်ပြေးသွားတယ်”
ထို့နောက်ခဏရပ်တန့်လိုက်ပြီး ထပ်လောင်း၍ ဆိုသည်။ “မနက်ဖြန်ကြရင် ဒီလို ကြေငြာလိုက်”
ရှောင်ချိစွေ စွံ့အသွား၏။ စုရှောင်ရှန်ထန်ကို မျက်စပစ်ပြလိုက်သည်။ အဖိုးကြီး၏ သင့်လျော်လျောက်ပတ်မှုမရှိသော အပြုအမူကြောင့် ရဲ့ရှောင်ထျန်းက အကြီးအကဲစန်းကို အံ့အားသင့်စွာကြည့်နေ၏။
“မင်းရဲ့ လက်ကို ပြန်ဆက်ချင် သေးရင်တော့ ခေါင်းငြိမ့်ပြီး လက်ခံလိုက်” အကြီးအကဲစန်း ခပ်ညစ်ညစ်ပြုံးပြလိုက်သည်။
ရဲ့ရှောင်ထျန်း သူ့လက်ကို ဆုပ်က်ိုင်ပြီး တိတ်ဆိတ်နေလိုက်သည်။ သူ၏ ဒဏ်ရာက သွေးမထွက်နေတော့သော်လည်း ကျွမ်းကျင်သည့် ဆေးဖော်စပ်သူမရှိပါပဲ လုံးလုံးမပျောက်ကင်းနိုင်ပါပေ။
တစ်အောင့်ကြာသော် လေထဲ၌ ဝဲနေသော ဆံဖြူကလေး ခေါင်းအသာအယာညိတ်သည်ကို တွေ့လိုက်ရသည်။
“ကောင်းပြီ”
ရှောင်ချိစွေလည်း မှုန်ကုပ်ကုပ် ခေါင်းညိတ်လိုက်ရ၏။
အကြီးအကဲစန်း၏ စကားအနည်းငယ်တည်းဖြင့် ဘက်မလိုက်ပါဟု နာမည်ကျော်ကြားသော စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ ထိပ်ခေါင်အကြီးအကဲရှောင်ချိစွေ အရှုံးပေးလိုက်ရသည်လော။ စုရှောင်ရှန် အံ့အားသင့်သွား၏။
၎င်းက ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့၏ စွမ်းပကားပေလော။ စုရှောင်ရှန် ပျော်လွန်းသဖြင့် စပ်ဖြီးဖြီးဖြစ်နေ၏။ ဤည သူလူသတ်လိုက်သည့် ကိစ္စကို သူတို့ လျော်ပေးလိုက်ချေပြီ။
မဟုတ်ပါက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံရပြီး စစ်ဆေးမေးမြန်းခြင်းကို ခံရပေလိမ့်မည်။ စုရှောင်ရှန် ထိုသို့ အချိန်ကုန်သည့် အလုပ်ကို မလုပ်လိုပါ။ ရှောင်နိုင်လျှင် ရှောင်သည်က အကောင်းဆုံးဖြစ်၏။
ရှောင်ချိစွေ ဤသို့သော ကစ္စငယ်လေးပေါ်တွင် အာရုံထားမနေတော့ဘဲ အကြီးအကဲစန်းကို တောက်ပ၍ စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် တဖန် ပြန်ကြည့်လိုက်သည်။
“ဆိုတော့… အဲ့ဒီ မျက်နှာဖုံးနဲ့လူက…”
အကြီးအကဲစန်း ရှောင်ချိစွေ၏ ရင်ဘက်ရှိ ပြန်လည် ကောင်းမွန်လာပြီဖြစ်သော ဓားဒဏ်ရာကို ကြည့်လိုက်သည်။ “မင်းကိုယ်တိုင် ခံစားရပြီးပြီပဲ အဖြေကိုသိရဲ့သားနဲ့ ဘာလို့မေးနေသေးလဲ”
“တကယ် သူပေါ့”
“ဟုတ်တယ်*
ထိုလူနှစ်ယောက်က သူနားလည်အောင် ရှင်းရှင်းမပြောကြလေရာ စုရှောင်ရှန် သိချင်သွားပြီး မေးလိုက်၏။ “ဘယ်သူလဲ ခင်ဗျားတို့ပြောနေတာ”
