အပိုင်း (၆၉) သရုပ်မှန်ပေါ်ခြင်း
ရှဲ ရှဲ ရှဲ…
မမြင်နိုင်သော ငရဲမီးတောက်ကင်းကင်မီးလျှံက ကြမ်းပြင်၌ လူးလွန့်နေသော ရှောင်းယီကို ဆက်၍ လောင်ကျွမ်းနေလိုက်သည်။
စိတ်ဝိညာဉ်အနှစ်နှင့် ကာကွယ်ထားသော်လည်း ဤသို့သော ထူးဆန်းသည့် စွမ်းအင်ဖြင့် လောင်ကျွမ်းခြင်း ခံနေရတာ ကြာပြီဖြစ်ကာ သူ့တကယ်လုံးပင် အပူကြောင့် ရဲရဲနီနေခဲ့သည်။ အငွေ့များဖျော့တော့တော့ ထွက်လာသည့်အပြင် လေထဲ၌လည်း အသာကင်နံ့ကို ရနေနိုင်၏။
‘ခုချိန်ဆို ကုန်းအဝေးကြီးရောက်သွားလောက်ပြီ…”
နာကျင်မှုကိုအံကြိတ်ခံရင်း သတိမလွတ်သွားဖို့ ရှောင်းယီ ရုန်းကန်နေရသည်။ သူ့တွင် စိတ်ဝိညာဉ်အနှစ် အနည်းအကျဉ်းသာရှိတော့ရာ ယခုမပြေးလျှင် နောက်ဘယ်တော့မှ ဤခြံထဲမှ ခြေထွက်နိုင်တော့မည်မဟုတ်ပေ။
“မင်းအချိန်အလုံအလောက်ဆွဲပေးပြီးပြီဆိုပြီးတော့ ခုတော့ ထပြေးတော့မလို့ မလား”
ထိုအေးတိအေးစက်အသံကိုထပ်ကြားလိုက်ရရာ ရှောင်းယီ၏ ကျောရိုးတစ်လျှောက် ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်သွား၏။
‘ဒီကောင်လူကောဟုတ်ရဲ့လား’ တွေးလိုက်သည်။ ‘ငါတွေးနေတာတွေကို ဘယ်လို အမြဲသိနေတာလဲဟ’
စုရှောင်ရှန် အေးတိအေစက် အမူအရာကို ဆက်လက်ထိန်းထားသည်။ ကောင်းကင်မှ အဆက်မပြတ်ကျလာနေသော မိုးတို့ကို ကြည့်နေဟန်ရသော်လည်း အကြားအမြင်ဖြင့် ရှောင်းယီ၏ လှုပ်ရှားသွားသော ကြွက်သားတိုင်းကို စောင့်ကြည့်နေလေသည်။ မည်မျှဆိုရသော် ရှောင်းယီ အီအီးပါမလား ရှူရှူးပေါက်မလားကိုပင် သူသိနေသည်။
ရှောင်းယီ၏ စိတ်ဝိညာဉ်အနှစ်က ကုန်ဆုံးလုနီးပါးရှိနေပြီဖြစ်၏။ သို့တောင် သူ၏အဖော်ကို နောက်၌ နေ၍ အချိန်ဆွဲထားပေးရဲရာ သူ့တွင် ဝှက်ဖဲတစ်ခုခု ရှိရလေမည်။ သူနေရဲခြင်းမှာလည်း သေသည်အထိတိုက်ခိုက်ရန်ကြံထားခြင်း (သို့) အလွန်အဆင့်မြင့်သော လွတ်မြောက်ခြင်းနည်းစနစ်တစ်ခုခု ရှိ၍ ဖြစ်ပေရမည်ဟု စုရှောင်ရှန် တွေးလိုက်သည်။
အကယ်၍ ၎င်းက လွတ်မြောက်ခြင်းနည်းစနစ်ဖြင့်သာဆိုပါက ဘာမှ မဖြစ်ပေ။ သို့မဟုတ်ပါက စုရှောင်ရှန် တကယ်ပြဿနာကြီးကြီး တက်ပေလိမ့်မည်။ သို့ဖြင့် အခြားသူကို သူ့စကားလုံးများဖြင့် မပြေး ပြေးချင်အောင် ခြောက်လှန့်နေရ၏။
