Switch Mode

Chapter – 81

လေးစားခြင်းဟူသည်

အပိုင်း (၈၁) လေးစားခြင်းဟူသည်

နေထွက် တော့မည်။ မိုးလည်း မကြာသေးခင်က စဲသွားပြီဖြစ်၏။ သို့မဟုတ် အကြီးအကဲစန်း၏ ငရဲမီးတောက်ကောင်းကင်ကြောင့် ကောင်းကင်ရှိ မိုးတိမ်မဲများပါ အငွေ့ထပ်ပျံသွားသည်လား ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခွဲလက်ကြောင့် ဖြစ်ပေါ်လာသော ဗလာနယ်ကပဲ မိုးတိမ်မဲများကို မျိုချသွားသည်လား မသိရပေ။

မည်သူမှ မျက်နှာဖုံးတပ်လူ ထွက်သွားတာကို မတားလိုက်ကြပါပေ။ သူတို့တားလည်းမတားနိုင်ပါ။ အကြီးအကဲကြီး(၉) ဦး ယနေ့ညဘာမှ မလုပ်နိုင်လိုက်သည့်အတွက် စိတ်ပျက်လက်ပျက်ရှိနေကြသည်။ ထို့အစား ရဲ့ရှောင်ထျန်းကို မျက်နှာဖုံးတပ်နှင့် လူခြိမ်းခြောက်ရန် အတွက် မီးစာများသာဖြစ်လာခဲ့၏။ ဆိုရသော် ဘာမှမလုပ်ရဘဲနှင့် သွေးသံရဲရဲဖြစ်သွားသည်သာ အဖက်တင်လေသည်။

“ငါတို့ အိုနေပါပြီ”

“ဟုတ်တယ်။ ငါတို့အိုနေကြပြီ။ ဒါလောကဓံပဲ”

သက်ပြင်းရှည်ကြီးချလိုက်ကြ၏။ သူတို့ဒဏ်ရာများမှာ ကိုယ်တိုင်မကုသနိုင်လောက်တဲ့ အနေအထား၌ မရှိပါပေ။ ထို့ကြောင့် ငန်းရေကန်၌ ဆက်ရှိနေလျှင်လည်း ပို၍ အရှက်ရမည်သာ ဖြစ်မည့်အတူတူ ထွက်ခွာသွားလိုက်ကြသည်။

ရဲ့ရှောင်ထျန်းပြောသည့်အတိုင်းပင်။ ဤအဖိုးကြီးများက အရိုးဆွေးနေလေပြီး သုံးစား၍ မရပါတော့ပေ။ သူတို့ ခေတ်နောက်ကျကျန်ခဲ့လေပြီ။ အချိန်နဲ့အလိုက် တိုးတက်မှုများကို လိုက်မမှီပါတော့ချေ။ စိတ်ဝိညာဉ်နန်းတော်၏ မျိုးဆက်သစ်များအား နေရာပေးဖို့ သင့်ချေပြီ။

အတွင်းစည်း၏ ခေါင်းဆောင် စိတ်ဝိညာဉ်နန်းတော်၏ နန်းတော်သခင်အဖြစ်လဲ ခေါင်းဆောင်ဖြစ်သူ ရဲ့ရှောင်ထျန် သူ၏ ပြတ်သွားသောလက်ကို ကိုင်ထားပြီး ငန်းရေကန်နံဘေးကို ဆင်းသက်လိုက်၏။ အကြီးအကဲစန်းလည်း စုရှောင်ရှန်ကို ဂုတ်မှ ကိုင်ရင်းဆင်းလာလေသည်။

“ခေါင်းဆောင်”

“လက်ထောက်မှူး”

စည်းကမ်းကြီးကြပ်သူများ ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲစန်းတို့ကို လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။ သို့သော် ကြောက်ရွံ့နေဟန်လည်းပေါ်သည်။ သူတို့၏ နှုဆက်စကားကြောင့် စုရှောင်ရှန် အံ့အားသင့်သွား၏။

ဒုခေါင်းဆောင်လော။ အကြီးအကဲစန်းက လက်ထောက်မှူးလော။

စုရှောင်ရှန်ယခုမှ ဤအဖိုးကြီးနှင့် ဆက်စပ်သည်များကို တွေးလိုက်မိလေသည်။ ကောလဟာလထဲမှ စိတ်ဝိညာဉ်နန်းတော်၏ လက်ထောက်မှူးမှာ အချိန်တိုင်း အပြင်၌သာ ရှိနေတတ်ရာ သူ့ကိုမြင်ဖူးသည့် လူများသိပ်မရှိပါပေ။ ထျန်းစန်းနန်းတော်က တည်ထောင်သူနှစ်ဦး၏ နာမည်ကို ယူမှည့်ထားသည်မဟုတ်ပါက သူတည်ရှိကြောင်းတောင် မေ့သွားလောက်သည်။