ဖောက်ထွင်းလုမတတ် မျက်လုံးသုံးစုံသူ့ကို စိုက်ကြည့်လိုက်ကြရာ စုရှောင်ရှန် တွ့န်သွားပြီး သူတို့(၃) ဦးထံမှ အနည်းငယ် နောက်ဆုတ်လိုက်၏။
“ခင်ဗျားတို့ပဲ ကျုပ်ကိုလည်း ဆက်နေခိုင်းသေးတယ်။ အတင်းတုပ်နေတော့လဲ မခေါ်ဘူး။ ကျုပ်က ဘာလုပ်ရမှာ…” စုရှောင်ရှန် ကုပ်ကုပ်ကလေး ပြန်လည်ချေပလိုက်သည်။
အကြီးအကဲစန်းတို့ မျက်နှာများမဲမှောင်သွား၏။ မည်သူက အတင်းတုပ်နေသနည်း။
အကြီးအကဲစန်း စုရှောင်ရှန်၏ ပုခုံးကို ပုတ်လိုက်သည်။ “ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားစမ်းပါ။ ဒီလိုအရာတွေက မင်း၀င်ပါနိုင်တယ့် အရာတွေမဟုတ်ပေးဘူး”
“ပြီးတာပဲ”
၎င်းက သူ၏ သိလိုစိတ်ကိုသာ ပို၍ ပြင်းပြသွားစေလေသည်။ မျက်နှာဖုံးတပ်နှင့် သူက မည်သူနည်း။ သူက ဤတိုက်ပွဲနစ်ခုလုံးကို ဓားဆန္ဒဖြင့် သက်သက် တိုက်ခိုက်သွားသည့်သူ ဖြစ်လေသည်။
စုရှောင်ရှန် ထိုမျက်နှာဖုံးတပ်နှင့်လူ သူ့ကို ပေးသည့် အကြံကို စဉ်းစားလိုက်၏။ အမှန်တကယ်ပဲ ဓားဆန္ဒဖြင့် သက်သက် တိုက်ခိုက်ခြင်းက လမ်းဆုံးသွားပေပြီလော။ သို့ဆိုလျှင် အဘယ်ကြောင့် ဤမျှ သန်မာနေရသနည်း။ လမ်းအဆုံးမှလူက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော် တစ်ခုလုံးကို တစ်ယောက်တည်းဖြင့် တိုက်ခိုက်နိုင်ပါသည်လော။
စုရှောင်ရှန် သိလိုစိတ်တို့ဖြင့် ယားကျိယားကျိ ခံစားနေရသည်။ သူ့ပဟေဠိများအတွက် အဖြေအားလုံးက သူ့အရှေ့၌ ရှိနေ၏။ သို့သော် မည်သူမှ သူ့ကို ထိုအဖြေ မပေးလိုပါပေ။
ချီးပဲ…
“ကောင်းပြီ သွားစို့”
အကြီးအကဲစန်း ခေါင်းခါလိုက်ပြီး အရှေ့ဘက်အရပ် ကောင်းကင်ကို ကြည့်လိုက်သည်။ နေထွက်လာတော့မည်ဖြစ်ရာ လောကတစ်ခွင်လုံး တောက်ပစပြုနေလေပြီ။ မိုးရွာပြီးနောက် တိုက်ခတ်လာသော လေက အေးစိမ့်စိမ့်ရှိ၏။
ရှောင်ချိစွေ ထွက်ခွာသွားသည်။ ရဲ့ရှောင်ထျန်း စုရှောင်ရှန်ကို စိုက်ကြည့်နေ၏။ အဘယ်ကြောင့်မှန်း ကာယကံရှင် ကိုယ်တိုင်ပင် မသိပါပေ။
ရဲ့ရှောင်ထျန်း လေပေါ်၌ ဝဲနေရင်း ကလေးကဲ့သို့ အသံဖြင့် ဆိုလိုက်သည်။ “မင်းက မိုးတိမ်လေပြိုင်ပွဲက ဗိုလ်ဆွဲသွားတဲ့သူမလာ”
စုရှောင်ရှန် ပဟေဠိဖြစ်နေသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရဲ့ရှောင်ထျန်း သူ့စီကဘာကိုလိုချင်မှန်းမသိပါ။
