အပိုင်း (၆၆) စုရှောင်ရှန် ဟုတ်လား မဟုတ်ဘူးလားဟ
“သူက စုရှောင်ရှန်ပဲ”ရှောင်းယီ ဖုန်းကုန်းကို စိတ်ချင်းဆက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“သူက စုရှောင်ရှန်မဟုတ်ဘူး” ဖုန်းကုန်းထို တောင်ကပို့လေးပေါ်မှ လူကို စိုက်ကြည့်လိုက်သည်။ “စုရှောင်ရှန်က အဆင့်(၈) မှာ ဒီတစ်ယောက်က အဆင့်(၉) မှာ”
“သူအဆင့်ချိုးတက်သွားတာနေမှာပေါ့”
“အဲ့လို တိုက်ဆိုင်မှုမျိုးရှိနိုင်လို့လား”
“သူမှ လှည့်မလာတာ။ သူ့ခန္ဓာကိုယ်အချိုးအစားကလည်း အချက်အလက်ထဲက စုရှောင်ရှန်နဲ့ တစ်ပုံစံထဲပဲ။ သူ့ကျင့်ကြံခြင်းက စစ်မှန်ခြင်းနယ်ပယ်မှာ မဟုတ်ဘူး။ ပြီးတော့ သူက အဖြူ၀တ်ထားတာ။ ဘယ်လုပ်ကြံသူမှ တုံးအလွန်းပြီး အဖြူမ၀တ်လောက်ဘူး”
ရှောင်းယီ ဖုန်းကုန်းကို သူဆန်းစစ်ရသလောက် အချက်အလက်များ ဝေမျှလိုက်သည်။ ဖုန်းကုန်းလည်း စက္ကန့်ပိုင်းလောက်အတွင်း ၎င်းကို ဆန်းစစ်နိုင်သည်။ သူ့ထက်ပင်ပို၍ သိသိကျကျ သေသေချာချာ စုံစမ်းနိုင်လောက်၏။
သို့သော်လည်း သူ့ထင်မြင်ချက်ကို ပြောရန်လိုသည်ဟု တွေးလိုက်သည်။ သို့မှသာ ဖုန်းကုန်း မီးစိမ်းပြလျှင် သူတိုက်ခိုက်နိုင်ပေလိမ့်မည်။
အကယ်၍ ထိုမီးစိမ်းက သူတို့ထင်မြင်ချက်များကဲ့သို့မဟုတ်ပါက ရှောင်းယီအတွက် ပြဿနာဖြစ်သွားနိုင်သော်လည်း ၎င်းက ဖုန်းကုန်းကို ထွက်ပြေးဖို့ အချိန်ဆွဲပေးလိုက်မည်ဖြစ်သည်။
“ဒီကိစ္စ ထင်သလောက်မရိုးရှင်းဘူးလို့ထင်တယ်”
ဖုန်းကုန်း တွေဝေသွားသည်။ သူတကယ် အံ့အားသင့်သွားသည်ဟု ပြောလျှင် မမှားချေ။
အကယ်၍ သူ့ရှေ့မှလူက စုရှောင်ရှန်ဖြစ်နိုင်ဖို့ရာခိုင်နှုန်း ၉၉ လောက်သေချာလျှင်တောင် သူမလှုပ်ရှားရဲချေ။ အကြောင်းမှာ အခြားသူဖြစ်မည်ကိုစိုး၍ပင်။
ထိုသို့တွေးမိရန်ကလည်း ကြမ်းပြင်ရှိ အက်ကွဲကြောင်းများ၊ ရှာ၍ပင်မတွေ့နိုင်တော့သော အဓိကအိမ် နှင့် သူတို့ကို တုန့်ပြန်ခြင်းမရှိသည့် တံခါးခေါက်သံတို့ကြောင့်ဖြစ်သည်။ ဤအရာများအားလုံးကို သေသေချာချာ ဂဃနဏ မသိရာ တုန့်ဆိုင်းမိသည်။
ရှောင်းယီက ဖုန်းကုန်းသူ့ကို အန္တရာယ်ကျွင်းထဲပစ်ချလျှင်တောင်ဘယ်လိုမှ မခံစားရပေ။ ၎င်းက လုပ်ကြံသူတို့လုပ်နေကြပင်။ သို့သော် ဖုန်းကုန်းထိုသို့ တကယ် ရက်စက်မည်လားဟုတော့ သူ သေချာမပြောနိုင်ပေ။
အကယ်၍ ထိုသူက စုရှောင်ရှန်မဟုတ်ပါက သူတို့ထက် ကျင့်ကြံခြင်းကို ဖုန်းကွယ်ရာတွင် ပိုကျွမ်းကျင်သည့် တကယ့် ဆရာကြီးတစ်ယောက်သာဖြစ်ရပေမည်။ အတွင်းစည်းမှ ထိပ်သီး(၃၃) ယောက်ထဲမှ ပျောက်သွားခဲ့တာကြာပြီဖြစ်သော တစ်ယောက်ယောက်လည်းဖြစ်နိုင်သည်။ အကယ်၍ သူတို့သာ စိတ်ရှည်ရှည်ဖြင့် သေသေချာချာ ထိုသူ၏ သရုပ်မှန်ကို ခွဲခြမ်းစိတ်ဖြာနိုင်လျှင် အသက်ရှင်နိုင်ချေများပေလိမ့်မည်။
မဟုတ်ဘဲ စိတ်လိုက်မာန်ပါ တိုက်ခိုက်ပါလျှင် ထိုလူအား သူတို့ကို ပြန်လည် တိုက်ခိုက်ခွင့်ကိုပေးသလိုလို ဖြစ်သွားပေလိမ့်မည်။
၎င်းက စုရှောင်ရှန်တစ်ယောက်အတွက်နှင့်တော့ ကောင်းမွန်သည့် အလောင်းအစားမဟုတ်ပါပေ။
ဖုန်းကုန်းထံမှ မည်သည့် တုန့်ပြန်ချက်ကိုမှ မကြားရသော် ရှောင်းယီ ထိုင်မရ ထမရ ဖြစ်လာခဲ့သည်။
ဖုန်းကုန်းက တုန့်ဆိုင်နေခြင်းဖြစ်သည်။
ဖုန်းကုန်းတကယ် တုန့်ဆိုင်းနေတာကိုမြင်သော် ရှောင်းယီ မှင်သက်သွားသည်။
လုပ်ကြံသတ်ဖြတ်နေသည့်အချိန် တုန့်ဆိုင်းသွားခြင်းက ကျွမ်းကျင်လုပ်ကြံသူတွေအတွက်တော့ တကယ် ချောက်ချားစရာ ဖြစ်လေသည်။
ဘုန်းးးး
ကောင်းကင်ယံ၌ လျှပ်ပန်းအနွယ်နွယ် ပြိုးပြက်သွားပြီး မိုးကလည်း ပို၍ သဲထန်စွာ ရွာချလိုက်သည်။
ခြံတစ်ခုလုံးလည်းတိတ်ဆိတ်နေပြီး မိုးပေါက်ကျသံများကိုသာ ကြားနေရလေသည်။
တောင်ကပို့လေးပေါ်မှ လူတိတ်ဆိတ်နေရာ သူတို့နှစ်ဦးလည်း ဘာကြောင့်မှန်းမသိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ နှစ်ဘက်စလုံးက သူတို့ခေါင်းထဲ၌ မေးခွန်းများစွာကို ထုတ်နေမိကြသော်လည်း တစ်စုံတစ်ခုကိုတော့ နှစ်ဘက်စလုံးကောင်ကောင်းသိကြသည်။
စကားစပြောသည့်သူက အရှုံးပင်။
…
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
“…”
အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များ ဆက်တိုက်ကျလာနေခဲ့သည်။ တစ်မိနစ်အတွင်း အသိပေးချက် တစ်ရာလောက်ကျလာခဲ့၏။
ထိုတောင်ကပို့ကလေးပေါ်မှ လျှို့ဝှက်ဆန်းကြယ်သည့် သူက မည်သူဖြစ်သနည်း။
သူတို့ မေးစရာပင်မလိုပေ။
ထိုသူက စုရှောင်ရှန် ပင်ဖြစ်၏။
သူအဖြူ၀တ်ထားရသည့်အကြောင်းအရင်းမှာ လဲလှယ်ချိန် မရတော့သောကြောင့်ဖြစ်သည်။
သူလှည့်မကြည့်ခြင်းကလည်း သူက စုရှောင်ရှန် ဖြစ်သောကြောင့်ပင်။
သို့ဆိုလျှင် အဘယ်ကြောင့် စုရှောင်ရှန် သူတို့နှစ်ဦးရှေ့တွင် ဘာမှ မဖြစ်သလို နေရဲပါသနည်း။
အကြောင်းမှာ သူတို့လည်း ဂဃနဏ မသိဘဲ သူ့ကို မတိုက်ခိုက်ရဲ ဟုယူဆထား၍ဖြစ်သည်။
တကယ်က ထိုအချိန်တွင် စုရှောင်ရှန်၏ ခြေထောက်များ တုန်ရင်နေခဲ့သည်။ အကယ်၍ သူတို့နှစ်ဦးသာ ချက်ခြင်းထချပါက သူရှောင်နိုင်လိမ့်မည်မဟုတ်ချေ။
သို့သော် သူဆန်းစစ်ကြည့်ရသလောက်တောာ့ ဤနှစ်ဦးက အလွန် စိတ်ရှည်သည်၊ စေ့စေ့စပ်စပ်ရှိသည်၊ မသေချာဘဲ မလှုပ်ရှားသည့်ဟန်လည်း ရသည်။ ထို အရာများအားလုံးက သူတို့က ကျွမ်းကျင်လုပ်ကြံသူတွေဖြစ်ကြောင်းကို ဖော်ပြနေလေသည်။
တစ်ချိန်တည်းမှာပဲ သူတို့လည်း ရှုပ်ထွေးသောအတွေးများဖြင့် ပြည့်နေကြသည်။ အနည်းဆုံးတော့ သူတို့ထဲမှ ဖုန်းကုန်းကြောင့် သူတို့ ပို၍ စိတ်ရှုပ်သွားကြသည်ကို သိသည်။ အခြေအနေအရလည်း ၎င်းက သဘာ၀ကျသည်။
သူ့ခြံတစ်ခုလုံးက ပြင်းပြင်းထန်ထန် တိုက်ခ်ိုက်ချက်များကို ခံထားရသကဲ့သို့ အပျက်အဆီးဖြစ်နေလေသည်။ ၎င်းကြောင့် သူစိတ်ညစ်သွားရသည်။ သို့သော် ထိုအရာက သူ့ကို ဤအခိုက်အတန့်၌ ကယ်တင်သွားလိမ့်မည်ဟု သူမထင်ထားပါချေ။
စုရှောင်ရှန် သူထင်စေချင်သည့်အရာကို သူတို့ကိုထင်ခိုင်းစေချင်ပြီး သူတို့ထင်သည့်အရာကို ထင်သည်သော်လည်းကောင်း၊ မထင်သည်သော်လည်းကောင်း ပို၍ ဆက်၍ ထင်ခြင်းဖြင့် သူတို့ကို ဆက်ထင်ခိုင်းလိုက်ရာ သူတို့ကို အတွေးများရှုပ်သွားစေလေသည်။
စုရှောင်ရှန် ခေါင်းမူးသွားသည်။
သူဤအခြေအနေမှ အန္တရာယ်ကင်းကင်းလွတ်မြောက်နိုင်အောင် စိတ်ကစားရမည်ဆိုတာသိသည်။
တစ်နည်းနည်းဖြင့် ထိုသူများးက ဉာဏ်ကောင်းသော ကျွမ်းကျင် လုပ်ကြံသတ်ဖြတ်သူများဖြစ်ရာ သူတို့ကိုချလျှင်လည်း ကျောက်တုံပေါ်ကြက်ဥပစ်ပေါက်သလိုပင်ဖြစ်ပေမည်။ သို့ဖြင့် ဤနေရာတွင် ဉာဏ်သုံးရတော့ပေမည်။
အဓိကက သူ့ဦးနှောက်ပေါ်မူတည်၍ သူအသက်ရှင်နိုင်သည်လော မရှင်နိုင်သည်လောက အဆုံးအဖြတ်ပြုသွားမည်ဖြစ်သည်။
သူ့အကြံက ထိုသူများအား သတင်းအချက်အလက် နှမ်းစေ့လောက်သာပေးပြီး ကြောက်ရွံ့ထိတ်လန့်သွားအောင်လုပ်ကာ စိတ်ကစားခြင်းဖြစ်သည်။ သူတို့ထင်သည့်အရာအတိုင်း သူဟန်ဆောင်ရပေမည်။
သူကဘယ်သူလဲ။ သူက စုရှောင်ရှန်ဆို ဘာလို့ သူတို့တို့ရှေ့မှာ ရပ်နေရဲသေးတာလဲ။ သူ့ခြံကို ဘယ်သူက ဒီလိုဖြစ်အောင်လုပ်သွားတာလဲ။
သူက စုရှောင်ရှန် မဟုတ်ဘူးဆိုလျှင် စုရှောင်ရှန်ကို လာသတ်သည့်သူသာဖြစ်ချေရမည်။ ၎င်းကဤခြံအတွင်းဘာဖြစ်သွားသနည်းကို ရှင်းပြနိုင်သည်။ သို့သော် သူတို့ ယခု သူတို့ထက်ပိုသန်မာသော ဤတစ်စုံတစ်ယောက်ကို လာတွေ့ရာ သူတို့ကို နှုတ်ပိတ်ဖို့ သူမသတ်လောက်ချေဘူးမလား။
စုရှောင်ရှန် စိတ်ရောကိုယ်ပါ တုန်လှုပ်နေခဲ့သည်။
သူတို့တိကျသည့် အဖြေမရအောင် သူ့သရုပ်မှန်ကို နှစ်မျိုးအကြား ဆက်တိုက် သူတို့ကိုသူတို့ အထင်မှားအောင် လုပ်ရပေမည်။ ၎င်းက သူတို့ကို ပို၍ တွေးတောစေကာ ပို၍ ရှုပ်ထွေးသွားစေမည်ဖြစ်သည်။
သို့သော် သူတို့စိတ်များကို စုရှောင်ရှန် မဖတ်နိုင်ရာ သူထင်စေချင်သလို ထင်နေပါသလားဟု မသိချေ။ အမှားအနည်းငယ်တော့ ပါနိုင်သည်။
သို့ဖြင့် သူ့သရုပ်မှန်ကို သိခြင်းမှ ကာကွယ်နိုင်ရန် တိတ်တိတ်နေလိုက်သည်။
ဤသို့ဉာဏ်ကောင်းသောသူများနှင့် ရင်ဆိုင်ရသည့်အခါ ထိုသူတို့ကို ဖြစ်နိုင်ချေများစွာ ပေးခြင်းဖြင့် ရင်ဆိုင်ခြင်းက မထင်မှတ်ထားသော ရလဒ်ကောင်းများကို ရလာနိုင်မည်ဆိုတာ သူသိသည်။
သို့ဖြင့် သူနားလည်ရခက်သည့်အရာများကိုပြောပြီး သူတို့ကို သူတို့အတွေးများဖြင့် ရှုပ်ထွေးသွားအောင်လုပ်လိုက်သည်။ ယခု အခြေအနေကိုကြည့်ရသော် တစ်ပိုင်းတစ်ဒေသ သူအောင်မြင်သွားပြီဆိုတာကို သိလိုက်ရသည်။
ယခု အခြေအနေ၌ သူ့တို့ကို ခြိမ်းခြောက်နိုင်သည့် ရာခိုင်နှုန်းက (၉၉) လောက်သေချာလျှင်ပင် အကယ်၍ သူတို့ သူ့ကို တိုက်ခိုက်လာလျှင် စုရှောင်ရှန် ကံဆိုးမိုးမှောင်ကျချေမည်။
သို့ဖြင့် နောက်ဘာဆက်လုပ်ရမည်ကို သူသေချာတွေးရန်လိုအပ်လေသည်။
အမှန်အတိုင်းပြောရသော် စုရှောင်ရှန် ဘာဆက်လုပ်ရမည်ကို မသိပေ…
သူတို့ကို ကျောပေးထားလိုက်ကာ ယခုသူ့အတွက် အကောင်းဆုံး လက်နက်ဖြစ်သော အကြားအမြင်ဖြင့် သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရှူလိုက်လေသည်။
သူတို့ နှစ်ဘက်စလုံး ကိုယ်ပိုင် အတွေးများဖြင့် သူတို့ကြားမှ တိတ်ဆိတ်မှုက ဤသို့ဖြင့် ဆက်လက်၍ သွားလေသည်။ နှစ်ဘက်စလုံးက တစ်ခြားသူ စကားစပြောလာခြင်းကို စောင့်နေခြင်းဖြစ်သည်။
သူ့စိတ်ထဲရှိ ‘သံသယ၀င်ခံရပါသည်’ ဟူသော အသိပေးချက်များ သိသိသာသာ နည်းပါးလာရာ စုရှောင်ရှန် စိုးရိမ်သွားသည်။
ဤ လုပ်ကြံသူနှစ်ယောက်က သူထင်ထားသည်ထက် အလွန် စိတ်ရှည်နေလေရာ သူတို့ကို မည်သို့ အထင်ဆက်မှားအောင်လုပ်ရမည်ကို လမ်းပျောက်သွားသည်။
ဤသို့ဆက်၍မဖြစ်တော့ပေ။ သူတစ်ခုခုပြောရပေမည်။ သို့်မဟုတ်ဘဲ ဆက်၍ တိတ်ဆိတ်နေပါက သူတို့ စုရှောင်ရှန်၏ သရုပ်မှန်ကို အတင်းအကြပ် သိအောင်လုပ်ကြလိမ့်ပေမည်။
သို့သော် သူဘာပြောရမည်နည်း။
သူနောက်ပြောမည့်အရာက သူသေမည်လားရှင်မည်လားကို အဆုံးအဖြတ်ပေးနိုင်သည်ဖြစ်ရာ စုရှောင်ရှန် တုန့်ဆိုင်းသွား၏။
“ဆိုတော့ မင်းတို့ နှစ်ယောက်လည်း စုရှောင်ရှန်ကို လာသတ်တာပေါ့” ဖျော့တော့တော့မေးလိုက်သည်။
“ကံဆိုးတာပဲ မင်းတို့နောက်ကျသွားပြီ”
သို့သော်ဤစကားက သံသယ၀င်သွားစေပြီး သူတို့ကို လမ်းကြောင်းပြန်တည့်ပေးလိုက်သလိုဖြစ်သွား၏။
ဘာလဲဟ
ငါ့ကိုယ်ငါသတ်ပြီးပြီလို့မင်းတို့ကိုပြောနေတာကို ဘာလို့ ငါ့ကို သံသယပြန်၀င်လာကြတာတုန်း။ ငတုံးတွေလား။
…
ဖုန်းကုန်း ထိုတောင်ကပို့လေးပေါ်မှ လူကို တစ်ချက်မှ အကြည့်မလွှဲဘဲစိုက်ကြည့်နေလိုက်သည်။ သတင်းအချက်အလက် အနည်းငယ်မျှကိုမှ သူမလွတ်သွားစေလိုပေ။
ချွေးစေးများဖြင့် မိုးရေတို့က သူ့တစ်ကိုယ်လုံးကို ဆိုရွှဲနေသည်။ စိတ်ရော ကိုယ်ပါ သူတို့ တုန်လှုပ်နေကြ၏။
သူတို့ရှေ့ရှိ လူမှာ စုရှောင်ရှန်ပါဟု သူ၏ သံသယများကြီးထွားလာသည်။ ယခု သူ၏ ဆန်းကြယ်သလိုလို အပြုအမူက ထိုသို့ ပို၍ ဖြစ်သွားစေခြင်းပင်။
ဒီကောင်ဘာလို့ ဆက်ဟန်ဆောင်နေသေးတာလဲ။
သူ့အဖော်ကို မျက်စိဖြင့် မသိမသာ အချက်ပြလိုက်ရာ ရှောင်းယီ ချက်ခြင်း မီးစိမ်းပြလိုက်သည်။
လှုပ်ရှား…
“ဟက်”
စုရှောင်ရှန် ငေါ့တော့တော့ ရယ်လိုက်သည်။ ၎င်းက ဘာမှ မဟုတ်သော်လည်း ရှောင်းယီကို ရပ်တန့်သွားစေသည်။ သူတို့ ထိုတောာင်ကပို့အတုပေါ်မှ လူ ခေါင်းကို ငုံ့ရင်း ရေရွတ်တာကိုကြားလိုက်ရ၏။ “ဆိုတော့ မင်းတို့ စိတ်မရှည်နိုင်တော့ဘူးပေါ့လေ…”
သူ့လေသံရှိ ထေ့ငေါ့ပြောဆိုမှုကို သူတို့ နားကြားမမှားဘဲ ကြားလိုက်ကြရသည်။
သူ့ကိုကြည့်ရသည်မှာ သူ့လက်ခုပ်ထဲတွင် ရုန်းမထွက်နိုင်သည့် သားကောင်များအလား သူတို့နှင့် ကြောင်နှင့်ကြွက်ကဲ့သို့ လာကစားနေသလိုရသည်။
ဖုန်းကုန်း၏ မျက်ဆံများကျဉ်းသွားပြီး ကြက်သီးမွှေးညှင်းများထောင်ထသွားသည်။
သူမြင်နိုင်သည်လော။
ထိုသူက နောက်သို့ပင်မလှည့်ဘဲ သူတို့၏ အလွန်အမင်း ဖျော့တော့သော အသိပေးချက်ကို မြင်လိုက်ရသည်လော။
“ငါတို့ ချမှာလား မချဘူးလားဟ” ရှောင်းယီ ရူးသွားတော့မလိုခံစားနေရ၏။
သူက ငတုံးတစ်ယောက်ဖြစ်သော်လည်း သူတို့နှစ်ယောက် စိတ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုကို ကစားနေကြမှန်းသိသည်။ ထိုဂိမ်းတွင် သူမပါ၀င်နိုင်လေရာ ဖုန်းကုန်း၏ သတိပေးချက်ကို စောင့်နေရုံသာတတ်နိုင်၏။
ယခု ထို သတိပေးချက် ထပ်၍ ပျောက်ဆုံးသွားပြန်သည်။
လုပ်စမ်းပါကွာ။ ချီးလိုပဲ။
ရှောင်းယီ ပေါက်ကွဲထွက်လုမတတ်ဖြစ်သွား၏။