အပိုင်း (၅၂) နေ၀င်ရီတရော
သူတို့မယုံကြည်နိုင်ဖြစ်သည်မှာ သဘာ၀ကျသည်။
စုရှောင်ရှန်ကြောင့် (၃၂) ဦးအဆင့်တွင်တွင် ကျိုးထျန်းရှန် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူလျှင်ပင် မျှော်လင့်ချက် တစ်စွန်းတစ်စမှ မရှိတော့ချေ။ ထိုအခြေအနေမျိုးတွင် အတွင်းစည်း၀င်ခွင့် သူရလိုက်သည်ဟူသော အရာကို မယုံကြည်နိုင်ခြင်းက သဘာ၀ကျပေသည်။
လူတိုင်း အားပေးလိုက်ကြသည်။ အချို့က ၀န်တို၊ အချို့က မနာလို ဖြစ်ကြသည်။ အများစုကတော့ အဘယ်ကြောင့်ဆိုတာကို သိချင်နေကြ၏။
မိုးတိမ်လေပြိုင်ပွဲ၌ ထိပ်သီး (၃၂) ယောက်အောက်ကို ၀င်ခွင့်ပေးလိုက်သော ကြောင့် ဤနှစ် ၀င်ခွင့် စံချိန်ကို လျော့ချထားသည်လားဟု သူတို့တွေးလိုက်ကြသည်။
ရှောင်ချိစွေက ဆက်၍ “အတွင်းစည်းကို ဒုတိယ၀င်ခွင့်ရတဲ့သူကတော့ ကျောက်ချင်းထန်”
အမြဲတမ်းအေးစက်စက်နှင့် မျက်နှာသေကြီးဖြင့် ကျောက်ချင်းထန် မနေနိုင်တော့ဘဲ ပြုံးလိုက်မိပြီး သူ့လက်ချောင်းများဖြင့် ရေခဲစမ်းချောင်းဓား အပေါ်ပွတ်လိုက်သည်။
“ဒုတိယ တစ်ယောက်ဟ…”
လူတိုင်းလက်သီးများဆုပ်ပင့်မိသွားကြ၏။ စံချိန်တကယ် ချိုးသွားလေပြီ။
“တတိယ၀င်ခွင့်ရသူကတော့ မုကျစ်ရှီ”
“စတုတ္တမြောက်ကတော့ မိုမို”
ရှောင်ချိစွေ နာမည်နှစ်ခုကို တစ်ဆက်ဆက်တည်းရွတ်ဖတ်လိုက်ရာ လူအုပ်အကြား ပြောစရာဖြစ်သွားသည်။
မုကျစ်ရှီသူမ၏ ကျစ်ဆံမြှီးများကို ဆုပ်ကိုင်လိုက်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် နေရာတွင်ပင် ခုန်ပေါက်နေလိုက်၏။
အခြားတစ်ဘက်မှ မိုမိုကတော့ အမူအရာကင်းမဲ့နေပြီး သူမလက်ထဲ၌ ပိုက်ထားသော ကြေးမီးဖိုအိုး အတွင်းမှ မွှေးရနံ့ကို ရှိုက်လိုက်သည်။
“မိုက်တယ်ဟ”
လူအုပ်ကြီး သူတို့နာမည်များ အခေါ်ခံလိုက်ရသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။
သို့သော် တစ်ယောက်ယောက်က ရုတ်တရက် သူ့၏ အထင်အမြင်ကို ထပြောလိုက်၏။ “နေပါဦး။ ကြည့်ရတာ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေပဲ အခေါ်ခံလိုက်ရသလိုပဲ”
လူတိုင်း မှင်သက်သွားပြီး ထိုသို့ဖြစ်သည်ဆိုသည်ကို သိလိုက်ရသည်။
ထိပ်သီး (၃၂) နှစ်ယောက် အောက်မှ ကျိုးထျန်းရှန် အတွင်းစည်းသို့ ၀င်ခွင့်ရခြင်းမှာ စုရှောင်ရှန်နှင့် တိုက်ခိုက်ရင်း အဆင့်ချိုးတက်သွားသောကြောင့် ဖြစ်ဟန်ရလေသည်။
“အရင်နှစ်တွေကလည်း စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေပဲ အတွင်းစည်း၀င်ခွင့်ရကြသလိုပဲ”
“အဲ့လိုဆိုရင် စုရှောင်ရှန်လည်း ၀င်နိုင်မှာပါ။ သူ့မှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိတယ်လေ…”
“မသေချာဘူး” တစ်စုံတစ်ယောက်က ထပြောသည်။
“စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်က ဘယ်လောက် များများ အမြင့်ကိုရောက်နိုင်မှာမို့လို့လဲ။ သူတို့အတွက် အဲ့ဒါက လမ်းအဆုံးပဲ။ ပြီးတော့ သူ့စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်က အဆင့် (၈) မှာပဲ ရှိသေးတာလေ”
လူတိုင်း စတင်၍ လေးလေးပင်းပင်းခံစားလာရသည်။ အမှန်ပင်။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်မှ အရှင်သခင် ခန္ဓာကိုယ်သို့ တက်အောင် ကျင့်ကြံသွားနိုင်သည်ကို ပုံပြင်တောင်မကြားဖူးကြပါပေ။
အကြောင်းအရင်းက ရိုးရှင်းသည်။ ၎င်းမှာ ရှေ့သို့ဆက်ရန် မဖြစ်နိုင်သလောက်ကို ခက်ခဲသောကြောင့်ဖြစ်၏။
၎င်းက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်၌သာ မဟုတ်ဘဲ ရှန်းရှန် ကုန်းမြေတစ်ခုလုံး၌ သတ်မှတ်ထားသည့် နိယာမဖြစ်သည်။
လူတိုင်း စုရှောင်ရှန်ကိုကြည့်လိုက်ရသည်။ ပြိုင်ပွဲကို ဗိုလ်ဆွဲသွားသူက သူတို့ကို အစိုးရိမ်ရဆုံး ဖြစ်ချေမည်ဟု မထင်ထားကြပါချေ။
စတင်ခြင်းနယ်ပယ် ကျင့်ကြံသူကို အတွင်းစည်းသို့ ၀င်ခွင့် ချွင်းချက်ပေးမလား သူတို့ စောင့်မျှော်လိုက်ကြသည်။
အတွင်းစည်း၀င်ခွင့် (၄)ယောက်ပင် ရှိသွားချေပြီဖြစ်ကာ (၅) ယောက်အထိတိုးသွားမလားသိချင်နေကြသည်။
ကွင်းပြင်တစ်ခုလုံး အခြေအနေတင်းမာသွားခဲ့၏။
စုရှောင်ရှန်လည်း သူ့ကို ဝိုင်းကြည့်နေသော အကြည့်များအောက်၌ မျက်နှာဖြူဖျော့သွားသည်။ မကြာပါချေ သူပီတိပြန်ရွှင်သွား၏။
[မျှော်လင့်ထားခံရပါသည်။ ပင်ကိုယ်မှတ် +၂၁၃၀]
၎င်းက မည်သို့မှမဖြစ်ဟန်ဖြင့် သူသက်ပြင်းချလိုက်သည်။ သို့သော် ဗိုလ်ဆွဲသွားခဲ့သည်တောင် သူ့နေရာမသေချာရာ စိတ်လေးသွားရ၏။
ရှောင်ချိစွေ စာရွက်ကို ပြန်ခေါက်လိုက်ပြီး ပြန်သိမ်းလိုက်သည်။ နောက် အေးတိအေးစက်အမူအရာဖြင့် “၀င်ခွင့်လေးဦး။ ဒါအကုန်ပဲ”
[သံသယ၀င်ခံရပါသည်။ +၁၈၆၉]
[သံသယ၀င်ခံရပါသည်။ +၁၅၁၁]
[သံသယ၀င်ခံရပါသည်။ +၁၀၄၂]
…
စုရှောင်ရှန်၏ အသိပေးချက် ဖန်သားပြင်၌ အသိပေးချက်များ အလျှင်အမြန်ကျလာသော်လည်း စုရှောင်ရှန် ၎င်းကို အာရုံမစိုက်နိုင်ပါ။ ‘ငါမပါဘူးဟ’ သူတွေးလိုက်သည်။
သူ့မျက်နှာထက်တွင် ဘာမှ မဖြစ်သကဲ့သို့ အမူအရာဖမ်းထားသော်လည်းစိတ်ပျက်မိသည်။ သူဗိုလ်ဆွဲသွားသည်မဟုတ်ပါလား။ ထို့ကြောင့် ထုတ်ဖော်မပြသသော်လည်း ဤရလဒ်ကြောင့် ၀မ်းနည်းသွားသည်။
လေးယောက်တည်းပဲ ဟုတ်လား။
ပွဲကြည့်စင်ပေါ်မှ အခြားသူများလည်း ထပ်တူ အံ့သားသင့်သွားခဲ့သည်။ ယခုမှ ၀င်ခွင့်ရလိုက်သော မုကျစ်ရှီတို့တစ်သိုက်၏ မျက်နှာထက်မှ အပြုံးများပျောက်သွားကြ၏။
သူတို့ ထုတ်ဖော်မပြသလိုသော်လည်း စုရှောင်ရှန်ကို အထင်ကြီးလေးစားမိလေသည်။ သို့ကြောင့် ဤသို့သောရလဒ်က သူတို့ မမျှော််မှန်းထားသည့် အရာဖြစ်၏။
ပွဲကြည့်သူများကတော့ သူတို့ကဲ့သို့ အငြိမ်မနေနိုင်ကြချေ။ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကုန်ကြ၏။
“ဘာလဲဟ။ (၄) ယောက်တည်းလား။ ထပ်မရှိတော့ဘူးလား။ လာနောက်နေတာလားဟ”
“စုရှောင်ရှန်က ဗိုလ်လေကွာ လုပ်စမ်းပါ။ သူက ရယ်ရတာ မှန်တယ်။ ဒါပေမယ့် ဒီလိုအချိန်ကြီးတော့ မနောက်ပါနဲ့ဟ”
“မယုံနိုင်စရာပဲ။ ပြိုင်ပွဲရဲ့ ဗိုလ်က အတွင်းစည်းကို ၀င်ခွင့်မရဘူးတဲ့။ ဒါပေမယ့် ထိပ်သီး(၃၂) ယောက်တည်းတောင် မပါ.. မ… ငါ့ကိုလွှတ်စမ်း ငါပြောတာပြီးအောင်ပြောရဦးမယ်”
“မင်းဂေါက်သွားပြီလား။ ကျိုးထျန်းရှန်က မင်းနောက်မှာဟ”
“…”
ကျိုးထျန်းရှန်လည်း ဒေါသအမျက်ချောင်းချောင်းထွက်သွားသည်။ ချက်ခြင်း ထိုင်ခုံပေါ် တက်လိုက်ပြီး ဆိုလိုက်သည်။ “ဒီလိုဆိုရင်တော့ ငါ၊ ကျိုးထျန်းရှန်၊ အတွင်းစည်းကို မ၀င်တော့ဘူး။ ၀င်ခွင့်ကို ငြင်းပယ်တယ်”
ရှောင်ချိစွေကို သူ အနည်းငယ် ကြောက်ရွံ့စွာကြည့်လိုက်သော်လည်း ၎င်းတို့က ခိုင်မြဲလေသည်။
“ပြောတာကောင်းတယ်။ ငါလည်းတူတူပဲ”
“မင်းက အတွင်းစည်း၀င်ခွင့်ရှိလို့လား”
“ငါက ဒီတိုင်းပြောနေတာကွ ပါးစပ်ပိတ်ထားစမ်းပါ”
“…”
ရှောင်ချိစွေ၏ စကားများက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလိုက်သည်။ သူတို့အားလုံး ဒေါသများကို မထိန်းနိုင်ကြတော့ပဲ အော်ချင်ရာ အော်နေကြ၏။
ရှောင်ချိစွေဤသည်ကို မတုန့်ပြန်ဘဲ စုရှောင်ရှန်ထံသို့သာ သွားလိုက်သည်။ သို့သော် သူ့ကိုကြည့်သာ ကြည့်လိုက်ပြီး ဘာမှ မပြောပါချေ။
‘ဒီကောင်လေး ဘာမှ မဖြစ်သလို ဟန်ဆောင်နေတာပဲ’ သူတွေးလိုက်သည်။
ရှောင်ချိစွေ အတွေ့အကြုံများအရ စုရှောင်ရှန်၏ မျက်နှာဖုံးအောက်ရှိ ခါးသီးမှုကို မြင်နိုင်နေလေသည်။
‘ဘာပဲပြောပြော သူက ခုမှ အသက်(၁၈) တည်းရှိသေးတာလေ’
ဟူးးးး… ရှောင်ချိစွေ သက်ပြင်းချလိုက်သည်။
စုရှောင်ရှန် နောက်သို့ ဆုတ်ပြီး နှာခေါင်းရှုံ့ပြလိုက်သည်။
ရှောင်ချိစွေ စွံ့အသွား၏။
‘ဒီ ကောင်…’
‘ငါသူ့ကို သနားနေတာတောင်ဘယ်ပျောက်သွားပြီလဲမသိဘူး မယဉ်ကျေးလိုက်တာ’
စုရှောင်ရှန် သက်ပြင်းချနေသည်ကိုရပ်ပြီး အသက်ခပ်ပြင်းပြင်းရှိုက်လိုက်ရသည်။ စုရှောင်ရှန်၏ ပုခုံးကို ပုတ်လိုက်ပြီး ဆို၏။ “မင်းအပြင်စည်းမှာ နောက်တစ်နှစ်နေလို့ရပါသေးတယ်။ အဲ့တော့ အမြန်ဆုံး စစ်မှန်ခြင်းနယ်ပယ်ကို တက်ပြီး အတွင်းစည်းကိုလာခဲ့ပေါ့”
စုရှောင်ရှန် မှင်သက်သွားသည်။
(၃) နှစ်အတွင်း အတွင်းစည်းသို့မ၀င်နိုင်လျှင် (သို့) မိုးတိမ်လေ ပြိုင်ပွဲ၏ ဘိတ်ချေး၌ ရှိနေပါက နန်းတော်မှ ကန်ထုတ်ခံရမည်ကို သူမေ့လျော့နေခဲ့၏။
‘ငါ့အစား တစ်ယောက်ယောက်က ထောက်ခံပေးတာဖြစ်ရမယ်’ သူတွေးလိုက်သည်။
‘ဒီသက်လတ်ပိုင်းအရွယ်ရှောင်ချိစွေလား ဒါမှ မဟုတ်…’
‘အကြီးအကဲကျောက်လား’
သူလူအုပ်ကြားထဲကိုကြည့်လိုက်သည်။
အကြီးအကဲကျောက်က တိတ်ဆိတ်စွာ ဆက်၍ ထိုင်နေသည့် အနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ သူဘာမှမပြောဘဲ ခေါင်းသာ ငြိမ့်ပြလိုက်၏။
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် နွေးထွေးသွားပြီး ခေါင်းလည်းမူးချင်သွားသည်။
သူယခု အလွန်စိတ်ပျက်အားငယ်နေတာ ပြောစရာမလိုချေ။
သို့သော် အသနားခံရတာ သူမကြိုက်ပေ။ ထို့ကြောင့် ရှောင်ချိစွေ၏ သနားသကဲ့သို့ မျက်လုံးများကိုမြင်ရာ နှာခေါင်းရှုံ့လိုက်ခြင်းဖြစ်သည်။
သို့သော် ယခုတော့ သူတကယ် ကြည်နူးသွားသည်။
စုရှောင်ရှန် ရိုးရိုးသားသား ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရှောင်ချိစွေခေါင်းခါပြီး ပြုံးလိုက်ပြီး “မင်းရဲ့ အပြုအမူတွေနဲ့တင် ငါလုံလောက်နေပါပြီ။ ကျေးဇူးတင်ဖို့မလိုပါဘူး”
အဘယ်ကြောင့် ဤကလေးက သူ့ထက် အများကြီးငယ်သော်လည်း သူနှင့် တွေ့တိုင်း ဒေါသထွက်ရသည်ကို သူမသိပေ။ ထို့ပြင် စုရှောင်ရှန်နှင့်စကားပြောရာတွင် သူ့အဆင့်အတန်း သူမေ့လျော့သွားပြီး နှိမ့်ချပြောနေမိလေ၏။
‘ဒါပေါ့ ကျောက်ဘိုးတော် ပြောနေကျအတိုင်းပဲ’ စုရှောင်ရှန်တွေးလိုက်သည်။ နှုတ်ခမ်းအနည်းငယ် ဆူသွားပြီး ဘာမှ ပြန်မပြောလိုက်ချေ။
ရှောင်ချိစွေ နောက်လှည့်ပြီး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ “ဒီနေရာမှာပဲ ဒီနှစ် မိုးတိမ်လေပြိုင်ပွဲ ပြုံးဆုံးသွားပြီလို့ ကြေငြာတယ်”
“သွားလိုရာ သွားနိုင်ပြီ”
ပွဲကြည့်စင်မှ လူတိုင်း ဒေါသထွက်နေကြသော်လည်း ရလဒ်ကို မပြောင်းလဲနိုင်ကြပါချေ။
သူတို့ မြင်းနက်တစ်ကောင်ရဲ့ မွေးဖွားခြင်းကို မြင်လိုက်ရပြီး အဆုံးသတ်က လူတိုင်းပျော်ရွှင်ရမည်ဟု ထင်ထားကြ၏။ သို့သော် ယခု နောက်ဆုံးရလဒ်က ၎င်းကို ရိုက်ချိုးပစ်လိုက်လေသည်။
မိုးတိမ်လေပြိုင်ပွဲ၏ ဗိုလ်ဆွဲသူက အတွင်းစည်းသို့ ၀င်ခွင့်မရပါချေ။
စုရှောင်ရှန်က သာမန် ဗိုလ်ဆွဲသူဆိုရင်တော့ ၎င်းက ကိစ္စကြီးကြီးမားမားရှိမည် မဟုတ်ပေ။ သို့သော် သူက စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူများစွာကိုပင် အနိုင်ယူခဲ့သော မူမမှန်မှုကြီးဖြစ်သည်။
သူ၏ ခွန်အားနှင့် အလားအလာတို့က စိတ်ဝိညာဉ်နန်းတော်အား ချွင်းချက်တစ်ကြိမ်တစ်ခါ ချပေးလို့မရဘူးလားဟု တွေးလိုက်ကြသည်။
“စုရှောင်ရှန် တော်တယ်”
လူအတော်များများ ချက်ခြင်းမထွက်ခွာသွားကြဘဲ စုရှောင်ရှန်ကို လာအားပေးလိုက်ကြသည်။ မကြာခင် နေရာတိုင်း သူ့ကိုအားပေးသံများဖြင့် ညံသွား၏။
“စုရှောင်ရှန်။ နင်က အတော်ဆုံးပဲ။ နင့်ကို ငါတစ်သက်လုံးချစ်သွားမယ်”
“စုရှောင်ရှန် တောင့်ထား”
“…”
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၆၆၃]
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၄၁၄]
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၅၂၀]
“…”
စုရှောင်ရှန် သူ့ကို အားပေးနေကြသောသူများကိုကြည့်ပြီး ကြည်နူးသွားသည်။
အထူးသဖြင့် “စုရှောင်ရှန် တောင့်ထား” ဟူသည့် စကားဖြစ်သည်။
ထိုစကားက အဖွဲ့လိုက်ပြိုင်ပွဲ၌ သူ လူအယောက် (၄၀) ခန့်လောက် ရိုက်နှက်တာ ခံရဟန်ဆောင်သောအချိန်က ရလာခြင်းဖြစ်၏။
“ကျေးဇူးပါ” တီးတိုးပြောလိုက်သည်။
နေ၀င်ချိန်ဖြစ်သလို လူအုပ်ကြီးလည်း တဖြေးဖြေးလျော့ကျသွားခဲ့သည်။
စုရှောင်ရှန် သူ့ကို လာအားပေးကြသော သူများကို မှတ်မိသည်ရှိသော်မမှတ်မသည်ရှိသော် ပြုံးရင်း ပြန်တုန့်ပြန်လိုက်သည်။
“စိတ်ပျက်နေသလား” အကြီးအကဲကျောက်သူထံလာရင်းမေးလိုက်သည်။
“အင်း…”
“တော်တော်လေးပဲ”
တိုတိုတိတ်တိတ် ၀င်သွားသောနေကိုကြည့်နေသော စုရှောင်ရှန်ကို အကြီးအကဲကျောက်ကြည့်လိုက်သည်။
‘ဒီကောင်လေး…’
လူမည်မျှကို သူအဆင်ပြေကြောင်းပြောသော်လည်း အကြီးအကဲကျောက်နှင့်ကြ ထိုသို့မဟုတ်ပေ။
“ဘ၀ဆိုတာဒါပဲကွ”
“တက်လိုက်ကျလိုက်နဲ့”
“အင်း” ဟု ဆိုလိုက်ရင်း တစ်စုံတစ်ခုကိုမှတ်မိသွားရာ စုရှောင်ရှန်ပြုံးလိုက်သည်။ “အတက်အကျနဲ့တော့ ဟုတ်ပေမယ့် ကံကောင်းရင်တော့…”
“မင်းက မင်းပါပဲလေ” အကြီးအကဲကျောက်ခေါင်းခါလိုက်ရင်း ပုလင်းနှစ်ခုထုတ်ယူကာ သူ့ကိုပေးလိုက်သည်။ ထို့နောက် နေ၀င်သည့်ဘက်သို့ မျက်နှာမူရင်းထွက်သွားရာ လှပသည့် မြင်ကွင်းတစ်ခုဖြစ်သွားသည်။
“တော်တယ်”
“နောက်တစ်ခါကြရင် အဲ့ဒီ သေခါနီးအဖိုးကြီးတွေကို သူတို့ဘာမှားလဲဆိုတာ ပြပေးလိုက်”
စုရှောင်ရှန် ကြက်သေသေသွားသည်။ ထိုစကားနှစ်ခွန်း၏ နောက်ကွယ်၌ အဓိပ္ပာယ်များစွာရှိသည်ကို သိလိုက်ရသည်။
ထို့နောက်သူ့လက်ထဲမှ ပုလင်းနှစ်ခုကို ငုံ့ကြည့်လိုက်၏။
စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးနှင့် ရွှေနီဆေးလုံးများ ကိုယ်စီပါရှိသော ပုလင်းများဖြစ်ကြသည်။
နေဝင်ရီတရောအချိန်၊ အကြီးအကဲကျောက်၊ ထပ်၍ သူ၏ ဆေးလုံးများ…
စုရှောင်ရှန် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ဤအခြေအနေအား ရင်းနှီးသည်ဟုခံစားလိုက်ရသော်လည်း တစ်စုံတစ်ခု လိုနေမှန်းသူသိသည်။
စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးတစ်လုံးကိုထုတ်ယူပြီး ရှိုက်လိုက်၏။
နေမင်းကြီးက တဖြေးဖြေးပျောက်သွားရာ သူ့အရိပ်လည်း အမှောင်ထုနှင့် တဖြေးဖြေး တစ်သားတည်းဖြစ်သွား၏။