အပိုင်း (၇၈) အေးအေးဆေးဆေး ဆက်တိုက် ဖိနှိပ်ခြင်း
စုရှောင်ရှန် မျက်နှာဖုံးစွပ်နှင့် လူလက်ထဲကို ပြန်ကျသွားသည်။ ဤတစ်ကြိမ်တော့ လိမ္မာသည့်ကြောင်တစ်ကောင်အလား ပြုမူလိုက်၏။
“ကျုပ်ကိုမနှိပ်စက်ပါနဲ့တော့။ ကျုပ်က အဲ့လောက်လည်း မတန်ပါဘူး” စုရှောင်ရှန် ဖျော့တော့တော့ ပြောလိုက်သည်။
မျက်နှာဖုန်း၀တ်နှင့်လူ၏ မျက်လုံးများက ပြုံးနေသယောင်ယောင် ရှိသွားသည်။ ထိုလူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ချောင်းသာ ပြင်းပြင်းထန်ထန် တဟွတ်ဟွတ်ဆိုးလိုက်ရ၏။
“အဟွတ် အဟွတ်… ဖူးးးး”
စုရှောင်ရှန်သူ၏ ချောင်းဟွတ်သံကို ကြားလိုက်ရရာ တုန်လှုပ်သွားသည်။ သွေးများအန်ရင်းနှင့်တော့ မတော်တဆသူ့ကို မပစ်ချလိုက်နိုင်ဘူးမလား။ ထိုအချိန်၌ မျက်နှာဖုံး၀တ်နှင့်လူ အလွန် အားနည်းသွားလေသည်။ ကြည့်ရသည်မှာ စွမ်းအားပြင်းသည့် တိုက်ကွက်များက အသုံးပြုသူကိုလည်း ဒဏ်ရာရစေနိုင်၏။
“ခင်ဗျား အခုသုံးလိုက်တာ ‘အရာအားလုံးကဓား’ မလား” စုရှောင်ရှန် မေးလိုက်သည်။
“စစ်မှန်ခြင်းနယ်ပယ် ‘အရာအားလုံးကဓား’”မျက်နှာဖုံး၀တ်ဖြင့်လူက ခေါင်းငြိမ့်ပြလိုက်ပြီး ဆို၏။
စုရှောင်ရှန် : “…”
‘ယုံမယ်လေ အားကြီးကြီး… ငါကိုယ်တိုင်မှာတောင် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒရှိနေတာ။ အဲ့တာရဲ့ စွမ်းပကားနဲ့ ပင်ကိုယ်ဖြစ်မှုကို ခရေစွေ့တွင်းကျသိတယ်။ ဘယ်သူ့ကို လာလိမ်နေတာလဲ’
မျက်နှာဖုံး၀တ်ဖြင့်လူက စုရှောင်ရှန်၏ အတွေးများကို သိသကဲ့သို့ရှိရာ အသာအယာ ရေရွတ်လိုက်သည်။ “ဓားဆန္ဒအစစ်အမှန်က ဘယ်နယ်ပယ်နဲ့မှ မသက်ဆိုင်ဘူး။ အဲ့တာက ရန်သူရဲ့ တိုက်ကွက်ကို ရန်သူ့ကို ပြန်တိုက်ခိုက်စေနိုင်တယ်… ဓားရဲ့ အဆီအနှစ်ကို ဆုပ်ကိုင်နိုင်သွားပြီဆိုတာနဲ့ ဘယ်သူမှ မင်းကို ဓားနဲ့ တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး။ ဘာလို့ဆို…”
“ရန်သူရဲ့ဓားက ကျုပ်ရဲ့ဓားဖြစ်လာလို့မလား” စုရှောင်ရှန် ကြားဖြတ်၀င်ပြောလိုက်သည်။