“မင်းအတွင်းစည်းကိုလာခဲ့”
ဘာ။ ဘာကွီးးးး။
သူဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်ခဲ့ရသော်လည်း အတွင်းစည်သို့ ၀င်ခွင့်မရခဲ့ပါပေ။ ယခုတော့ ရဲ့ရှောင်ထျန်း၏ စကားတစ်ခွန်းဖြင့် ၀င်နိုင်တော့မည်လော။ စုရှောင်ရှန် အရူးတစ်ယောက်ပမာ ပြုံးလိုက်၏။
အကြီးအကဲစန်း ဒေါသတကြီး ရဲ့ရှောင်ထျန်းကို ခေါင်းထုလိုက်သည်။ ဆံဖြူကလေးငယ် သူ့ကို မကျေမနပ်ကြည့်လိုက်၏။
“မင်းဘာတွေပြောနေတာလဲ။ အဲ့ဒီ အဖိုးကြီးတွေကို ပြောလိုက် စုရှောင်ရှန်ကို အတွင်းစည်းထဲ ထည့်စရာအကြောင်းမရှိဘူးလို့”
‘ဒါပေမယ့် ကျုပ်လိုတယ်လေ’ စုရှောင်ရှန် စိတ်ထဲမှ ညည်းတွားလိုက်၏။ အခြေအနေက သူထင်ထားသလို မရိုးရှင်းနေရာ ဘာမှ မပြောဘဲ ဘေးမှ ရပ်ကြည့်နေလိုက်လေသည်။ ဆံဖြူကလေးငယ် အကြီးအကဲစန်းကိုသာ တစ်ချက်ကြည့်ပြီး ထွက်သွားလိုက်၏။
သူတကယ် ထွက်သွားတာ။ ဒီတိုင်း ထွက်သွားတာဟ။
စုရှောင်ရှန် နောက်ပြန်လဲကျမလိုဖြစ်သွားသည်။ ၎င်းက ဘာကိုဆိုလိုသနည်း။ သူ့အတွင်းစည်းကို ဝင်ရမည်လော မ၀င်ရဘူးလော။ တစ်ယောက်ယောက် သူ့ကို အဖြေတည့်တိုးပေးကြပါ။ ဘာမသိတဲ့ အခြေအနေကြီးက သတ်နေလို့ပါ။
“ရဲ့ရှောင်ထျန်း။ အနာဂါတ်မှာ တစ်ခုခုလုပ်ရင် ပြတ်ပြတ်သားသားလုပ်လို့ မင်းကို ငါဘယ်နှစ်ခါပြောရမလဲ။ အတောင်ချိုးရမယ်ဆိုရင်တောင် မတုန့်ဆိုင်းနဲ့လို့” အကြီးအကဲ စန်း ပျံထွက်သွားသော ဆံဖြူကောင်လေးကို လှမ်းအော်ပြောလိုက်သည်။ အကြီးအကဲစန်းအား သူ့၏ လက်ကို ပြန်ဆက်ပေးရန် သတိပေးလို့သည့်အလား ရဲ့ရှောင်ထျန်း လက်ပြတ်ကြီးကို မြှောက်ကာ ဝှေ့ရမ်းပြလိုက်၏။
စုရှောင်ရှန် အကြည့်ပြန်လွှဲလိုက်မှ အကြီအကဲစန်းနှင့် သူနှင့် နှစ်ဦးတည်းသာရှိတော့ကြောင်း သိလိုက်ရပြီး ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ ငန်းရေကန်၌ ဤ အဖိုးကြီးနှင့် နှစ်ဦးသား ကျန်ခဲ့ပြန်လေပြီ။ သူခံစားလိုက်ရသော နာကျင်မှုဒုက္ခများ တစ်ဖန် ပြန်သတိရသွား၏။
“ကျုပ်လဲ သွားသင့်ပြီထင်ပါတယ်” စုရှောင်ရှန် မဝံ့မရဲပြောလိုက်သည်။
“မသွားပါနဲ့ဦးဟ”
အကြီးအကဲစန်း၏ မျက်နှာထက်၌ အမြဲရှိနေတတ်သည့် ကျောချမ်းဖွယ်ရာ အပြုံးမျိုးမရှိတော့ဘဲ လေးနက်မှုတို့အစားထိုး၀င်ရောက်လာလေသည်။ “မင်းကို ပုံပြင်တစ်ပုဒ်ပြောပြမယ်”
