အပိုင်း (၈၀) ရုပ်ဖျက်မယ်
စုရှောင်ရှန် နောက်ထပ်တစ်ကြိမ်လေထဲသို့ ပစ်လွှတ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တော့ အရိုးကို သွားရိုက်မိသလိုခံစားလိုက်ရသည်။ အကြီးအကဲစန်း၏ ပိန်ပိန်ပါးပါး ရင်အုံထဲကိုကျသွားခြင်းဖြစ်၏။
ဆေးဝါးအရသာ ကြယ်၀သည့် ဆေးတစ်လုံး သူ့ပါးစပ်ထဲ၌ ချက်ခြင်းအရည်ပျော်ကျသွားလေသည်။ စုရှောင်ရှန် သူ့ဒဏ်ရာများမှ လုံးလုံး ပျောက်ကင်းသွားလေသည်။ သူ့မျက်လုံးများကိုဖွင့်လိုက်သော် ချွေးတလုံးလုံးဖြင့် အကြီးအကဲစန်း၏ ရင်ခွင်ထဲ၌ ရှိနေသည်ကိုတွေ့လိုက်ရ၏။
“ဟားဟား။ ကောင်စုတ်လေး ဒီအဖိုးကြီး မင်းကိုမလိမ်ပါဘူး။ ငါပြောတဲ့အတိုင်းပဲ အသက်ရှိနေရင်း ကယ်နိုင်ပါတယ်လို့”
စုရှောင်ရှန် အကြီးအကဲစန်းကိုထိုးလိုက်ချင်သည်။ စောနက ငရဲသို့ ခြေတစ်၀က်လှမ်းနေရပြီးဖြစ်၏။ သူ့ကိုကယ်သည်လော။ သတ်နေခြင်းနှင့်ပိုဆင်တူသည်။ ထို့ပြင် သူသာ အနည်းငယ် နောက်ကျသွားပါက…
ထိုအချိန်၌ အခြေအနေက လုံးလုံးပြောင်းလဲသွားခဲ့သည်။
မျက်နှာဖုံးတပ်နှင့်လူ စုရှောင်ရှန်ကို လေထဲသို့ပစ်ပြီးသည်နှင့် အကြီးအကဲစန်း၏ “ငရဲမီးတောက် ကောင်းကင်” ကြောင့် အကြီးအကဲကြီး(၉) ဦးပေါ်ရှိ “ဓားချုပ်နှောင်ခြင်း စွမ်းအင်”အပေါ်အထိန်းအချုပ်လွတ်ကင်းသွားသည်။ မည်သူက ဤအခွင့်အရေးကို လက်လွှတ်မခံကြပါချေ။
“လုပ်လိုက်တော့”
ဆံဖြူအဖိုးကြီးကိုးဦး ဓားစွမ်းအင်မှ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်ပြီး အဝေးသို့ ချက်ခြင်း ပျံသန်း ဆုတ်ခွာသွားလိုက်သည်။ စိတ်ဝိညာဉ်အနှစ်များက လေထဲတွင် ယိမ်းကသွားပြီး လေဟာနယ်တွင် အက်ကဲကြောင်းများပေါ်လာခဲ့သည်။
အကြီးအကဲစန်းက စုရှောင်ရှန်ကို ဆေးပေးကျွေးနေစဉ် သည်းခံမှုကုန်ဆုံးသွားသော ရဲ့ရှောင်ထျန်းက ဗလာနယ် အပိုင်းအတစ်ခုကို ဆွဲချပြီး မျက်နှာဖုံးတပ်လူကို ရိုက်လိုက်သည်။ ကောင်းကင်၌ အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်လာသော်လည်း သူ့ဟာသူ ချက်ခြင်း ပြန်ပြည့်သွား၏။