မျက်နှာဖုံးနှင့်လူ မှင်သက်သွားသည်။ သို့သော် တိကျသည့် အဖြေကိုတော့ ပြန်မပေးနိုင်လိုက်ပါ။ “အဲ့လိုပြောလို့ရတယ်။ ဒါပေမယ့်…”
မျက်နှာဖုံး၀တ်လူ မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်သည်။
“ဒီလမ်းစဉ်ကို လူတွေ အကြိမ်မြောက်များစွာ နင်းပြီးသွားကြပြီ။ လမ်းဆုံးထိ ရောက်ဖူးသွားကြပြီ။ မင်းရဲ့ ဓားဆန္ဒက မဆိုးဘူး။ ထက်မြက်တယ်။ ဒါကြောင့် ဒီလမ်းစဉ်ကို စွန့်နိုင်သေးတုန်းမှာ စွန့်လိုက်တော့”
စုရှောင်ရှန်သူ၏ မျက်လုံးများ ဝေဝါးသွားသည်။ သူ၏ ဓားဆန္ဒကကောင်းသည် သို့ကြောင့် ထိုလမ်းစဉ်ကို စွန့်ပါတဲ့လော…
မည်မျှ ရူးမိုက်လိုက်သည့်အဖြစ်ပေနည်း။
“ကျုပ်လမ်းကျုပ်လျှောက်ကာစရှိသေးတယ်။ လမ်းဆုံကြီးလို့ ဘယ်သူပြောလဲ။ ခင်ဗျားတောင် လမ်းဆုံးကို ရောက်နေတာ မဟုတ်တာ ဖြစ်နိုင်တာပဲ” ပြောင်မြောက်စွာပြောလိုက်သည်။
ဤလမ်းစဉ်ကို သူမလျှောက်လှမ်းနိုင်ပါက သူ ပျက်သုဉ်းသွားမည်ကိုသိသည်။ သူ့တွင် ကျင့်ကြံခြင်းအတွက် ပါရမီမပါလာပါပေ။ သို့ဖြင့် မည်သည့် နည်းစနစ်ကို အချိန်ကုန်ခံပြီးသွားမကျင့်သည်က ကောင်းသည်။ နောက်ဆုံး၌ ထိုသို့ လုပ်ခဲ့ခြင်းကိုပင် ကျေးဇူးတင်နေလောက်သည်။
မျက်နှာဖုံးနှင့်လူ သူ့ကို လစ်လျူရှူလိုက်သည်။ သူတို့အောက်၌ လှုပ်လှုပ်ရွရွ ဖြစ်လာလေ၏။ ရှောင်ချိစွေက ကြယ်ကြွေသည့်အလား ဓားဖြင့် ဒဏ်ရာရသွားပြီးနောက် တိုက်ခိုက်စွမ်းရည်များ ပျောက်ဆုံးသွားရသည်။ စည်းကမ်းကြီးကြပ်သူတို့ မှင်သက်နေကြ၏။
ဤတစ်ခေါက် ရန်သူက အစွမ်းထက်သည်ဟု အကြီးအကဲစန်းသူတို့ကို သတိပေးခဲ့ပါသော်လည်း ဤမျှ အစွမ်းထက်လောက်မည်တော့ မထင်ထားကြပါချေ။ တစ်ချက်တည်းဖြင့် ဓားအရာ၌ ဆရာသခင်တစ်ဦးဖြစ်သော ရှောင်ချိစွေကို ပြန်ချနိုင်စွမ်းမရှိတော့အောင် လုပ်နိုင်လိုက်၏။ သူတို့၏ ရန်သူက အနည်းငယ် အစွမ်းထက်လွန်းနေသည်။
ထိုအချိန် တောအုပ်ထဲမှ လူတစ်ယောက် လျှောက်ထွက်လာသည့်အချိန်မှသာ စိုးရိမ် နေသည့် စည်းကမ်းကြီးကြပ်သူများ ရင်ကော ခေါင်းမော့နိုင်တော့လေသည်။ ထို့နောက် ကောင်းကင်ပေါ်မှ လူနှစ်ယောက်ကို ဒေါသတကြီး ကြည့်လိုက်ကြ၏။ ကြည့်ရတာ သူတို့ ကျောရိုးနောက်ခံ ပေါ်လာဟန်ရသည်။
