Switch Mode

Chapter – 77

မျက်နှာဖုံးနှင့် လူ၏ စွမ်းပကား

အပိုင်း (၇၇) မျက်နှာဖုံးနှင့် လူ၏ စွမ်းပကား

မျက်နှာဖုံးနှင့်လူ အလွန်လျှင်မြန်စွာ ရွေ့လျားနေခဲ့လေသည်။ စုရှောင်ရှန်ကိုသယ်လာရသော်လည်း ၎င်းက သူ့ကို တစ်ချက်ကလေးမှ မနှေးသွားပါစေ။ ထိုနည်းတူစွာ စည်းကမ်းကြီးကြပ်သူများလည်း နောက် မလှမ်းမကမ်းမှ တဖြေးဖြေး ကပ်လိုက်လာနိုင်၏။ ငန်းရေကန်က တော်တော်ကြီးသည်။ သို့သော် မျက်နှာဖုံး၀တ်လူက ၎င်းကို ခြေလှမ်းအနည်းငယ်ဖြင့် ကျော််နိုင်သွားသည်။

ထို့နောက် သူတို့ နှစ်ဦးရှေ့မှ ရုတ်တရက် စည်းကမ်းကြီးကြပ်သူအဖွဲ့တစ်ခုပေါ်လာလေသည်။ မျက်နှာဖုံးနှင့် လူကအံ့အားသင့်သွားပြီး စုရှောင်ရှန်က ပဟေဠိဖြစ်သွားသည်။ ဤစည်းကမ်းကြီးကြပ်ရေးအဖွဲ့လည်း တိုက်ခိုက်သံများကြား၍ ရောက်လာသည်လော။ မတူပေ။ သူတို့ကို အလစ်တိုက်ခိုက်ရန် ပြင်ထားကြဟန်ရသည်။

စုရှောင်ရှန် မျက်နှာဖုံး၀တ်လူကို အံ့အားသင့်စွာကြည့်လိုက်သည်။ ဤလူကမည်သူနည်း။ အဘယ်ကြောင့် စိတ်ဝိညာဉ်ကြီးကြပ်သူများတောင် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ထားကြသနည်း။

စောနက သူ၏ တိုက်ပွဲက မြေကမ္ဘာတုန်လောက်အောင်ဖြစ်သော်လည်း ၎င်းက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ အစီအစဉ်များကို မဖျက်လိုက်ပါ။ မည်သူကမှ စုရှောင်ရှန် လူသတ်နေသည့်အချိန် ထွက်၍ မတားလိုက်ပါပေ။

စုရှောင်ရှန် သူ့ကိုယ်သူ အရေးမပါသလို ခံစားလိုက်၏။ ကြည့်ရသည်မှာ စိတ်ဝိညာဉ်နန်းတော်၏ အစီအစဉ်များအား သူမတော်တဆ ၀င်နှောက်ယှက်မိသည့်ဟန်ရလေသည်။

မျက်နှာဖုံးနှင့်လူ ပြေးနေတာရပ်ပြီး အခြားတစ်ဘက်သို့ လှည့်ပြေးလိုက်သည်။ ထိုအချိန် ငန်းရေကန်၏ အစွန်းနှစ်ဖက်၌ ပုံရိပ်များစွာကို တွေ့နေနိုင်သည်။ စုရှောင်ရှန် ကြက်သီးဖျင်းဖျင်းထသွားပြီး ၎င်းက အမှန်ဖြစ်ကြောင်းသိလိုက်၏။ စည်းကမ်းကြီးကြပ်သူများ စောင့်နေခဲ့ခြင်းဖြစ်လေသည်။

“မင်းက အကြီးအကဲစန်း ပြောတဲ့ ‘သူတော်စင် အစေအပါးလား’။ ဒါဆိုရင်တော့ ငါတို့ မင်းကို စောင့်နေတာ ရက်အတော်ကြာပြီ။ ချက်ခြင်း လက်မြှောက်ပြီး အရှုံးပေးလိုက်တာ နှစ်ဘက်လုံးအတွက် ကောင်းမယ်” ရှောင်ချိစွေ တောအုပ်ထဲမှ မျက်နှာဖုံး၀တ်လူကို စောင်းငဲ့ကြည့်ရင်း ဓားရှည်တစ်လက်ကိုလွယ်ကာ ထွက်လာလေသည်။

“သူတကယ် ပြန်လာတာနေမယ်…” မျက်နှာဖုံး၀တ်ဖြင့်လူ၏ တီးတိုးပြောသံကို ကြားရသည်မှာ စုရှောင်ရှန် တစ်ယောက်တည်းသာဖြစ်သည်။ ထိုမျက်နှာဖုံး၀တ်က ခေါင်းငုံ့ရင်း သူ့ကို မေးလိုက်၏။ “‌ကောင်စုတ်လေး မင်းအကြီးအကဲစန်းကို သိလား”

“မသိဘူး… မသိဘူးးး”

စုရှောင်ရှန်၏ မျက်လုံးအိမ်၌ မျက်ရည်စတို့ ဝေ့သီလာသည်။ သူပါးစပ် မစောင့်နိုင်ခဲ့သည်ကိုလည်း နောင်တရသွားသည်။ သူ နမော်နမဲ့ ပြောလိုက်သော စကားတစ်ခွန်းကြောင့် အခြေအနေက ကပြောင်းကပြန်ဖြစ်ကုန်လေသည်။

စုရှောင်ရှန် ရှောင်ချိစွေကို အော်‌ပြောလိုက်သည်။ “အကြီးအကဲကျုပ်ကိုကယ်ပါ။ ဒီလူက စိတ်ဝိညာဉ်နန်းတော်က လူနှစ်ယောက်ကိုတောင်သတ်ပြီးသွားပြီ။ ကျုပ်တတိယလူမဖြစ်ချင်ဘူး”

ရှောင်ချိစွေ : “…”

‘ဒီကောင် ငါမျက်စိကန်းနေတယ် ထင်နေတာလား… ငါတို့ဒီမှာ စောင့်နေတာကြာပြီကို သူလူသတ်တာ မတွေ့လိုက်ရပါဘူး’ သူတွေးလိုက်သည်။

ရှောင်ချိစွေ အရေးကြီးသည့် အရာကို ၀င်လာနှောက်မည်စိုး၍ ဤ ယမန်နေ့ညနေကဘဲ ပြဿနာရှာသည့်လူများအားလုံးကို အပြစ်ပေးခန်းမသို့ ဖမ်းပြီး စေလွှတ်လိုက်လေသည်။ သို့ကြောင့် စုရှောင်ရှန်ကြောင့် စိတ်ခုသွား၏။

[အထင်အမြင်သေးခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်ပြောသည်ကိုကြားသော် မျက်နှာဖုံး၀တ်နှင့်လူ ဇဝေဇဝါ ဖြစ်သွား၏။ သူမည်သူ့ကိုသတ်လိုက်မိကြောင်း သူပင် မသိပေ။ အရှက်မရှိ ဤကောင်လေးက သူ့ခေါင်းပေါ် အပြစ်ပုံချနေတာ သိသာလေသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ကောင်စုတ်လေး…”

မျက်နှာဖုံး၀တ်ဖြင့်လူ သူ၏ ဓားစွမ်းအင်သိပ်သည်းစကို တိုးမြှင့်ပြီး စုရှောင်ရှန်ကို ပိုနာကျင်အောင်လုပ်တော့မည့်အချိန် ပြောတာကို ကြားလိုက်ရသည်။ “စိတ်လျော့ပါ။ အလျင်မလိုပါနဲ့… တကယ်လို့ ခင်ဗျား လူနှစ်ယောက်သတ်လိုက်တယ်လို့ ၀န်ခံရင် စိတ်ဝိညာဉ်နန်းတော်ကနေ လုံလုံခြုံခြုံထွက်သွားစေဖို့ အာမခံတယ်”

မျက်နှာဖုံး၀တ်နှင့်လူ ဤမှတ်ချက်ကြောင့် မြူးသွားသည်။ ဤသို့သော အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်က ဘာလုပ်နိုင်မည်နည်း။