“ထျန်း” ကရဲ့ရှောင်ထျန်း၏ နာမည်မှ ဖြစ်ပြီး “စန်း” က အကြီးအကဲစန်း၏ နာမည်မှဖြစ်သည်။ ထို့အပြင် အပြင်စည်းမိုးတိမ်လေ ပြိုင်ပွဲကျင်းပရာ လူပေါင်း(၁၀၀၀၀) ကျော်ဆန့်သော ချု့ယွင်ကွင်းကိုလည်း ထျန်းစန်းနန်းတော်၏ လက်ထောက်မှူး အကြီးအကဲက တောင်ထွပ် တစ်၀က်ကိုမီးဖြင့်ရှိူ့ပြီး တည်ဆောက်ရာတွင် ပါ၀င်ခဲ့သည်ဟု အဆိုရှိသည်။

ဤပုံပြင်ကို အပြင်စည်းဂိုဏ်းသားတိုင်းသိလေရာ သူ့ကို လုံးလုံးမေ့သွားကြမည်ဆိုသည်မှာ တင်စားပြောရုံဖြစ်သည်။ အလွန်ဆုံး မမြင်ဖူးရုံသာရှိ၏။

“ဆိုတော့ အဖိုးကြီးက ဒီလိုပေါ့လေ…”

စုရှောင်ရှန် အတွေးများချိတ်ဆက်မိသွားသည်။ အကြီးအကဲစန်း၏ တမူထူးခြားသော အပြုအမူများကြောင့်လည်း ၎င်းတို့ကို သူမဆက်မိလိုက်ခြင်းသာ။ ဤအဖိုးကြီးက သူ၏ ဂုဏ်တူးအဆင့်အတန်းနှင့် ကိုက်ညီအောင် ကျင့်ကြံ နေထိုင်ခြင်းမရှိပါလား။

သူက တစ်ယောက်တည်းခွဲထွက်ကာ သူလုပ်ချင်ရာလုပ်ပြီး ထူးဆန်းပြီး ရဲတင်းကာ စည်းမျဉ်းစည်းကမ်းများအတိုင်လည်း မလုပ်ပါပေ။ ၎င်းကို စုရှောင်ရှန်အား ထျန်းစန်းနန်းတော်၏ ဂိုဏ်းသားဖြစ်တာတောင် ငရဲမီးတောက် အစေ့အတင်းမျိုချခိုင်းခဲ့သည်ကို ကြည့်ပြီး သိနိုင်သည်။

သို့ဖြင့် အတွေးနှင်းဘောလုံးကြီး တစ်ဖြေးဖြေးကြီးလာပြီး မိုးတိမ်လေ အလှည့်ကျ ထုတ်ပယ်ပွဲတုန်းက အပူစွမ်းအင်များကြောင့် ရှောင်ချိစွေကို သူဘယ်လို အကူအညီတောင်းခဲ့ရလဲ တွေးလိုက်မိသည်။

ထိုစဉ်က ရှောင်ချိစွေ တစ်ယောက် စုရှောင်ရှန်ကို အကြီးအကဲစန်း တစ်ခုခုလုပ်လိုက်တာ သိပေလိမ့်မည်။ အကြီးအကဲစန်းနှင့် ပြဿနာမဖြစ်ချင်၍ သူ့ကိုပင် ကူညီရန် ငြင်းပယ်ခဲ့၏။

“ဟုတ်တယ်ဟ။ ငါစောစောစီးစီ သိခဲ့သင့်တာ”

စုရှောင်ရှန် စိတ်ခုသွားသည်။ အဘယ်ကြောင့် ဤသို့သော အရှက်မရှိသည့် အဖိုးကြီးက လက်ထောက်မှူးလာဖြစ်နေရပါသနည်း။

စုရှောင်ရှန် အကျိုးအကြောင်းဆက်စပ်ကြည့်လိုက်သော် သူ့တွင် လက်ထောက်မှူးဟု နာမည်သာရှိပြီး တခြား ဂုဏ်သတင်းကောင်းများကို မကြားဖူးကြောင်း သိလိုက်ရ၏။