ထိုသို့ပြောပြီး အကြီးအကဲစန်း လျှောက်သွားလိုက်လေသည်။ စုရှောင်ရှန် ထွက်ပြေးချင်သော ဆန္ဒများကို ဖိနှိပ်လိုက်ပြီး အဖိုးကြီးနောက် အပြေးလေး လိုက်သွားလိုက်၏။
“ရှန်းရှန် ကုန်းမြေကြီးကို နယ်မြေကြီး ငါခု ခွဲခြားထားတယ်ပေါ့။ အလယ်ပိုင်းကိုတော့ မြင့်မြတ်နတ်ဘုရားနယ်မြေလို့ခေါ်ပြီး အဲ့ဒီကလူသူနည်းပါးတဲ့နေရာမှာ မြင့်မြတ်နတ်ဘုရားနန်းတော်ရှိတာပေါ့ကွာ။ ကုန်းမြေတစ်ခုလုံးက ဆေးဖော်စပ်သူတွေအတွက် မြင့်မြတ်ကုန်းမြေဆိုလဲဟုတ်တယ်” အကြီးအကဲစန်း လက်နောက်ပစ်ရင်း အဝေးတစ်နေရာကို ကြည့်ကာပြောလိုက်သည်။
စုရှောင်ရှန် သူနားထောင်နေကြောင်း ခေါင်းငြိမ့်ပြလိုက်၏။ သူသိသည်က သူရပ်နေသော နေရာမှာ အရှေ့ဘက်တိုက်ကြီးဖြစ်ပြီး ၎င်းကို မြင့်မြတ်ဓားနယ်မြေဟုခေါ်ကာ ရှန်းရှန်ကုန်းမြေရှိ ဓားသမားမြောက်များစွာ လာရောက်စု၍ နေထိုင်ကြသောနေရာဟုပင်။ အခြား တိုက်ကြီးလေးတိုက်အကြောင်းကိုတော့ သူမသိပါပေ။ တကယ်က တော်၀င်နတ်ဘုရားနန်းတော်ကိုပင်မကြားဖူးပါပေ။
“အဲ့ဒီ မြင့်မြတ်နန်းတော်မှာ ရေကန်လေးတစ်ကန်ရှိတယ်။ ငန်းရေကန်နဲ့တစ်ပုံစံထဲပဲ ဒါပေမယ့် အဲ့တာက (၃) ဆလောက်ကြီးတယ်”
အကြီးအကဲစန်း လက်ရန်းများနောက်မှ ငန်းရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်း၏ ကန်ရေအချို့မှာ ရေငွေ့အဖြစ်သို့ ပြောင်းသွားသောကြောင့် ယခင်ကလောက် ရေမနစ်တော့ပါပေ။ “အဲ့တာကို ငန်းရေကန်ကြီးလို့ခေါ်တယ်” အကြီးအကဲစန်း ဖြေးညှင်းစွာပြောလိုက်သည်။
စုရှောင်ရှန်စွံ့အသွား၏။
“အဲ့ဒီ ငန်းရေကန်ကြီးရဲ့ နံဘေးမှာ ကောင်လေးတစ်ယောက် အမြဲတမ်း လာကျင့်ကြံလေ့ရှိတယ်တဲ့။ သူက မင်းအရွယ်လောက်ပေါ့ကွာ ရေကန်ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုမှာ ပျော်မွေ့နေတဲ့ သူပေါ့… တစ်နေ့တော့ သူက စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သွားတယ်တဲ့”
စုရှောင်ရှန် ၎င်းကို ကြားပြီး မှင်သက်သွားသည်။ သူ့ရှေ့ရှိ ကောက်ရိုးခမောက်စောင်းထားသော အဖိုးကြီးကို အကဲခတ်လိုက်ပြီး စိတ်ထဲ၌ အတွေးများစွာ ဖြစ်လာတော့လေသည်။
“ကောင်လေးက ပျော်သွားတာပေါ့။ မကြာဘူး။ ညတစ်ညမှာ အဖိုးကြီးတစ်ယောက်ပေါ်လာပြီး သူ့ကို ငရဲမီးတောက် အစေ့ အတင်းစားခိုင်းရော… ဟုတ်သားပဲ။ ကောင်လေးက မစားချင်လို့ ခုခံသေးတယ်”
စုရှောင်ရှန်၏ မျက်နှာ မဲမှောင်သွားသည်။ ဒီအဖိုးကြီး သူ့ရဲ့ အကြောင်းကို ပြန်ပြောပြနေတာလား။ အဖိုးကြီးလည်း ငယ်ငယ်တုန်းက ငရဲမီးတောက်အစေ့ကို အတင်းစားလိုက်ရတာလား။ ဒါကြောင့် ငါ့ကိုလည်း အဲ့လိုလုပ်တာလား။ သွေးကြွေးစပ်တာလား။
အကြီးအကဲစန်းပြောပြသော ပုံပြင်ကို စုရှောင်ရှန် ဆက်၍ နားထောင်လိုက်သည်။
“တစ်လလောက်ကြာတော့ ကောင်လေးရဲ့ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်က အရင်းကနေ ပြန်ပြင်မရအောင် လောင်ကျွမ်းသွားရောတဲ့… အဖိုးကြီးထပ်ပေါ်လာပြီး သူ့ကို နောက်ထပ် ငရဲမီးတောက်မအစေ့ထပ်ကျွေးတယ်။ ပြီးတော့ တတိယ ငရဲမီးတောက်အစေ့နဲ့ နည်းစနစ်တစ်ခုကိုလည်း ပေးလိုက်တယ်”
“အဲ့တာက ငရဲမီးတောက်ကောင်းကင်လား” စုရှောင်ရှန် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ထိုလူငယ်လေးက စုရှောင်ရှန်ထက် ပို၍ နာကျင်စွာ ဒုက္ခခံစားခဲ့ရလေသည်။ သူ၏ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ် ပျက်ဆီးသွားချိန်၌ နောက်ထပ်ငရဲမီးတောက် အစေ့ထပ်စားလိုက်ရ၏။ ၎င်းက သူ့ကို သေသွားစေနိုင်လောက်လေသည်။
“ဟုတ်တယ်” အကြီးအကဲစန်း ခေါင်းညိတ်ပြလိုက်သည်။ “အဖိုးကြီးကကောင်လေးကိုပြောတယ် ‘ငါ့ကိုမုန်းလားတဲ့။ မုန်းရင် ဒီနည်းစနစ်ကို တတ်အောင်လေ့ကျင့်ပြီး ငါ့ကို အနိုင်ယူပေါ့’ တဲ့”
“ကောင်လေးမှာ တခြားရွေးချယ်စရာမရှိတော့ဘူး။ သူ့နှလုံးသားထဲမှာ လောင်ကျွမ်းနေတဲ့ မုန်းတီးခြင်းတွေကို အသုံးချပြီး နည်းစနစ်ကို လေ့ကျင့်တယ်။ သူ့မှာ ရှိသမျှ အချိန်၊ လူအင်အား၊ စိတ်အင်အား အကုန်ပေါ့ကွာ။ ဒါနဲ့ တစ်နှစ်အတွင်း သူ့စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကို ပြန်ရလိုက်တယ်”
“နောက်(၃) ရက်လောက်ကြတော့ အဲ့တာက အရှင်သခင်နယ်ပယ်ကို ထပ်တက်သွားတယ်… အဲ့အချိန်မှ ကောင်လေးသိလိုက်ရတာက ကုန်းမြေတစ်လျှောက်က စစ်မှန်ခြင်းနယ်ပယ်ကနေ သခင်နယ်ပယ်ကို ရောက်ဖို့မဖြစ်နိုင်ပါဘူးဆိုတဲ့ ဒဏရီကို ချိုးဖျက်သွားလိုက်တာသိလိုက်ရတယ်”
“အဲ့တာကို တစ်နှစ်အတွင်း သူလုပ်လိုက်နိုင်တာ”
စုရှောင်ရှန် ပါးစပ် အဟောင်းသားဖြစ်သွားသည်။ ပုံပြင်ကို ဤသို့ အချိုးအကွေးရှိမည်ဟု မထင်ထားပါလေ။