သူ့ပရိယာယ် အလုပ်မဖြစ်ကြောင်းကို‌သိသော် နောက်ထပ် လှည့်စားမှုတစ်ခုကို ဆက်ဆိုလိုက်သည်။ “ခင်ဗျားက မကောင်း… ‌ဖြောင့်မတ်တဲ့ အဖွဲ့အစည်းတစ်ခုက အဖွဲ့၀င်တစ်ယောက်ဖြစ်ရမယ်… တကယ်က ကျုပ်ဒီစိတ်ဝိညာဉ်နန်းတော်ကို သည်းမခံနိုင်တာကြာပြီ။ သူတို့အားလုံးက သူတော်ကောင်းယောင်ဆောင်ထားတဲ့သူတွေချည်းပဲ။ ဒါကြောင့် ခင်ဗျားတို့အဖွဲ့အစည်းကို ၀င်ချင်နေတာကြာပြီ… ခင်ဗျားသာ ကျုပ်ပြောတဲ့ အတိုင်းသွားရင် လျှို့ဝှက်လမ်းကြောင်းတစ်ခုကို တွေ့လိမ့်မယ်…”

“ငါတို့အဖွဲ့ထဲ၀င်ချင်တယ်ဟုတ်လား” မျက်နှာဖုံးနှင့်လူ သူ့ကို ကြားဖြတ်ပြောလိုက်သည်။

စုရှောင်ရှန် လန့်ဖျပ်သွားသည်။ ဤမျက်နှာဖုံး၀တ်နှင့်လူက လျှို့၀က်လမ်းကြောင်းဆိုတာထက် သူ့တို့အဖွဲ့၀င်မည့်အကြောင်းကို ပို၍ စိတ်၀င်စားနေဟန်ရ၏။ သူပြောသလို ဤလူက မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့၀င်ဖြစ်နေမည်ကို စိုးရိမ်သွား၏။

“ဒါက အရေးမကြီးပါဘူး။ တကယ်အရေးကြီးတာက လျှို့ဝှက် လမ်း… လမ်း…”

“တကယ် ငါတို့အဖွဲ့ထဲ ၀င်ချင်တာလား” မျက်နှာဖုံး၀တ်ဖြင့်လူ နောက်တစ်ကြိမ် ကြားပြန်ဖြတ်လိုက်သည်။

“ဟုတ်တယ် ၀င်ချင်တယ်။ ကျုပ်စိတ်ပိုင်းဖြတ်ပြီးပြီ” စုရှောင်ရှန် ငိုလိုက်သော်လည်း မျက်ရည်က ကျမလာ။

“မင်းနာမည်က ဘာလဲ”

“၀မ်ချောင်” စုရှောင်ရှန် တစ်ချက်ကလေးမှ‌ တွေဝေမနေဘဲ ချက်ခြင်းပြောလိုက်သည်။ “၀မ်က ‘ဘယ်တုန်းကမှ မကြားဖူး’ နဲ့ ချောင်က ‘ပိုက်ဆံပြန်ဖြည့်’ တာ”

“ပိုက်ဆံပြန်ဖြည့်တာက ဘာကြီးလဲ”

“အဲ့တာက …” စုရှောင်ရှန် သူ့စကားကို တ၀က်လောက်ပြောပြီးမှ လက်ခါထုတ်ကာ ပြောလိုက်သည်။ “ခင်ဗျားကို ဘယ်လောက်ရှင်းပြ ရှင်းပြလဲ ခင်ဗျားနားလည်မှာ မဟုတ်ပါဘူး… ဆိုတော့ ‌အဲ့ဒီ ‘ချောင်’ က ရေလွှာစီးတာနဲ့တူတယ်”

“ရေလွှာစီးတာက ဘာကြီးလဲ”

“…”

စုရှောင်ရှန် ဂနာမငြိမ် မဖြစ်ဘဲ မနေနိုင်တော့ပါ။ သို့သော် အကောင်းဆုံးတော့ တည်တည်ငြိမ်ငြိမ်ဖြစ်ရန် ကြိုးစားလိုက်သည်။

“အဲ့တာက ‘မင်’ ဉာဏ်ပြေးတာလို့ပြောတာ”

“အိုး ဉာဏ်ပြေးတဲ့ ‘မင်’ ပေါ့…”

မျက်နှာဖုံး၀တ်လူ၏ မျက်၀န်းများက သူ့ကို ပြက်ရယ်ပြုနေသယောင်ယောင်ဖြင့် “မင်းနာမည်က ၀မ်မင်ပေါ့”

“…”

စုရှောင်ရှန် မျက်ရည်ဝဲသွား၏။ အဘယ်ကြောင့် ဤညမှ လူသတ်တာမျိုးကျူးလွန်ပြီး စကားပြောရာ၌လည်း စကားလုံး အရွေးမှားနေရပါသနည်း။

“ကျုပ်နာမည်က ၀မ်ချောင်” စုရှောင်ရှန် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ရှောင်ချိစွေ ချဉ်းကပ်လာသည်ဖြစ်ရာ မျက်နှာဖုံး၀တ်ဖြင့်လူ သူ့ကို မတုန့်ပြန်ပါတော့ချေ။ ထို့နောက် ငန်းရေကန် အထက် အပေါ်တည့်တည့်သို့ ပျံတက်လိုက်၏။ ထိုနေရာမှ မိုးရေစက်များက သာမန်ထက် ပို၍ အေးနေသယောင်ယောင်။

စုရှောင်ရှန် သေးငယ်သွားသော အောက်တည့်တည့်မှ ငန်းရေကန်ကိုကြည့်လိုက်သည်။ ရာနှင့်ချီသော စည်းကမ်းကြီးကြပ်သူများက အစက်အပျောက်ကလေးများဖြစ်လာပြီး သူလည်း စတင်၍ ‌ထိတ်လန့်လာလေသည်။

သူဓားပျံစီးတုန်းကတောင် ဤမျှ မြင့်မြင့် မပျံရဲပါချေ။ ဤသို့သော အမြင့်မှ ပြုတ်ကျပါက သူ၏ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်တောင် အသားပြားဖြစ်သွားလောက်သည်။

“ကျုပ်ကိုတင်းတင်းဖက်ထား” စုရှောင်ရှန် မျက်နှာဖုံး၀တ်နှင့်လူ၏ ရင်အုံကို လှမ်းဖက်လိုက်သည်။ ထိုအချိန်၌ သူတကယ် ကြောက်နေပါ၏။

မျက်နှာဖုံး၀တ်ဖြင့်လူ ရယ်ချင်သွားသည်။ စုရှောင်ရှန်၏ နောက်ကျောကိုထိုးထားသော သူ၏ လက်ချောင်းကို ပြန်ထုတ်လိုက်ပြီး သူ့ကို အပေါ်မြှောက်လိုက်သည်။ “မင်း ငြိမ်ငြိမ်နေရင်တော့ မပြုတ်ကျဘူးပေါ့”

စုရှောင်ရှန် ပို၍ သွေးဆုတ်ဖြူရော်သွား၏။ သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုက မရှိတော့သော်လည်း မည်သို့မျှ လုံခြုံမှုကို မခံစားနိုင်ပါပေ။

သူသေချာပြန်စဉ်းစားပြီးနောက်ပြောလိုက်သည်။ “ခင်ဗျားကျုပ်ကို လက်ချောင်းနဲ့ ပြန်ထိုးတာ ကောင်းမယ်။ ဒီလိုတောင် ကျုပ်ပိုပြီး လုံခြုံ‌တယ်ခံစားရသေးတယ်”

မျက်နှာဖုံး၀တ်လူ : “…”

ဒီကောင် ကျပ်မပြည့်ဘူးဟ။

တုန့်ဆိုင်းမနေဘဲ မျက်နှာဖုံး၀တ်လူ စုရှောင်ရှန်၏ နောက်ကျောထဲသို့ လက်ချောင်းပြန်ထည့်လိုက်ရာ တကောင့်သား သွေးတစ်လုတ် ဖွီး ကတည်း အန်ထွက်သွားလေသည်။

“ချီးပဲ… ကျုပ်က စကားအဖြစ်ပြောတာလေ… ခင်ဗျားလက်ချောင်းကိုပြန်ထုတ်လိုက်… ကျုပ်က ဒီတိုင်း နောက်နေတာ”

စုရှောင်ရှန် စိုးရိမ်ပူပန်သွားသည်။ ဤလူ သာမန်လူတစ်ယောက်ကဲ့သို့ ပြုမူခြင်းမရှိပါပေ။ မျက်နှာဖုံး၀တ်နှင့်လူ သူ့လက်ချောင်းများကို ပြန်ထုတ်လိုက်‌သည်။ သို့သော် စုရှောင်ရှန် ၀မ်းမသာနိုင်ခင်ပင် ကောင်းကင် အထက်သို့ ခပ်မြင့်မြင့် လွှင့်ပစ်တာ ခံလိုက်ရသည်။

ဝှီး တကည်းလေကိုဖြတ်သွားသံက သူ့ကို ကြောက်ချေးပါသွားစေ၏။

“ကယ်ကြပါ”

“ပါးစပ်ပိတ်ပြီး သေချာကြည့်” မျက်နှာဖုံး၀တ်ဖြင့်လူ ခက်ဖန်စွာ အော်လိုက်သည်။

သူ၏ မျက်လုံးများက လေနှင့်မိုးဒဏ်တို့ကြောင့် မဖွင့်နိုင်ဖြစ်နေသော်လည်း အကြားအမြင်၏ အကူအညီကြောင့် စုရှောင်ရှန် သူ့ပတ်၀န်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

မြေပြင်ပေါ်မှ ရှောင်ချိစွေ လက်ဆန့်ထုတ်လိုက်ရာ သူ့နောက်၌လွယ်ထားသော ဓားရှည် အစိမ်းရောင်တောအုပ်ကြီးကို ဖောက်ထွင်းပြီး ကောင်းကင်ပေါ်မှ မျက်နှာဖုံးဖြင့်လူထံ ကြယ်ကြွေသည့်အလား တက်သွားတာကို စုရှောင်ရှန် မြင်လိုက်ရ၏။

ထိုဓားရှည်၌ ပါဝင်သော ဓားဆန္ဒတို့က ခက်ထန်သည့် တောရိုင်း သားရဲတစ်ကောင်နှင့် ဆင်တူသည်။ သို့ဖြင့် ဓားရှည်ဖြတ်သန်းသွားရာတစ်လျှောက်ရှိ မိုးရေစက်များ ဘာမျှ မရှိသည့်အဖြစ်ကိုရောက်သွား၏။

စုရှောင်ရှန် ယခုမှ မျက်နှာဖုံး၀တ်နှင့်လူ သူ့ကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်ရကြောင်း နားလည်သွားသည်။ အကယ်၍ ထိုလူသာ သူ့ကို ဝေးဝေး မပစ်လိုက်ပါက စုရှောင်ရှန် ထိုမိုးရေစက်များလို ဓားရှည်ဖြတ်သန်းသွားသည်နှင့် ဘာမျှ မရှိသည့်အဖြစ်ကို စုတ်ဖြဲခံလိုက်ရပေလိမ့်မည်။

သို့သော် မျက်နှာဖုံး၀တ်ဖြင့်လူကတော့ အေးဆေးရှိနေသေးသည်။ ထို့ပြင် မျက်နှာဖုံး၀တ်ဖြင့်လူ၏ ကဲ့ရဲ့သော မှတ်ချက်ကိုလည်း ရေးရေးလေး ကြားလိုက်ရ၏။

“ငါ့ကို ဓားနဲ့ တိုက်ခိုက်ရဲတဲ့ သူတွေထဲမှာ မင်းက အားအနည်းဆုံးပဲ…”

စုရှောင်ရှန် စိတ်ညစ်သွားသည်။ ဤလူက အမှန်တကယ် အရှက်မရှိပါပေ။ စုရှောင်ရှန်၏ ပြိုင်ကွင်းတုန်းက မဆင်မခြင်ပြုသော အမူအရာပင် ထိုလူ့ခြေဖျားမနှီပါပေ။ သူက ဓားသမားဖြစ်သည်‌မှန်‌ သော်…

စုရှောင်ရှန် ထပ်၍ မဝေဖန်နိုင်ခင်မှာဘဲ သူ့မျက်လုံးများ ပြူးကျယ်သွားရ၏။

မျက်နှာဖုံး၀င်ဖြင့်လူ တစ်ချက်ကလေးမှ မရွေ့ပါပေ။ သူ့ထံကို ၀င်လာနေသည့် ဓားရှည်ကိုသာ ဒီတိုင်းကြည့်နေလိုက်၏။ သူ့ကိုယ်၌လည်း ဖျော့တော့တော့ ဓားဆန္ဒတစ်ခုသာရှိပေသည်။

သို့သော် ထိုရှောင်ချိစွေ၏ ဓားရှည်က အကြောင်းမရှိ တုန်ခါသွားပြီး ဆွဲဆွဲငင်ငင် မြည်တမ်းလိုက်လေသည်။ ထိုဓားရှည်ကိုကြည့်ရသည်မှာ ဧရာမ ဖိအားအောက်၌ ရှိနေသည့်အလား ရှောင်ချိစွေထံ နောက်လှည့်၍ ပျံသန်းသွား၏။

ရှောင်ချိစွေမှင်သက်သွားသည်။ သူနှင့် ဆယ်စုနှစ်များစွာရှိနေခဲ့သည့်ဓားရှည်က သူ့ကို ပြန်တိုက်ခိုက်လိမ့်မည်ဟု ထင်မထားပါချေ။ ကံကောင်းမစွာဖြင့် အဘယ်ကြောင့်ဆိုတာ မစဉ်းစားနိုင်ခင်ပင် ထိုဓားရှည်က သူပစ်လွှတ်လိုက်သော အရှိန်ထက်ပို၍ မြန်မြန်ဆန်ဆန် ပြန်တိုး၀င်လာခဲ့၏။

ရှောင်ချိစွေ ရှောင်လိုက်မည်လုပ်ကာမှ သူ့ကိုယ်ပေါ်၌ ဓားစွမ်းအင်‌များပေါက်ကွဲထွက်သွားလေပြီး လူတိုင်းကို ခပ်ဝေးဝေးသို့ လွင့်စင်သွားစေလိုက်သည်။ ထို့အတူ ထိုနေရာ၌ပဲ ဓားစွမ်းအင်များဖြင့် ရှောင်ချိစွေ အချုပ်အနှောင်ခံလိုက်ရတော့၏။

ဇွက်

သူပစ်လွှတ်လိုက်သော ဓားရှည်က သူ့ကိုယ်ကို ဖောက်ထွင်းသွား၏။

ဖူးးးးး

ရှောင်ချိစွေ၏ မျက်လုံးများမယုံကြည်နိုင်မှုတို့ဖြင့်ပြည့်သွားသည်။ သူ၏ ဒွါရ (၆) ပါးစလုံးမှ သွေးများ စီးကျလာလေသည်။ စုရှောင်ရှန် ထိတ်လန့်တုန်လှုပ်လွန်းလို့ သူ့မျက်လုံးများပင် မျက်လုံးအိမ်မှ ထွက်တော့မည့် သယောင်ယောင်။

မျက်နှာဖုံး၀တ်ဖြင့်လူ ခေါင်းကိုမော့ကာ စုရှောင်ရှန်ကို ကြည့်လိုက်သည်။ သူ၏

မှေးမှိန်နေသော မျက်၀န်းများက ၀င်းပသွား၏။

“ငါမမှားဘူးဆိုရင်… ဒါခု မင်းလျှောက်နေတဲ့ လမ်းစဉ်မလား”

Comment

Leave a Reply

Options

not work with dark mode
Reset