Switch Mode

Chapter – 67

ဆက်မှန်းခြင်း

အပိုင်း (၆၇) ဆက်မှန်းခြင်း

ရှောင်းယီကို ဖုန်းကုန်း အဖြေပြန်မပေးရသေးခင် ထိုတောင်ကပို့အတုပေါ်မှ လူရယ်ရင်း အေးစက်စက်ဆိုလိုက်လေသည်။

“မင်းတို့ပြေးချင်တာလား”

“ကံဆိုးတာပဲ နောက်ကျသွားပြီ…”

ထိုစကား‌ဆုံးသည်နှင့် သူတို့အနားရှိ အပူချိန် မြင့်တက်သွားလေသည်။ မည်သို့ဆိုလျှင် မိုးရေစက်များပင် စတင် တရှဲရှဲမြည်လာကာ အငွေ့ပျံသွားခဲ့သည်။

ရှောင်းယီ အံ့အားသင့်သွားသည်။ သို့သော် သူ့ပတ်၀န်းကျင်၌ ဖြစ်နေသည်များကြောင့်မဟုတ်ဘဲ စုရှောင်ရှန်၏ အပြောစကားကြောင့်ဖြစ်၏။

‘ပြေးမလို့လား ဟုတ်လား’ သူတွေးလိုက်သည်။

‘ဘယ်သူက ပြေးဖို့ တွေးနေလို့လဲ’

‘ငါပြေးဖို့တောင် တွေးမနေဘူး’

‘ဟင်… နေဦး…’

‘ဒီလိုတော့လို့ ငါ့ကိုမပြောနဲ့…’

သို့ဖြင့် ဖုန်းကုန်းကို သူအလန့်တကြားကြည့်လိုက်လေသည်။ သူ၏ အမြဲ ယုံကြည်မှုပြင်းထန်သည့် အဖော်က အကြောက်လွန်သဖြင့် ပြေးချင်စိတ်များပေါက်မည်ဟု မယုံကြည်နိုင်ပေ။

ဖုန်းကုန်း သူ့ဘက်သို့ လှည့်ကြည့်လိုက်ရာ ရှောင်းယီ၏ ပြောင်းလဲမှုကို သတိထားမိသွားပြီး အံ့အားသင့်သွားသည်။

‘ဘာလဲဟ သူကြောက်နေတာလား’

လုပ်ကြံသတ်ဖြတ်သူ ပွဲစခင်ကတည်းက ယုံကြည်ချက်ပျောက်ဆုံးသွားပါက အဘယ်မှာ တိုက်ပွဲဆက်ဖြစ်နိုင်တော့မည်နည်း။

တစ်ချိန်လုံး တည်ငြိမ်အေးဆေးနေခဲ့သော ရှောင်းယီက ကြောက်ရွံ့ထိတ်လန့်သွားပါသည်လော။

‘ရှောင်းယီကြောက်သွားပြီး ထွက်ပြေးထို့ ကြံနေတာလားဟ’ ၎င်းက ဖုန်းကုန်း၏ အတွင်းစိတ်ဖြစ်သည်။

ရှောင်းယီ၏ မျက်လုံးအတွင်းမှ ‌ကြောက်ရွံ့မှုများပို၍ ကြီးထွားလာသည်ကိုမြင်သော် အခြေအနေ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

‘ရှောင်းယီ သွေဖယ်နေပြီ’ သူတွေးလိုက်သည်။

‘သူ တကယ် ကြောက်သွားတာလား ဒါမှ မဟုတ် ငါ့ကြောင့်ပဲလား …’

‘ငါ့ကြောင့်ကြောက်သွားတာဆိုရင်တော့ ဒီထူးဆန်းတဲ့လူက ကြောက်ဖို့ကောင်းသွားပြီ’ ဖုန်းကုန်း ဂနာမငြိမ်ဖြစ်လာသည်။

သို့ဖြင့် မည်သည့်တိုက်ပွဲမှ ထိုအချိန်၌ မဖြစ်ပွားသွားပါပေ။

ထိုတောင်ကပို့အတုလေးပေါ်မှ လူက သူ့ကိုယ်သူ ယုံကြည်ပြီး စိတ်ကစားပွဲကို သူ့လက်ခုပ်ထဲမှ ရေအလား ထိန်းထားနိုင်နေလေသည်။ ထိုအခိုက်အတန့်လေးအတွင်း သူတို့ စိတ်ရှုပ်နေကြခြင်းဖြစ်ရာ အကျိုးအကြောင်းကို ကောင်းကောင်း မတွေးနိုင်တော့ပေ။

မည်သည်အထိဆိုလျှင် သူနှင့် သူ့အဖော်တို့ တစ်ဦးနှင့် တစ်ဦး၏ အတွေးများ ထပ်တူမကျတော့အောင်ဖြစ်သည်။ တစ်ယောက် သူ၏ အဖော်ထွက်ပြေးချင်သည်ဟု တွေးနေပြီး တစ်ယောက်က သူ၏ အဖော်ကြောက်ရွံ့နေသည်ဟု တွေးထင်နေကြ၏။

ဖုန်းကုန်းဘာဆက်လုပ်ရမလဲ စဉ်းစားနေစဉ် ထိုတောင်ကပို့လေးပေါ်မှ လူလှုပ်ရှားတာကို မြင်လိုက်ရသည်။ သူ့လက်ကို လှန်လိုက်ရာ မီးဓာတ်စွမ်းအင်းစိတ်ဝိညာဉ်အနှစ် တောက်ပလာခဲ့လေသည်။

“စိတ်ဝိညာဉ်အနှစ်”

ဖုန်းကုန်းတစ်ယောက် ရေခဲချောက်နက်ကြီးထဲသို့ ပစ်ချခံရသလို ခံစားလိုက်ရပြီး သူ့ဝိညာဉ်တစ်စိတ်တစ်ဒေသ ခန္ဓာကိုယ်မှ ထွက်ခွာသွားလိုက်သည်။

“စိတ်ဝိညာဉ်အနှစ်ပဲ… သူက စုရှောင်ရှန် မဟုတ်ဘူး” ရှောင်းယီ စိတ်ဖြင့်ဆက်သွယ်ပြီး တုန်တုန်ရင်ရင် ပြောလိုက်သည်။

စုရှောင်ရှန် စိတ်ဝိညာဉ်နယ်ပယ်အဆင့်(၉) သို့ ပြိုင်ပွဲပြီးနောက် ရောက်သွားသည်ကဖြစ်နိုင်သည်။ သို့သော် ဘယ်လောက် ပါရမီရှီတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်နေပါစေ တစ်ရက်တည်းနှင့်တော့ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) ကိုဆက်တက်ကာ ထို့နောက် စစ်မှန်ခြင်းနယ်ပယ်ကို မတက်လှမ်းသွားနိုင်ပါချေ။

သူတို့ အဆင့်(၉) ဟုယခု ထင်ထားခဲ့သည့်သူက မီးဓာတ်စွမ်းအင်စိတ်ဝိညာဉ်အနှစ်ကို သုံးနေနိုင်လေသည်။ ၎င်းက သူသည် စွမ်းအင်အဆင့်ကို ဖုန်းကွယ်ထားသော စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူဟု ဖော်ပြနေ၏။

သူငါတို့နှစ်ယောက်စလုံးကို အရူးလုပ်သွားတာ။

သူစုရှောင်ရှန် လုံး၀ မဟုတ်ဘူး။

“ပြေး” ဖုန်းကုန်း အသံကို နှိမ့်ပြီး ဆိုလိုက်သည်။

ရှောင်းယီအလျှင်အမြန် ပြန်ဆုတ်သွားပြီး ဖုန်းကုန်းနောက်လိုက် လိုက်၏။

“မင်းတို့ တကယ်ပြေးနိုင်မယ်ထင်နေတာလား” တောင်ကပို့အတုလေးပေါ်မှ လူပြောတာကို သူတို့ကြားလိုက်ရသည်။ သူတို့နှစ်ဦး ခြံထဲမှ ထွက်မသွားနိုင်ခင် အရာအားလုံး လှုပ်ရမ်းသွားသည်ကိုမြင်လိုက်ရသည်။ ကောင်းကင်ပေါ်မှ ကျလာသော မိုးရစက်များပင် လေထဲ၌ ရပ်တန့်သွားသကဲ့သို့ရှိရာ ဤမြင်ကွင်းက အလွန်ချောက်ချားဖွယ်ရာကောင်းနေ၏။

ရှဲ ရှဲ

ကြမ်းပြင်၌ စုနေသော ရေများတွင် ရေပွေများ ပေါ်လာခဲ့သည်။ ထိူ့နောက် ပူဖောင်းများ တစ်လုံးပြီးတစ်လုံးထလာကာ ထိုရေများ ရေဆူမှတ်သို့ရောက်သွားကြ၏။

သူတို့ အမြန်ထွက်သွားဖို့အရေးကို စုရှောင်ရှန် အလိုချင်ဆုံးဖြစ်သည်။ ကမ္ဘာအဆုံးထိ ပြေးသွားပြီး ဘယ်တော့မှ ပြန်မလာတော့သည်က ပို၍ကောင်းသည်။ သို့သော်လည်း သူတို့ကို ဆက်လက်၍ ဤနေရာ၌ နေအောင်လုပ်ရဦးပေမည်။ သူတို့ ပြေးသွားတာကို ဘာမှမလုပ်ဘဲ ဒီတိုင်းရပ်ကြည့်နေပါက သူ့မျက်နှာဖုံးကွာကျသွားပေမည်။

ထို့ပြင် သူတို့ထဲမှ ဉာဏ်ပြေးသည့်တစ်ယောက် ပြေးရင်းနှင့် တစ်ခုခုလုပ်ရန် ကြံနေကြောင်းကို ခံစားလိုက်ရသည်။

အခြားတစ်ဘက်ကို မည်သည့်အခွင့်အရေးမှ ပေး၍မဖြစ်ချေ။ သို့ဖြင့် သူတစ်ခုခုတော့လုပ်‌ရပေမည်။ သို့သော် ၎င်းက သူတို့ကို ပြေးခွင့်မပေးနိုင်သလောက်လည်းမဟုတ်ပေ။

သူစောနက လုပ်သွားသည်များအားလုံးက အရည်မရ အဖက်မရများသာဖြစ်လေသည်။

ဦးစွာ ငရဲမီးတောက်ကောင်းကင်ဖြင့် သူတို့နှစ်ဦးအနားရှိ အပူချိန်ကိုမြှင့်လိုက်သည်။ ဖိအားအား ပေါင်းချေသော် သူစိတ်တိုသည်နှင့် ရာသီဥတုပါပြောင်းစေနိုင်လောက်သော သန်မာသည့်သူဟု ထင်သွားစေလိုက်၏။

ထို့နောက် ပတ်၀န်းကျင်တစ်ခုလုံးကို အရာအားလုံးကဓားဖြင့် လှုပ်ခါသွားအောင်လုပ်လိုက်သည်။ သို့ဖြင့် ဓားဆန္ဒကိုမထုတ်ထော်ဘဲ “ငါမင်းတို့ကိုချတော့မယ်” ဟူသော မြင်ကွင်းမျိုးကို ဖန်တီးလိုက်၏။

‘ဆိုတော့…’

‘သူတို့ ကိုနှင်ထုတ်လိုက်နိုင်မှာပါနော်’

စုရှောင်ရှန် အကြားအမြင်ကို အဆုံးစွန်ထိ တိုးချဲ့လိုက်သည်။ သူ့နှလုံးက ရင်ဘက်ထဲက ခုန်ထွက်မလားထင်ရအောင် မြန်သွားသည်။ ထို့နောက်မှသာ တဖြေးဖြေး ငြိမ်ကျသွားလေသည်။

သို့သော် တံခါးပေါက်နားရောက်သည့်အချိန်၌ ဉာဏ်ပြေးဟန်ရသည့် ခေါင်းစွပ်မ၀တ်ထားသည့် တစ်ယောက်က အခြားတစ်ယောက်ကို တားလိုက်ပြီး နေရာ၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

‘ငါ့ သရုပ်မှန် ပေါ်သွားတာလား’ သူတွေးလိုက်သည်။

‘ငါဘာမှ အမှားလဲ မလုပ်မိပါဘူးဟ’

သူချက်ခြင်း တောင့်တင်းသွားသည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“…”

အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်အသစ်များကျလာ‌ခဲ့ပြီး တစ်ခုခုမှားသွားသည်ကို သူသိလိုက်ရသည်။

သူ့ခေါင်းကိုခြောက်အောင် ဖြစ်နိုင်ချေ ရာနှင့်ချီအောင်စဉ်းစားကြည့်လိုက်သော်လည်း ပြဿနာကို‌မတွေ့ပေ။

ထိုစဉ် သူ့အမွှေးအမျှင်များ အကုန် ထောင်ထသွားသည်ဟု ခံစားလိုက်ရ၏။

‘ငါ့ထောင်ချောက်ထဲကျလာတာပဲ’

‘သူရွှီးနေတာ’ ဖုန်းကုန်းတွေးလိုက်သည်။

ရှောင်းယီ၏ မျက်လုံးထဲမှ ဇဝေဇဝါဖြစ်နေမှုကို ဖုန်းကုန်းလစ်လျူရှူလိုက်ပြီး သူ့ဦးနှောက်ကို အလုပ်ပေးလိုက်၏။

ထိုတောင်ကပို့အတုကလးပေါ်မှ လူက အလွန်ကြောက်စရာကောင်းဟန်ရပြီး မြင်ကွင်းကိုလည်း ချောက်ချားစရာကောင်းနိုင်သမျှ ကောင်းအောင် လုပ်နိုင်သည့်ဟန်ရသည်။ သို့သော် သူတို့ထွက်ပြေးတော့မည့်အချိန်မှ အဘယ်ကြောင့် သူတို့အားဆက်လက်၍ ခြောက်လှန့်နေရသနည်းဖြစ်သည်။

သို့သော် ၎င်းက မသင်္ကာဖွယ်ရာများထဲမှ တစ်ခုသာဖြစ်သည်။

ဆိုရသော် သူလုံးလုံးလှည့်လာခြင်းမရှိပါလား။

ဖုန်းကုန်း ခပ်ညစ်ညစ် ပြုံးလိုက်သည်။

“ဟက် မိပြီ”

ရှောင်းယီကို ခေါ်ပြီး ထွက်ပြေးခြင်းက သူဂွင်ဆင်ထားခြင်းဖြစ်သည်။ သူတို့ ယခု ရပ်လိုက်သော်လည်း တစ်ဘက်လူမှ သူတို့အား ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေခြင်းက မသင်္ကာစရာ အချက်ကြီးတစ်ချက်ဖြစ်သည်။

သူ့သံသယ တိမ်တိုက်များအားလုံး ချက်ခြင်း ပျောက်ကွယ်သွားလေသည်။ ဤလူက စုရှောင်ရှန်ပါဟု သူရေးရေးလေး ပြောနိုင်ပေသည်။

ဖုန်းကုန်း ရှောင်းယီကို စိတ်ဖြင့်ပြောလိုက်သည်။ “ရှောင်းယီ။ ငါ့စည်းချက်အတိုင်း လိုက်လုပ်နော်။ ငါတို့ ပထမဆုံး…”

“မင်းတို့ ငါ့ပိုင်နက်ထဲက တကယ်မထွက်သွားချင်ကြဘူးထင်တယ်” အသံအက်အက်တစ်ခု ဖုန်းကုန်းကို ကြား၀င်ဖြတ်လိုက်သည်။

ဘုန်းးး

ခြံအတွင်းရှိ အစီအရင် အသက်၀င်လာခဲ့၏။ အစီအရင်က ဤနေရာတစ်ခုလုံးကို ဖုန်းလွှမ်းသွားပြီး ခြံတံခါးကို တင်းတင်းပိတ်လိုက်လေသည်။

ဖုန်းကုန်း ဤအချင်းအရာကြောင့် လျှာခလုတ်တိုက်သွားသည်။ သူနှင့်မ‌လှမ်းမကမ်းက အစီအရင်ကိုကြည့်ပြီး ခေါင်းခြောက်သွားသည်။

‘သူက စုရှောင်ရှန် မဟုတ်ဘူးလား’ တွေးလိုက်သည်။

သူ့ ဆုံးဖြတ်ချက်အရတော့ ဤသူက စုရှောင်ရှန် အမှန်ဖြစ်သည်။

သို့သော် ထိုသူက စုရှောင်ရှန်ဆိုပါက သူနှင့် ရှောင်းယီကို အစီအရင်ထဲ၌ ပိတ်ရဲချေမည်လော။

ဖောက်ထွင်းသူများအိမ်အတွင်းရောက်ပြီးမှ တံခါးပိတ်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင်ဟု ပြောစရာပင်မလိုချေ။

ဖုန်းကုန်း ထိုသို့တွေးမိပြီး ခေါင်းခြောက်သွားကာ အကောင်းဆုံး ဖြစ်နိုင်ချေများကို တွေးကြည့်လိုက်သည်။

‘ဖြစ်နိုင်တာက…

‘သူစုရှောင်ရှန် တကယ်မဟုတ်ဘူးပေါ့’

‘ဒါမှ မဟုတ်

‘သူက စုရှောင်ရှန်ပဲ ဒါပေမယ့် ငါတွေးတာ သူတွေးနိုင်တာ ငါတွေးမိတယ်ဆိုတာကို သူက တွေးမိလိုက်တာလား’

‘…’

‘မဖြစ်နိုင်တာ

‘ဘယ်သူက ဒီလို တင်းမာတဲ့ အခြေအနေမျိုးမှာ ဒီလိုလျှောက်တွေးနိုင်မှာ’

ဖုန်းကုန်းလုံး၀ ကစဉ့်ကလျား စိတ်ရှုပ်ထွေးသွား၏။ အစီအရင်ကိုအသက်သွင်းလိုက်ခြင်းက သူ့‌အတွေးများကို အမှန်တကယ် ရှုပ်ထွေးသွားစေလေသည်။

‘ငါတို့ အာရုံစိုက်ရင် ဒီအခြေအနေကနေလွတ်ဖို့ လမ်းတစ်နည်းနည်းတော့… ရှိလောက်မှာပါ’ ဖုန်းကုန်း၏ အမူအရာက တင်းမာမှုတို့ဖြင့် အထင်းသားပေါ်လွင်နေခဲ့သည်။

ရှောင်းယီတစ်ယောက် ဖုန်းကုန်း၏ ခေါင်းထဲ၌ အတွေးများ စုံညီပွဲတော်လုပ်နေသည်ကိုမသိဘဲ သူစောနက ပြောလိုက်သည့်စကားကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။

ကုန်း သူ့ နပိုပုံစံသူပြန်‌ရောက်သွားလေပြီ။ ‘ဟုတ်ပြီ’ သူတွေးလိုက်သည်။

သူချက်ခြင်းစိတ်ချင်းဆက်၍ မေးလိုက်သည်။ “ကုန်း မင်းပြောတဲ့ စည်းချက်ဆိုတာ ဘာလဲ။ မင်း…”

“သောက်ပါးစပ်ပိတ်ထားစမ်းပါ” ဖုန်းကုန်း ဒေါသတကြီးအော်လိုက်သည်။

ရှောင်းယီ ကြက်သေသေသွားပြီး ဘာဖြစ်နေသလဲ နားမလည်နိုင်တော့ချေ။

ဖုန်းကုန်းလှည့်လိုက်ရာ သူ့မျက်လုံးများက လုံးလုံး သွေးဆာနေလေသည်။ သူခေါင်းခြောက်အောင် အခြေအနေတွေအများကြီး လျှပ်တစ်ပြက်အတွင်းစဉ်းစားလိုက်ပြီး ထိုတောင်ကပို့ပေါ်မှလူ ဘာလုပ်ချင်သနည်းကို ခပ်ရေးရေးလေး သိသလိုလို ပုံဖော်လို့ရသွားသည်။

သို့သော် ‌ထိုအရာက ရှောင်းယီ၏ စကားတစ်ခွန်းကြောင့် ပျောက်ချင်းမလှပျောက်သွားခဲ့လေသည်။

“သွားပြီ”

“ငါ‌တို့တော့ သွားပြီ”

ဖုန်းကုန်း၏ မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုတို့ကြီးစိုးသွားသည်။ သူရှုံးသွားလေပြီ။

သူယခု မည်သည်ကိုမှ မ‌တွေးတောနိုင်တော့ချေ။

ဖုန်းကုန်း အသိပြန်မ၀င်လာခင် သူ့နား နားလောက်မှ အသံတစ်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည်။

“ငါ့ကို လှည့်ကြည့်လိုက်”

ဖုန်းကုန်း သူဘာတွေးနေသည်ကို သူသိနေသလားဟု နှလုံးခုံရပ်လုနီးနီး ‌ကြောက်ရွံ့သွားသည်။

ဖုန်းကုန်ယခုထိ သေချာသော အရာတစ်ခုတော့ရှိသည်။ ၎င်းက ‌‌ထိုတောင်ကပို့ပေါ်မှလူ လှည့်မကြည့်ရဲဘူးဆိုသောအချက်ပင်။ သို့သော် ထိုအရာက ယခုတော့ မသေချာပါတော့ပေ။

သူစိတ်ရှုပ်နေသည့်အချိန် တစ်ခြားသူက သူ့ကိုဖောက်ထွင်းမြင်နိုင်သွားလေသည်။ သူတွေးထင်နေခဲ့သည်များကို ထိုတောင်ကပို့ပေါ်မှာလူ တကယ် လိုက်တွေးနိုင်နေသည်သလားဟုပင် အတွေးများဖြစ်သွားသည်။

ဖုန်းကုန်းလှည့်ကြည့်လိုက်ချင်သည်။ သို့သော် သူ့လည်ပင်းက တောင့်တောင့်ကြီးဖြစ်နေကာ လှုပ်၍ပင်မရတော့ချေ။

အဆုံးတွင်…

လုပ်ကြံသူတစ်ယောက်အတွက်…

အမြင်ခံလိုက်ရခြင်းက သေခြင်းပင်…

Comment

Leave a Reply

Options

not work with dark mode
Reset