သို့တောင် ထိုအပေါက်ကြီး ဖြစ်ပေါ်လာချိန်၌ ၎င်း၏ ဆွဲငင်မှုကြောင့် အကြီးအအကဲစန်းသာ မဆွဲထားလျှင် စုရှောင်ရှန် ပါသွားတော့မလိုဖြစ်သွားသည်။
“ရပ်လိုက်” အကြီးအကဲစန်းက အော်လိုက်သည်။
စုရှောင်ရှန် အံ့အားသင့်သွားသည်။ အဘယ်ကြောင့် အကြီးအကဲစန်းက တိုက်ခိုက်မှုကို ရပ်ခိုင်းရပါသနည်း။ ၎င်းက အတူတကွ ပူးပေါင်းတိုက်ခိုက်ရန် အခွင့်ကောင်းကြီး မဟုတ်ဘူးပေလော။ ပြီးတော့ “ကောင်းကင်ခွဲလက်” ၏ စွမ်းပကား… ၎င်းက သူတွေ့ဖူးသမျှ အတွင်းတွင် အံ့အားသင့်ဖို့ အကောင်းဆုံးဟု စုရှောင်ရှန် မှတ်ချက်ပြုလိုက်သည်။
မည်သူကမှ အကြီးအကဲစန်းပြောတာကို နားထောင်မနေပေ။ ရဲ့ရှောင်ထျန်း၏ ‘ကောင်းကင်ခွဲလက်’ က မျက်နှာဖုံးတပ်လူ၏ အရှေ့၌ ချက်ခြင်း ပေါ်လာခဲ့ပြီး ထိုသူ၏ ခေါင်းကိုဖြတ်ရန် လုပ်လိုက်သည်။
မျက်နှာဖုံးတပ်ဖြင့်လူ သူ၏ လက်တစ်ချောင်းကို အေးဆေး ဆန့်ထုတ်လိုက်သည်။ ဤတစ်ကြိမ်ဆော့ စုရှောင်ရှန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းက လက်ချောင်းကို ဓားဆန္ဒဖြင့် လွှမ်းမိုးခြင်းဖြစ်၏။ သို့သော် ရဲ့ရှောင်ထျန်း၏ တိုက်ကွက်နှင့် ယှဉ်ရလျှင် ၎င်းက မုန်တိုင်းအကြားမှ သစ်ပင်ငယ်လေးအလား အားနည်းလွန်းပေသည်။
သို့သော် စက္ကန့်ပိုင်းအတွင်း အဖြူရောင်အလင်းတစ်ခု ဗလာနယ်ကို ဖြတ်သန်းပြီး ရဲ့ရှောင်ထျန်းကို ဖြတ်ဖောက်သွားတာ မြင်လိုက်ရသည်။ ထင်ထားသလို သွေးသံရဲရဲမဖြစ်သွားပါချေ။ ၎င်းက ရဲ့ရှောင်ထျန်း၏ အရိပ်တစ်ခုသာဖြစ်နေ၏။
ဘုန်းးး
ဗလာနယ်က ရိုက်ချလိုက်ရာ ရိုးရိုး လေဟာနယ်က ပေါက်ပြဲကာ အမှုန်များဖြစ်သွားပြီး ကြီးမားသော အနက်ရောင် အပေါက်ကြီး ပေါ်လာခဲ့၏။ စုရှောင်ရှန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မည်သူက ဤသို့သော တိုက်ခိုက်မှုကို ခံနိုင်ပါမည်နည်း။
သူ့ခေါင်းကိုမော့ပြီးကြည့်လိုက်ရာ ဗလာနယ်နှင့် အရိုက်ခံလိုက်ရတော့ မျက်နှာဖုံးတပ်လူမှာလည်း အရိပ်တစ်ခုသာ ဖြစ်ကြောင်းကို သိလိုက်ရသည်။ ရဲ့ရှောင်ထျန်း တည်ငြိမ်အောင်မလုပ်နိုင်ခင်တွင် သူ့ရှေ့ ပုံရိပ်တစ်ခုပေါ်လာခဲ့ပြီး သူ၏ လည်ပင်းကို လက်နှစ်ချောင်းဖြင့် လှီးဖြတ်လိုက်သည်။
