အပိုင်း (၇၉) စုရှောင်ရှန်၏ တန်ဘိုး
စုရှောင်ရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်းက ဆရာကြီးများ တိုက်ခိုက်သည့် ပုံစံပင်လော။ မျက်နှာဖုံးနှင့်လူ အသာအယာပဲ ရှောင်ချိစွေကို ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရသွားစေကာ ဓားဆန္ဒသက်သက်ဖြင့် အကြီးအကဲကြီး(၉) ဦးကို လေထဲ၌ ချုပ်နှောင်လိုက်၏။ ဤသို့သော ဓားစာခံများကြောင့် ရဲ့ရှောင်ထျန်းလည်း ရပ်လိုက်ရသည်။
လေထဲ၌ ချုပ်ထားခံရသော အကြီးအကဲကြီး(၉) ဦးကို စောင်းကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ အသံနိမ့်နိမ့်ကလေးဖြင့် ဆဲလိုက်သည်။ “ဘယ်လို သောက်သုံးမကျတဲ့ လူတွေလဲ”
အကြီးအကဲစန်းနှင့် ရဲ့ရှောင်ထျန်း၏ မူလ အစီအစဉ်အရ ဤ အဖိုးကြီးများက ကူညီရန် မပါ၀င်ပေ။ သို့သော် သူတို့ အသက်ရှိနေသေးကြောင်းကို ပြလိုသဖြင့် ကူညီရန် အားတက်သရော တောင်းဆိုခဲ့ကြသည်။ “သူတော်စင်အစေအပါး” ကိုဖမ်းရန် အလွန်လွယ်ကူသည်ဟု ထင်နေပါသလော။
ခရက် ခက်
ရဲ့ရှောင်ထျန်း၏ ဒေါသ ပို၍ ကြီးလာခဲ့သည်။ ရလဒ်အနေဖြင့် အက်ကြောင်းများ ပိုဟသွားခဲ့ပြီး လေဟာနယ်ကို ထိုးဖောက်သွား၏။ မျက်နှာဖုံး၀တ်နှင့်လူ မတုန့်ပြန်နိုင်ခင်ပင် စုရှောင်ရှန်က လက်ဦးမှုယူလိုက်၏။ “စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ အကုသိုလ် ဖြစ်လိမ့်မယ်”
ရဲ့ရှောင်ထျန်း : “…”
မျက်နှာဖုံး၀တ်နှင့်လူ : “…”
လေထဲ၌ ချုပ်နှောင်ခံထားရသော အကြီးအကဲကြီး (၉) ဦး ရှက်ရွံ့မှုတို့ဖြင့် ခေါင်းငိုက်စိုက်ချထားကြ၏။ သူတို့၏ ဆန္ဒများက မပြင်းပြတော့ရာ အသာလေး ငြိမ်ခံနေကြလေသည်။ ထိုအခိုက်အတန့်၌ မျက်နှာဖုံး၀တ်လူ၏ အဝေးမှ ထိန်းချုပ်ခြင်းမှတောင် မလွတ်မြောက်နိုင်ကြပါ။
“ငါတို့ကိုစိတ်မပူနဲ့။ လူတိုင်းရဲ့ အကျိုးအတွက် ‘သူတော်စင်အစေအပါး’ ကို လူတိုင်းသတ်သင့်တယ်။ သူ့ကို ဖမ်းပြီး တော်၀င်နတ်ဘုရားနန်းတော်ကိုသာပို့ကြ” အကြီးအကဲကြီးတစ်ဦးပြောလိုက်သည်။
ဤသည်ကိုကြားသော် မျက်နှာဖုံး၀တ်ဖြင့်လူ၏ မျက်လုံးများ အေးစက်သွား၏။ “လူတိုင်းသတ်တာခံရမယ်ဟုတ်လား။ မင်းကိုငါသိလို့လား။ မင်းမိသားစုကို ငါသတ်ခဲ့လို့လား”
မျက်နှာဖုံး၀တ်နှင့်လူ လက်ဝေ့ရမ်းလိုက်ရာ သူ့လက်ထဲမှ ဓားစွမ်းအင်တစ်ခုထွက်လာပြီး မရေမတွက်နိုင်သော မိုးရေစက်ကဲ့သို့ အစက်အပျောက်များဖြစ်သွားပြီး ထိုစကားပြောလိုက်သောအကြီးအကဲကြီးကို ဖြတ်သန်းသွားလေသည်။ ထိုအကြီးအကဲကြီး သွေးသံရဲရဲဖြစ်သွား၏။
ရဲ့ရှောင်ထျန်း၏ မျက်ခုံးများလှုပ်သွားသည်။
အကြီးအကဲတစ်ဦး ဒေါသထွက်သွားပြီး ခက်ထန်ထန်ပြောလိုက်သည်။ “မင်း… အဲ့လောက် တန်ခိုးရှိနေရင်လဲ…”
“နားငြီးလိုက်တာ”
ထိုစကားပြောလိုက်သော အကြီးအကဲကြီးကို မျက်နှာဖုံး၀တ်ဖြင့်လူ လှည့်ကြည့်လိုက်ရာ ဓားမိုးစက်များ ထို့ကြီးအကဲကို ဖြတ်သန်းသွားပြီး သွေးဖြင့် ရဲရဲနီသော ဒုတိယလူဖြစ်သွားစေ၏။
မည်သူမှ စကားမပြောရဲတော့ပေ။ ဘေးရှိ ကျန် အကြီးအကဲကြီး (၇) ဦး လေထဲ၌ ခေါင်းငိုက်စိုက်ချလိုင်ပြီး မြေပြင်ပေါ်မှ စည်းကမ်းကြီးကြပ်သူများလည်း တိတ်ဆိတ်သွားကြသည်။
မျက်နှာဖုံးတပ်လူ၏ မျက်လုံးများထဲ၌ သရော်မှုတို့ဖြင့် ပြည့်နေပြီး ဖြေးညှင်းစွာ ဆိုလိုက်သည်။ “အခြား အကြီးအကဲကြီးတွေကိုလည်း ဧည့်၀တ် မကျေလို့ ဘယ်ဖြစ်မလဲ”
သူ့ဘက်ကို ထပ်၍ ဝေ့ရမ်းလိုက်သည်။ ကောင်းကင်တစ်ခုလုံး ဓားစူးရှသံများဖြင့် ပြည့်သွားပြီး ကျန်အကြီးအကဲကြီး (၇) ဦးကို သွေးသံရဲရဲ ဖြစ်သွားစေလိုက်လေသည်။
စုရှောင်ရှန် မှင်သက်သွားသည်။ ဤမျက်နှာဖုံးတပ်ဖြင့်လူ ရဲတင်းလွန်းပေစွ။ ၎င်းက နမော်နမဲ့နိုင်သည်။ အကျိုးအကြောင်းဆီလျှော်မှုလည်း မဲ့သည်။ု
“မင်း…” ရဲ့ရှောင်ထျန်း သည်းမခံနိုင်တော့ဘဲ လှုပ်ရှားရန် ပြင်လိုက်သည်။ သို့သော် မျက်နှာဖုံးတပ်လူက ချက်ခြင်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ အကုသိုလ်ဖြစ်လိမ့်မယ်” မျက်နှာဖုံးတပ်ဖြင့်လူက ဆိုလိုက်သည်။
ထို့နောက်ထပ်လောင်းကာ “ငါ့မှာ ဓားစားခံ ဆယ်ဦး ရှိသေးတယ်”
ရဲ့ရှောင်ထျန်း : “…”
စုရှောင်ရှန်ကို အပြစ်တင်သလိုကြည့်လိုက်သည်။ စုရှောင်ရှန် မှင်သက်သွားသည်။ အဘယ်ကြောင့် သူက အကြည့်ခံရပါသနည်း။ တိုက်ခိုက်နေသည့်သူက သူမဟုတ်ရပါ။
ထို့ပြင် စုရှောင်ရှန်လည်း ငြိမ်ကျသွားသည်။ စိတ်ထဲမှလည်း တွေးလိုက်သည်။ ထိုအဖိုးကြီး(၉) ယောက်၏ သေရေးရှင်ရေးကဘာမှမဟုတ်ပေ။ မျက်နှာဖုံးတပ်ဖြင့်လူကလည်း သူ့ကို အတော်ကြာအောင် မသတ်ရာ တကယ် ချမ်းသာပေးလောက်လေသည်။ သို့ကြောင့် သူ့အတွက်တော့ အဆင်ပြေသည်။
စုရှောင်ရှန် ပါးစပ်ဖွာလိုက်ချင်သော်လည်း ထိုမျက်နှာဖုန်းတပ်ဖြင့်လူ၏ “နားငြီးတယ်” ဟူသောစကားကို မြင်ယောင်မိပြီး ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်ရသည်။
မျက်နှာဖုံးတပ်လူက သူ့ကို ပြုံး၍ ကြည့်လိုက်ကာ “မင်းတစ်ခုခု ပြောချင်နေတယ်မလား။ ပြောပါ။ ငါဗွေမယူပါဘူး”
“…”
“ကျုပ်ဘာမှ မပြောချင်ဘူး” စုရှောင်ရှန် မကျေနပ်သည့်အလား တုန့်ပြန်လိုက်သည်။ “ပြီးတော့ ကျုပ်ကို ချီးထုပ် တစ်ထုပ်လိုသဘောထားပြီး ဆက်မသယ်ထားနဲ့တော့… ခင်ဗျားတို့ ဆရာကြီးတွေချနေတဲ့ပွဲမှာ ကျုပ်ကို ကြားမညှပ်ပါနဲ့။ ကျုပ်က အဲ့လောက် မတန်ပါဘူး”
မျက်မှာဖုံးတပ်လူ စုရှောင်ရှန်၏ ခေါင်းကိုပုတ်ကာ ဆို၏။ “အဲ့လောက်လည်း မနှိမ်ချပါနဲ့။ တကယ်က မင်းက တန်ဖိုးရှိပါတယ်”
[မြှောက်ပင့်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ပေါက်ကွဲလုနီးနီးဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူ၀င်မပါချင်ရာ သူ၏ တန်ဘိုးကို သူမသိပါချေ။ သူ့ဟာသူ အိမ်ပြန်ပြီး အိပ်ချင်ရုံသာဖြစ်၏။ မအိပ်နိုင်လျှင်တောင် သူ့အိမ်ကို ပြန်ဆောက်ချင်လေသည်။
ယခုတော့… အစက်ကလေးတစ်ခု ဖြစ်သွားသော ငန်းရေကန်ကို သူငုံ့ကြည့်လိုက်သည်။ ဤနေရာက အလွန်ုမြင့်ပြီး အေးကာ ကြောက်စရာကောင်းလှပေသည်။
“မင်းဘာလိုချင်တာလဲ” ရဲ့ရှောင်းထျန် စိုက်ကြည့်နေရင်း မေးလိုက်သည်။ သူ၏ ဒေါသတို့ကို အတင်း ဖိနှိပ်ထားရ၏။ သူစိတ်လွတ်သွားပြီး ကောင်းကင်ကြီးကို ဆွဲချမိမှာ ကြောက်နေရသည်။
“ငါလိုချင်တာ အရာတစ်ခုတည်းပဲ။ အဲ့တာရပြီးရင် ထွက်သွားပေးမယ်”
“ငါ့စိတ်ဝိညာဉ်နန်းတော်မှာ မင်းပိုင်တာ ဘာမှ မရှိဘူး”
မျက်နှာဖုံးတပ်လူ ခတ်ဆတ်ဆတ်ရယ်လိုက်သည်။ “ငါလိုချင်တဲ့ ပစ္စည်းက ငါ့ဟာပဲ”
ရဲ့ရှောင်ထျန်း အသက်ပြင်းပြင်းရှိုက်လိုက်သည်။
မျက်နှာဖုံးတပ်လူ သူ့လက်ထဲမှ စုရှောင်ရှန်ကို မြှောက်ပြီပြီးဆိုလိုက်သည်။ “ဒီကောင်လေးက စိတ်ဝိင်စားဖို့ အရမ်းကောင်းတယ်။ ငါ့ကို ပေးလိုက်နိုင်မလား”
စုရှောင်ရှန် အန်ချင်သွားသည်။ သူက ပစ္စည်းတစ်ခုမဟုတ်ပါ။ လူတစ်ယောက်ဖြစ်သည်။ သူ့ကို ပေးချင်တိုင်းပေး၍ မရပါပေ။ ထို့ပြင် ဗိုလ်ဆွဲပြီးတာလည်း မကြာသေးရာ စိတ်ဝိညာဉ်နန်းတော်မှ မထွက်သွားချင်သေးပါ။ ဤနေရာ၌ ဒဏ္ဌာရီတစ်ခုတော့ ချန်ခဲ့ချင်ပေသည်။
ရဲ့ရှောင်ထျန်း စုရှောင်ရှန်ကို တစ်ချက် ငဲ့ကြည့်လိုက်ကာ ဆိုသည်။ “ဒီလူကို မင်းယူသွားလို့ရတယ် ဒါပေမယ့် အခြား (၉) ဦးကိုတော့ထားခဲ့။ ပြီးတော့ ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်ကို ဘယ်တော့မှ ပြန်မလာပါဘူးလို့ ကတိပေး”
စုရှောင်ရှန် : “…”
မျက်နှာဖုံးတပ်လူ၏ အကြည့်များက ဤကမ်းလှမ်းချက်ကို စဉ်းစားနေသည့်အလားရှိနေသည်။ သို့သော် သူပြန်၍ မတုန့်ပြန်လိုက်နိုင်ခင် ကောင်းကင်နှင့် မြေပြင်တစ်ခွင်မှာ ကျိန်ဆဲလိုက်သံကြီး ဟီးသွားတာကို ကြားလိုက်ရ၏။
“ရဲ့ရှောင်ထျန်း မင်းသောက်ပါးစပ်ကို ပိတ်ထားစမ်း”
ဤမှတ်ချက် ချပြီးသည့်နောက် နေက ပိုပူလာသည့်ဟန်ရသည်။ မိုးကလည်း တိပ်သွား၏။ ဗလာနယ်ပယ်လည်း ပြန်၍ ပျောက်သွားသည်။ မြေပြင်၌ စုစည်းနေသော ရေများ မျက်စိတစ်မှိတ်အတွင်း ရေငွေ့ပျံသွားလေသည်။ တောအုပ်ကလေးမှ လမ်းကလေးတောင် ခြောက်ကပ်သွားပြီး အက်ကွဲရာများထလာခဲ့၏။
ကြောက်မက်ဖွယ်ရာ အပူစွမ်းအင်ကြီးက ၀န်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ငန်းရေကန်အနားမှ စည်းကမ်းကြီးကြပ်သူများ ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့၏ နဖူးများ၌ ချွေးစေး နွေးနွေးကလေးများ ကျလာခဲ့သည်။
ကောက်ရိုးခမောက်ကို စောင်းထားသော အဖိုးကြီး ကောင်ကင်၌ သူတို့ (၃) ဦးခံ လျှောက်လာလေသည်။ သူ၏ ညိုမဲနေသော မျက်လုံးများက စုရှောင်ရှန်ကိုစိုက်ကြည့်နေလိုက်၏။
“အကြီးအကဲစန်း”
စုရှောင်ရှန်မှလွဲ၍ အခြားနှစ်ယောက်က ဤသည်ကို မျှော်မှန်းထားသည့်အလား အမူအရာများရှိနေကြသည်။ ရဲ့ရှောင်ထျန်း မကျေမနပ် မျက်စောင်းထိုးလိုက်သည်။ ဤလူ နောက်ဆုံးတော့ ထွက်လာပေလေပြီ။
“ငါ့ကို ဘာမှ အရည်မရ အဖက်မရတွေ မပြောနဲ့တော့”
အကြီးအကဲစန်း မျက်နှာဖုံးတပ်လူ၏ လက်ထဲမှ စုရှောင်ရှန်ကို လက်ညိုးထိုးပြလိုက်လေသည်။ “ဒီကောင်လေးကို ငါ့လက်ထဲပြန်ထည့်ပေးရမယ်။ အခြား ဖွတ်ချီးကိုးယောက်ကို မင်းသတ်ချင်သတ်လိုက်။ ငါဟဂရုမစိုက်ဘူး။ သတ်ပြီးရင်တော့ နောက်တစ်ဆင့်အတွက် ညှိနှိုင်းလို့ရပြီ”
အကြီးအကဲကြီး ကိုးဦး : “…”
စုရှောင်ရှန် ကြည်နူးသွားပြီး မျက်ရည်တောင်ကျတော့မလိုဖြစ်သွားလေသည်။
ဤအဖိုးကြီးအား ထူးဆန်းသည်၊ စိတ်ကြီး၀င်သည်၊ ယုတ်မာသည်ဟု ထင်ထားသော်လည်း ယခုသူ၏ မျက်ကွင်းညိုညိုကြီးများက ဖော်ရွေနေသယောင်ယောင်။ ယခု သူပြောလိုက်သည့်အရာက ရဲ့ရှောင်ထက်ပြောတာထက် သင့်တင့်လျောက်ပတ်သည်၊ ကောင်းမြတ်လေသည်။
သူ၏ ရပ်တည်ချက်က အတွင်းစည်းခေါင်းဆောင်နှင့် ကွဲပြားသည်။ အတွင်းစည်းခေါင်းဆောင်က အပြင်စည်း၏ ဗိုလ်ဆွဲအနိုင်ယူသူကို ပေးပစ်လိုက်ရန် မျက်တောင်တစ်ချက်ပင် မခတ်ပေ။
စုရှောင်ရှန် ဤအရားကို တွေးလိုက်ပြီးချိန်၌ သူ့ကို မျက်နှာဖုံးတပ်လူ ပို၍ တင်းတင်းကြပ်ကြပ်သယ်ထားလိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသောအသံဖြင့် ဆိုလိုက်၏။
“မင်းက ငါထင်ထားတဲ့အတိုင်း တန်ဘိုးရှိတာပဲ”
စုရှောင်ရှန်၏ နှလုံးသား မြင်းဒုန်းဆိုင်းသွားသည်။ အကြီးအကဲစန်းအား “ကယ်ပါ” ဟုပြောနေသယောင်ယောင် ကြည့်လိုက်၏။
အကြီးအကဲစန်း စုရှောင်ရှန်ကို သူ ကောင်းကောင်းသိသော အပြုံးမျိုး ထပ်ပြုံးပြလိုက်သည်။ “စိတ်အေးအေးထားစမ်းပါ။ အသက်ရှိသေသ၍တော့ မင်းကို ဒီအဖိုးကြီး ကယ်နိုင်ပါတယ်”
ထိုအပြုံးက စုရှောင်ရှန်အတွက်တော့ အိပ်မက်ဆိုးဖြစ်သည်။ ချက်ခြင်း အလိုလိုနေရင်း စိုးရိမ်ပူပန်သွား၏။ ဒီအဘိုကြီးဘာလုပ်ချင်နေတာလဲ။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။
ထိုစကားအားကြားသော် မျက်နှာဖုံးတပ်နှင့်လူ နောက်သို့ ဆုတ်လိုက်သည်။
“ပြေးချင်တာလား”
အကြီးအကဲစန်း၏ နှုတ်ခမ်းထောင့် အထက်သို့ ကွေးတက်သွားသည်။ သူလက်ကိုဆန့်ထုတ်လိုက်ရာ နောက်ဆုံးနေသော မျက်နှာဖုံးတပ်လူ ရပ်တန့်သွားပြီးနောက် စတင် တုန်ခါလာခဲ့၏။
“ငရဲမီးတောက် ကောင်းကင်မလား”
သူ့ခန္ဓာကိုယ်ထဲသို့ မျက်နှာဖုံးတပ်လူမှ တစ်ဆင့် အပူစွမ်းအင်များ စီးဆင်းလာသည်ကို ခံစားမိသော် စုရှောင်ရှန်၏ မျက်ဆံများကျုံ့သွားသည်။
ဘုန်းးး
ထိုအပူစွမ်းအင်များက သူ့ကိုယ်အတွင်း၌ စတင်၍ပေါက်ကွဲကုန်ကြကာ သူ့ကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားစေလိုက်၏။ ထိုနာကျင်မှုက ငရဲမီးတောက်အစေ့ကို သန့်စင်တုန်းက ခံစားခဲ့ရသည်ထက် အဆ(၁၀၀) လောက်ပို၍ ပြင်းထန်လေသည်။
“အဟွတ် အဟွတ်”
သူ့လည်ချောင်းများ မီးဆွဲနေသည်ဟု ခံစားလိုက်ရသည်။ သူ့သွေးများကို အန်မထုတ်လိုက်နိုင်ခင်ပင် အငွေ့ပျံသွား၏။ သူ့ကိုယ်တွင်းရှိ ရေဓာတ်များ ခမ်းခြောက်သွားပြီး သူ့အပေါ်ယံ အသားအရည် စတင်၍ အက်ကွဲလာခဲ့လေသည်။ သူ့အသက်စွမ်းအင်များ အလျှင်အမြန်လောင်ကျွမ်းခံနေရတာကို စုရှောင်ရှန်တွေ့လိုက်ရပြီး နောက်ဆုံး သူ၏ အမြင်အမှောင်ကျဉ်းလာခဲ့၏။
၎င်းက “ငရဲမီးတောက်ကောင်းကင်” ပေလော။ လုပ်ကြံသူများကို “အရှင်လတ်လတ် လောင်ကျွမ်း” စေသည့် သူ၏ မီးလျှံများက ၎င်းနှင့်ယှဉ်လျှင် ကလေးကစားနေသည့်အလားပင်။
တဖြေးဖြေးနှင့် သူ၏ အသိစိတ်က ဝေဝါးလာပြီး နောက်ဆုံး စုရှောင်ရှန် သတိမလစ်သွားခင် မျက်နှာဖုံးတပ်နှင့် လူ၏ ထိတ်လန့်နေသော အသံကို ကြားလိုက်ရ၏။
“ဒီကောင်လေးကို ခေါ်ချင် ပြန်ခေါ်သွားပါ။ မီးကိုတော့ ပြန်ငြိမ်းပေးပါ”