အပိုင်း (၇၆) ကံဆိုတာ အကောင်းတစ်လှည့် အဆိုးတစ်လှည့်
“အတွင်းစည်းက အဲ့ဒီဘက်မှာ”
စုရှောင်ရှန် သူ၏ကျောပေးထားရာဘက်ရှိ အတွင်းစည်းသို့ ညွှန်ပြလိုက်သည်။ တောအုပ်ငယ်လေး၏ ထောင့်စွန်း၌ လမ်း(၃) လမ်းရှိလေသည်။ ပထမလမ်းက သူ၏ ခြံရှိရာဘက်သို့ ရောက်ပြီး၊ နောက်တစ်လမ်းက အပြင်စည်းရှိ မိုးတိမ်လေပြိုင်ပွဲကျင်းပသည့် ချု့ယွင်ကွင်းပြင်သို့ရောက်၏။
တတိယလမ်းကတော့ ငန်းရေကန်ကိုရောက်သည်။ ထိုလမ်းမှ ဆက်၍ တည့်တည့်သွားသော် အတွင်းစည်းကိုရောက်ပြီး ထိုမှ လမ်းတစ်ဆင့်ချိုးလျှင် စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနကိုရောက်၏။
“ခင်ဗျားဘာလို့ အတွင်းစည်းကိုသွားချင်တာ။ စာအုပ်တွေ သွားခိုးမလို့လား” စုရှောင်ရှန် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
ဤလူက ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးကို အနက်ရောင်များဖြင့် ဖုံးလွှမ်းထားခြင်းဖြစ်သည်။ သူ့မျက်လုံးများသာ ပေါ်လေရာ သူခိုး သို့မဟုတ် ဓါးပြ တစ်ယောက်ယောက်နှင့် ဆင်တူ၏။ အကယ်၍ ထိုသူက သူခိုးဆိုပါက ဤနေရာကို စရေစေ့တွင်းကျမသိဘဲ မိုက်ရူးရဲဆန်စွာ လာရဲမည် မဟုတ်ချေ။
“မင်းသိစရာမလိုဘူး” မျက်နှာဖုံး၀တ်နှင့်လူ ခက်ထန်ထန် ပြောလိုက်သည်။
“သိချင်ရုံပါ”
“အဲ့တာကို မင်းကို သေစေနိုင်တယ်”
“ကောင်းပါပြီ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ” စုရှောင်ရှန် အသာအယာ ပြောလိုက်၏။
“ငါ့အပေါ်ကမဆင်းရင် ဘယ်လိုသွားမလဲ” မျက်နှာဖုံး၀တ်ဖြင့်လူက အံကိုတင်းတင်းကြိတ်ရင်း ဆိုလိုက်၏။
“အိုး… မေ့သွားလို့ တောင်းပန်ပါတယ်”
တကယ်က စုရှောင်ရှန် မလွှတ်ရဲလိုက်ခြင်းဖြစ်သည်။ သို့သော် ဆက်၍ ကပ်တွယ်ထားရန်လည်း မကောင်းပေ။ ထိုသူနှင့် ပါသွားပြီး ခိုးရာပါအဖြစ်တော့ အစွပ်စွဲ မခံနိုင်ပါချေ။
သူ့၀မ်းဗိုက်ကို အားဖြင့် ထိုသူ၏ ကျောကိုတိုက်လိုက်ရာ ပြင်းထန်သော ပြန်ကန်အားက သူတို့နှစ်ယောက်ကို ဆန့်ကျင်ဘက်အရပ်များသို့ မီတာပေါင်းများစွာ လွင့်ထွက်သွားစေလိုက်သည်။ စုရှောင်ရှန် သူ့ခေါင်းကိုငုံ့ပြီး ရှေ့သို့ဆက်ပြေးလိုက်သည်။ သို့သော် သူ့နောက်မှ ဘာသံမှ မကြားရကာ အံ့အားသင့်သွား၏။
သူ့ခေါင်းကို နောက်ပြန်လှည့်ပြီးကြည့်လိုက်ရာမှ ထိုမျက်နှာဖုံး၀တ်ဖြင့်လူ ခက်ခက်ခဲခဲ ရေကန်အနားရှိ သစ်ပင်တစ်ပင်ကို အမှီပြုရင်း ထလာသည်ကိုတွေ့လိုက်ရသည်။
စုရှောင်ရှန် : “…”
‘အားနည်းလိုက်တာ… ဒီလိုနဲ့ ဘယ်လို သူခိုးလုပ်ရဲလဲမသိဘူး… တကယ်ကော အပြင်ဘက်ကနေ စိတ်ဝိညာဉ်နန်းတော်ကို လာခဲ့တာ ဟုတ်ရဲ့လား… ငါ့ကိုလာလှည့်စားနေတာများလား’ သူတွေးလိုက်သည်။
မျက်နှာဖုံး၀တ်နှင့်လူ စုရှောင်ရှန်ကို လစ်လျူရှူထား၏။ ဤသည်က စုရှောင်ရှန်၏ စူးစမ်းလိုစိတ်ကို ပြင်းပြသွားစေ၏။ အတွင်းစည်းဘက်သို့ မျက်နှာဖုံး၀တ်နှင့်လူ လျှောက်သွားနေရင်း စုရှောင်ရှန် သူ့ကို အဖြူရောင်ကျောက်လက်ရန်းများအောက်ရှိ အပေါက်များက ပုန်းသျှိုကွယ်သျှို ချောင်းကြည့်နေတာကိုတွေ့လိုက်ရသည်။ သူ့ပုံက ခေါင်းလောင်းတစ်ခုကို ကိုယ့်နားကိုယ် ပိတ်ပြီး ခိုးနေသယောင် ပေါက်နေသည်။
“…”
မျက်နှာဖုံး၀တ်နှင့်လူ သွားရာကိုရပ်ပြီး သက်ပြင်းချလိုက်ကာ ဆို၏။
“မင်းချတာတကယ်ကောင်းပေမယ့် မင်းရဲ့ ဓားကိုင်နည်းက လွဲနေတယ်။ မင်းပြင်နိုင်တဲ့ အချိန်မှာ ရှိတုန်း ပြင်ထားသင့်တယ်”
ထိုမျက်နှာဖုံး၀တ်ဖြင့်လူ သူလူနှစ်ယောက်ကို သတ်လိုက်သည့် ဖြစ်စဉ်ကို မြင်လိုက်ရကြောင်း စုရှောင်ရှန် သိလိုက်ရာ မျက်ခုံးပင့်လိုက်သည်။
ထိုမျက်နှာဖုံး၀တ်ဖြင့်လူကို နှုတ်ပိတ်ရန် အတွေးများပြန်၀င်လာခဲ့၏။ သို့သော် ပြဿနာက ထိုသူအား အနိုင်ယူနိုင်မည်လော ဘာလော မသိခြင်းဖြစ်သည်။ ဒီလူက အလွန်ထူးဆန်းပေသည်။
“ကျုပ်ဓားကိုင်တဲ့ ပုံစံက ကျုပ်ရဲ့ ပါရမီရှင် သူငယ်ချင်းတွေစီကနေ ပေါင်းစပ်ထားတာ။ ခင်ဗျားကသာ နားမလည်နိုင်ဖြစ်နေတာ” ထိုမျက်နှာဖုံး၀တ်ဖြင့်လူကို စမ်းသတ်ရန် စုရှောင်ရှန်က မေးလိုက်သည်။
“မင်းရဲ့ လမ်းစဉ်ကို လူတွေအများကြီး အရင်က လျှောက်ဖူးပြီးပြီ” မျက်နှာဖုံး၀တ်ဖြင့်လူဆက်မပြောဘဲ ရှေ့တည့်တည့် ဆက်လျှောက်သွားလိုက်၏။
စုရှောင်ရှန် ပျောက်ကွယ်သွားသော ထိုလူ၏ နောက်ကျောကိုကြည့်ပြီး စိတ်ထစ်သွားသည်။
“ငါ့ကိုလှည့်စားဖို့ကြိုးစားနေတာလား… ဒါမှမဟုတ် ငါလျှောက်နေတဲ့ ဓားဆန္ဒသက်သက်တည်းနဲ့ တိုက်ခိုက်တဲ့လမ်းကို တစ်ခြားသူတွေ လျှောက်ပြီးသွားတာလား… မဖြစ်နိုင်တာ… ငါ ‘ဓားထုတ်ဓားကွက်’ ကိုပဲ သုံးလိုက်တာငါ့လမ်းစဉ်ကို ဘယ်လိုသိသွားတာ… သူကိုယ်တိုင်ရဲ့ ဓားဆန္ဒကကြတော့ အားနည်းနေပြီးတော့ သူများကို ဝေဖန်ရဲတယ်… လေလုံးထွားနေတယ်” စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။
“ကျုပ်ဓားကိုင်နည်းက ပါရမီရှင် ဓားကိုင်နည်းပဲ” စုရှောင်ရှန် ဒေါသတကြီးအော်လိုက်သည်။
မျက်နှာဖုံး၀တ်လူ မရပ်တန့်လိုက်ပါပေ။
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် လက်ကိုတင်းတင်းဆုပ်ပြီး ထပ်မံအော်လိုက်လေသည်။
“ဓားလက်ချောင်း(၁၀) ခန်း”
ထိုမျက်နှာဖုံး၀တ်နှင့်လူ ရပ်သွားသော်လည်းကောင်း ဘေးသို့ တိမ်းရှောင်လိုက်သော်လည်ကောင်းတွေးထားသော်လည်း ထိုသူက ဂရုပင်မစိုက်ပါ။ စုရှောင်ရှန် လမ်းအဆုံး၌ ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်၏။
“ငါတကယ်မှားနေတာများလား” စုရှောင်ရှန် မသေမချာ ဖြစ်သွား၏။
ထိုသူ စောနက သူ့ကို ဒဏ်ရာရအောင် သုံးလိုက်သော ဓားနည်းစနစ်က လက်ချောင်းကိုဓားဆန္ဒဖြင့်လွှမ်းမိုးခြင်းနှင့် ဆင်တူလေသည်။
၎င်းက မဖြစ်နိုင်ပေ။ ထို နတ်မြင်းကောင်း၌ ပြေးလွှားခြင်း နည်းစနစ်ကို စိတ်ဝိညာဉ်စာကြည့်တိုက်၌ မကြာသေးခင်ကမှ တွေ့ထားသည်ဖြစ်ကာ ယခု တစ်စုံတစ်ယောက်က သုံးပင် သုံးနေလေပြီလော။
“ငါ့စိတ်ထင်နေတာ နေမှာပါ…”
စုရှောင်ရှန် ဤသို့သော် ရူးကြောင်ကြောင်အတွေးကို ခေါင်းထဲမှ ခါထုတ်လိုက်သာ်။ ထို့နောက် ဤနေရာမှ ထွက်ခွာရန်ပြင်လိုက်၏။
ထိုလူ သူ့လူသတ်ကိစ္စကို မထုတ်ဖော်သ၍တော့ သူ့တွင် ခိုးရန်ရည်ရွယ်ချက်ရှိသည်လော ဘာလော သူနှင့်မပတ်သက်ဟုတွေသလိုက်သည်။ ထိုသူ၏ အပြုအမူများအရတော့ ပါးစပ်မဖွာလောက်ပါချေ။
အခြားတစ်ဘက်၌ သူလျှောက်ပြောလျှင်တောင် မိုးသဲသည့် ညအချိန် စိတ်ဝိညာဉ်နန်းတော်သို့ ၀င်လာသော သူခိုးကိုမည်သူက ယုံကြည်မည်နည်း။ ထိုသူ၏ ရည်ရွယ်ချက်က မရိုးသားလေရာ ပြဿနာ တစ်စုံတစ်ရာအတွင်းပါမည်စိုး၍ စုရှောင်ရှန် ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်လိုက်သည်။
“ငါသွားအိပ်တာပဲကောင်းပါတယ်လေ… သူပြန်မပေါ်လာပါစေနဲ့လို့ ဆုတောင်း… ဖွီးဖွီး တော်ကြာ ပါးစပ်စီးသွားဦးမယ်”
စုရှောင်ရှန် ကိုယ့်ပါးကိုယ်ရိုက်ပြီး ထွက်ခွာရန် ပြင်လိုက်ရာ ခြေလှမ်းများရပ်တန့်သွားသည်။ လမ်းကလေး၏ အဆုံးမှ ထိုမျက်နှာဖုံး၀တ်နှင့်သူ အသည်းအသန် ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ ထိုလူ၏နောက်၌လည်း စည်းကမ်းကြီးကြပ်သူများ လိုက်ပါလာသည်ကို မြင်လိုက်ရ၏။
စုရှောင်ရှန် တုန့်ဆိုင်းခြင်းအလျှင်းမရှိ နောက်လှည့်ကာ ပြေးနိုင်သလောက် မြန်မြန်ပြေးလိုက်လေသည်။
“တကယ် ပါးစပ်စီးတာဟ”
စည်းကမ်းကြီးကြပ်သူများ ထိုမျက်နှာဖုံး၀တ်လူကို အလျှင်အမြန်ရှာတွေသွားရန် အကြောင်းမရှိပါပေ။ စောနက သူ၏ တိုက်ပွဲကြောင့် ထိုစည်းကမ်းကြီးကြပ်သူများ လာနေရင်းလမ်းမှ ရှာတွေ့သွားခြင်းဖြစ်ရမည်။
လုပ်ကြံသတ်ဖြတ်သူများက သူ့ကို သတ်ရန်လာကြခြင်းဖြစ်သော်လည်း တစ်စုံတစ်ယောက်ကိုသတ်လိုက်ခြင်းက သတ်လိုက်ခြင်းဖြစ်သည်။ ၎င်းအတွက် အပြစ်ပေးခံရမလား စုရှောင်ရှန် မသိပေ။
ရွှစ်
အရိပ်တစ်ခု စုရှောင်ရှန်ကို ကျော်သွားရင်း သူ့ရှေ့၌ တား၍ရပ်လိုက်သည်။ ၎င်းက မျက်နှာဖုံးဝတ်နှင့်လူဖြစ်သည်။
သူဘယ်လိုမြန်မြန်ရောက်လာတာလဲဟ။ တကယ်ငါ့ကို လှည့်စားသွားတာပဲ။
စုရှောင်ရှန် အရှိန်ရနေရာ မရပ်လိုက်နိုင်သည့်အတွက် ထိုမျက်နှာဖုံး၀တ်နှင့်လူကို ၀င်ဆောင့်သည်။ သို့သော် ထိုသူက သူထင်ထားသလို မလွင့်စင်သွားပေ။ ထိုအစား အခွင့်ကောင်းကိုယူကာ စုရှောင်ရှန်အား ကိုင်မြှောက်လိုက်ပြီး ခါးမှ ကိုင်လိုက်၏။
“ငါမင်းကိုမသတ်ဘူး။ ဒါပေမယ့် ငါနဲ့ ပူးပေါင်းပေးဖို့လိုတယ်။ စိတ်ဝိညာဉ်နန်းတော်ကနေ ထွက်သွားတာနဲ့ မင်းကို လွှတ်ပေးမယ်” ကော်ဖတ်စားသကဲ့သို့ နားမခံသာလောက်သော အသံကို ထပ်ကြားလိုက်ရ၏။
‘ခင်များကို အရူးပဲ ယုံမယ်’ သူတွေးလိုက်သည်။
လွတ်မြောက်ရန် သူရုန်းလိုက်ချိန် ထိုသူက သူ၏ နောက်ကျောဘက်သို့ လက်နှစ်ချောင်း ထိုးစိုက်လိုက်သည်။ ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်များ ချက်ခြင်းသူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ၀င်ရောက်တိုက်ခိုက်လိုက်ကြပြီး ကိုယ်တွင်းစွမ်းအင်များအား တစ်စစီဖြစ်သွားစေလေသည်။
‘ဘာလဲဟ… ဘာလို့ ဒီလောက် စွမ်းတဲ့ စွမ်းအင်တွေ သူ့မှာ ရှိနေရတာလဲ’ သူတွေးလိုက်သည်။
မျက်နှာဖုံး၀တ်နှင့်လူ တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်အလား သူ၏ ဓားစွမ်းအင်များကို ပို၍ ပြန့်ကျဲသွားစေလိုက်သည်။ စုရှောင်ရှန် သူ့တစ်ကိုယ်လုံးကို အပ်ချောင်းများဖြင့် ထိုးနေသည့်အလား ခံစားလိုက်ရ၏။ ထာ၀ရအသက်စွမ်းအင်၏ ပြန်လည်ကုသနှုန်းပင် ဖိနှိပ်ခံလိုက်ရသည်။
[အတိုက်ခိုက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[အတိုက်ခိုက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များ စတင်၍ ပြန်ကျလာခဲ့လေသည်။
ဖွီးး
စုရှောင်ရှန် သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်ကို လုံး၀ ထိန်းချုပ်မှု ကင်းမဲ့သွား၏။ သူ့မျက်နှာ အကျဉ်းတန်သွားသည်။ ကျားလှောင်အိမ်ထဲမှ ယခုမှ ထွက်လာပြီးနောက် နဂါးလှောင်အိမ်ထဲ ရောက်သွားသည်လော။
ထိုမျက်နှာဖုံး၀တ်ဖြင့်လူက သူ့ကို တကယ် လှည့်စားနေခြင်းပင်။ ထိုဓားဆန္ဒကိုထိန်ချုပ်နိုင်စွမ်းက သူ့ထက်အဆပေါင်းများစွာ ပိုသာလေပြီး ပြိုင်စံပင်ရှားလောက်သည်။ စုရှောင်ရှန် မျက်ရည်ဝဲသွားသည်။ အဘယ်ကြောင့် အကြီးအကဲတန်း တန်ခိုးရှင်များသူ့ကို လာရောက် လှည့်စားနေရပါသနည်း။