ဇွက်
သူ၏ အံ့အားသင့် နေသော မျက်လုံးများကတော့ အောက်မှ လက်ဆတ်သော သွေးများ ထွက်လာခဲ့ပြီး ရဲ့ရှောင်ထျန်း၏ ဆံဖြူများကို နီရဲသွားစေလိုက်သည်။
နောက်ဆုံး ထိုပုံရိပ်က မျက်နှာဖုံးတပ်လူအဖြစ်သို့ ပြောင်းသွားပြီး ရဲ့ရှောင်ထျန်းကို သရော်လိုက်သည်။ “မင်းရဲ့ ဗလာနယ်စွမ်းအင်က ကောင်းပါတယ်။ ဒါပေမယ့် မင်းရဲ့ တိုက်ခိုက်ချင်တဲ့ စိတ်ဆန္ဒက ဘာမှ မရှိဘူးဖြစ်နေတယ်။ မဟုတ်မှလွဲရော…”
မျက်နှဖုံးတပ်လူက ရဲ့ရှောင်ထျန်းကို လက်နောက်ခေါက်ချိုးလိုက်ပြီး သူ၏ အရှေ့ကို ပို့လိုက်ကာ အကြီးအကြီး(၉) ဦးကို ငုံ့ကြည့်၍ အေးတိအေးစက် ဆိုလိုက်သည်။ “တစ်ခုခု လုပ်ရဲလုပ်ကြည့် သူသေရလိမ့်မယ်”
“မင်း…” အကြီးအကဲကြီးတစ်ခု စကားစရန်ဆိုလိုက်သည်။ သို့သော် မျက်နှာဖုံးတပ်လူက သူ၏ လက်နှစ်ချောင်းဖြင့် ပိုင်းဖြတ်လိုက်ရာ ရဲ့ရှောင်ထျန်း၏ လက်တစ်ဖက် ဗလာနယ်ထဲကျသွားသည်။
“စကားပြောတဲ့သူလည်း ဒီလိုဖြစ်စေရမယ်”
အကြွင်းမဲ့တိတ်ဆိတ်ငြိမ်ကျသွားသည်။
ထိုအခိုက်အတန့်၌ အချိန်က ရပ်တန့်သွားသကဲ့သို့ ရှိနေသည်။ စကားပြောဖို့ မဆိုနှင့် မည်သူမှ အသက်ပင် ရဲရဲမရှူရဲချေ။ တစ်ချက်လှုပ်လိုက်သည်နှင့် ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်၏ အတွင်းစည်းခေါင်းဆောင် ကျဆုံးသွားမည်ကို သူတို့ ကြောက်ရွံ့နေကြ၏။
စုရှောင်ရှန်၏ မျက်လုံးများမှ အံ့ဩတုန်လှုပ်မှုတို့ဖြင့်ပြည့်နေသည်။ သူ့သွေးတို့ ဆူပွက်နေပြီး သူ၏လက်သီးများကိုကျစ်ကျစ်ဆုပ်လိုက်၏။ ဤမျက်နှာဖုံးတပ်လူက မကောင်းသည့် အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့၀င်ဖြစ်လောက်သည်။ သို့သော် ဤနေရာရှိ လူတိုင်းကို ဓားသမားတစ်ယောက်တည်းက ဖိနှိပ်ခြင်းကို သူမြင်လိုက်ရ၏။ အစွမ်းထက်သူများလည်း ချွင်းချက်မဟုတ်ပေ။
အရှင်သခင်နယ်ပယ်က သူသိသည့် အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ်ဖြစ်သည်။ ဤအကြီးအကဲ(၉) ဦးတွင် တစ်ယောက်မှ အရှင်သခင်နယ်ပယ် အောက်မရောက်သည်ကို သူသိသည်။ တိုက်ခိုက်စွမ်းရည် ဆုံးရှုံးသွားသော ရှောင်ချိစွေနှင့် ဓားစားခံဖြစ်နေသော ရဲ့ရှောင်ထျန်း၊ သူ့ကို ကိုင်ထားသည့် အကြီးအကဲစန်း… ဤသူများတစ်ယောက်မှ အရှင်သခင်နယ်ပယ်အောက်မရောက်ဟု သူယုံကြည်သည်။ သို့တောင် ဤတန်ခိုးရှင်များအားလုံး မျက်နှာဖုံးတပ်လူကို မဖိနှိမ်နိုင်ကြပါပေ။ သူက တကယ့်ဓားသမားဆိုသည့်အတိုင်း အမှန်ပင် သွေးရူးသွေးသန်း ရှိလှ၏။
တစ်စုံတစ်ယောက်က သတ်မှတ်ထားသော ကျင့်ကြံခြင်းနယ်ပယ်ကိုရောက်လျှင် အတွင်းစည်းသို့ အောင်အောင်မြင်မြင်၀င်ရောက်နိုင်ပြီး လုပ်ကြံသတ်ဖြတ်မှုများကို ပူစရာမလိုတော့ချေ။ သို့သော် ယခုတော့ ၎င်းတို့က အရင်ကလောက် ဆွဲဆောင်ဖွယ်ရာမကောင်းတော့ပေ။
ဘုတ်
အကြီးအကဲစန်း စုရှောင်ရှန်၏ ခေါင်းကိုထုပြီး သတိ ပြန်၀င်စေလိုက်သည်။
“ဒီလောက်ငယ်ငယ်လေးနဲ့ လာတွေ တအားတွေးနေတာလဲ… သူများသတ်လို့ စောစောသေမယ့် ဒီလိုလူကို အတုသွားမယူနဲ့”
စုရှောင်ရှန် : “…”
‘အို့’ ဟု ရေရွတ်လိုက်ပြီး စုရှောင်ရှန် တိတ်ဆိတ်သွားသည်။ သူ့ခေါင်းထဲ၌ အကြံ တစ်ခု ခပ်ရေးရေးလေးပေါ်လာခဲ့သည်။ အကြီးအကဲစန်း သက်ပြင်းချလိုက်သည်။ စုရှောင်ရှန်တွေးနေတာကို သူမသိဘဲနှင့် ဘယ်နေမည်နည်း။ မျက်နှာဖုံးတပ်လူကို ကြည့်လိုက်ရာ အကြီးအကဲစန်းလည်း တိတ်ဆိတ်သွား၏။
ထိုမျက်နှာဖုံးတပ်လူက တစ်ချိန်က ခေတ် တစ်ခုလုံးကို အင်အားသုံး လွှမ်းမိုးခဲ့သည့်သူ ဖြစ်လေရာ ယခု သူပေါ်လာသည့်အခါ သူ့ကို သိသူများ မလေးစားဘဲ ဘယ်နေနိုင်မည်နည်း။
“ဒီညလာတဲ့သူက မင်းမဖြစ်ပါစေနဲ့လို့ ငါဆုတောင်းထားတာ” အကြီးအကဲစန်းကပြောသည်။
“ငါသာမဟုတ်ရင် လာတဲ့သူကို ခုမင်းဖမ်းပြီးနေလောက်ပြီ” မျက်နှာဖုံးတပ်လူက အကြီးအကဲစန်းကို ကြည့်လိုက်သည်။
“မင်းထွက်သွားပါ။ ငါမတားဘူး” အကြီးအကဲစန်း သက်ပြင်းချပြီး ဆိုလိုက်သည်။
အကြီးအကဲကြီး(၉)ဦး မကျေမနပ်ဖြစ်သွားကြသော်လည်း ရဲ့ရှောင်ထျန်း၏ နာကျင်နေသော မျက်နှာကိုမြင်လျှင် တစ်ခွန်းမှ မဟရဲပါတော့ချေ။ သူမထွက်သွားလျှင်တောင် သူတို့ ဘာလုပ်နိုင်မည်နည်း။ ထျန်းစန်းနန်းတော်ကကြီးသည်မှန်သည်။ သို့သော် ၎င်းက ထိုမျှသာ။
နန်းတော်ရှိလူတိုင်း ဤမျက်နှာဖုံးတပ်လူကို ဖမ်းရန်ထွက်လာခဲ့ကြပြီးဖြစ်သည်။ ထိုသူနှင့် ဆက်တိုက်နေလျှင် နန်းတော်၏ အခြေခံအုတ်မြစ် ထိခိုက်မှုဖြစ်ပွားသွားစေလိမ့်မည်။
သို့သော် မျက်နှာဖုံးတပ်လူက လက်ဗလာဖြင့် ထွက်သွားရန် ရည်ရွယ်ချက်မရှိသည့်ဟန်ရသည်။ ရဲ့ရှောင်ထျန်းကို ဓားစားခံလုပ်ရင်းမှ ဆို၏။ “ငါပစ္စည်းတစ်ခုပဲလိုချင်တာ။ အဲ့တာရရင် အလကား သွေးထွက်သံယိုတွေ မဖြစ်စေရဘူး”
“ဒီအဖိုးကြီး ဒီမှာ ရှိနေသရွေ့ကတော့ ထျန်းစန်းနန်းတော်က အဲ့ဒီဓားမပြောနဲ့ မြက်တစ်ချောင်းကိုတောင် ယူမသွားနိုင်စေရဘူး” အကြီးအကဲစန်း ဒေါသထွက်သွားသည်။
မျက်နှာဖုံးတပ်နှင့်လူက ဓားတစ်ချောင်းကိုလိုချင်နေကြောင်း စုရှောင်ရှန် သိလိုက်ရသည်။ ထျန်းစန်းနန်းတော် တစ်ခုလုံး၏ ကာကွယ်မှုကို ခံရအောင် မည်သည့်ဓားက အရေးပါရပါသနည်း။
စုရှောင်ရှန် သိချင်သွားသည်။ သို့သော် သူမမေးနိုင်တာ သိသာသည်။ ယခုလေးနက်သော အခြေအနေတွင် ပေါတောတော လုပ်၍မဖြစ်ချေ။ မဟုတ်လျှင် ဆော်ပလော်တီးခံရနိုင်သည်။
“မင်း တစ်ချိန်လုံး အဲ့တာကို ကာကွယ်နိုင်မှာ မို့လို့လား” မျက်နှာဖုံးတပ်လူ ပြုံးနေသယောင်ယောင်နှင့် ပြောလိုက်သည်။
“ငါ့ကိုလာခြိမ်းခြောက်နေတာလား” အကြီးအကဲစန်းအလွန်ဒေါသထွက်သွားရာ သူ၏ ခေါင်းပေါ်ရှိ အဝိုင်းကတော့ပုံစံ ကောက်ရိုးခမောက်ပင် ကွေးတက်သွား၏။ “ထျန်းစန်းနန်းတော်က ငါ့ရဲ့ ဒုတိယ အိမ်ပဲ။ ငါမကာကွယ်ရင် ဘယ်သူကာကွယ်မှာလဲ”
စုရှောင်ရှန် အကြီးအကဲစန်းကို ပထမအိမ် ဘယ်မှာလဲ မေးချင်လိုက်သည်။ သို့သော် စိတ်ကိုအလိုမလိုက်သင့်ဟု တွေးကာ ပါးစပ်ပြန်ပိတ်လိုက်၏။
မျက်နှာဖုံးတပ်လူ မတုန့်ပြန်လိုက်ပါပေ။ ထို့နောက် စုရှောင်ရှန်ဘက်လှည့်ကာဆို၏။ “ဒါဆို ဒီကောင်လေးကို ပေးလိုက်။ ငါ နောက်ပြန်မလှည့်ဘဲ ထွက်သွားပေးမယ်”
စုရှောင်ရှန် : “….”
‘ချီးဘဲ… ခင်ဗျားက ဓားလာယူတာမဟုတ်လား။ ဘာလို့ ကျုပ်ဘက်လှည့်လာတာလဲ… လူတိုင်း ဘာဖြစ်သွားတာလဲ။ ဘာလို့ ငါ့ကိုလာပြီး ကြားညှပ်နေကြတာလဲ… ငါအဲ့လောက်လည်း မတော်ပါဘူး”
“မင်းသေချင်တာပဲ ဖြစ်ရမယ်” အကြီးအကဲစန်း ယခင် တစ်ခေါက်ကထက် ပို၍ ဒေါသထွက်သွားသည်။
စက္ကန့်ပိုင်းအတွင်း လေဟာနယ်ပင် အင်မတန်ပူသည့် မီးလျှံတို့ဖြင့် လောင်ကျွမ်းခံနေရသည့်အလား အဖြူရောင်အခိုးအငွေ့တို့ တက်လာခဲ့၏။
“ဟားးးးဟားဟားးး”
မျက်နှာဖုံးတပ်လူသာ တစ်ယောက်တည်း အော်ရယ်လေရာ မြင်ကွင်းက အနည်းငယ်ထူးဆန်းနေသည်။ သူ၏ အက်ကွဲကွဲအသံဖြင့် ပေါင်းလျှင် တစ်စုံတစ်ယောက်ကို လိပ်ပြာပင်လွင့်သွားစေလောက်၏။
“မင်းက ၀မ်မင်နော်။ ဟုတ်တယ်မလား။ စောင့်နေ ငါပြန်လာခဲ့မယ်” မျက်နှာဖုံးတပ်နှင့်လူ လေဟာနယ်ကို လက်နှစ်ချောင်းဖြင့်ခွဲ၀င်သွားလိုက်သည်။
၀မ်မင်ဟုတ်လား။
စုရှောင်ရှန် လန့်ဖျပ်သွားသော်လည်း ချက်ခြင်း ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။
‘ဟုတ်တယ် ဟုတ်တယ်။ ကျုပ်နာမည်က ၀မ်မင်။ ခင်ဗျား ကျွန်တော့်ကို ပြန်လာရှာကို ရှာရမယ်။ ဒီနာမည်က ကျုပ်တို့ကြားက လျှို့ဝှက်စကားလုံးပဲ။ ခင်ဗျားသေချာ မှတ်ထားရမယ်။ မမေ့စေနဲ့…’ စုရှောင်ရှန် တွေးလိုက်သည်။
“မင်းရဲ့ နာမည် အမှန် မဟုတ်တာ ငါသိတယ်… မင်းမျက်နှာကို မှတ်ထားလိုက်ပြီ…” မျက်နှာဖုံးတပ်နှင့်လူ ဆိုလိုက်သည်။
မှင်သက် နေသည့် စုရှောင်ရှန်၏ အကြည့်များအောက်၌ ထိုသူ၏ အသံတဖြေးဖြေးပျောက်ကွယ်သွား၏။
‘ချီးပဲ… ကျုပ်မျက်နှာကို ဘာလို့မှတ်ထားမှာ နာမည်ကိုပဲ မှတ်ထားစမ်းပါ’ ကျိန်ဆဲလိုက်သည်။
“၀မ်မင်က ဘယ်သူလဲ” အကြီးအကဲစန်း မျက်နှာဖုံးတပ်ဖြင့်လူ ပျောက်ကွယ်သွားသည့်ဘက်သို့ ကြည့်နေရင်း မေးလိုက်၏။
“အဲ့တာ အရေးမကြီးပါဘူး” စုရှောင်ရှန် လက်ကို ပြင်းပြင်းထန်ထန် ခါရမ်း လိုက်သည်။ ထို့နောက် အလျင်လိုဟန်ဖြင့် ဆိုလိုက်၏။ “တကယ်အရေးကြီးတာ ဘယ်နေရာမှာ ရုပ်ဖျက်လို့ရလဲ ကျုပ်မြန်မြန်ပြန်လာခဲ့မှာပါ”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]