အပိုင်း (၅၄) ကျိုးထျန်းရှန် ဦးနှောက်သုံးပြီ
စိတ်ဝိညာဉ်စာကြည့်တိုက်က အပြင်ကကြည့်သည်ထက် အတွင်းကကြည့်သည်က ပိုကျယ်လေသည်။
စုရှောင်ရှန် ပထမအလွှာတစ်ခုလုံးကို ခြုံကြည့်လိုက်သော် ကျောက်စိမ်း စာလိပ်များ (သို့) ရှေးဟောင်း စာအုပ်များတင်ထားသော စာအုပ်စင်ပေါင်း ရာနှင့်ချီပြီးတွေ့လိုက်ရသည်။ ပထမအလွှာ၌ပင် စတင်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်ပေါင်း (၁၀၀၀) ကျော်ကိုတွေ့နိုင်လေသည်။
“တစ်ခုခုတော့ တစ်ခုခုပဲ”
စုရှောင်ရှန် လူအုပ်ကြီးနှင့် ပထမအလွှာ အဆုံးထိရောလိုက်သွားပြီးနောက် ဆက်မလိုက်တော့ဘဲ ပြန်လှည့်ကာ ပထမဆုံးတွေ့လိုက်ရသည့် နည်းစနစ်တစ်ခုကို ကောက်ကိုင်လိုက်သည်။
၎င်းက ရှေးဟောင်းစာလိပ်အတိုအထွာ တစ်ခုဖြစ်သည်။ ထိုစာပေါ်၌ အစီအရင်တစ်ခု ရေးထိုးထားလေရာ ကိုင်ဆောင်သူက ၎င်း၏ နာမည်နှင့် မိတ်ဆက်ကိုသာဖတ်နိုင်ပြီး အထဲမှ နည်းစနစ်၏ တကယ့်အနှစ်သာရကို မဖတ်နိုင်ပေ။
စုရှောင်ရှန် ထိုစာလိပ်၌ အချိန်ကုန်ခံမနေပေ။ သူ၎င်းကို လှုပ်ကြည့်လိုက်ရာ ဘာမှ ဖြစ်မလာပေ။
သူအားဖြင့် ထပ်၍ ပြင်းပြင်းထန်ထန် လှုပ်ကြည့်လိုက်သော်လည်း ဘာမှ ဆက်ဖြစ်မလာသေးပါချေ။
သို့ကြောင့် စုရှောင်ရှန် ၎င်းကို နေရာ၌ပြန်ထားလိုက်ပြီး ဒုတိယ စာအုပ်ကိုကောက်ကိုင်လိုက်သည်။
ရလဒ်က အတူတူပဲဖြစ်သည်။
သူနှင့် ဆန့်ကျင်ဘက် လူအုပ်ကြီးကတော့ ပထမအလွှာကိုဖြတ်သန်းပြီး ဒုတိယအလွှာကိုသွားသော လှေကားထစ်ပေါ်၌ ရှိနေကြသည်။
ပထမပလွှာ၌ စတင်ခြင်းနယ်ပယ်နည်းစနစ်များသာရှိသည်ဟု ရှောင်ချိစွေ ပြောထားရာ လူအုပ်ထဲမှ မည်သူမှ ၎င်းတို့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပါပေ။
ဤနေရာသို့ သူတို့နေ့တိုင်းလာလို့ရသည်မဟုတ်သည့်အပြင် သူတို့အား မည်သည်ကို မဖတ်ရန် ကန့်သတ်ထားခြင်းမရှိသည့်အတွက် ဒုတိယအလွှာသို့ ဆက်တက်သွားလိုက်ကြ၏။
ကျိုးထျန်းရှန်လည်းထိုသို့တွေးမိပြီး ကနဦးက သူတို့နှင့် လိုက်ပါသွားခြင်းဖြစ်သည်။ သို့သော် လှေကားထစ်ပေါ်၌ အချိုးအကွေ့တစ်ခုသို့တက်ရာ သူ့နောက်၌ မည်သူမှ မရှိတော့သည်ကို သတိထားမိလိုက်ပြီး သူရပ်လိုက်သည်။
“စုရှောင်ရှန်ဘယ်သွားလိုက်ပြန်တာလဲ။ ပထမအလွှာမှာ နည်းစနစ်တွေ သွားရွေးနေတာလားမသိပါဘူး”
ကျိုးထျန်းရှန် နားမလည်နိုင်ဖြစ်သွားသည်။ အကယ်၍ ထိုသို့ဆိုပါက သူ့သူငယ်ချင်းအား သူအကြံပေးသင့်ချေလေသည်။
သူနောက်ပြန်လှည့်လာပြီး ပထမအလွှာသို့ရောက်သော် ၀င်ပေါက်အနီးရှိ စာအုပ်စင် နားတွင် တစ်ခုခုလုပ်နေသော စုရှောင်ရှန်ကိုတွေ့လိုက်ရသည်။
သူဘာလုပ်နေသည်ကို သေချာကြည့်လိုက်ရာ လှေကားထစ်ပေါ်၌ အထစ်မှားဆင်းမိသလိုဖြစ်သွားပြီး ပြုတ်ကျလုမတတ်ဖြစ်သွား၏။
‘လခွမ်း’
‘အဲ့ကောင်ဘာလုပ်နေတာလဲဟ’
‘ဘာလို့ ရှေးဟောင်းစာအုပ်တွေကို ခါနေတာလဲဟ’
ကျိုးထျန်းရှန် မှင်သက်သွားသည်။ စုရှောင်ရှန် အလွန် ရဲတင်းသည်ဟု သူတွေးမိလိုက်၏။
အထဲသို့ရောက်သည်နှင့် အကြီးအကဲရှောင်ပြောထားသည်များကို မေ့ပစ်လိုက်လေသည်။ စုရှောင်ရှန် စာအုပ်များကိုခါနေသည့်နှုန်းကို စာကြည့်တိုက်မှုးများ တွေ့ပါက သူ့ကို ချက်ခြင်း ပြေးထိုးလောက်ချေသည်။
ကျိုးထျန်းရှန် စိုးရိမ်သွားပြီး စာအုပ်များကိုထပ်ခါနေသည့် စုရှောင်ရှန်ထံ အပြေးလေးသွားပြီး ဆိုလိုက်သည်။ “မင်းဘာတွေလုပ်နေတာလဲဟ”
“နည်းစနစ်ရှာနေတာလေ” စုရှောင်ရှန်၏ မျက်နှာထားက သူလုပ်နေတာ ဘာမျှ မမှားသည့်အလားပင်။
“ဒါကို နည်းစနစ်ရှာတယ်လို့ခေါ်တယ်ပေါ့” ကျိုးထျန်းရှန် ဒေါသထွက်သွားပြီး သူ့လေသံပင် သိသိသာသာမြင့်သွား၏။ “မင်းဒီမှာလုပ်နေတာက နည်းစနစ်ရှာနေတာမဟုတ်ဘူး နည်းစနစ်တွေကို ဖျက်ဆီးနေတာ။ စာကြည့်တိုက်မှူးတွေလာရင်တော့ မင်းတော့ သေတော့မှာပဲ”
“တိုးတိုးပြောဟ”
စုရှောင်ရှန် ကျိူးထျန်းရှန်၏ ပါးစပ်ကို ပိတ်လိုက်သည်။ “မင်းသိတာဘာရှိလဲ။ ဒီစာအုပ်တွေက အစီအရင်တွေရေးထိုးထားတာ ဘာလို့ ပျက်ဆီးရမှာ။ ပြီးတော့ မင်းဘာလို့ အရမ်း အသံကျယ်ကျယ်ပြောနေတာလဲဟ။ မင်းလုပ်တာနဲ့ ငါတို့တော့ ခေါင်းပြတ်တော့မှာပဲ”
ကျိုးထျန်းရှန် ကျုံ့သွားပြီး ထပ်၍ဆိုလိုက်သည်။ “ဒါပေမယ့် မင်းဘာ အကြောင်းပြချက်နဲ့ အဲ့လိုလုပ်နေတာ။ စကားမစပ် ဒီစာအုပ်တွေပျက်ဆီးနိုင်တယ်”
“မပျက်စီးပါဘူးဆို”
စုရှောင်ရှန် သဘောမတူသည့်အလား လက်ဝှေ့ရမ်းလိုက်သည်။ ထို့နောက် သူ့ကိုကြည့်ပြီး “မင်းကကော ဘာလာလုပ်တာ။ အပေါ်ထပ်မှာ စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်တွေ ဘာလို့ သွားရှာမနေတာလဲ”
ကျိုးထျန်းရှန် ပြောစရာစကားများပျောက်ရှသွားသည်။
‘ဆိုတော့ အပေါ်ထပ်မှာ စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်တွေရှိတာသိတယ်ပေါ့နော်’ သူတွေးလိုက်သည်။ ‘ဒါဆိုမင်းဘာလို့ ဒီမှာ စာအုပ်…’
‘ဟင်’
‘နေဦး’
သူရုတ်တရက်ရပ်တန့်သွားပြီး စဉ်းစားမိလိုက်သည်။
‘ဒီကောင်က အပေါ်ထပ်မှာ ပိုကောင်းတဲ့ ပစ္စည်းတွေရှိတာ သိရဲ့သားနဲ့ ဒီမှာ ဘာလာလုပ်နေတာ’
‘အိုး…’
‘ငါသိပြီ’
စုရှောင်ရှန်နဲ့ လမ်းတစ်လျှောက်တွင်ပြောခဲ့သည်များကို ပြန်တွေးမိရာ တစ်စုံတစ်ခုကို နားလည်သွားသည့်အလား သူ့မျက်နှာ ၀င်းပသွား၏။ “ဆိုတော့ မင်းမှာ တခြား သူများတွေ မသိတဲ့နည်းလမ်းတွေဘာတွေရှိတာလား”
စုရှောင်ရှန် မှင်သက်သွားသည်။
“အခြားနည်းလမ်း။ ဟုတ်တယ် ရှိတယ်။ ငါဒီသဲတွေကြားထဲမှ ရွှေမှုန်ရွှေစတွေလိုက်ရှာနေတာ ငါ့ကောင်ရ”
ကျိုးထျန်းရှန် မကျေမနပ်ဖြစ်သွားပြီး ဆက်လက်၍ “ပထမအလွှာမှာ မင်းဘာရွှေများရှာနိုင်လို့လဲ။ ငါတွေ့ရသလောက်တော့ မင်းမစင်ပုံကြားက နှမ်းတွေကောာက်နေသလိုပဲ”
စာအုပ်ကိုခါနေသော စုရှောင်ရှန်၏လက်များရပ်တန့်သွားသည်။ ကျိုးထျန်းရှန်၏ စကားကြောင့် သူအစော်ကားခံလိုက်ရသည် ဟုခံစားလိုက်ရသည်။
‘ဆိုတော့ကော။ မင်းကော အဲ့နှမ်းတွေ ကောက်တတ်လို့လား’ စုရှောင်ရှန်တွေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းအရင်ကလည်း ဒီကိုရောက်ဖူးတယ်ဆိုတော့ တစ်ခုခု သင်ပေးလိုက်ရတော့မှာပေါ့” စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ အခြားကမ္ဘာမှ လူများအမှန်တကယ် မျှော်လင့်ချက်ကင်းမဲ့ပေသည်။ သို့သော် သူ့ကို ကောင်းစေချင်သည့်အတွက် သတိလာပေးသော သူကို သတိပြန်ပေးလိုက်မှ သင့်တော်ရာကျမည်။
ကျိုးထျန်းရှန်ကို စုရှောင်ရှန်ဆွဲလိုက်ပြီး ခေါင်းခြင်းကပ်ထားရင်း ပြောလိုက်သည်။ “ငါပြောတာ သေချာနားထောင် တကယ့် အစွမ်းထက်တဲ့၊ ကြမ်းပါပေ့ဆိုတဲ့ နည်းစနစ်တွေက မင်းအရှေ့မှာ ပေါ်လာတတ်တဲ့အမျိုးမဟုတ်ဘူး”
“ငါ့လို ရှေးဟောင်းစာအုပ်တွေ ဘာတွေ သေချာ လိုက်ရွေးနေရင်းမှ ပျောက်ဆုံးသွားတဲ့ ရတနာတွေကို ရှာတွေ့နိုင်မှာ”
ကျိုးထျန်းရှန်ကို ကြည့်ရသာ သံသယရှိသေးကာ စုရှောင်ရှန်ပြောသည်ကို မယုံသည့်ဟန်ဖြင့် ဆိုလိုက်သည်။ “ဟုတ်လို့လား။ ဒီစာအုပ်အဟောင်းတွေကို ခါရင်း ရတနာတွေ ရနိုင်တယ်ပေါ့”
“ပြောရခက်တယ်…”
စုရှောင်ရှန် အကြောဆန့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်တော့ ဆန်းကြယ်သည့် အပြုံးတစ်ခုဖြင့် ဆက်၍ ဆို၏။ “မင်းသိလား။ ရွှေစာရွက်တွေလို၊ ရှေးဟောင်းမြေပုံတွေလို၊ စုတ်ပြတ်သတ်နေတဲ့ ထူးဆန်းတဲ့ စာလိပ်တွေဘာတွေပေါ့ကွာ။ အေး အဲ့တာတွေက ဒီလို သာမန်စာအုပ်တွေဘာတွေကြားမှာ ဖုန်းကွယ်နေတတ်တယ်”
“မင်းဘယ်လိုသိတာ”
“ဟီးဟီး သိအောင်လည်း စာအုပ်တွေ အများကြီးဖတ်ထားတာကိုးကွ”
ကျိုးထျန်းရှန် ယုံကြည်ချက်မြင့်မားစွာပြောနေသော စုရှောင်ရှန်ကို ကြည့်လိုက်ရာ သူလိမ်နေသည်မဟုတ်မှန်း သိလိုက်ရသည်။ သို့သော်လည်း …
ဤသို့သော မည်သည်က ပေါ်လာမှန်းမသိသည့်နညမ်းလမ်းက တကယ် အလုပ်ဖြစ်မည်လားဟု တွေးလိုက်မိသည်။
“ယုံချင်ယုံ မယုံချင်နေ ကိုယ့်လမ်းကိုယ်လျှောက်ပဲ”
ရှင်းပြရမှာ ပျင်းသည့်အတွက် စုရှောင်ရှန် ရှေးဟောင်းစာအုပ်များလှုပ်ခါရန်သာ ပြန်သွားလိုက်သည်။
ကျိုးထျန်းရှန် စုရှောင်ရှန်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများဖြင့် မျက်နှာကျက်ကိုကြည့်ရင်း အတွေး၀င်သွားသည်။ သူ့အကြည်များက ပြင်းထန်လွန်းသောကြောင့် ဒုတိယအလွှာကိုတောင် ဖောက်မြင်ရမလားဖြစ်သွားသည်။
သူတစ်ချက်တွေးလိုက်ပြီး စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။
‘ငါတို့မှာ အချိန် (၆) နာရီရတယ်။ ငါဒီမှာ (၃) နာရီရှာကြည့်ပြီးလို့မှ ဘာမှ မတွေ့ရင် ဒုတိယ အလွှာကို သွားလိုက်မယ်’
‘ဟုတ်တယ် ဒါကောင်းတယ်’
အခိုင်အမာ ခေါင်းငြိမ့်လိုက်ရင်း စုရှောင်ရှန်ကို သူကြည့်လိုက်သည်။ စုရှောင်ရှန်ကိုကြည့်ရသည်မှာ တောက်ပလွန်းသောကြောင့် မျက်စိပင်စူးသွားသည်။
စုရှောင်ရှန်က ရူးကြောင်ကြောင် နိုင်သော်လည်း လူကောင်းပကတိ ဆိုသူများအားလုံးကို သူအနိုင်ယူသွားပြီးလေသည်။ ၎င်းက စုရှောင်ရှန် စောနကပြောလိုက်သော စကားများနှင့် တစ်ခုခုပတ်သက်မှုရှိရမည်ဟု ကောက်ချက်ချလိုက်၏။
ဤကဲ့သို့ ပြိုင်ပွဲ၌ ဗိုလ်ဆွဲသွားခြင်းဖြစ်ရပေမည်။
ကျိုးထျန်းရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ စုရှောင်ရှန်၏ အောင်မြင်ခြင်းလျှို့ဝှက်ချက်ကို ရှာတွေ့သွားသည့်အလား ခံစားလိုက်ရ၏။
ရှက် ရှက်
သူစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ခါရမ်းလိုက်သည်။ သို့သော် ဘာမှ ကျမလာပေ။
‘ငါသိသားပဲ’ သူတွေးလိုက်သည်။
‘အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို လွယ်လွယ်နဲ့ ရောက်နိုင်တာမရှိဘူး’
ကျိုးထျန်းရှန်၏ မျက်လုံးများ တောက်ပနေ၏။
ဆက်လုပ်မယ်
ရှက် ရှက် ရှက်
မတွေ့သေး
“ကျရှုံးပြန်ပြီ ထင်ထားတဲ့အတိုင်းပဲ…”
“ဟုတ်ပြီ။ ဒါက အဖိုးပြောပြဖူးတဲ့ အောင်မြင်မှုလမ်းစဉ်မှာ ကြုံတွေ့ရတတ်တဲ့ စမ်းသပ်ချက်နဲ့ အခက်အခဲတွေဆိုတာပဲဖြစ်ရမယ်”
“တွေးတောခြင်းက အောင်မြင်မှုစီကို ရောက်မယ့် ဖြတ်လမ်းကိုရှာတွေ့နိုင်တယ်တဲ့။ ခုမှ ဘာလို့ အဖိုးက ငါ့ကို များများတွေးဖို့ပြောလဲသိတော့တယ်”
သို့ဖြင့် ဤရိုးသားနှုံအသည့်ကောင်လေး သူ့လက်များကို ပွတ်လိုက်ကာ ပထမအလွှာရှိ စာအုပ်များကိုဆက်လက်ရှာလိုက်သည်။ ထိုအတောအတွင်း သူ့မျက်လုံးများ တောက်ပနေခဲ့၏။
…
အခြားတစ်ဘက်၌
စုရှောင်ရှန် စာအုပ်စင်တော်တော်များများကို ရှာပြီးသွားလေပြီ။ သူ့ [အကြားအမြင်] က ကျိုးထျန်းရှန် သူရှာပြီးသွားသော စာအုပ်စင်များကို ရှာနေသည်ဟု ပုံဖော်ပြသရာ သူမေ့လဲမတတ်ဖြစ်သွားသည်။
ကျိူးထျန်းရှန်ထံ သူသွားလိုက်ရင်း ဆို၏။ “ဟ မင်းရှာနေတဲ့နေရာတွေက ငါရှာပြီးထားကြီးတွေလေကွာ”
“ဘယ်ပြောနိုင်မှာ။ မင်းလည်း တစ်ခုခုကို မတွေ့မိလိုက်တာလည်း ဖြစ်နိုင်တာပဲ” ကျိုးထျန်းရှန် လှည့်၍ပင်မကြည့်ဘဲ ဖြေလိုက်သည်။ သူ့လက်များက စာအုပ်များကို ကိုင်ထားရင်း ခါနေခဲ့သည်။ သူ့အောင်မြင်မှုလမ်းစဉ်သို့သွားသောနေလမ်းကို မည်သူမှ တားနိုင်မည်မဟုတ်ချေ။
စုရှောင်ရှန်၏ မျက်နှာအမူအရာ ရှံ့မဲ့သွားသည်။ ကျိုးထျန်းရှန်ပြောတာလည်း သဘာ၀ကျနေလေသည်။
“ဒါပေမယ့် ငါတို့မှာ အချိန်အဲ့လောက်မရှိဘူး”
သူပထမအလွှာ၏ အဆုံးဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး ဆို၏။ “အဲ့ဒီမှာ သွားရှာကြည့်။ ငါတို့လူခွဲကြမယ်။ ကောင်းတာတစ်ခုခု ရလာရင် ဝေမျှကြေး”
“ဟင်း…”
“အကြံကောင်းပဲ” ကျိုးထျန်းရှန် သူလုပ်နေတာများကိုရပ်လိုက်ပြီး စုရှောင်ရှန်ပြောသည့်အတိုင်း လုပ်လိုက်သည်။
“မှတ်ထားနော်။ ပိုပြီးထူးဆန်းတဲ့ အရာကိုတွေ့လေလေ အဲ့တာ ပိုကောင်းတဲ့ဟာဖြစ်လေလေဆိုတာကို။ အကယ်၍ စာမျက်နှာအလွတ်လိုဟာမျိုးကိုတွေ့ရင်တော့ မင်းနတ်ဘုရားဖြစ်ဖို့ ခြေတစ်လှမ်းပိုနီးသွားပြီ”
“စာမျက်နှာအလွတ်ဟုတ်လား” ကျိူထျန်းရှန်ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို သိလိုက်ရသည့်အလား ဖြစ်သွားပြီး လက်သီးဆုပ်လိုက်သည်။ “ငါမှတ်ထားလိုက်မယ်”
“ပြီးတော့ စာအုပ်စင်တွေကိုပဲမရှာနဲ့။ ဖုန်ထူနေတဲ့ ထောင့်တွေတို့ဘာတို့ကို သေချာကြည့်။ စားပွဲခုံ ခြေထောက်အောက်တို့ ထိုင်ခုံအောက်တို့ကိုလည်း ကျော်မသွားနဲ့ဦး။ တစ်ခုခုကောင်းတာတွေ့ရင် ငါ့ကို အရင်ပြ”
‘ငါ့ကောင်…’ သူတွေးလိုက်သည်။
‘မင်းအဲ့လိုနေရာတွေပါမချန် ရှာစေချင်တာလား’
ထို့နောက် ဖုန်းကွယ်ထားသည့် ဒဏ္ဌာရီလာ အရာတစ်ခုခု တစ်နေရာရာ၌ ရှိနေနိုင်သည်ဟူသော အတွေးဖြင့် အံ့ဩဘနန်းဖြစ်သွား၏။
ပြိုင်ပွဲမှာ ဗိုလ်ဆွဲသွားတာ မဆန်းတော့ဘူး။
ကျိုးထျန်းရှန် တံတွေးတစ်လုပ်မျိုချလိုက်ပြီး စုရှောင်ရှန်၏ အတွေးအခေါ်များသူ့ကို နာမည်ကျော်ဇောမှုနှင့် ဂုဏ်ဒြပ်များစီသို့ ဦးဆောင်လမ်းပြပေးသွားမည်ဟု လုံးလုံးယုံကြည်သွားသည်။
စုရှောင်ရှန် ကျိုးထျန်းရှန် ထွက်သွားသည်ကိုမြင်သော် သူလှန်နိုင်သည့် ခါနိုင်သည့် နေရာများကို တစ်နေရာမှမချန် အကုန်လျှောက်လှန်လော ရှာဖွေလိုက်သည်။
ကျိုးထျန်းရှန် ကောင်းတာတစ်ခုခုတွေ့နိုင်မည်ဟု မထင်သော်လည်း သူကိုယ်တိုင်ကတော့ ကွဲပြားသည်။
ကိုယ့်ကိုယ်ကိုယ် သိခြင်းက အဖိုးတန်သည့် စိတ်အခြေအနေတစ်ပါးဖြစ်သည်။ အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို (၃) နှစ်ကြာအောင်လေ့ကျင့်ပြီးတာတောင် ဓားကွက်တစ်ကွက်တည်းသာတတ်သည့် သူ့ပါရမီနှင့် အလားအလာကို သူကောင်းကောင်းကြီးသိလေသည်။ ထို့ကြောင့် စစ်မှန်ခြင်းနယ်ပယ် ပညာရပ်များကို သူမထိရဲပါချေ။
သူယခုရှာနေသော အရာက လက်တွေ့ဆန်ပြီး ပါရမီ သိပ်မလိုအပ်သော နည်းစနစ်မျိုးဖြစ်သည်။ အဆင့်အတွက်ကတော့ စတင်ခြင်းနယ်ပယ်ထက် နိမ့်လျှင်ပင် ပို၍ ကောင်းပေသည်။
အစွမ်းထက် နည်းစနစ်များအတွက်ကတော့ သူကောင်းသလို ပင်ကိုယ်စနစ်ဖြင့် ကြည့်လုပ်လိုက်မည်ဖြစ်သည်။
ထို အပိုင်းအစ မဆုံလင်သော နည်းစနစ်များကတော့…
သူထိုသို့သော ရွှေအခွင့်အရေးများကို ရကောင်းရနိုင်လေသည်။ ရှာတွေ့နိုင်ဖို့ ရာခိုင်နှုန်းက နည်းပါးသော်လည်း သူဖတ်ဖူးသည့် စာအုပ်တိုင်း၌ ထိုကဲ့သို့ အရာများ တစ်နည်းနည်းဖြင့်ရှိနေတတ်၏။
လုပ်ကြည့်တာပေါ့။
စုရှောင်ရှန် ကျိုးထျန်းရှန်ကို လှည့်ကြည့်လိုက်သည်။ အမှန်က ဤသို့သော အရာမျိုးအတွက် ကျိုးထျန်းရှန်ကို ယုံကြည်၍ အပ်ထား၏။
ထို့အတွက် ဆိုရိုးစကားတစ်ခုပင်ရှိလေသည်။
ကံအကြောင်းတရားက ငတုံးငအများကို ပို၍ နှစ်သက်သည် ဆိုလား ဘာလား ပြောကြလေသည်။
ကျိုးထျန်းရှန်တကယ် ထိုသို့သော ရှားပါးသည့် နည်းစနစ်များကို ရှာတွေ့ ကောင်းရှာတွေ့ နိုင်လောက်၏။