သူထွက်ပြေးသွားခဲ့ပါကလည်း အရင် ထွက်ပြေးလွတ်မြောက်သွားသောတစ်ယောက်နှင့် ပေါင်းမိပြီး တစ်စုံတစ်ခု လွဲမှားနေမည် သတိထားမိ၍ ပြန်လာမည်ကိုလည်းစိုးရိမ်သွားသည်။ သို့ဆိုပါက စုရှောင်ရှန် တကယ် အဆုံးသတ်သွားပေလိမ့်မည်။
ဤသို့တွေးမိပြီး ဤလူကို ထွက်သွားစေချင်သော်လည်း ဤနေရာ၌သာ နောက်နေ့ နေမမြင်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ အလောင်းကိုမည်သို့ ဖျောက်ရမည်ဆိုသည်ကိုတော့… စုရှောင်ရှန် အတွက် ပြဿနာမဟုတ်ပါပေ။
…
ရှောင်းယီ တကယ်ကြောက်နေသော်လည်း အချိန်နှောင်းနေရန် မရတော့ကြောင်း စိတ်ပိုင်းဖြတ်လိုက်သည်။ သူကြာကြာနေလေ အခြေအနေ ပို၍ ဆိုးလာမည်ဖြစ်ရာ ချက်ခြင်းထွက်သွားဖို့လိုလေသည်။ သူထွက်ပြေးရန် ပြင်လိုက်သည့်အချိန် ထိုလူ၏ ပါးစပ်လှုပ်သွားသည်ကိုမြင်လိုက်ရ၏။
“မင်းတစ်ယောက်တည်း အချိန်ဆွဲနေတယ်ထင်တာလား… ငါလဲပဲ အချိန်ဆွဲနေတာကွ…”
ရှောင်းယီ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ဤလူဘာကိုဆိုလိုချင်သနည်းကို သူမသိပါပေ။ စုရှောင်ရှန်အားတိုက်ခိုက်ရင်း ဒဏ်ရာရသွားသောကြောင့် ပြန်ကုစားရန် အချိန်ဆွဲနေသည်ဟု ထင်သွားသည်။
ရှောင်းယီဘာမှ ဆက်မပြောသည်ကိုမြင်သော် စုရှောင်ရှန် အချိန်ဆွဲရန် ဆက်စကားပြောလိုက်သည်။ “မင်းသူငယ်ချင်းတကယ် ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား”
စိတ်ထဲရှိရာ စုရှောင်ရှန် လျှောက်ပြောနေခြင်းဖြစ်ပါသည်။ “မင်းတစ်ယောက်တည်း နောက်နေ့နေထွက်တာ မမြင်ရတော့မှာမဟုတ်ဘူး။ မင်းသူငယ်ချင်းလဲ မကြာခင် မင်းလို အတူတူ လားရာကို သွားရမှာပဲ”
ရှောင်းယီ သွေးဆုတ်ဖြူရော်သွားပြီး သူ့ကိုယ်နှင့် ဝိညာဉ်တို့ကို ဆန်းစစ်ကြည့်လိုက်သည်။ သို့သော် မည်သည့် အမှတ်ကိုမှ မတွေ့ရပါချေ။
“မဖွစ်နိုင်တာ… မင်းနာတို့ကိုဒေါင်မတိတာ ဘယ်လို အမှတ်ချန်နိုင်မှာ”
စုရှောင်ရှန် မှင်သက်သွားသည်။ တစ်ခုက ဤလူ၏ ထူးဆန်းသော စကားပြောပုံကြောင့်ဖြစ်ပြီး နောက်တစ်ခုက သူပြောနေသည့် အမှတ်သူသည့် အရာကြောင့်ဖြစ်သည်။
‘ဘာအမှတ်လဲ… ဒီကောင်တွေ တကယ် စိတ်ကူးယဉ်ဆန်တာတွေရှိတာပဲ… ဘာပဲဖြစ်ဖြစ်ပါ။ တစ်ခုခုကိုသိလိုက်ရတာက မြတ်တာပဲလေ။ အချိန်ဆွဲနေနိုင်သ၍ ဒီကောင်ပြောချင်တာပြောပါစေ… မီးလောင်ကျွမ်းတာ ကြာလေလေ သူ့စိတ်ဝိညာဉ်အနှစ် နည်းလာလေလေပဲ။ သူ့မှာ ငါ့လို ‘အဆင့်မြင့်စွမ်းအင်’ တော့ မရှိလောက်ဘူးမလား’
“ဆိုတော့… ရုတ်တရက်ကြီး ဘယ်ကမှန်းမသိ ကိုယ့်ဟာကိုယ် မီးထလောင်တာ ဘယ်လိုခံစားရလဲ” စုရှောင်ရှန် တည်ငြိမ်စွာ ဆက်၍ဆိုလိုက်သည်။
‘ဒီကောင်ဘာပြောချင်တာလဲဟ… ငါ့ဟာငါ ထလောင်တယ်ဟုတ်လား’
ထိုအဖြူ၀တ်နှင့်လူ သူ့အားထိပင်မထိရသေးဘဲနှင့် ထို ‘သရဲသဘက်သဖွယ်မီးလျှံ’ များသူ့ဟာသူ ထလောင်ကျွမ်းတာကို သိလိုက်ရပြီး နှလုံးခုန် မြင်းဒုန်းဆိုင်းသွားသည်။
ဒီကောင်… ကြောက်ဖို့ကောင်းလိုက်တာဟ။
‘မဖြစ်ဘူး ငါဒီမှာဆက်နေ နေလို့မဖြစ်တော့ဘူး … ငါဆက်နေရင် ဒီကောင် ငါ့ကို ဘာဆက်လုပ်မလဲမသိဘူး… မပြေးနိုင်ရင်တောင် ဒီတိုင်းငြိမ်ခံနေလို့မဖြစ်ဘူး တစ်ခုခုလုပ်ကိုလုပ်ရမယ်’ ရှောင်းယီတွေးလိုက်သည်။
စုရှောင်ရှန်တစ်ယောက် ထိုအချိန်၌ သူ၏ အချိန်ဆွဲဖို့လုပ်သည့်အဖြစ်က ဆန့်ကျင်ဘက်သက်ရောက်မှုရှိသွားလိမ့်မည်ဟု မထင်မှတ်ထားရာ ဆက်လက်၍ ဆိုလိုက်၏။ “ငါတို့ တစ်ခုခု ကစားရအောင်…”
ရွှစ်
အနက်ရောင် အလင်းတန်းတစ်ခုကို စုရှောင်ရှန် စကားပြောနေသည့်အချိန် ရှောင်းယီ ပစ်လွှတ်လိုက်သည်။ စုရှောင်ရှန် အကြားအမြင်ကို ဘယ်သောအခါမှ ပိတ်မထားခဲ့ရာ ရှောင်းယီ သူ့အင်္ကျီလက်ထဲမှ ဓားကို လျှပ်စီးအလားပစ်လွှတ်လိုက်သည်ကို သန်မာသည့် ကျင့်ကြံသူတစ်ယောက်အလား အသာအယာ လက်ချောင်းဖြင့်တောက်ထုတ်လိုက်လေသည်။
ချလန်း
ကြော့ကွင်းနှင့် ချွန်ထက်ခြင်းတို့ပေါင်းပြီး ထိုဓားကို ပြန်ကန်လွှတ်လိုက်ရာ (၁၀) မီတာကျော်ကျော်လောက်လွင့်စင်သွားကာ နံရံ၌ သွားစိုက်၏။
သို့သော် ထိုသို့လုပ်ပြီး စုရှောင်ရှန် နောင်တရသွား၏။ သူ့လက်နှစ်ချောင်းလေထဲ၌ပင် ကောက်ကွေးသွား၏။ သူ၎င်းကို ပြန်တည့်ချိန် သူ့သရုပ်မှန်ပေါ်သွားကြောင်းကိုသိလိုက်ရသည်။
‘ချီးဘဲ… ငါဘယ်လိုအတွေးနဲ့ ဓားတစ်ချောင်းကို လက်နဲ့ တောက်ထုတ်လိုက်တာလဲ … ဒီတိုင်းရှောင်လိုက်လို့ရတာနေတာကို… ကယ်ကြပါ’
ရှောင်းယီလည်း မှင်သက်သွားသည်။ မူလကနဦးက ဓားမြှောင်ကိုပစ်ပြီး အခွင့်ကောင်းရှာကာ ထွက်ပြေးမည်ဟူ၍ ဖြစ်သည်။ သို့သော် သူမြင်လိုက်ရသည့်အရာကြောင့် ခြေထောက်များပျော့ခွေကျသွားပြီး လှုပ်မရဖြစ်သွား၏။
သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေ၏။ သူ၏ အသံပင် တုန်တုန်ရင်ရင်ဖြစ်သွားသည်။ “စ.. စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်”
စုရှောင်ရှန် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး “မဟုတ်ဘူး… စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်မဟုတ်ဘူး”
“ဘာလဲ အဲ့တာဆို”
“အဲ့တာ ဓားလက်ချောင်း(၁၀) ခန်းလို့ ခေါ်တယ်”
“ဘာကြီးးး”
ရှောင်းယီ ကမ္ဘာကြီး သူ့အပေါ်ပိလာသလိုခံစားလိုက်ရပြီး မည်သည်ကိုမှ မတွေးတောနိုင်တော့ပေ။
‘ဒီကောင်က စုရှောင်ရှန်ပဲ’ တွေးလိုက်သည်။
သို့သော် အဘယ်ကြောင့် စုရှောင်ရှန် ဖြစ်ရသနည်း… အဖြေက စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကြောင့်ဖြစ်သည်… အတွင်းစည်းထိပ်သီးသုံးဦးပင် ထိုသို့သော ခန္ဓာကိုယ်မရှိပါပေ… ထို့ကြောင့် စုရှောင်ရှန်ဟု သေချာခြင်းဖြစ်သည်။
ရှောင်းယီ သူ၏ မျက်လုံးများ မျက်လုံးအိမ်မှ ကျွတ်ထွက်မတတ် ခံစားလိုက်ရသည်။ သူ့ဦးနှောက်တစ်ခုလုံး ပေါက်ထွက်မတတ်ဖြစ်နေကာ ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေ၏။
အကယ်၍ ဤလူက တကယ် စုရှောင်ရှန်သာဆို သူ၏ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) သို့ပင် တိုက်တိုက်ဆိုင်ဆိုင် အဆင့်တက်သွားသည်ဆိုစေ ဦးတော့ သူ့အတွက်တော့ ပမွှားတစ်ကောင်သာဖြစ်သည်။
‘ငါတို့နှစ်ယောက်လုံး တကယ် ဒီကောင် လိမ်တာ ခံလိုက်ရတယ်… ပြီးတော့ ကုန်းကိုတောင် အသည်းအသန်ပြေးသွားအောင် ခြောက်လှန့်နိုင်လိုက်တယ်လား’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
သူ့စိတ်ထဲရှိ အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များ အဆက်မပြတ်ပေါ်လာနေခဲ့၏။ စုရှောင်ရှန် သူ့သရုပ်မှန်ကို ဆက်ဖုန်းထား၍ မရတော့ကြောင်းသိလိုက်ရသည်။
သူကြိုးစား၍ ဟန်ဆောင်ထားခဲ့ရသမျှ လက်တောက်ချက် တစ်ချက်ကြောင့် သဲထဲရေသွန်ဖြစ်သွားသောကြောင့် စုရှောင်ရှန် စိတ်ခုသွားသည်။ သို့သော် သူ့အကျင့်ဆိုးကြောင့် ယခုတော့ အလကားဖြစ်သွားပေပြီ။ လူတွေ အလေ့အကျင့်ကြောင့် ပျက်ဆီးကြရသည်မှာ တကယ်မှန်၏။
“ငါလိမ်မိတာ တောင်းပန်ပါတယ်… မင်းထင်သလို ငါတကယ် စုရှောင်ရှန်ပါ… စိတ်မဆိုးပါနဲ့ မင်းက သဘောထားကြီးပါတယ်…”
ရှောင်းယီ ဒေါသထွက်သွားသည်။ ကိုယ်တွင်းရှိ သွေးများပါ စောင့်ထိုးတက်သွားသည် အထိဖြစ်၏။ သူ့စိတ်ဝိညာဉ်အနှစ်ကို စုစည်းပြီး တိုက်ခိုက်ရန်ပြင်လိုက်ရာ သူ့တွင် နည်းနည်းလေးသာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။
“မင်းမှာ စိတ်ဝိညာဉ်အနှစ်မှ မရှိတော့တာ။ ငါနဲ့ ဘယ်လိုချနိုင်မှာ… ငါပြောတာနားထောင်ပြီး ထွက်သွားလိုက်။ မင်းဘယ်တော့မှ မလာခဲ့သလို ငါဟန်ဆောင်ပေးမယ်။ ငါလဲ ငါ့ဟာငါ သွားအိပ်လိုက်မယ်။ ဟုတ်ပြီလား”
စုရှောင်ရှန် ရှောင်းယီ၏ အခြေအနေကို ခရေစေ့တွင်းကျ သိသကဲ့သို့ အကြံပေးလိုက်သည်။
“မင်းက အခေါင်းထဲမှာ သွားအိပ်ရမှာ ဘာလို့လဲ သိလား ငါ ရှောင်းယီ မင်းကို သေအောင်သတ်မှာ မလို့ဘဲ” ရှောင်းယီ သူ့လက်ထဲရှိ ဓားမြှောင်တစ်ချောင်းဖြင့် စုရှောင်ရှန်စီ ပြေးသွားလိုက်သည်။
သူ၏ ယုံကြည်ချက်များ သူ့ရှေ့တွင်ပင် ရိုက်ချိုးခံရသည်က အလွန် နာကျဉ်းစရာကောင်းနေပြီဖြစ်သည်။ ထို့ပြင် စုရှောင်ရှန်က ဆရာကြီးလိုလို ဘာလိုလိုဖြင့် သူ့ကို ဆက်၍ ရန်စနေလိုက်သေးသည်။ ဤသည်ကို ရှောင်းယီ မျက်ကွယ်ပြုလိမ့်မည်မဟုတ်ချေ။
[ခြိမ်းခြောက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဟုတ်ပြီကွ
စုရှောင်ရှန် နောက်သို့ အလျှင်အမြန်ခုန်ဆုတ်သွားလိုက်သည်။ သူ့ရှေ့မှလူ မခံမရပ်နိုင်ဖြစ်လွန်းသူဖြင့် သူ၏ အဖော်ကို သွားခေါ်လိုက်မည်ကို စုရှောင်ရှန် စိုးရွံ့မိလေသည်။ သို့သော် ဒေါသဇောဖြင့် သူ့ကို ချရန် ရွေးချယ်မည်ဟု သူတကယ် မထင်မှတ်ထားပါချေ။
“စစ်မှန်ခြင်းနယ်ပယ်မူလနန်းတော် အထွတ်အထိပ်က စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က သန်မာတာမှန်တယ်။ ဒါပေမယ့် ဘာ စိတ်ဝိညာဉ်အနှစ်မှ မရှိဘဲ ငါနဲ့ တကယ် ချနိုင်မယ်ထင်နေတာလား… မင်းရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို ထိခိုက်အောင်လုပ်နိုင်မယ်ထင်နေတာလား”
စုရှောင်ရှန် မာန်မဲလိုက်သော်လည်း ပြေးနိုင်သမျှ အမြန်ဆုံး ပတ်ပြေးလိုက်လေသည်။ ရန်သူတစ်ယောက်ကို အပုတ်လေလွင့်ပြောရသည်မှာ ခံစားလို့ကောင်းသော်လည်း ထိုသူ စိတ်ဝိညာဉ်အနှစ် သူမသိအောင် ထိန်ချန်ထားနိုင်သလားသူမသိပါချေ။ သို့ဆိုပါက သူ ကိစ္စတုံးသွားပေလိမ့်မည်။
‘ငါသူ့ကို အခွင့်အရေး တစ်ခုမှ ပေးလို့မဖြစ်ဘူး… သူ့စိတ်ဝိညာဉ်အနှစ်တွေ ကုန်ဆုံးသွားပြီဆိုတာ သေချာမှ လှုပ်ရှားရမယ်’ တွေးလိုက်သည်။
[လိုက်ဖမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဟမ်”
“ဘာကြီးလဲဟ”