Switch Mode

Chapter – 58

သေရည်၊ တစ်ယောက်ယောက်ကို သတ်ပေး

အပိုင်း (၅၈) သေရည်၊ တစ်ယောက်ယောက်ကို သတ်ပေး

“ရှင်မလုပ်ချင်လဲ ကျွန်မ စုရှောင်ရှန်ကို သတ်ပေးလို့ရတယ်နော်” လန်ရှင်းရှီ ပခုံးတွန့်ပြလိုက်ရာ သူမ၏ ပခုံးသားများပို၏ လစ်ဟာသွား၏။

“အတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲက တစ်ယောက်က အပြင်စည်းက မိုးတိမ်လေ ပြိုင်ပွဲရဲ့ ဗိုလ်ဆွဲသွားတဲ့သူကို သတ်မယ်တဲ့လား” ကျန်းရှင်းရှုံသူမကို တည့်ကြည့်ပြီး ဆိုလိုက်သည်။ “နင်ဘယ်လိုလုပ်မှာ”

“လုပ်ကြံမယ်” လန်ရှင်းရှီ မေးငေါ့လိုက်ပြီး မသထီသည့်အမူအရာမျိုး ပေါ်လာခဲ့သည်။ “ရှင်ပဲပြောတယ်မလား သူက အပြင်စည်းဂိုဏ်းသားပါဆို”

“သူက အပြင်စည်းဂိုဏ်းသားမှန်တယ်။ သူ့ကို သတ်ဖို့ကလည်း ရိုးရှင်းတယ်။ ဒါပေမယ့် စည်းကမ်းကြီးကြပ်ရေးဌာနကို နင်အလွယ်တကူ အရူးလုပ်နိုင်မယ်ထင်လို့လား”

“သူ့ကိုဒီနေ့သတ်လိုက် မနက်ဖြန် ကွပ်မျက်ခံရမှာ နင့်အလှည့်ပဲ” ကျန်းရှင်းရှုံ ထေ့ငေါ့စွာ ပြုံးလိုက်သည်။

“ကျွန်မကိုစိုးရိမ်တာလာ” လန်ရှင်းရှီ၏ မျက်နှာထက်၌ ၀င်းပသော အပြုံးတစ်ခုပေါ်လာခဲ့သည်။

“နင့်လိုလူတစ်ယောက်အတွက်နဲ့ ငါက ဘာလို့ စိုးရိမ်ပေးရမှာ” ကျန်းရှင်းရှုံ အဝေးတစ်နေရာသို့ တက်ကြွ‌ နေသော အမူအရာဖြင့် ကြည့်လိုက်သည်။ “ထျန်းစန်း စီရင်စုက ငါ့အတွက် ဘာမှမဟုတ်ဘူး။ တကယ့် သန်မာတဲ့သူတွေက နှစ်၀က်အတွင်း တုန့်ထျန်း၀မ် မြို့မှာ တိုက်ခိုက်ကြတော့မှာ”

လန်ရှင်းရှီသူ၏ မျက်နှာတစ်ဖက်ခြမ်းကို တောင့်တမှုများဖြင့်ကြည့်လိုက်သည်။ ကျန်ရှင်းရှူံ၏ အနိုင်မခံ အရှုံးမပေး မနိုင်နိုင်အောင် လုပ်တတ်သည့် အကျင့်က သူမကို ဆွဲဆောင်စေသည့် အချက်လည်းဖြစ်သည်။

သို့သော် ကျန်းရှင်းရှုံ သူမကို မနှစ်သက်သည်မှာ ၀မ်းနည်းစရာပင်။

ကျန်းရှင်းရှုံ သူမကို ပြန်လှည့်ကြည့်လိုက်ရာ လန်ရှင်းရှီ ရှက်သွေဖြန်းသွားသည်။ ထို့နောက် သူက လေးလေးနက်နက်ဆိုလိုက်သည်။ “စုရှောင်ရှန်ကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကိုပဲ လွှတ်ထားလိုက်။ မှတ်ထား။ အလျင်စလို ဘာမှ မလုပ်နဲ့”

“ကောင်းပါပြီ” ဆက်၍ ဆိုသည်။ “ကျွန်မရဲ့ အရှင်သခင်ကျန်း”

လန်ရှင်းရှီ တခစ်ခစ်ရယ်လိုက်ရင်း “သေရည်ယူဦးမလား”

“တော်ပြီ ငါအပြင်သွားစရာရှိတယ်”

“ဘယ်သွားမှာ”

“သိစရာမလိုဘူး”

လန်ရှင်းရှီ၏ အမူအရာချက်ခြင်းပြောင်းလဲသွားပြီး သေရည်အိုးကို စားပွဲပေါ် စောင့်ချကာ အော်လိုက်သည်။ “နင်အဲ့ဒီ ခွေးမ ယောင်ယင်ယင်ဆိုတဲ့ အပျက်မစီသွားမလို့မဟုတ်လား”

ကျန်းရှင်းရှုံ၏ ခြေလှမ်းများရပ်တန့်သွားပြီး ဖြေးဖြေးချင်း သူမကို ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက တစ်စုံတစ်ယောက်ကို သတ်တော့မည့်အလား အကြည့်များဖြင့် ဆိုလိုက်သည်။ “နောက်တစ်ခေါက် ထပ်ပြောလိုက်စမ်း”

လန်ရှင်းရှီ ထိုင်‌ခုံပေါ်မှ နောက်ပြန် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျသွားသည်။

ကျန်းရှင်းရှုံ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါက သူမကို လှိုင်းလုံးများအလား ရိုက်ခတ်သွားလေသည်။ ကျန်းရှင်းရှုံကဲ့သို့ အဆင့်မြင့်စိတ်ဝိညာဉ်စစ်မှန်ခြင်းနယ်ပယ်၌ ရှိနေခြင်းဖြစ်သော်လည်း ၎င်းကို သူမ မခုခံနိုင်ပါ။

သို့သော် လန်ရှင်းရှီ ဤတစ်‌ကြိမ်တော့ နောက်မဆုတ်ဘဲ ထရပ်ကာ ဒေါသတကြီး ပြန်အော်ဟစ်ရင်း ရင်ဆိုင်လိုက်သည်။ “ဘာလဲ ငါပြောတာမှားလို့လား။ နင် ခဏခဏ ကြိုးစားပြီးတာတောင် သူ့ခြံ၀င်းထဲ ခြေတစ်လှမ်းချခွင့်ရခဲ့လို့လား။ ထပ်ခါ ထပ်ခါ ကြိုးစားတော့ရော ဘာထူးမှာလဲ”

‌ကျန်းရှင်းရှုံ ခြေလှမ်း လေးလေးပင်းပင်းဖြင့် သူမထံလျှောက်သွားလိုက်သည်။ သူ့အမူအရာက အကျဉ်းတန်နေခဲ့ပြီး သူမကို ထိုင်ခုံပေါ်သို့ ပြန်တွန်းချလိုက်ပြီး ဖြေးညှင်းစွာဆိုလိုက်သည်။ “နင်လက်လှမ်းမမှီနိုင်တဲ့ တစ်ချို့အရာဆိုတာရှိတယ်”

“နင်က ပါရမီ ပါတယ်။ အခုလည်း အတွင်းစည်းကိုရောက်လာခဲ့ပြီ။ အရည်မရ အဖက်မတွေလုပ်နေမယ့်အစား ဘာလို့ ကျင့်ကြံခြင်းမှာ သွားစိတ်မနှစ်ထားလိုက်တာဘဲ”

“ကိုယ့်နေရာကိုယ်သိပါ။ ကျန်းမျိုးနွယ်စုရဲ့ အစေခံ၊ သတင်းပို့တဲ့သူ တစ်ယောက်သာသာပဲ…”

“နင်က အဲ့ထက် ဘာမှ မပိုဘူး”

လန်ရှင်းရှီ ကျန်းရှင်းရှုံကို မျက်စိအောက်မှ ပျောက်သွားသည်အထိ မှင်မှင်ကြီး လိုက်ကြည့်လိုက်သည်။ ထို့နောက်သူမ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ပျော့ခွေကျသွားကာ နောက်ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေပြီဖြစ်ကြောင်းကို သိလိုက်ရသည်။

ထို့နောက် သူတို့ကြားမှ အဆင့်အတန်းကွာဟမှုကြောင့် ထိုသူ၏ မျက်လုံးအတွင်းသို့ သူမ ဘယ်သောအခါမှ ၀င်နိုင်မှာ မဟုတ်ကြောင်းကို သိလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။

၎င်းက သူမ အတွင်းစည်း ထိပ်သီး (၃၃) ဦးထဲသို့ ၀င်ပြီးသွားရာတွင်တောင် မပြောင်းလဲသွားပေ။

ခလန်းးး

ထို့နောက် စိတ်ဝိညာဉ်ငွေကျောက်ဖြင့် ပြုလုပ်ထားသော သေရည်အိုးကို ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်ရာ မြူခိုးသေရည်၏ မွှေးရနံ့က နေရာတိုင်းကို ပြန့်နှံ့သွား၏။

ထို သေရည်အိုးအပိုင်းအစများကို မျက်ရည်လည်နေသော မျက်၀န်းများဖြင့် စိုက်ကြည့်နေလိုက်သည်။

နောက်စက္ကန့်ပိုင်းအတွင်း သူမ၏ ရုန်းရင်းဆန်ခတ်သော စိတ်ဝိညာဉ်အနှစ်များက ထိုမျက်ရည်များကို ခမ်းခြောက်သွားစေလိုက်၏။

“ဟဲယွဲ့ရှင်း”

ထိုနာမည်ကို‌ သူမ‌ ခေါ်လိုက်ရာ လူတစ်ယောက် သူမရှိရာထံသို့ ‌လျှောက်လာခဲ့ လေသည်။။ သူက လှလှပပ ၀တ်စားထားပြီး ဓားတစ်ချောင်းကိုလည်း ခါး၌ ဆွဲထား၏။ သူ့ကြည့်ရသည်မှာ တစ်ချိန်လုံး ခြံအပြင်၌ ရပ်နေခဲ့ဟန်ရသည်။

“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်ရတာလဲ” ဟဲယွဲ့ရှင်း၏ ထူထပ်သော မျက်ခုံးများအောက်ရှိ မျက်လုံးများ နာကျင်မှုများ၊ သနားညှာတာမှုများဖြင့် ပြည့်သွားသည်။ ထို့နောက် သူသေရည်အိုးအပိုင်းအစများကို စတင်၍ ကောက်လိုက်တော့လေသည်။

“ဒီတိုင်းထားလိုက်” လန်ရှင်းရှီ သူမလက်ကို ဝှေ့ရမ်းလိုက်ရာ အပြာရောင်မီးလျှံများ သူ့ကို လာဟပ်သွားပြီး နောက်သို့ ဆုတ်စေလိုက်သည်။

“ဒီသေရည်အိုးက သူ့ဟာ ပြီးတော့ ငါခွဲလိုက်တာ”

“သိတယ်”

“ဒီလိုပုံစံနဲ့ တစ်မျိုးတည်းငါ့ကို နောက်ထပ် တစ်အိုးယူလာပေး”

“…”

“ကောင်းပြီ” ဟဲယွဲ့ရှင်း ခါးခါးသီးသီးရယ်ပြီး သူမကို ကြည့်လိုက်ရာ အဝေးတစ်နေရာသို့ ကြည့်နေသော လန်ရှင်းရှီကို တွေ့လိုက်ရသည်။

ကျန်းရှင်းရှုံက သူမကို ဘယ်သောအခါမှ မျက်လုံးထဲမထည့်သလို သူမကလည်း ဟဲယွဲ့ရှင်းကို ဂရုမစိုက်‌ပေ။

ဟဲယွဲ့ရှင်း သူ့ခေါင်းထဲမှ အတွေးများကို ခါထုတ်လိုက်သည်။

“သေရည်အိုးပဲလား”

“မဟုတ်ဘူး ကျန်သေးတယ်”

လန်ရှင်းရှီ ထလိုက်ပြီ သူမ၏ အ၀တ်အစားကိုပြန်ပြင်လိုက်ကာ တံခါးပေါက်စီသို့ ဦးတည်သွားလိုက်သည်။

“တစ်ယောက်ယောက်ကို သတ်ပေး”

“ဘယ်သူ့ကိုလဲ”

“စုရှောင်ရှန်”

အချူးးးးးး

“ငါ့အကြောင်းဘယ်သူပြောနေတာလဲဟ” စုရှောင်ရှန် သူ့နှာခေါင်းကို ပွတ်လိုက်သည်။

သူမြင်တွေ့ဖူးသည့် အချောဆုံး၊ အလှဆုံးကောင်မလေးကိုပြောပါက ထိုအဖွဲ့လိုက်ပွဲစဉ်က စုရှင်းရှင်းနှင့် အတူတွေ့လိုက်ရသော အနီ၀တ်ကောင်မလေးဟု ဆိုရပေမည်။ သူမ ထွက်မသွားခင်ပင် သူ့ကို ညုတုတု ကြည့်သွား၏။

“ငါ့အကြောင်းတွေးနေတာ သူပဲဖြစ်ရမယ်…”

“သူ့နာမည် ဘာလဲတော့မသိဘူး”

“ဟူးးး။ ကြည့်ရတာ ‌ရုပ်ချောရတာကလည်း ပြစ်ဒဏ်တစ်ခုပဲ။ ငါ့ကိုတောင် မမေ့နိုင်ကြတော့ဘူး”

စုရှောင်ရှန် တခြားအကြောင်းတစ်ခုတွေးလိုက်သည်။ စိတ်ဝိညာဉ်စာကြည့်တိုက်မှ ပြန်လာပြီးနောက် သူ့အိမ်ကြမ်းပြင်ပေါ်၌ အိပ်ရင်း လေ‌လွင့်နေခြင်းဖြစ်သည်။

ထိုခရီးစဉ်က သူ့အတွက်တော့ ဆန်းကြယ်မှုများဖြင့် ပြည့်နေ၏။ သူစာရင်းသွင်းတုန်းက ရှောင်ချိစွေ၏ သနားသဖြင့် သူ့ကိုကြည့်သော အကြည့်ကိုပင် မှတ်မိသေးသည်။ သူမထွက်သွားခင်တောင် သူ့ကို အားပေးစကားများ အနည်းငယ်ပြောကြားလိုက်သေး၏။

“ရှောင်ချိစွေရဲ့ အပြုအမူအရတော့ အဲ့အဖိုးကြီးက ပိုပြီး မြင့်တဲ့ အဆင့်မှာရှိမယ်ထင်တယ်။ ဒါပေမယ့် ရှောင်ချိစွေက ထိပ်ခေါင်စည်းကမ်းကြီးကြပ်ရေး အကြီးအကဲဖြစ်နေပြီမဟုတ်ဘူးလား။ ဒါဆို အဲ့အဖိုးကြီးက ဘယ်သူဖြစ်နိုင်မလဲ”

“နန်းတော်သခင်လား”

“မဟုတ်သေးပါဘူး”

“နန်းတော်သခင်က ရဲ့ရှောင်ထျန်းဆိုလား ငါကြားဖူးတာပါ…”

စုရှောင်ရှန် ကြမ်းပြင်ပေါ်၌ လှိမ့်နေ၏။ သူအိပ်ယာထက်သို့မတက်နိုင်ဖြစ်နေသည်။ မဟုတ်ပါက သူ ထိန်းချုပ်မှုတစ်ချက်လွတ်သွားသည်နှင့် သူ့အိပ်ယာ ပြာအဖြစ်ကိုပြောင်းသွားပေလိမ့်မည်။ ၎င်းက ထိုမျှ ကြောက်စရာကောင်းသည်။ သူ့ခန္ဓာကိုယ်၏ အပူချိန်သက်သက်ဖြင့် ဆောင်များ၊ အိပ်ယာခင်းများကို မီးကျွမ်းသွားစေပြီး ဖြစ်၏။

“ဘာဖြစ်ဖြစ်ကွာ အဲ့အဖိုးကြီးအကြောင်းတွေးလိုက်တိုင်း ငါဒေါသထွက်နေရုံပဲ အဖက်တင်တယ်…”

ဖြစ်ပျက်သွားခဲ့သည်များကြောင့် အဖိုးကြီး၏ အစမ်းသတ်ခံကြွက်ကဲ့သို့ ဘာသို့ လိုလို သူ၏ ကံကြမ္မာကို လက်ခံလိုက်ရတော့လေသည်။

ဆိုရသော် ၎င်းတွင်လည်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ရှိသည်။

စုရှောင်ရှန် ထိုအဖိုးကြီးပေးသော ကျောက်စိမ်းစာလိပ်ကိုထုတ်ယူပြီး သူ့နဖူး၌ ကပ်ကာ အထဲမှ အရာများကိုဖတ်လိုက်သည်။

“ငရဲမီးတောက်ကောင်းကင်…”

၎င်းက အဆင့်တိတိကျကျသတ်မှတ်၍မရသော အလွန်အမင်းထူးခြားသည့် စိတ်ဝိညာဉ်နည်းစနစ်ဖြစ်သည်။

စုရှောင်ရှန်၏ အမြင်၌ အဆင့်တိတိကျကျ သတ်မှတ်၍ မရသောအရာများမှာ အစွမ်းထက်ဆုံးအမျိုးအစားများထဲမှ ဖြစ်လေသည်။

တကယ်က သူထင်တာမမှားပါပေ။ ဤနည်းစနစ်ကို ကျင့်ကြံရန် လိုအပ်သည်များသည်တောင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်နှင့် မီးဓာတ်စွမ်းအင်ရတနာတစ်ခုဖြစ်သော ငရဲမီးတောက်အစေ့တို့ဖြစ်ကြရလေသည်။

ဤနည်းစနစ်ကို ကျင့်ကြံရန် နည်းလမ်းမှာ တည့်တိုးဆန်ပြီး ရိုးရှင်းသည်။ ငရဲမီးတောက်အစေ့ကို သန့်စင်ပြီး ငရဲမီးတောက် အနှစ်ကို ရရှိသည့် မည်သူမ‌ဆို ၎င်းကို ကျင့်ကြံနိုင်လေသည်။

စုရှောင်ရှန် စိတ်ဝိညာဉ်အနှစ်များဖြင့် အလွန်ရင်းနှီးသည်။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၁၀)၌ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းက ကျင့်ကြံသူတစ်ယောက်၏ ဒန်ထျန်ထဲက စိတ်ဝိညာဉ်စွမ်းရည်၏ တိုးမြင့်စေမည်ဖြစ်သည်။ စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်သွားပါက ထိုစိတ်ဝိညာဉ်စွမ်းအင်များက စိတ်ဝိညာဉ်အနှစ်များအဖြစ်သို့ ပြောင်းသွားပြီး ၎င်းကို အဆပေါင်းများစွာ အရည်အသွေးမြင့်သွားစေလိုက်မည်ဖြစ်၏။

သူယခုလေ့ကျင့်မည့် ငရဲမီးတောက်ကောင်းကင်က ကျွမ်းကျင်သွားပါက ကျင့်ကြံသူကို မည်သည့် နယ်ပယ်၍ ရှိနေပါစေ ထူးခြားသည့် ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်ကို ‌ကျင့်ကြံနိုင်စေမည်ဖြစ်သည်။ ၎င်းက အလွန် အံ့အားသင့်စရာကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသော နည်းစနစ်တစ်ခုဖြစ်သလို ကျွမ်းကျင်အောင်ကျင့်ကြံရန်လည်း အင်မတန်ခက်ခဲသော နည်းစနစ်တစ်ခုဖြစ်သည်။

စုရှောင်ရှန် အငွေ့များထွက်နေ‌ရင်းမှ အပေါ်ပိုင်းဗလာဖြင့် ‌ကြမ်းပြင်၌ တင်ပြင်ခွေထိုင်နေခဲ့သည်။ တကယ်က သူမည်သည့် ပြင်ဆင်မှုများမလုပ်ရသေးချေ။

မိတ်ဆက်အရတော့ တစ်စုံတစ်ယောက်၏ ကိုယ်အတွင်း၌ ငရဲမီးတောက်အစေ့ကြာကြာရှိလေလေ ၎င်းက ပို၍ မတည်မငြိမ်ဖြစ်လေလေဖြစ်ရာ သူ့အတွေးများမှန်ကန်ပေ၏။

၎င်းက အချိန်ကိုက်ဗုံးတစ်လုံးဖြစ်သည်။

သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကို သူကြည့်လိုက်သည်။

[ပင်ကိုယ်မှတ် : ၄၈၆၆၂]

သူ့ယခင် အတွေ့အကြုံများအရ ငရဲမီးတောက်အစေ့ကို သန့်စင်ရန် လေးနာရီမှ ခြောက်နာရီ‌ အကြားကြာမြင့်လေသည်။ ထိုအတောအတွင်း အလွန်များပြားသော ပင်ကိုယ်မှတ်များကိုလည်း သူရနိုင်လေသည်။

“ကဲ လုပ်ငန်းစဖို့အချိန်ရောက်ပြီ”

စုရှောင်ရှန် သူ့စိတ်ကို ပြင်ဆင်လိုက်သည်။ နာကျင်မှုကိုခံစားရမည်ဖြစ်သော်လည်း ထိုဖြစ်စဉ်ကို တစ်ခါ အောင်အောင်မြင်မြင်ဖြတ်သန်းပြီးဖြစ်ရာ သူသတိထားသ၍ မည်သည်မှ မဖြစ်နိုင်ဟု တွေးတောလိုက်သည်။

အောင်မြင်ပြီးနောက် သူ၏ ပြောင်းလဲမှုကိုပင် စိတ်ကူးယဉ်ကြည့်လိုက်သည်။

မီးဓာတ် ငရဲမီးတောက် စိတ်ဝိညာဉ်အနှစ်။

၎င်းက ပင်ကိုယ်မီးဓာတ်စွမ်းအင်ကို ‌ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းနှင့် ဆင်တူလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset