အပိုင်း (၇၅) လမ်းလေးမေးချင်ရုံပါ
မိုးစက်ကျသံများက တစ်ပေါက်ပေါက်နှင့် မကြာခင်လည်း ရပ်တန့်မည့်ဟန် မရပေ။
သူ့ရှေ့တွင် မျက်နှာဖုံး၀တ်နှင့် အနက်ရောင်တစ်ကိုယ်လုံး ၀တ်ထားသော သူပေါ်လာလေသည်။ သူ၏ လက်နှစ်ဖက်တွင်တောင် အနက်ရောင် လက်အိပ်များ စွပ်ထား လေသည်။ သူ့ခန္ဓာကိုယ်ရှိ ဖွင့်ဟ ထားသော အပိုင်းဆိုလို့ သူ၏ မျက်လုံးများသာရှိသည်။ သို့သော်၎င်းတို့ကလည်း ဆည်းဆာရောင်ချည်မသန်းမှီ ညကောင်းကင်ကဲ့သို့ မှိန်မှိန်လေး နက်မှောင်နေ၏။
အကယ်၍ အနာဂါတ်၌ ဤလူကို လူအုပ်ကြားထဲ၌ ထပ်တွေ့ပါက လုံး၀ မှတ်မိလိမ့်မည်မဟုတ်ပေ။ ဤသို့သော စိတ်ကူးယဥ် ကမ္ဘာကြီးထဲတွင် ၎င်းဆို့က အလွန်သာမန်ဆန်သောမျက်လုံးများပင်။ သို့သော် ဤလူကတော့ တကယ်သာမန်လူဖြစ်ပါမည်လော။
စုရှောင်ရှန် သူတို့အကြားရှိ တိတ်တခိုးနာကျင်ခြင်းကို ကြည့်လိုက်သည်။ ဤမျှ နီးကပ်သောအကွာအဝေး၌ ထိုမျှ မြန်ဆန်သောဓားကို သူတားလိုက်နိုင်လေသည်။ အနက်ရောင်ဓားက ထိုမျက်နှာဖုံး၀တ်လူ၏ ရင်ဘက်နှင့် အလွန်နီးကပ်သော်လည်း ၎င်းကို လက်နှစ်ချောင်းဖြင့် ဖမ်းလိုက်နိုင်လေသည်။
စုရှောင်ရှန် နားမလည်နိုင်ဖြစ်သွားသည်။
၎င်းက စိတ်ဝိညာဉ်ကျောက်တုံးထောင်ချီဖြင့် စုရှောင်ရှန် ၀ယ်ထားသော အဆင့်(၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းဖြစ်၏။ ထို့ပြင် ၎င်းကို မပစ်လွှတ်လိုက်ခင်ကလည်း စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒဖြင့် ပေါင်းစပ်ထားသေး၏။ ၎င်းကိုတောင် ဤလူဖမ်းနိုင်ပါသည်လော။
ထို့နောက် သူ့လက်နှစ်ချောင်းကို ခေါက်မလိုလုပ်လိုက်ရာ ဓားကျိုးသွားမည့်အလား စုရှောင်ရှန် ခံစားလိုက်ရသဖြင့် ချက်ခြင်းတားလိုက်သည်။
“ဟေး… ရပ်လိုက်”
စုရှောင်ရှန် လျှပ်တစ်ပြက်အတွင်း သူတို့အကြားရှိ အကွာအဝေးကို တိုးလိုက်ပြီး ထိုသူ၏ လက်ချောင်းများကို ဖမ်းဆုပ်လိုက်သည်။ “မချိုးနဲ့… ဒါက ကျုပ်အသက် ကျုပ်ဘ၀ဗျ။ ဒါကိုချိုးလိုက်ရင် ကျုပ်က ဘယ်သူ့ကို ငိုပြီးသွားတိုင်ရမှာ” စုရှောင်ရှန် ထိတ်လန့်တုန်လှုပ်စွာဆိုလိုက်၏။
မျက်နှာဖုံး၀တ်နှင့်လူ စုရှောင်ရှန်၏ တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားစည်။
‘ဒီကလေး ငါ့ကို မကြောက်ဘူးပဲ’ သူတွေးလိုက်သည်။
“ငါမချိုးတော့ပါဘူး။ လက်လွှတ်လိုက်လို့ရပြီ … ပြီးတော့ မင်းခြေထောက်ရောဘဲ ဘာလုပ်တာလဲ”
သူ့အမူအရာလေးနက်သွားသည်။ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားရာ ၎င်းကို အခြားသူများ မမြင်နိုင်ပါပေ။
ဒါပေမယ့် ဒီကောင်လေး…
စုရှောင်ရှန် အချိန်တိုအတွင်း လက်နှစ်ဖက်ဖြင့် သူ့ကိုဖက်၍ ဖမ်းချုပ်ထားလိုက်ရာ သူ့လက်တစ်ဖက်ကိုမှ လှုပ်လို့မရတော့ချေ။ ထို့ပြင် စုရှောင်ရှန်၏ ခြေထောာက်နှစ်ဖက်ကလည်း သူ၏ ပေါင်များကို ဖက်သွယ်ထားသေးရာ သူကောင်းကောင်းပင် မရပ်နိုင်တော့ဘဲ လဲကျမလိုလိုဖြစ်နေသည်။
၎င်းက အလွန် အကျိုးသက်ရောက်မှုရှိသော ခန္ဓာကိုယ် ထိန်းချုပ်ခြင်း နည်းစနစ်ပေ။ ဤကောင်လေး၏ (၁၂) ရာသီခွင်က ရေဘဝဲပေလော။
“လွှတ်… ငါ လမ်းလေးဘဲ မေးချင်တာ”
ထိုအက်ကွဲနေသော အသံက သူ့နားစည်ကို အူသွားစေရာ ကြက်သီး မွှေးညှင်းများ ထောင်ထသွားလေသည်။ ၎င်းက လူတစ်ယောက်၏ အသံပေလော။ အလွန် ရွံ့ရှာဖွယ်ရာကောင်းလှ၏။ ဤအသံကို နားထောင်ကြည့်ရသော် ဤမျက်နှာဖုံး၀တ်လူက သက်လတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ယောက်ဖြစ်ကြောင်းထင်ရှားသည်။
စုရှောင်ရှန် ဖမ်းချုပ်ထားသော သူ့ခြေလက်များ၌ အားပိုထည့်လိုက်သည်။ “မဖြစ်နိုင်တာ ဘယ်သူက ဒီလို မနက်စောစောစီးစီးကြီး လမ်းလာမေးမှာလဲ… ပြီးတော့ မိုးဒီလောက်သဲနေတာ ခင်ဗျား စိတ်တ္တဇ ရောဂါသည်မို့လား”
“…”
မျက်နှာဖုံး၀တ်လူ သက်ပြင်းမောကြီးချလိုက်၏။ “ငါမင်းကို သတ်ချင်ရင် မင်းသေနေပြီဆိုတာ မသိဘူးလား”
“ဟားဟာား” စုရှောင်ရှန် အေးတိအေးစက်ရယ်မောလိုက်ပြီး ဆို၏။ “မဟုတ်ရင် ကျုပ်အသက်ရှင်နေတာလဲ ခင်ဗျားကို ဒီလို ဖမ်းထားလို့နေမှာပေါ့”
“…”
မျက်နှာဖုံး၀တ်လူ ဒေါသထွက်သွားသည်။ ဘာလဲဟ။ ဒီကောင် ကျပ်မပြည့်ဘူးလား။
“လွှတ်”
“မလွှတ်ဘူး”
“သေချာပြီလား”
“…”
စုရှောင်ရှန် တခဏတာတိတ်ဆိတ်သွားပြီးနောက် ထိုမျက်နှာဖုံး၀တ်နှင့်လူ သတိမမူဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူပြီး အနက်ရောင်ဓားကို ထိုသူ၏ ရင်ဘက်အတွင်းသို့ သူ့ရင်ဘက်ဖြင့် တိုက်ချလိုက်သည်။
မျက်နှာဖုံး၀တ်နှင့်လူ၏ မျက်လုံးများ မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ မျက်နှာဖုံးတပ်ထားသော်လဘ်း စုရှောင်ရှန် သွေးနံ့ရနေလေသည်။ သူ၏ လုံခြုံရေးကို သေချာစေပြီးနောက်မှ စုရှောင်ရှန် မေးလိုက်သည်။ “ကောင်းပြီလေ… ခင်ဗျား ဘာမေးချင်တာ”
မျက်နှာဖုံး၀တ်လူ : …
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ဟိုးဟိုး… ငါ့ကို မှတ်ထားတယ်ဆိုပါလား။ ၎င်းက သူ့ကို အနာဂါတ်၌ သတ်ရန် ကြံနေခြင်းပေလော။
စုရှောင်ရှန် သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ရုတ်တရက် ထိုမျက်နှာဖုံး၀တ်နှင့်လူ၏ ကိုယ်ထဲကို ဓားပို၀င် သွားအောင် လက်ဖြင့် တွန်းထည့်လိုက်သည်။
ရုတ်တရက် သူ့လက်ဖဝါးမှ နာကျင်မှုကိုခံစားရသဖြင့် စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကိုလွှတ်လိုက်သည်။ ထို့နောက် လက်ဖြင့်တောက်ထုတ်လိုက်ရာ တိတ်တခိုးနာကျင်ခြင်း လွင့်ပျံသွားသည်။
ဘန်း
အခွင့်အရေးကို လက်လွှတ်မခံဘဲ မျက်နှာဖုံး၀တ်နှင့်လူ စုရှောင်ရှန်ကို လွင့်ထွက်သွားစေရန် ရည်ရွယ်ပြီး စုရှောင်ရှန်၏ ခေါင်းကို သူ၏ ခေါင်းဖြင့် တိုက်လိုက်သည်။
သို့သော် သူ့နဖူးကိုသာ ကိုင်လိုက်ပြီး နာကျင်သဖြင့် ညည်းလိုက်ရ၏။
“ဘာလဲဟ… မင်းကိုယ်လုံးက သံတွေထည့်ထားတာလား”
စုရှောင်ရှန်၏ ခြေထောက်များက သူ၏ ပေါင်ပေါ်တွင် ရှိနေသေးရာ ထိုမျက်နှာဖုံး၀တ်ဖြင့်လူ၏ နောက်ကျောဘက်သို့ ခုန်သွားလိုက်သည်။ ယခု ထိုမျက်နှာဖုံး၀တ်ဖြင့်လူ သူ၏ ခေါင်းကိုပင် မရွေ့နိုင်တော့ချေ။
ဤအရာများအားလုံးလုပ်ပြီးနောက် စုရှောင်ရှန် အနည်းငယ် ကြောက်လန့်သွားသည်။ ဤမျက်နှာဖုံး၀တ်နှင့်လူ ဘာလုပ်လိုက်သနည်း။ အဘယ်ကြောင့် သူ့လက်ဖဝါးကို သူ၏ လက်နှစ်ချောင်းဖြင့် ဖောက်နိုင်လိုက်သနည်း။
ဆိုရသော် စုရှောင်ရှန်၏ ခန္ဓာကိုယ်က ပင်ကိုယ်စွမ်းရည် (၈) ခုဖြင့် အဆင့်မြှင့်ထားခြင်းဖြစ်သည်။ ဤမျက်နှာဖုံး၀တ်နှင့် ဦးလေးကြီး မရိုးသားပေ။ စုရှောင်ရှန် သေချာပြန်ကြည့်လိုက်ရာ ထိုသူ၏ လက်ချောင်းထိပ်များ၌ ပျောက်ကွယ်သွားသော ဓားဆန္ဒကို တွေ့လိုက်ရသည်။
ဓားဆန္ဒ။ ဒါပေမယ့် ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။
အကယ်၍ သူ၏ ထက်မြက်သော အကြားအမြင် ကြောင့်သာ မဟုတ်ပါက ၎င်းကို အာရုံခံမိမည်တောင်မဟုတ်ချေ။ အကယ်၍ ဤလူက သူ့လက်များကို ဖောက်နိုင်ပါက အဘယ်ကြောင့် ခေါင်းချင်းတိုက်မိရုံဖြင့် နာကျင်သွားရပါသနည်း။
ထူးဆန်းသည်။ ဤလူကြီး တကယ်ထူးဆန်းပေသည်။
ထိုလူ၏ အနက်ရောင်မျက်နှာဖုံးကို သူဖြုတ်ကြည့်ချင်ပါသော်လည်း သူ၏ သရုပ်မှန်ကို သိသည့်အတွက် သူ့ကို နှုတ်ပိတ်လိုက်မှာကို စုရှောင်ရှန် ကြောက်သွားသည်။ ဤလူကြီးထုတ်ပြလိုက်သော ခွန်အားက ထူးဆန်းပေလေသည်။
“ခင်ဗျား လမ်းတောင်မသိတာ ထျန်းစန်းနန်းတော်ကရောဟုတ်ရဲ့လား။ ဘယ်က၀င်လာတာလဲ” စုရှောင်ရှန် စကားနှိုက်လိုက်သည်။
မျက်နှာဖုံး၀တ်နှင့်လူ ငြိမ်ကျသွားပြီး ဘာမှ ပြန်မပြောပါပေ။ ခဏကြာပြီး ချောင်းဟန့်သံကြားလိုက်ရမှ စုရှောင်ရှန် ထိုသူကို လက်မောင်းဖြင့် လည်ပင်းညစ်ထားကြောင်းသိလိုက်သည်။ သူ့လက်ကိုလျော့ပေးလိုက်၏။
“အဟွတ် အဟွတ်…”
“ငါ စိတ်ဝိညာဥ်နန်းတော်ကပါ”မျက်နှာဖုံး၀တ်နှင့်လူ ရိုးသားဟန်ဖြင့်ပြောလိုက်သည်။
[အလိမ်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
စုရှောင်ရှန် စွံ့အသွား၏။ သူရယ်လိုက်ချင်သော်လည်း မရယ်နိုင်ပါပေ။ သူစိတ်ဝိညာဉ်နန်းတော်မှ မဟုတ်ကြောင်းထင်ရှားသော်လည်း တည့်တိုးကြီး လိမ်လိုက်လေသည်။ အလွန် အရှက်မဲ့လေသည်။
ဆိုတော့…
စုရှောင်ရှန် ကြောက်စိတ်မွှန်သွားသည်။ စိတ်ဝိညာဉ်နန်းတော်ကို စွမ်းအားမြင့် အစီအရင်နှင့် ကာကွယ်ထားလေသည်။ သူသတ်လိုက်သော လုပ်ကြံသူများပင် နန်းတော် အတွင်းမှ လူများဖြစ်၏။ သူတို့၏ ခွန်အားဖြင့် ဆိုပါက အပြင်ဘက်မှ လာသည် လုံး၀ မဖြစ်နိုင်ပေ။
သို့သော် ဤမျက်နှာဖုံး၀တ်လူက အပြင်မှ တကယ်လာခဲ့သည်လော။ ၎င်းက ဆရာကြီးများကြားမှ တကယ့် ဆရာကြီးမဟုတ်ဘူးပေလော။ သို့သော် အဘယ်ကြောင့် ဤသို့ အားနည်းရသနည်း။ သူ့ခွန်အား အစစ်အမှန် မဟုတ်ဘူးပေလော။
“ခင်ဗျားဘယ်သူလ…” စုရှောင်ရှန် စကားပြောနေရင်း တန်းလန်း မျက်နှာဖုံးနှင့်လူ၏ သရုပ်မှန်ကို သိလိုက်ရင် ပြဿနာတက်သွားမည်စိုး သောကြောင့်ရပ်လိုက်သည်။ သို့ဖြင့် သူ၏ မေးခွန်းကို “ခင်ဗျားဘာလိုချက်တာလဲ” ဟုပြောင်းမေးလိုက်၏။
“လမ်းမေးမလို့ လို့ပြောတယ်လေ” မျက်နှာဖုံး၀တ်လူ အော်လိုက်သည်။
“ကောင်းကင်ဘုံကိုလား”
“…”
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သော စကားလုံးများ အကျုံး၀င်သေး၏။
စုရှောင်ရှန် သူ၏ လက်မောင်းကို ပြန်တင်းလိုက်ပြီး “ပြောစမ်း”
“အဟွတ် အဟွတ် လွှတ်…” မျက်နှာဖုံး၀တ်နှင့်လူ အပြင်းအထန် ရုန်းကန်လိုက်သည်။ သူ၏ လက်နှစ်ချောင်း၌ ဖျော့တော့တော့ ဓားဆန္ဒပေါ်လာရာ စုရှောင်ရှန် ထိတ်လန့်သွားပြီး သူ့လက်ကို အနည်းငယ် ပြန်လျော့လိုက်၏။
“ဟူးးးး…”
အနက်၀တ်နှင့်လူ ဟူးဟဲ စိုက်နေရင်းမှ စုရှောင်ရှန်က ဘာမှ မဟုတ်တဲ့ကောင် ပြဿနာ ဖြစ်အောင် မလုပ်သင့်ဟု တွေးလိုက်ပြီး တိုက်ခိုက်ချင်သော စိတ်ဆန္ဒကို ဖိနှိပ်လိုက်၏။
“အတွင်းစည်း ဘယ်မှာလဲ” အကြာကြီး အနားယူနေပြီးနောက်မှ ဖြေးဖြေးချင်း မေးလိုက်သည်။
စုရှောင်ရှန် : ….
“ဒါပဲလား”
ဤအချင်းအရာတစ်ခုလုံးက အတွင်းစည်းဘယ်မှာလဲ မေးဖို့ပင်လော။ အဘယ်ကြောင့် စောစောကမပြောသနည်း။
၎င်းက မျက်နှာဖုံး၀တ်နှင့်လူကို ပို၍ ဒေါသထွက်သွားစေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ခက်ခက်ခဲခဲ ခေါင်းငြိမ့်ပြလိုက်သည်။
၎င်းက သူ့ဘ၀၏ နောက်ပိုင်းဆယ်စုနှစ်များအတွင်း ဖြစ်ပွားသွားသော အဓိပ္ပာယ်မရှိသည့် အရာပင်ဖြစ်ရမည်။ လမ်းဘယ်မှာလဲဆိုတာကိုသာ မေးချင်သော်လည်း ဒဏ်ရာရသွားသည့်အပြင် ရင်ဘက်ကိုလည်း ဓားဖြင့် အထိုးခံရ၏။ ထို့ပြင် မေးပြီးနောက်လည်း မထီမဲ့မြင် ပြုခံရသေးသည်။
အလွန် ဒေါသထွက်စရာကောင်းလှ၏။