စုရှောင်ရှန် စည်းကမ်းကြီးကြပ်သူများ၏ မျက်လုံးများကို လေ့လာကြည့်လိုက်သည်။ ရဲ့ရှောင်ထျန်း၏ ပြတ်ထွက်သွားသော လက်ဖြင့်တောင် သူတို့ လေးစားသမှုဖြင့် ကြည့်နေကြသေး၏။

အကြီးအကဲစန်းကတော့… မည်သူမှ သူ့ကို မကြည့်ကြပေ။ ကြည့်ရဲသည့်သူများမှာလည်း ငယ်ရွယ်သောသူများသာဖြစ်ပြီး သူတို့ကလည်း ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။

လေးစားသမှုကိုတော့ တစ်စွန်းတစ်စတောင် မတွေ့ရပါပေ။

ရှောင်ချိစွေအနားယူနေစဲဖြစ်သည်။ ဓားက သူ့ကို ထုတ်ချင်းဖောက်သွားလေရာ ဒဏ်ရာပြင်ပြင်းထန်ထန် ရသွားခဲ့၏။ စုရှောင်ရှန် ရှောင်ချိစွေ၏ အခြေအနေကို အကဲခတ်လိုက်သည်။

ယခင်က ရှောင်ချိစွေအပေါ် သူ၏ အမြင်မှာ စိတ်လွတ်ကိုယ်လွတ် ရှိသော ကောင်းကင်ပေါ်မှ နတ်ဘုရားတစ်ပါးအလားဖြစ်သည်။ သို့သော် တိုက်ပွဲပြီးသည့်နောက် စုရှောင်ရှန်၏ အမြင် ပြောင်းလဲသွား၏။ အကြောင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသော်လည်း အားနည်းမှုကို ပြရမည့်အစား စိတ်လှုပ်ရှားမှုကို ပြသနေသော သူ၏ အမူအရာကြောင့်ဖြစ်သည်။

“နာကျင်မှုမှာ သာယာတဲ့သူလားမသိလား” စုရှောင်ရှန် ရေရွတ်လိုက်ပြီး သူ၏အမြင် ထိုသို့ပြောင်းလဲသွားရပါသည်။

ရှောင်ချိစွေထရပ်လိုက်သည်။ သူစကားတစ်ခွန်းမှ မပြောနိုင်ခင်ပင် အကြီးအကဲစန်းက လက်ဝှေ့ရမ်းကာ ကြားဖြတ်ပြောလိုက်၏။ “မင်းတို့အားလုံးသွားလို့ရပြီ”

စည်းကမ်းကြီးကြပ်သူများ ရှောင်ချိစွေကို ဝိုင်းကြည့်လိုက်ကြသည်။ “သွားကြ” သူလက်ဝှေ့ရမ်းပြလိုက်၏။

လူပေါင်း(၁၀၀) ကျော်လောက် ရုတ်တရက် ထွက်ခွာသွားရာ မှေးမှိန်နေသော ငန်းရေကန်က နေရာပိုကျယ်သွားသဖြင့် ပို၍ တောက်ပလာသည့်အလားရှိသွား၏။ ဤကဲ့သို့ နှိုင်းယှဉ်မှုမျိုးက စုရှောင်ရှန်ကို အံ့အားသင့်သွားစေလေသည်။ သူလည်း လစ်ထွက်သွားရန်ပြင်လိုက်သည်။

စည်းကမ်းကြီးကြပ်သူများလောက် မမြန်ပင်မယ့် သူကိုယ်တိုင်က မနှေးပါချေ။ စုရှောင်ရှန် လစ်ထွက်သွားရန်ပြင်နေသည်ကို အကြီးအကဲစန်းမိသွားရာ ခပ်ညစ်ညစ်ပြုံးလိုက်၏။ “မင်းဘယ်သွားဖို့ကြံနေတာလဲ ကောင်စုတ်လေး”

ထို မကျေမနပ်ဖြစ်သကဲ့သို့ အသံကိုကြားလိုက်ပြီးနောက် အကြီးအကဲစန်း၏ လက်ထဲပြန် မူလအစကလို ရောက်သွားသည်ကို စုရှောင်ရှန်သိလိုက်ရ၏။ သူ့ရှေ့ရှိ တန်ခိုးရှင်(၃) ဦးကိုကြည့်ပြီး စုရှောင်ရှန်၏ ခြေထောက်များပျော့ခွေသွားလေသည်။

သူ့ရှေ့တွင်ရပ်နေသည်က စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ ထိပ်ခေါင်အကြီးအကဲ၊ စိတ်ဝိညာဉ်နန်းတော်အတွင်းစည်း၏ ခေါင်းဆောင်နှင့် လက်ထောက်မှူးတို့ဖြစ်၏။ သူတို့(၃) ဦးစကားပြောနေသည့်ကြားညပ်နေမည်ကို သူမလိုလားပါ။

“ကျုပ်တို့ကို ထွက်သွားခိုင်းတာမလား… ပြီးတော့ ကျုပ်ရဲ့ အိမ်ကိုလည်း ပြန်ဆောက်ရဦးမှာ” စုရှောင်ရှန် အသံထွက်ရုံလောက်သာပြောလိုက်သည်။

အခြား (၃) ဦး တိတ်ဆိတ်သွားကြ၏

‘အိမ်ပြန်ဆောက်ရဦးမယ်… စိတ်ဝိညာဉ်နန်းတော်က အခက်အခဲကြီးတစ်ခုကို ဖြေရှင်းနိုင်လိုက်တာ အဲ့တာပြီးတော့ ပထမလုပ်မယ့်အရာက အိမ်ပြန်ဆောက်တယ်တဲ့လား’ သူတို့တွေးလိုက်ကြသည်။

“မင်းတစ်ယောက်ယောက်ကို သတ်လိုက်တယ်မလား” ရှောင်ချိစွေ စုရှောင်ရှန် ထွက်မပြေးနိုင်ခင် ချက်ခြင်း မေးလိုက်သည်။

စုရှောင်ရှန် ဂနာမငြိမ်ဖြစ်လေပြီ။ ၎င်းက သူပြေးချင်ရသည့် အကြောင်းအရင်းဖြစ်သည်။ သူကြောက်ရသည့် အကြောင်းအရင်းဖြစ်၏။

အပြင်စည်း၏ စည်းမျဉ်းစည်းကမ်းများတွင် ဂိုဏ်းသားအချင်းချင်းမသတ်ရဟု ပါလေသည်။ ဤလူကြံသူနှစ်ဦးက အတွင်းစည်းမှ လာလေသည်ဟု စုရှောင်ရှန် ယူဆလေသည်။ သို့သော်၎င်းတို့က အရေးမပါတော့ပါပေ။ သူက အပြင်စည်းမှ ဘာမှ မဟုတ်သည့်ကောင်သာဖြစ်၏။ ထို့ကြောင့် စည်းကမ်းကြီးကြပ်ရေးဌာနက သူ့ကို လူသတ်မှုဖြင့် ကွက်မျက်လောက်၏။

“တကယ်က အဲ့တာ မျက်နှာ ဖုံးတပ်နဲ့လူလုပ်…”

“တစ်ညလုံးစောင့်နေတာ မသိရအောင် ငါတို့ ကန်းနေတယ်လို့ ထင်နေတာလား” ရှောင်ချိစွေ စကားမဆုံးသေးခင်ပင် သူ့ကို ကြားဝင်ဖြတ်လိုက်သည်။

“သူတို့ကျုပ်ကို အရင်သတ်ဖို့ လုပ်တာ‌‌လေ” စုရှောင်ရှန် ဟန်ဆောင်မနေတော့ပေ။

“ကျုပ်သူတို့ကို ပစ်မှားမိလား ဘာလားတော့မသိဘူး။ ကျုပ်ဟာကျုပ်နေနေတာကို လာသတ်ကြတယ်… တစ်ညလုံးစောင့်ကြည့်နေရင် ဘာလို့ ကိုယ်ထင်ပြပြီး စောစောစီးစီး မတားလိုက်တာလဲ… တန်ဖိုးကြီးပါတယ်လို့ ခင်ဗျားပဲ ပြောနေတဲ့ အသက်နှစ်ချောင်းတောင်လေ”

ရှောင်ချိစွေ စွံ့အသွားသည်။ ဘာဖြစ်နေတာလဲ။ စုရှောင်ရှန်က တခြားသူကို သတ်လိုက်တဲ့လူလေ။ ဘာလို့ သူက ခံရတဲ့သူလိုလို ဘာလိုလို ပြောနေတာလဲ။

“ကျုပ်က ပြန်ခုခံရင်း သတ်မိလိုက်တာပါနော်။ အဲ့ဒီအတွက် ကျုပ်ကို အပြစ် မပေးသင့်ဘူး” အခြေအနေ တင်းမာလာသည်ကို စုရှောင်ရှန် အာရုံခံမိသော် ထပ်လောင်းပြောလိုက်၏။

ရှောင်ချိစွေ ခေါင်းကိုက်သွားပြီး အကြီးအကဲစန်းကို ကြည့်လိုက်သည်။ သူပြောချင်တာ ထင်ရှားသည်။ အကြီးအကဲစန်းက အမိန့်ပေး သူက ‌လုပ်ပေမည်။