အကြီးအကဲစန်းက မိတ်ဆွေဟု ယူဆ၍ရကာ ချွင်းချက်ဖြစ်သည်။ အကြီးအကဲစန်းက သူ့ကို မကြာခဏ ဒုက္ခရောက်ပေးသော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့မှ အကျိုးကျေးဇူးများပြန်ရလိုက်သည်သာ။
ဤဘယ်ကမှန်းမသိပေါ်လာသော ဓားဆန္ဒကိုကြည့်ရှူခြင်းဖြင့် မျက်နှာဖုံး၀တ်နှင့်လူက အခြား ဆရာကြီးများကဲ့သို့ စွမ်းအားကြီးကြောင်းကိုသိလေသည်။
“ကျုပ်ကိုလွှတ်”
“မလွှတ်ဘူး”
စုရှောင်ရှန် ဤအခြေအနေကိုရင်းနှီးသည်ဟု ခံစားလိုက်ရသည်။ ကံကောင်းခြင်းက အလှည့်ကျလာသည်လော။
“ခင်ဗျားကျုပ်ကိုလွှတ်ပေးရင် စိတ်ဝိညာဉ်နန်းတော်ကနေ ထွက်သွားနိုင်အောင် ကူညီပေးမယ်” စုရှောင်ရှန် အမှန်အကန် ရိုးသားဟန်ဖြင့် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
“တကယ်လား”
“တကယ်”
“မယုံဘူး”
စုရှောင်ရှန် : “…”
စုရှောင်ရှန် ဒေါသထွက်သွားသည်။ သို့သော် ဘာမှမလုပ်လိုက်ပါချေ။
စုရှောင်ရှန် အသက်အောင့်လိုက်ရသည်။ တကယ်က သူ့ခန္ဓာကိုယ်က ကျင့်သားရနေပြီဖြစ်ကာ နာကျင်မှုက သည်းခံနိုင်သည့် အတိုင်းအတာ အတွင်း၌ရှိ၏။ သို့သော် သူ၏ ခန္ဓာကိုယ်ကတော့ မျက်နှာဖုံး၀တ်လူ၏ ထိန်းချုပ်ခြင်းကိုခံထားရရာ တစ်လက်မမှတောင်မလှုပ်နိုင်ပါချေ။ စကားပြောရုံသာတတ်နိုင်လေသည်။
စုရှောင်ရှန် ထိုလူအား ဆက်လက်နားချလိုက်၏။ “ကျုပ်ပြောမယ်နော် ကျုပ်ကို ခင်ဗျားလွှတ်ပေးလိုက်တာကောင်းမယ်။ ကျုပ်လူတွေအများကြီးနဲ့ မိတ်ဖွဲ့ထားတာ။ စိတ်ဝိညာဉ်အထွေထွေရေးရာဌာနက အကြီးအကဲ ကျောက်ကျန်းရှီကို သိတယ်မလား…”
“မသိဘူးဟုတ်လား။ ခင်ဗျားမသိလဲ ကိစ္စမရှိဘူး ကိစ္စမရှိဘူး။ ရှောင်းချိစွေကိုတော့ သိတယ်မလား။ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနရဲ့ ထိပ်ခေါင်အကြီးအကဲလေ…”
“ကြားတောင်ကြားမဖူးဘူဟုတ်လား။ ဒါဆိုရင် အကြီးအကဲစန်းကိုရော သိလား”
ထို စာစဉ်များထဲမှ ဗီလိန်များ အဖမ်းခံလိုက်သောအခါ ပြုမူသကဲ့သို့ ပြုမူနေကြောင်းကို တွေးမိပြီး စုရှောင်ရှန် စိတ်ကိုလျော့သည်။ ၎င်းက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်နေခြင်းဖြစ်သည်။
မထင်မှတ်ထားစွာ အကြီးအကဲစန်း၏ နာမည်ကို ကြားပြီးနောက် ထိုမျက်နှာဖုံး၀တ်နှင့်လူ ရပ်တန့်သွား၏။ “သူပြန်လာတာလား”
“ဘယ်သူ” စုရှောင်ရှန် ဆတ်ခနဲ တွန့်သွားပြီးနောက် အလျှင်အမြန် ပြန်မေးလိုက်သည်။
“အကြီးအကဲစန်း”
“ကျုပ်သူ့ကို မသိဘူး” စုရှောင်ရှန် တည်တည်ငြိမ်ငြိမ် ဖြေကြားလိုက်၏။
မျက်နှာဖုံး၀တ်နှင့်လူ : “…”