ထိုထွက်လာသောလူက ငယ်ရွယ်သော တာအိုသခင်တစ်ယောက်ကဲ့သို့ ၀တ်စားဆင်ရင်ထားပြီး ဆံဖြူကာ မုတ်ဆိတ်မွှေးလည်းရှိသည်။ သို့ဖြင့် ဆရာသခင်တစ်ယောက်အလား အရှိန်အဝါကိုပေးနေတော့၏။ ဤပုံရိပ်ပို ဖျက်ဆီးနေသော အရာမှာ သူ၏ အရပ်ဖြစ်သည်။ မြေပြင်၌ရပ်မည်ဆိုလျှင် သာမန်လူတို့၏ ခါးကျော်ကျော်လောက်သာရှိ၏။
သူက စုရှင်းရှင်းလောက် အရပ်သာ ရှိလေသည်… (၄ပေ)
သို့သော် ကံကောင်းသည်က လေထဲ၌ ပျံဝဲနေခြင်းဖြစ်သည်။
“ရဲ့ရှောင်ထျန်း…” မျက်နှာဖုံး၀တ်လူ ရေရွတ်လိုက်သည်။ သူ့အကြည့်များ တင်းမာသွား၏။
စုရှောင်ရှန် ဤလူပုလေးက အတွင်းစည်း၏ ဒဏ္ဌာရီလာ ခေါင်းဆောင်ဖြစ်သည်ကို အံ့အားသင့်စွာ သိလိုက်ရသည်။ ရဲ့ရှောင်ထျန်း ရှောင်ချိစွေရှေ့ကို ပျံဝဲသွားပြီး သူ၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ ရှောင်ချိစွေ၏ ကိုယ်ထဲမှ ဓားရှည် ကို ဆွဲထုတ်ပြီးနောက် သူပျောက်သွား၏။
စုရှောင်ရှန် ခေါင်းကိုပြန်မော့လိုက်ရာ ထို ဆံဖြူတာအိုသခင်ငယ်လေးက သူတို့ရှေ့၌ ရောက်နေပြီဖြစ်ကြောင်းကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။
ရဲ့ရှောင်ထျန်း သူ၏ လက်တစ်ချောင်းကို သူ့ရှေ့ရှိ ဗလာနယ်ပယ်ထဲသို့ ထည့်လိုက်သည်။ ဆန်းကြယ်သော တိမ်မဲများက သူ့အနားတွင် နိမ့်လိုက် မြင့်လိုက် ဖြစ်နေရာ ထူးဆန်းသည့်ခံစားမှုကိုပေးသည်။ ကောင်းကင်ကိုပင် လက်တစ်ဖက်တည်းဖြင့် ဆွဲချနိုင်လောက်ဟန် ပေါက်နေ၏။
“ဒါက ‘ကောင်းကင်ခွဲလက်’ လို့ခေါ်တယ်။ ရဲ့ရှောင်ထျန်းရဲ့ ဂုဏ်ယူရတဲ့ နည်းစနစ်ပဲ။ ဒါနဲ့ဆို ဗလာနယ်တစ်ခုကို သူဆွဲချနိုင်ပြီး သူ့ရန်သူကိုအဲ့တာနဲ့ ဖိသတ်နိုင်တယ်” မျက်နှာဖုံး၀တ်ဖြင့်လူက ရှင်းပြသည်။
စုရှောင်ရှန် မှင်သက်သွား၏။
‘ဘာကြီးလဲဟ… ဘယ်လို စွမ်းပကားလဲဟ… ဒီလိုတိုက်ပွဲမှာ ငါက ဘာလို့ လာပြီး ကြားညပ် နေရတာလဲ’
၎င်းက ထိုလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကြောင့်ဖြစ်လေသည်။ သူတို့သေသွားသည့်အတွက် ပင်နောင်တရနေသည်။ မဟုတ်ပါက ဒေါသူပုန်ထပြီး သူတို့ကို ဒုတိယတစ်ကြိမ် အပိုင်းပိုင်း ဖြစ်အောင် ဓားဖြင့် ခုတ်လိုက်ပေမည်။
သူတို့ (၃) ဦးစလုံး ကောင်းကင်၌ ခပ်မြင့်မြင့် ပျံသန်းနေရာ အေးသည်ဟုတောင် ခံစားလာရသည်။ ရဲရှောင်ထျန်းဘာမှ မပြောပေ။ မျက်နှာဖုံး၀တ်ဖြင့်လူကိုသာ ဗလာနယ်ထဲ၌ လက်တစ်ချောင်းထည့်ရင်း စိုက်ကြည့်နေလိုက်၏။ စုရှောင်ရှန်ကို မတွေ့သည့်အလား ရှိနေသည်။
မျက်နှာဖုံး၀တ်နှင့် လူရေရွတ်လိုက်သည်။ “ရဲ့ရှောင်ထျန်းလက်ထဲကနေ ထွက်ပြေးတာက အရာမထင်ဘူး။ ပုံမှန်ဆို သူတို့ နောက်ဆုံးပြောချင်တဲ့ စကားပြောသွားကြတာ ချည်းပဲ… ဒီကောင့်မှာ ရှားပါးတဲ့ ဗလာနယ် ပင်ကိုယ်စွမ်းရည်ရှိတယ်။ သူစစ်မှန်ခြင်းနယ်ပယ်ရောက်တာနဲ့ အရှင်သခင်နယ်ပယ်ကို ဓားတစ်လှမ်း၀င်နေတဲ့ ဓားသမားတစ်ယောက်ကို ယှဉ်ချနိုင်တယ်လို့ ပြောကြတာပဲ”
“ဒီထဲမှ မင်း မပါဘူး။ မင်းက အရှင်သခင် တွေကိုတောင် စစ်မှန်ခြင်းနယ်ပယ်နဲ့ အနိုင်ယူနိုင်ခဲ့တယ်” ရဲ့ရှောင်ထျန်းပြောလိုက်သည်။ သူ၏ အသံက ကလေးတစ်ယောက်အလား စူးရှ၏။
“ငါ့မှာ ဒီလို ပါရမီမျိုးမရှိပါဘူး။ တစ်ယောက်ယောက်နဲ့ လူမှားနေတာဖြစ်မယ်”
“မျှော်လင့်ရတာပဲ” ရဲ့ရှောင်ထျန် အသံအတွင်းတွင် အေးစက်မှုတို့ ပါရှိနေရာ သူ၏ ကလေးတစ်ယောက်အသံနှင့် မလိုက်ပေ။
ဤလူနှစ်ဦး၏ တစ်ဦးကိုတစ်ဦး ချီးမွမ်းမှုများကိုကြားသော် စုရှောင်ရှန် ခေါင်းမူးသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျမတတ်ဖြစ်သွား၏။
လူထူးဆန်းတွေ။
မူလနန်းတော်နှင့် ဗလာနယ်ပယ် စစ်မှန်ခြင်းနယ်ပယ်တို့ကို စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့်(၉) ဖြင့်သတ်နိုင်သောကြောင့် သူ့ကိုသူ စုရှောင်ရှန် စိတ်ကြီး၀င်နေခဲ့လေသည်။ သို့သော် တကယ့် ပါရမီရှင်များဖြင့် ယှဉ်လျှင် သူက ဘာမှ မဟုတ်သည်ကို သိလိုက်ရ၏။
‘ဒါက စစ်မှန်ခြင်းနယ်ပယ် ဗလာနယ်စွမ်းအင်လား… ဘာလို့ ကြက်သီးထးရာကောင်းနေရတာလဲ… ပြီးတော့ ဒီမျက်နှာဖုံးစွပ်နဲ့သူက ဘယ်သူလဲ။ ဘယ်လို လူထူးဆန်းလဲ။ အတွင်းစည်းရဲ့ ခေါင်းဆောင်က ငါတို့ကိုတိုက်ခိုက်တော့မှာတောင် အေးဆေး စကားပြောနေနိုင်သေးတယ်ပေါ့… ဒါပေမယ့်… ဘာလို့ ဒီလူ ငါ့ကို ဒီလောက်ရှင်းပြနေတာလဲ’ စုရှောင်ရှန် ဤအရာများအားလုံးကို တွေးလိုက်ပြီးနောက် နွမ်းနယ်သလိုလို ဖြစ်သွားသည်။
“ခေါင်းဆောင် ကျုပ်မပါဘူး။ သူ့ကို ချချင် သွာချပါ။ ခင်ဗျားတို့ တိုက်ပွဲထဲမှာတော့ ကြားညှပ်မခံပရစေနဲ့”
မျက်နှာဖုံးစွပ်နှင့်သူ၏ မျက်လုံးများကပြုံးနေသယောင်ယောင်ဖြင့် ဆိုလိုက်သည်။ “ငါတို့ အဖွဲ့ထဲ ၀င်မယ်လို့ ခုလေးတင် ပြောလိုက်တာမဟုတ်ဘူးလား”
“ကျုပ်…”
စုရှောင်ရှန် စွံ့အသွားသည်။ သူ၏ မျက်နှာသွေးဆုတ်ဖြူရော်သွားပြီး “တောင်းပန်ပါတယ်။ ကျုပ်ကို အရင်ချပေးပါ။ ကျုပ်ဘယ်သူ့ကိုမှ နှုတ်သွားမဆက်ရသေးဘူး”
ရဲ့ရှောင်ထျန်း မျက်နှာဖုံးနှင့်လူ ခါး၌ သယ်ထားခံရသော စုရှောင်ရှန်ကို ကြည့်လိုက်သည်။ ဤလူငယ်လေး အစွမ်းထက် ဓားသမားနှစ်ဦးကြား၌ နောက်နေနိုင် သေးသောကြောင့် အံ့အားသင့်သွား၏။ သူက အလွန် ရဲတင်းပေသည်။ သူက သူနှင့် သူအဖွဲ့သားများ၏ အကြံအစည်ကို ၀င်နှောက်သည့် သူလည်းဖြစ်သည်။
ခရက် ခက်
ကောင်းကင်၌ အက်ကွဲရာများပေါ်လာခဒ့သည်။ မသိလျှင် ကောင်းကင်တစ်ခုလုံး ပျိုကျတော့မည့်အလားပင်။ အချိန်နဲ့အမျှ ရဲ့ရှောင်ထျန်း၏ ဗလာနယ်ပယ်ထဲကို ထည့်ထားသော ညာဘက်လက် ပို၍ သန်မာလာပြီး အခြားတစ်ဘက်ရှိ နှစ်ယောက်ကို သေခြင်းအရှိန်အဝါတို့ သွားလွှမ်းမိုးစေလိုက်လေသည်။
မျက်နှာဖုံးနှင့်လူ ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ မိုးရေစက်များ ထိုနက်မှောင်နေသော အက်ကွဲရာများ၏ ဝါးမျိုခြင်းကိုခံလိုက်ရလေရာ သူတို့ထံ ရောက်မလာတော့ပါပေ။
မျက်နှာဖုံးနှင့်လူက အသာအယာ ရယ်မောလိုက်၏။ “မင်း ချရဲချကြည့်လေ။ အခြား အလစ်တိုက်ဖို့ ချောင်းနေတဲ့ (၉) ယောက်လည်း ရှင်မှာ မဟုတ်ဘူး… ဒီတစ်ယောက်နဲ့ဆို (၁၀) ယောက်ပေါ့”
စုရှောင်ရှန် ဘာမှ အံ့အားမသင့်နိုင်ခင်ပင် ပေါက်ကွဲသံများနှင့်အတူ မြေပြင်မှ ဓားစွမ်းအင်ကိုးခု ကောင်းကင်သို့ တက်လာခဲ့၏။ ဓားစွမ်းအင်တိုင်းက ဆံဖြူအဖိုးကြီးများကို ချုပ်နှောင်ထားလေသည်။ လေထဲ၌ ချုပ်နှောင်ခံထားရသည့် အဖိုးကြီးများကို မြင်သော် မိုမိုနှင့် တစ်နေ့က တိုက်ပွဲကို သတိရလိုက်၏။ ဤမြင်ကွင်းက တစ်ထပ်တည်းသွားကျနေလေသည်။
စုရှောင်ရှန် မျက်နှာဖုံး၀တ်နှင့်လူကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ၏ မှတ်ချက်ကို ပြန်တွေးမိသွား၏။ “မင်းလျှောက်တဲ့လမ်းက လူတွေ အများကြီး လျှောက်ပြီးသားကြီး”
‘ပြောချင်တာက ငါလျှောက်နေတဲ့လမ်းကို သူလျှောက်ဖူးတယ်ပေါ့။ ဒါပေမယ့် ဘာလို့ ငါ့ကို တခြားလမ်းလျှောက်ခိုင်းချင်ရတာ… ဒီလောက်အစွမ်းထက်နေတာကို’ သူတွေးလိုက်သည်။
“အရာအားလုံးကဓား ပဲလား” စုရှောင်ရှန် မေးလိုက်သည်။
“ဟုတ်တယ်… စစ်မှန်ခြင်းနယ်ပယ် အရာအားလုံးကဓား” မျက်နှာဖုံးနှင့်လူ ခေါင်းငြိမ့်လိုက်သည်။
“…”
စုရှောင်ရှန်စွံ့အသွားသည်။ အဘယ်ကြောင့် ဤမျက်နှာဖုံး၀တ်နှင့်လူ “စစ်မှန်ခြင်းနယ်ပယ်” ကို ခဏခဏ အလေးပေးနေရပါသနည်း။ လူတိုင်းကို ကဲ့ရဲ့ရတာ မလုံလောက်သေးဘူးလော။
မြေပြင်မှ စည်းကမ်းကြီးကြပ်သူများကတော့ အဖိုးကြီး(၉) ဦး ကောင်းကင်၌ ဓားစွမ်းအင်များဖြင့် ချုပ်နှောင်ထားခံရသည်ကို မြင်သောအခါ ရင်၀င်ဥနိုင်သည့်အလား ပါးစပ်များအဟောင်းသားဖြစ်သွား၏။
“အကြီးအကဲကြီး ကိုးဦး မဟုတ်လား”
“မဖြစ်နိုင်တာ”
“အကြီးအကဲကိုးဦးကို ဘယ်လို အဲ့ဒီ မျက်နှာဖုံးစွပ်နဲ့အတူ အငိုက်တိုက်ခိုက်နိုင်လိုက်တာ။ ငါပြောချင်တာ အဲ့တာ အကြီးအကဲကြီး (၉) ဦးလေကွာ”
“အရှင်သခင် နယ်ပယ် အကြီးအကဲကြီး (၉) ဦးကို ဓားဆန္ဒတစ်ခုတည်းနဲ့ ချုပ်နှောင်လိုက်တယ်တဲ့… ငါအိပ်မက် မက်နေတာ ဖြစ်ရမယ်”
“ဒီအကြီးအကဲကြီ (၉) ကိုးဦးက အတွင်းစည်းက အသက်အကြီးဆုံးနဲ့ အရည်အချင်းအရှိဆုံးတွေပဲ။ အားလုံးကလည်း မခေတဲ့ အရှင်သခင်တွေချည်းဘဲ”
“ငါ့အမြင်တွေကျယ်သွားပါပြီ… ‘သူတော်စင် အစေအပါး’ တဲ့ ဟုတ်လား…”
“ဒီလောက်ကြီးကြ ကြမ်းလွန်းမနေဘူးလား”