သို့သော် သူမထင်မှတ်ထားသည်မှာ အကြီးအကဲစန်းက စုရှောင်ရှန်ကို နာရင်းရိုက်လိုက်ပြီး ဆို၏။ “တော်တယ်”

သူဘာပြောလိုက်တာ။

စုရှောင်ရှန် တစ်ယောက်တည်းသာ အံ့အားသင့်သွားသည်မဟုတ်ဘဲ ကျန်နှစ်ဦးလည်း မှင်သက်သွားသည်။ ရဲ့ရှောင်ထျန်း၏ မျက်နှာ နက်မှောင်သွား၏။ သူက အတွင်းစည်း၏ ခေါင်းဆောင်ဖြစ်လေရာ သူရှေ့၌ အတွင်းစည်းဂိုဏ်းသား (၂) ယောက်ကို သတ်လိုက်သည့် အပြင်စည်းဂိုဏ်းသားကို အဘယ်ကြောင့် အကြီးအကဲစန်း ချီးမွမ်းနိုင်ပါသနည်း။

ရဲ့ရှောင်ထျန်း၏ နက်မှောင်လာသော မျက်နှာကို လစ်လျူရှူကာ အကြီးအကဲစန်းက ဆက်၍ ဆိုလိုက်သည်။

“ငါပြောပြမယ်။ ဒီဖြစ်ရပ်တစ်ခုလုံးက စိတ်ဝိညာဉ်နန်းတော်ကို ငါပြန်လာတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက စတာပဲ… ဒီတော့ မင်းကို သတ်ဖို့ကြိုးစားတဲ့သူတွေက အတွင်းစည်းက ကလေကချေတွေ ဖြစ်ဖြစ် အဆင့်အတန်းမြင့်တဲ့သူဖြစ်ဖြစ် ဘယ်သူမှ မင်းကို လာကယ်မှာမဟုတ်ဘူး”

“ငါဆိုရင်လည်းပဲ ငါတို့ အစီအစဉ်တွေကို သက်ရောက်စေမှာစိုးလို့ မင်းကို ကယ်မိမှာမဟုတ်ဘူး… ဆိုတော့ မင်းအဲ့နှစ်ကောင်ကို သတ်လိုက်နိုင်တယ် တော်တယ်လို့ ပြောရမယ်”

အကြီးအကဲစန်း၏ မျက်လုံးများ တောက်ပသွားသည်။ စုရှောင်ရှန်အား အသိအမှတ်ပြုသည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး ဆို၏။ “မင်းသတ်နိုင်ပါစေလို့လဲ ငါဆုတောင်းတာပဲ”

စုရှောင်ရှန် ဘာမျှ မပြေချေ။ သူတို့အလစ်အငိုက်တိုက်ခိုက်ရန် အစီအစဉ်ဆွဲထားကြောင်းကို သူ၏ ခန့်မှန်းချက်မှန်လေသည်။ သူတို့လုပ်လိုက်သည့်အရာအတွက် စိတ်မတိုပေဘူးလော။ သူစိတ်တိုပါသည်။

မည်သူမဆို စွန့်ပစ်နိုင်သော နယ်ရုပ်တစ်ခုအလား ဆက်ဆံခံရသည်ကို သိလျှင် သူ့လို စိတ်တိုရပေလိမ့်မည်။ တခြားတစ်ဘက်မှတွေးကြည့်သော် သူကိုယ်တိုင်လည်း ပိုကြီးသည့် အစီအစဉ်ကို ဂိုဏ်းသားများအကြားမှ ပြဿနာလေးအတွက် အပျက်ခံလိမ့်မည် မဟုတ်ကြောင်းသိသည်။ သူ့တွင် ဒေါသထွက်စရာအကြောင်းမရှိပေ။

သို့ဖြင့် စိတ်လျော့ကာ သူ့ကြောင့်ဖြစ်ပွားသွားသည့် ပြဿနာအတွက် အပြစ်မပေးခံရသည်ကိုက တော်လေနေပြီ။

သူ့တွင် လုံလောက်သော ခွန်အားမရှိ၍သာ ဤသို့သော အခြေအနေမျိုးနှင့် ကြုံရခြင်းဖြစ်သည်။ ၎င်းက သူနေထ်ိုင်ရာ ကမ္ဘာကြီး၏ အခြေခံ စည်းမျဉ်းစည်းကမ်းတစ်ခုပင်ဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset