အပိုင်း (၅၇) ကစားခံရခြင်း
“အဖိုးကြီး ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ”
စုရှောင်ရှန် ကိုယ်ကို ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး ရှင်းပြလိုက်၏။ “ကျုပ်ဘာမှ မလုပ်ဘူးနော်။ ဘယ်စာအုပ်၊ ဘယ်စာလိပ်ကိုမှ မဖျက်စီးမိသလို သေတ္တာတွေကိုလည်း လျှောက်မကိုင်ဘူး…”
“စိတ်လျော့ပါ။ ငါမင်းကို ဘာမှမလုပ်ပါဘူး” အကြီးအကဲစန်း အေးဆေးသော အပြုံးတစ်ခုကို ပြလိုက်ရင်း “ဟိုနှစ်ယောက်က ငါ မင်းစီလာတဲ့လမ်းမှာ ရှုပ်နေလို့ မတော်တဆဖြစ်သွားတာ”
၎င်းကြောင့် စုရှောင်ရှန်ပို၍ ဖြူရော်သွားသည်။ ဤအဖိုးကြီး သူ့ထံလာသည်ကို သူမကြားချင်ဆုံးဖြစ်၏။ ဤအဖိုးကြီး အရင်တစ်ခေါက်က သူ့ကို လှည့်စားသည်ကို မေ့ပစ်လို့ပင်မရသေးချေ။ သူ့ကိုဘာဆက်လုပ်မည် မည်သူက သိနိုင်မည်နည်း။
“မင်းရွေးချယ်ထားတဲ့ နည်းစနစ်ကို ငါ့ကိုပြကြည့်” အကြီးအကဲစန်း လက်ဆန့်ထုတ်လိုက်သည်။
အဖိုးကြီးဘာလုပ်ချင်မှန်းမသိ စုရှောင်ရှန် ထိုနည်းစနစ်ကိုထုတ်ပေးလိုက်သည်။
“ဓားလက်ချောင်း (၁၀) ခန်းလား”
အကြီးအကဲစန်း မျက်မှောင်ကုပ်လိုက်ရင်း “ဒါက ပျက်ဆီးနေတာတောင် မင်းယူသေးတယ်နော်။ ဆယ်ခန်းထဲက တစ်ခန်းကို ရရင်တောင် ကံကောင်းဦးမယ်”
ထို အပိုင်းအစကိုသိမ်းလိုက်ပြီး လက်ဖျစ်တီးလိုက်ရာ သူ့လက်ထဲတွင် လှပသော ကျောက်စိမ်းစာလိပ်တစ်ခုပေါ်လာခဲ့၏။
စုရှောင်ရှန် နားမလည်နိုင်ဖြစ်သွားသည်။
‘ဒါသဒါသဘောလဲဟ’
‘အဖိုးကြီး ဘာတွေအကောက်ကြံနေပြန်ပြီလဲမသိဘူး’
‘ငါ့အပိုင်းအစကိုပဲ ပြန်ပေး’
“လှတယ်မလား” အကြီးအကဲစန်း ခပ်သဲ့သဲ့ရယ်လိုက်သည်။
မကောင်းတာတစ်ခုခုခံစားလိုက်ရသော်လည်း စုရှောင်ရှန် ခေါင်းငြိမ့်ပြလိုက်ရုံမှ မတတ်နိုင်ပေ။
“မင်းလှတယ်ထင်တာကောင်းတယ်။ ဒါက မင်းအတွက် ငါကိုယ်တိုင် ပြင်ဆင်ထားပေးတဲ့အရာပဲ” ထိုသို့ပြောရင်း စုရှောင်ရှန်၏ လက်အတွင်းသို့ ထိုကျောက်စိမ်းစာလိပ်ကို ထိုးထည့်ပေးလိုက်ပြီး မေးငေါ့ပြ၍ ဆိုလိုက်သည်။ “ကြည့်ကြည့်လေ”
‘မကြည့်ချင်ဘူး’
‘ငါဟာကျုပ်ပဲ ပြန်လိုချင်တာ’
“တကယ်လှတယ်” စုရှောင်ရှန်ပြုံးရင်း ကျောက်စိမ်းစာလိပ်ကို နဖူး၌ကပ်ကာ စိတ်ဖြင့် ဖတ်လိုက်သည်။
“ငရဲမီးတောက်ကောင်းကင်”
ထိုရင်းနှီးဟန်ရသော စကားလုံးကြောင့် စုရှောင်ရန် နှလုံးရပ်လုမတတ်ဖြစ်သွားသည်။
ငရဲမီးတောက်ဟုတ်လား
အကယ်၍ ဤအရာက သူစားခဲ့ဖူးသော ငရဲမီးတောက်အစေ့နှင့် တစ်ခုခုပတ်သက်ပါက ၎င်းကို သူလိုချင်မည်မဟုတ်ပေ။
စုရှောင်ရှန် ဟန်ဆောင်မနေတော့ဘဲ စာလိပ်ကိုပြန်ကမ်းပေးလိုက်ရင်း ဆို၏။ “အဖိုးကြီး။ ခင်ဗျားကျုပ်ကို တော်တော်အထင်ကြီးတာပဲ။ ကျုပ်က အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို (၃) နှစ်ကျင့်တာတောင် တစ်ကွက်ပဲတတ်တာ ဒီလိုအရာမျိုးကို ကျင့်ကြံနိုင်မယ်လို့ ကျုပ်မထင်ဘူး”
အကြီးအကဲစန်းက သဘောမတူသဖြင့် လက်ရမ်းပြလိုက်ကာ ပြန်ချေပလေသည်။ “ရတယ်လေ ဒီနည်းစနစ်ကို ကျင့်ဖို့ ပါရမီလည်းမလိုဘူး အလားအလာကောင်းဖို့လည်းမလိုဘူး။ မင်းခန္ဓာကိုယ်သာ ငရဲမီးတောက်အစေ့ကို ခံနိုင် ဒါကိုကျင့်လို့ရပြီ။ အဆင်ပြေသွားမှာပါ”
စုရှောင်ရှန် ထိတ်လန့်သွားပြီး တွေးလိုက်သည်။ ‘ကျုပ်က အဲ့တာကို ထပ်မခံစားချင်တော့တာ’
‘ကျုပ်မှာ ပင်ကိုယ်စနစ်ရှိတယ်လေ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ပေးရမှာ’
‘ပင်ကိုယ်မှတ်ဖြေးဖြေးချင်းရှာသွားလဲ အဆင်ပြေနေတာပဲ။ ဒါကြီးတော့ မလိုချင်ဘူး။ ခြေတစ်လှမ်းမှားတာနဲ့ ပြာဖြစ်သွားမှာ’
အကြီးအကဲစန်း ကျောက်စိမ်းစာလိပ်ကိုပြန်ပေးရင်း သူ့လက်ကိုကိုင်ကာ အာရုံခံကြည့်လိုက်သည်။
“ဟင်… ငရဲမီးတောက်အစေ့နဲ့တောင် ပေါင်းစပ်သွားပြီးပြီပဲ။ မဆိုးဘူး မင်းလမ်းတစ်၀က်တောင်ရောက်နေပြီ။ ငါတကယ် လူရွေးမမှားဘူး”
အကြီးအကဲစန်း သို့နောက် စုရှောင်ရှန်၏ လက်ဝါးကိုဖြန့်ပေးလိုက်ပြီး ကျစ်ကျစ်တောက်ပူနေသော အစေ့တစ်စေ့ကို တင်ပေးလိုက်သည်။
“ဒီစိတ်ဝိညာဉ်နည်းစနစ်ကို ထွက်သွားတဲ့အခါ စာရင်းသွင်းလိုက်။ ကြိုးစားလေ့ကျင့် ပြီးတဲ့အခါကြရင် ဒီမှာ ငါ့ကို လာရှာလှည့်ချေ”
‘ဘာလို့ရှာရမှာ’
‘ခင်ဗျား မျက်နှာကိုတောင် မမြင်ချင်တာ’
ထို အစေ့မှ အလွန်ပူပြင်းသော မီးအပူနှင့် နာကျင်မှုတို့ကို ခံစားလိုက်ရသော် သူဖြတ်သန်းခဲ့ရသည်များကို ပြန်တွေးမိပြီး အော့နှလုံးနာသွားသည်။
သို့ဖြင့် ကံကြမ္မာကြီးက သူ့ကိုဘာလုပ်လုပ်ငြိမ်ခံမနေဘဲ တစ်ခါတစ်ရံတော့ ပြန်ခုခံသင့်ကြောင်းကို သိလိုက်ရသည်။
“အဖိုကြီး။ ကျုပ်ဒါကို မစားချင်ဘူး…”
အကြီးအကဲစန်း စုရှောင်ရှန်၏ ပါးစပ်ထဲကို နောက်ထပ် အစေ့တစ်ခု လက်ဖြင့် တောက်ထည့်လိုက်သည်။ စုရှောင်၎င်းကို မျိုချလိုက်ရ၏။
“ဒီတစ်ခုကိုတော့ ခုမစားချင်သေးရင်လည်းသိမ်းထားဦးပေါ့။ ငါ့မှာ အစေ့တွေအများကြီးရှိသေးတယ်။ နောက်တစ်ခုစားပေါ့” အဖိုးကြီးက မျက်လုံးမှေးရင်း ဖော်ရွေစွာ ဆိုလိုက်သည်။
ထို့နောက် ပုလင်းတစ်ခုကို ထုတ်ယူပြီး စုရှောင်ရှန်လက်ထဲမှ အစေ့ကို ထိုထဲယူထည့်ကာ ထိုပုလင်းကို သူ့လက်ထဲပြန်ထည့် ပေးလိုက်သည်။ “အလျင်လိုစရာမလိုပါဘူး အေးဆေးလုပ်ပါ”
စုရှောင်ရှန် ကြမ်းပြင်ပေါ်သို့ မှောက်လဲကျသွားသည်။ သူ့မျက်နှာက အရောင်မရှိ သွေးဆုတ်ဖြူရော်သွား၏။
‘ကျုပ်ပြောချင်တာ အဲ့လို မဟုတ်ဘူးဗျ’
‘ဒီဟာတွေ တစ်ခုမှကိုမစားချင်တာ’
သူ၀မ်းနည်းသွားသည်။ ဤအဖြစ်အပျက်များက ချက်ခြင်းလက်ငင်းဖြစ်သွားခြင်းဖြစ်သည်။ သို့ဖြင့် ဤအဖိုးကြီး သန်မာသည့် အကြီးအကဲတစ်ယောက်ဟူသော အရှိန်အဝါကင်းမဲ့လေသည်ဟုခံစားလိုက်ရသည်။
သူ့ဒန်ထျန်ထဲမှ အစေ့ကို မည်သည်မျှ အလျင်စလို မလုက်လိုက်ပဲ သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။
သူ့ကိုယ်တွင်းမှ အပူများ ရုတ်တရက် မြင့်တာလာခဲ့ပြီး နောက်တဖန် ပြန်၍ ရဲရဲနီသွားခဲ့၏။
စာအုပ်စင်ကိုကိုင်ကာ ထရပ်လိုက်ရင်း သူ့ကိုယ်မှ အငွေ့များထွက်လာခဲ့လေသည်။ ထို့ပြင် ထိုရင်းနှီးသော စက္ကန့်နှင့်အမျှ လောက်ကျွမ်းခံနေရသော နာကျင်မှုကြောင့် ရူးချင်သွား၏။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁ ]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁ ]
“…”
သူပင်ကိုယ်မှတ်အများကြီးရမည်ကိုသိသော်လည်း မပျော်ရွှင်နိုင်ပါပေ။ ၎င်းက နာကျင်မှုနှင့် ဖလှယ်၍ရခြင်းဖြစ်သည်။
မဟုတ်ဘူး
အဲ့တာ ငရဲခံပြီးမှ ရတာ
၎င်းကို သူစတင်သန့်စင်လေလေ သူ၏ နာကျင်မှု ပိုပြင်းထန်လာလေလေ ဖြစ်ပေလိမ့်မည်။
“ငါဒီကို စိတ်ဝိညာဉ်နည်းစနစ်လာရွေးတာမဟုတ်ဘူးလား”
“ဘာလို့ဒီလိုဖြစ်သွားရတာလဲ”
သူ့ကိုကြည့်ရသည်မှာ လိပ်ပြာလွင့်ထွက်သွားသည့် လူတစ်ယောက်အလား မှင်သက်နေလေသည်။
အကြီးအကဲစန်း ၎င်းကို လစ်လျူရှူပြီး စုရှောင်ရှန်ရှေ့တွင် ဆေးပုလင်း(၁၀) ပုလင်းကိုထုတ်ပြလိုက်ရာ စုရှောင်ရှန်၏ နှုတ်ခမ်းထောင့်လှုပ်သွားသည်။
‘ရွှေနီဆေးလုံးတွေပါလား’ သူတွေးလိုက်သည်။
‘ပြီးတော့ (၁၀) ပုလင်း’
‘ဆိုတော့ ဒီလိုပေါ့လေ…’
ကံကြမ္မာက သူ့ကို ကစားနေသည်ဟု စုရှောင်ရှန်ခံစားလိုက်ရသည်။
“ဒါကို ဖြတ်သန်းပြီးသွားရင် တကယ်ပြောတာ မင်းမှာ တောက်ပတဲ့ အနာဂါတ်ရှိလာမှာ။ ငါပြောတာယုံ” အကြီးအကဲစန်း ဆိုလိုက်ပြီး နောက်ထပ် ပုလင်းများထပ်ထုတ်လိုက်သည်။
“ကြိုးစား”
“ပြီးတော့ မင်းကျင့်ကြံနိုင်သွားရင်လည်း ငါ့စီလာဖို့မမေ့နဲ့ဦး” ထိုသို့ပြောပြီးနောက် သူရပ်နေသည့် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။
[အားပေးခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ထိုနေရာတွင်ပင် ဘ၀ကြီး အဓိပ္ပာယ်ကင်းမဲ့သွားသလို မှင်မှင်ကြီး ထိုင်ချလိုက်သည်။
‘ဘာလို့လဲ’ သူတွေးလိုက်သည်။
‘ငါပြင်းပြင်းထန်ထန်ကြိုးစားတိုက်ခိုက်ပြီးတော့ ဗိုလ်ဖြစ်လာတာတောင် အတွင်းစည်းကို၀င်ခွင့်မရဘူး’
‘အဲ့ကြားထဲမှ ရှားရှားပါးပါး စိတ်ဝိညာဉ်စာကြည့်တိုက်ထဲကို၀င်ပြီး နည်းစနစ်လေး တစ်ခု ရွေးခွင့်ရပါတယ်ဆို ငါ့ကို လာလှည့်စားသွားတယ်’
စုရှောင်ရှန် ၎င်းကို မည်သို့ ပြောရမည်မှန်း မသိဖြစ်နေ၏။ မသိလျှင် ကံကြမ္မာက သူ့ကို သက်သက် ပစ်မှတ်ထားနေသလိုပင်။
“ထားလိုက်ပါတော့။ ဘာဖြစ်ဖြစ်ကွာ…”
ထို အကြီးအကဲစန်းပေးသည့် စိတ်ဝိညာဉ်နည်းစနစ်ကို စာရင်းသွင်းပြီး ထိုနေရာမှ အသက်မပါသောခြေလှမ်းများဖြင့် ထွက်သွားလိုက်၏။
…
အတွင်းစည်း, စိတ်ဝိညာဉ်စွမ်းအင်ထူထပ်ရာ နေရာတစ်ခုတွင်ဖြစ်သည်။
ပလုံ ပလုံ
စိတ်ဝိညာဉ်ငွေကျောက်ဖြင့် ပြုလုပ်ထားသော သေရည်အိုးကို မီးလောင်ကျွမ်းနေလေသည်။
လန်ရှင်းရှီ အပြာရောင်မီးတောက်ကို လက်အတွင်းပြန်ရုတ်သိမ်းလိုက်ပြီး သေရည်အိုး အဖုံးကို ဖွင့်လိုက်ရာ သေရည်၏မွှေးရနံ့က နေရာတိုင်းကို ပျံ့နှံ့သွားသည်။
သူမ ခွက်နှစ်ခုနှင့် သေရည်အိုးကို ယူပြီး အခြားတစ်ဘက်ရှိ မျက်လုံးပိတ်ကာ ကျင့်ကြံနေသော လူတစ်ယောက်ထံ ငှက်မွှေးကဲ့သို့ ပေါ့ပါးစွာ အသာအယာ သွားလိုက်သည်။
“အရှင်ကျန်း။ ဒီ မြူခိုးတိမ်တိုက် သေရည်က မျိုးနွယ်စုခေါင်းဆောင် ပို့ပေးလိုက်တာ။ နည်းနည်းလောက်သောက်ကြည့်ပါလား” လန်ရှင်းရှီဆိုလိုက်သည်။
ကျန်းရှင်းရှုံမျက်စိဖွင့်လိုက်ပြီး ကျင့်ကြံနေသော အခြေအနေမှ ထွက်လာလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ လန်ရှင်းရှီကို ကြည့်လိုက်၏။ လန်ရှင်းရှီက ချောမောလှပသည်ကို သူ၀န်ခံရပေမည်။
သူမ အလွန်လှပစွာ၀တ်စားဆင်ရင်ထားပြီး ပုခုံးသားများကို ဖုန်းထားသည်ဆိုရုံလောက်သာ လှစ်ဟာပြထားသည်။ မျက်နှာချေးများပင် လိမ်းကျံထားရန်မလိုဘဲ ပန်းနွယ်များပင် သူမ၏ တည်ရှိမှုကြောင့် အရောင်မှေးမှိန်သွားရ၏။
“နင့် ၀တ်စုံ ကျနေပြီ။ သေချာ၀တ်ထား” ကျန်းရှင်းရှုံအကြည့်လွှဲလိုက်သည်။
“ဘာပြောချင်တာလဲမသိဘူး။ ဒါကျွန်မ ၀တ်နေကြပုံစံပါ…” ထို့နောက် နှုတ်ခမ်း အထက်သို့ကွေးတက်သွားရင်း ညုတုတု ပြောလိုက်၏။ “ကျွန်မလက်ထဲမှာ သေရည်ခွက်နှစ်ခွက်ကို ကိုင်ထားတာ ဘယ်လိုလုပ်ရမှာ။ ကြည့်ရတာ ရှင်ပဲ ပြင်ပေးမှ ရတော့မယ် ထင်ပါတယ်”
ကျန်းရှင်းရှုံ ခွက်တစ်ခွက်ကိုယူကာ မော့ချလိုက်ပြီး ဆို၏။ “ကိုယ့်ဟာကိုယ်လုပ်”
လန်ရှင်းရှီမျက်စောင်းထိုးလိုက်ပြီးနောက် သူ့အတွက် သေရည်ထပ်ထည့်ပေးကာ နားနာကပ်ရင်း ညုတုတုထပ်ဆိုလိုက်သည်။ “မျိုးနွယ်စုစီက ညွှန်ကြားချက်တွေလာတယ်”
“သေချာစကားပြောစမ်း” ကျန်းရှင်းရှုံ သူ့ခေါင်းကို တစ်ဖက်သို့လွှဲလိုက်ရင်း “ဘာတဲ့လဲ”
“၀မ်ချောင်အသတ်ခံလိုက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီတော့ အဲ့တာကို တကယ် ဖုန်းကွယ်ထားလို့ရမယ်ထင်နေတာလား”
လန်ရှင်းရှီ ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ဆက်၍ဆိုသည်။
“ရှင့်ရဲ့ အမေနှစ်က ရှင့်အဖေကို တီးတိုးပြောလိုက်ရုံလေးပဲလိုတာ အခု ညွှန်ကြားချက်တွေက အများကြီး ပိုပြီးရောက်လာပြီ” သေရည်ခွက်ကို အေးသွားအောင်မှုတ်လိုက်ရင်း ကျန်းရှင်းရှုံကို ညုတုတုကြည့်လိုက်သည်။
ကျန်းရှင်းရှုံခပ်သဲ့သဲ့ ရယ်လိုက်ပြီး “၀မ်မျိုးနွယ်စုကိစ္စက ငါနဲ့ ဘာပတ်သက်လိုက်လဲ” ဟုဆိုလိုက်သည်။
“အဲ့တာ ရှင့်ရဲ့ ဝမ်းကွဲလေ”
“အသုံးမကျတဲ့ အမှိုက်လိုကောင်လား”
“…”
လန်ရှင်းရှီ စွံ့အသွားသည်။