အပိုင်း (၇၁) တစ်ယောက်ကျန်သေးတယ်
ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ပြီးနောက် လဲကျသွားရာ သွေးများနေရာအနှံ့ပြန့်သွားသည်။ ရှောင်းယီ၏ အမူအရာများက နားမလည်နိုင်မှုတို့ဖြင့် ပြည့်နေ၏။
“ဒီကောင် သတိမမူ ဖြစ်နေတာမဟုတ်ဘူးလား ဘာလို့ အချိန်ကိုက် ပြန်တုန့်ပြန်နိုင်လိုက်တာလဲ… ဘယ်လိုလုပ်လူတစ်ယောက်ရဲ့ ရင်ဘက်က ဓားတစ်ချောင်းထွက်လာတာလဲ… ဒီကောင် ငါ့တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်တာကြီးကို ဘာလို့ လွင့်သွားတဲ့သူက ငါဖြစ်နေတာလဲ” ဟု တွေးနေနိုင်ပေသည်။
ဗွမ်း
ခေါင်းပြတ်ကြီး မိုးရေအိုင်ထဲသို့ကျသွားသောအခါ ရေများကို စင်သွားစေ၏။
စုရှောင်ရှန် သူ့ရင်ဘက်ကို ဆုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်မှ ထလိုက်သည်။ ထို့နောက် သူ့ရင်ဘက်မှ ဓားကိုထုတ်လိုက်ပြီး နောက်ကျောအထိ ထုတ်ချင်းပေါက်သွားသော အပေါက်ကို ကြည့်လိုက်သည်။
“ချီး… နာတယ်ဟ…”
စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်၊ ချွန်ထက်ခြင်း၊ စိတ်ဝိညာဉ်အနှစ်ဖြင့် ကာကွယ်ခြင်းတို့ဖြင့် ပေါင်းစပ်ထားသည်တောင်မှ သူ၏ ရင်ဘက်ကို အပေါက်ကြီး ဖြစ်သွားအောင် ထိုးဖောက်သွားနိုင်သေးလေသည်။
“မူလနန်းတော် အထွတ်အထိပ်အဆင့်က တကယ် ကြောက်ဖို့ကောင်းလောက်အောင် သန်မာတာပဲ” စုရှောင်ရှန် မှတ်ထားလိုက်သည်။
သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံး ချက်ခြင်း ပျောက်ကင်းလုနီးပါးဖြစ်သွားခဲ့သည်။ သူ့လက်ကိုဝေ့ရမ်းလိုက်ရာ ထိုခေါင်းပြတ်အလောင်းကြီးကို မီးများကျွမ်းသွားပြီး နားမလည်န်ိုင်ဖြစ်နေသော ခေါင်းကြီးတစ်ခုတည်းသာ ကျန်ခဲ့၏။
“နားမလည်နိုင်ဖြစ်နေတယ်ပေါ့… ဖြစ်သင့်ပါတယ်… မဟုတ်ရင် မင်းနားလည်သွားရင် ကြမ်းပြင်ပေါ်မှ လဲနေတာက ငါဖြစ်နေလောက်ပြီ…”
စုရှောင်ရှန် ထိတ်လန့်မှုနှင့် တုန်လှုပ်မှုတို့ကြောင့် ပျို့ချင်သလိုလိုဖြစ်နေ၏။ အကယ်၍ ကြော့ကွင်း ကြောင့်သာမဟုတ်ပါက နောက် ဓားဖောက်ချက်တစ်ချက်လောက်တော့ ခံနိုင်ရလောက်ပေသည်။ အကယ်၍ သူ၏ အဓိက ကိုယ်တွင်းအင်္ဂါများသာ အထိုးခံလိုက်ရပါက ထာ၀အရ အသက်စွမ်းအင်တောင် သူ့ကို အချိန်မှီ ကုသနိုင်မည်ဟု မထင်ချေ။
သူ့ရင်ဘက်ကို ထိလိုက်သည်။ စိတ်ထဲ၌ အံ့အားသင့်နေရ၏။
“စစ်မှန်ခြင်းနယ်ပယ် ကြော့ကွင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ ရန်သူရဲ့ တိုက်ခိုက်မှုက အားပိုပြင်းလေလေ ပိုပြီး ပြန်ကန်ထွက်စေလေလေပဲ”
ဆိုလိုသည်မှာ သူ့ကို တစ်ချက်တည်းဖြင့် မသတ်နိုင်ပါက ထိုတိုက်ခိုက်မှုပြီးလျှင် သူတို့အကြားရှိ အကွာအဝေး ကွာဟသွားမည်ဖြစ်လေသည်။ ထို့ပြင် ရန်သူ၏ အချက်အလက်များကို သူသိပါက အချိန်ဆွဲကာ ယခု သူလုပ်လိုက်သော ပြောင်းပြန်ဓားကွက်လို ဓားကွက်မျိုးကို ပြင်ဆင်နိုင်မည်ဖြစ်၏။
ထို့ပြင် ထာ၀ရအသက်စွမ်းအင်နှင့် အဆင့်မြင့်စွမ်းအင်တို့ကလည်း အလုပ်လုပ်နေမည်ဖြစ်ရာ သူ့ကို တစ်ချက်တည်းဖြင့် မသတ်နိုင်လျှင် မည်သူကမှ ရေရှည်တိုက်ပွဲ၌ သူ့ကိုယှဉ်နိုင်မည်မဟုတ်ပေ။
အဆင့်မြင့်စွမ်းအင် အသက်၀င်လာပြီးနောက် ဧရိယာတစ်ခုလုံးကို လောင်ကျွမ်းနေသော ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်များကို ပြန်ရုတ်သိမ်းလိုက်သည်။ မိုးရေက ရေငွေ့ပြန်ခြင်းလည်းမရှိတော့ကာ သာမန်ပဲ ကျသွား၏။
“အခြေခံပင်ကိုယ်စွမ်းရည်တွေက တကယ် ကြောက်ဖို့ကောင်းတာပဲ” သူမှတ်ချက်ပြုလိုက်သည်။
၎င်းက ဤအခြေအနေတစ်ခုလုံး၌ ချောက်ချားဖွယ်ရာ မြင်ကွင်းမျိုးကို ထိန်းထားနိုင်ဖို့ အထောက်အပံ့ပေးခဲ့ရုံသာမက ထို လုပ်ကြံသတ်ဖြတ်သူကိုလည်း ငရဲမီးတောက် ကောင်းကင် မီးလျှံတို့ဖြင့် လောင်ကျွမ်းစေခဲ့၏။
သူ့ဒန်ထျန်ကို ကြည့်လိုက်သောအခါ စိတ်ဝိညာဉ်အနှစ် အနည်းငယ်သာ ကျန်တော့သည်ကိုသိလိုက်ရသည်။ သို့သော် ၎င်းက အလွန်လျှင်မြန်သောနှုန်းထားဖြင့် ပြန်ပြည့်၀လာနေခဲ့၏။
“ဒီလိုအရာကို ဘယ်သူက ခုခံနိုင်မှာ…”
သူ၏ အခြေခံ ပင်ကိုယ်စွမ်းရည်များမှာ အလွန် လက်ဖျားခါစရာ ကောင်းနေရာ စုရှောင်ရှန် သူ၏ အနာဂါတ်ရန်သူများအတွက် စိတ်မကောင်းဖြစ်မိသွားသည်။ အသက်ရှူးခြင်းနည်းစနစ်တောင် တိုက်ခိုက်သည့် နည်းလမ်း တစ်ခု အဖြစ်သုံးနိုင်လေသည်။
ထိုစဉ်က သူ့ဆေးကို ရှိုက်လိုက်သောအချိန်တွင် ထိုလုပ်ကြံသတ်ဖြတ်သူ မည်မျှ စိတ်ပျက်အားငယ်သွားလိမ့်မည် ဖြစ်ကြောင်းကို သူတွေးကြည့်လိုက်သည်။ သူ့ခေါင်းကို ခါပြီး ထိုအတွေးများကိုထုတ်လိုက်သည်။ သူ့မျက်နှာက မိုးရေတို့ဖြင့် စိုရွှဲနေရာ သူ့ကို စိတ်အေးအေးထားစေရာတွင် ကူညီလိုက်သည်။
မူလနန်းတော်ထွတ်အထိပ်နယ်ပယ်…
ဤသို့သော နယ်ပယ်မှ တစ်စုံတစ်ယောက်က အလွန်သန်မာကြည်သည်ဆိုသော်လည်း သူထင်ထားသည်ထက်တော့အားနည်းနေသေးသည်။ ၎င်းက ထိုသူ အကျိုးသက်ရောက်မှုရှိသည့် တိုက်ကွက်တစ်ကွက်သာ သူနှင့် တိုက်ခိုက်ချိန် ထုတ်သုံးနိုင်လိုက်သောကြောင့်လည်း စုရှောင်ရှန် ထိုသို့ တွေးမိခြင်းဖြစ်သည်။
တိုက်ပွဲပြီးနောက် သေချာပြန်ဆင်ခြင်ကြည့်သော် စစ်မှန်ခြင်းနယ်ပယ် ကျွမ်းကျင်ဆရာကြီးများနှင့် သူ့အကြားတွင် ကွာဟချက် အလွန်ကြီးမားရာ သူပင် လိုက်၍မဖြည့်နိုင်ကြောင်းကို သိလိုက်ရသည်။
၎င်းက သဘာ၀ကျသည်။ သမန်ရိုးကျ စွမ်းအင်များက သူ့ကျွမ်းကျင်မှုမဟုတ်ပေ။ တကယ်က ၎င်းတို့က သူ၏ အကြီးဆုံးအားနည်းချက်လည်းဖြစ်သည်။ သို့သော် သမန်ရိုးကျ တွေးရသော် လူတစ်ယောက်မည်မျှ သန်မာကြောင်းကို တိုက်ပွဲ၌ တိုက်ခိုက်နေမှသာ ဆုံးဖြတ်ချက်ချနိုင်ခြင်းဖြစ်လေသည်။
ထို့ကြောင့်လည်း သူ့တွင် ဝှက်ဖဲများစွာရှိသည်ကို လူတိုင်းသိကြသော်လည်း တစ်နည်းမဟုတ် တစ်နည်းဖြင့် သူ့ကို အထင်အမြင်သေးကြခြင်းဖြစ်၏။ ၎င်းက သူ့အတွင်တော့ကောင်းသည်။ ထိုသို့ဖြင့် သူ့ထက်သန်မာသောရန်သူများကို အငိုက်ဖမ်းတိုက်ခိုက်အနိုင်ယူနိုင်လေသည်။
မိုးက ဆက်ရွာနေစဲဖြစ်ပြီး ၎င်းအောက်၌ တိတ်ဆိတ်စွာ သူရပ်နေပြီး ခေါင်းထဲ၌ အကြောင်းအရာပေါင်းစုံကို တွေးတောလိုက်သည်။ မကြာခင် ထိုအတွေးများကို အတင်းဖိနှိပ်ကာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြန်ပြုလိုက်သည်။
“နေဦး တစ်ယောက်ကျန်သေးတယ်… တိုက်ပွဲကမပြီးသေးဘူး”
စုရှောင်ရှန်ကြမ်းပြင်ကို ကြည့်လိုက်သည်။ အဆိုပါ တိုက်ပွဲမှ သူရလိုက်သည်များမှာ ဓားမြှောင်(၂) ချောင်းနှင့် ခေါင်းပြတ်တစ်လုံးသာဖြစ်ပြီး ကျန်တာအားလုံးကို သူမီးရှို့လိုက်လေသည်။
ထိုလူကို စစ်ဆေးမေးမြန်းခြင်းမှာ အသုံးမ၀င်လှပေ။ ထိုသူက သူ့မေးခွန်းများအားလုံးကို ပြန်ဖြေကြားပေးသော်လည်း ၎င်းတို့ တစ်ခုမှကို သူမယုံရဲပါချေ။ သူသိလိုက်ရသည့် အသုံး၀င်သည့် အချက်တစ်ခုမှာ ထိုပြေးသွားသောသူက သေသွားသော သူထက် နယ်ပယ် တစ်ခု မြင့်သည်ဆိုရုံပင်။ ပို၍ဆိုးသည်က ထိုသူ ပြန်လာနိုင်ချေရှိ၏။
ဤလူများမှာ လုပ်ကြံသတ်ဖြတ်သူများဖြစ်ကြရာ သွေးအေးကြမည်ကိုတော့ ပြောစရာမလိုပေ။ သို့သော် ထိုထွက်ပြေးလွတ်မြောက်သွားသောသူ သူ့အဖော်၏ အလောင်းကို ပြန်လာ မယူပါဟု မသေချာပါပေ။ လာလည်း ယူနိုင်သည် မယူလည်း မယူနိုင်ပါ။
တကယ်က အကယ်၍ဟု သူတွေးထင်ထားခဲ့သည့် အရာများ တစ်ကယ်ဖြစ်လာသည်။ ထိုပြေးသွားသော ဉာဏ်ပြေးသည့်သူမှာ စေ့စပ်သေချာပြီး သေချာတွက်ချက်စီစဉ်တတ်သောသူဖြစ်သည်။ ဦးနှောက်ဖြင့် တိုက်ခိုက်တတ်သောသူမျိုးဖြစ်သည်။
ဟူးးး…
စုရှောင်ရှန် လေးပင်းစွာ သက်ပြင်းရှိုက်ထုတ်လိုက်သည်။ စိတ်ရောကိုယ်ပါ သူပင်ပန်းသွားလေသည်။ သို့သော် သူသတိကြီးကြီးထားရပေမည်။ အခြားတစ်ယောက်က သူသတိ မမူမိသည့်အချိန်ကို စောင့်နေတာမျိုးလည်းဖြစ်နိုင်သည်။
“ငါဘယ်လိုလုပ်ရမလဲ… အဲ့ဒီ လုပ်ကြံသတ်ဖြတ်သူရောက်လာတာကို စောင့်ပြီး ရေရှည်တိုက်ပွဲချရမလား… ထောင်ချောက်ဆင်ရမလား”
စက္ကန့်ပိုင်းအတွင်း သူ့စိတ်ထဲသို့ အတွေးပေါင်းများစွာပြန်၀င်လာခဲ့သည်။ သို့သော် ၎င်းတို့အားလုံးကို ခါထုတ်ပစ်လိုက်၏။ အကယ်၍ ထိုလုပ်ကြံသတ်ဖြတ်သူက သူ့ကြောင့် ထိတ်လန့်နေသေးသည်ဆိုလျှင် အငိုက်တိုက်လိုက်ခြင်းဖြင့် အဆိုပါ လုပ်ကြံသတ်လိုက်နိုင်ပါက ထိုအတွေးများ အလကားသာ ၀င်လာခြင်းဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ထွက်ပြေးလွတ်မြောက်သွားသောသူက ဗလာနယ်ပယ်၌လည်းဖြစ်နေသေးသည်။ ၎င်းက သူ့ထက် နယ်ပယ် (၂) ခု ကြီးများတောင် မြင့်လေသည်။
စုရှောင်ရှန် ခေါင်းခြောက်သွားသည်။ မည်သူ့ကို သူက စော်ကားမိ၍ ဤသို့ကြောက်မက်ဖွယ်ရာ လုပ်ကြံသတ်ဖြတ်သူများကို သူ့ထံ စေလွှတ်လိုက်ရပါသနည်း။
ထို့ပြင် သူ့စာဖတ် အတွေ့အကြုံများအရ သူ့ကို လာရောက် လုပ်ကြံမည့် သူများက သူ့ထက် အနည်းငယ်လောက်သာ သန်မာသင့်ပေသည်။ ထို့နောက် ထိုသူတို့ကို ခုတုံးအဖြစ်အသုံးပြုကာ သူ့ကြီးထွားမှုကို ပို၍ မြန်သွားစေမည်ဖြစ်၏။
“ဇာတ်က တိုက်ထားသလိုဖြစ်မလာတော့ ငါက ဘာဆက်လုပ်ရမှာ”
အကယ်၍ ထိုထွက်ပြေးလွတ်မြောက်သွားသည့်သူပြန်လာပါက ထိုသူ့ကို မည်သို့ သတ်ရမည်နည်းဟု သူစတင်၍ တွေးတောလိုက်သည်။ ထိုအတောအတွင်း ပိုသန်မာလာအောင်လုပ်ခြင်းက ယုတ်တိမရှိပေ။
စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကတော့…
“ဟုတ်ပြီ… ဒါကို တစ်ခုခု သုံးနိုင်လောက်တယ်” တွေးလိုက်သည်။
သို့ဆိုပါက တိုက်ပွဲကို စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ဖြင့် ရေရှည်ဆွဲ၍ တိုက်ခိုက်သွားလျှင်ပင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သေရချေမည်။ ၎င်းက အလွန် အန္တရာယ်များသည်။
“မဟုတ်ရင် ငရဲမီးတောက်ကောင်းကင်မီးလျှံနဲ့ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒတို့ပဲ ကျန်တော့မှာ…”
ငရဲမီးတောက်ကောင်းကင်မီးလျှံဖြင့် တိုက်ခိုက်နိုင်သော်လည်း ၎င်းက အကျိုးသက်ရောက်ရန် အချိန်အလွန်ကြာသည့်အတွက် အဓိက တိုက်ခိုက်မှုအဖြစ် အသုံးမပြုနိုင်ပေ။ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကတော့…
စုရှောင်ရှန် အတွေးလေလွင့်လိုက်ရာ ၎င်းက သူအနိုင်ရရှိနိုင်ချေ ရှိသည်ကို သိလိုက်ရသည်။ ထိုကဲ့သို့သော အရာမျိုးသာ သူ့ထက် အဆင့်မြင့်သော တစ်စုံတစ်ယောက်ကို သတ်နိုင်မည်မဟုတ်ပါလား။
စတင်ခြင်းနယ်ပယ် ဓားဆန္ဒဖြင့် စစ်မှန်ခြင်းနယ်ပယ် များကိုပင် အနိုင်ယူနိုင်လေသည်။ ယခု ၎င်းက စစ်မှန်ခြင်းနယ်ပယ်၌ ရှိရာ ဗလာနယ်ပယ်ရှိ တစ်စုံတစ်ယောက်ကို သတ်နိုင်ခြင်းက ယုတ်တိရှိပေသည်။
“ဖြစ်နိုင်ချေများတယ်… အနီးနားကိုအရမ်းမကပ်ပဲ တစ်ချက်တည်းနဲ့ သတ်နိုင်မယ်ဆိုရင်…”
“ဓားထုတ်ဓားကွက်” စုရှောင်ရှန်၏ မျက်လုံးများ တောက်ပသွားသည်။
“ဟုတ်သားပဲ… အဆင့်လေးဓားကွက်၊ ဓားထုတ်ဓားကွက်ရှိတာပဲ.. ဒီလိုအခြေအနေအတွက်လည်း ငါတီထွင်ခဲ့တာမဟုတ်လား”
သို့သော် အလျှင်အမြန် သူပြန်၍ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သွားပြီးနောက် စိတ်ဝိညာဉ်အနှစ်ဖြင့်ဆိုပါက ၎င်းကို အသုံးပြုရန် လိုအပ်သော ပမာဏက အလွန်ကြောက်မက်ဖွယ်ရာကောင်းပေလိမ့်မည်။ မိုမိုနှင့် တိုက်ပွဲကတောင် သူ့ဒန်ထျန်တစ်ခုလုံး ဓားထုတ်ဓားကွက် နှစ်ကွက်တည်းဖြင့် အပြောင်ရှင်းသွားသေးသည် မဟုတ်ပါလား။ အဆင့်မြင့်စွမ်းအင်တောင် ထိုသို့သော ပမာဏကို ချက်ခြင်း ပြန်လည်ပြည့်ဖြိုးနိုင်လိမ့်မည် မဟုတ်ပေ။
“ပြီးတော့ အဲ့ဒီသူက ငါ ဓားထုတ်ဓားကွက် နှစ်ကွက်သုံးပြီးတာတောင် အသက်ရှင်နေသေးရင် ဘယ်လိုလုပ်မလဲ… ငါသူ့ကို လက်ဗလာနဲ့ ချရတော့မှာလား… လုပ်လို့တော့ရပေမယ့် အဲ့ဒီကောင်မှာ မိုမို့ ချိတ်ပိတ်ခြင်းစွမ်းအင်လို ကြောက်စရာကောင်းတဲ့ ပင်ကိုယ်ဓာတ်စွမ်းအင်တော့ မရှိလောက်ဘူးမလား… မဖြစ်ဘူး မဖြစ်ဘူး။ အန္တရာယ်များတယ်”
စုရှောင်ရှန် ခေါင်းခါရမ်းလိုက်သည်။ စိတ်ဝိညာဉ်အနှစ်ပမာဏများများကို ချက်ခြင်း ပြန်လည်ပြည့်ဖြိုးအောင် မလုပ်နိုင်ပါက သူ့တွင် …
“ဟမ်… နေဦး… စိတ်ဝိညာဉ်အနှစ်ပမာဏအများကြီးကို ချက်ခြင်း ပြန်ပြည့်ဖြိုးစေတာ… အဲ့တာနဲ့ဆို ဖြစ်နိုင်ခြေရှိတယ်မလား”
ဤသို့ ချောက်ချားဖွယ်ရာ အတွေးမျိုးကြောင့် ကြက်သီးမွှေးညှင်းများထောင်ထသွားပြီး သူ့ခြေထောက်များပါ ခွေကျသွားသည်။