အပိုင်း (၅၁) အတွင်းစည်း ဖွင့်ခြင်း
လက်ခုပ်သံများဖြင့်ညံသွား၏။
ပွဲကြည့်စင်မှ လူတိုင်း ထရပ်ပြီး သူတို့၏ လေးစားမှုကိုပြသလိုက်ကြသည်။ တိုက်ပွဲကလည်း အလွန်စိတ်အာရုံဖမ်းစားနိုင်နေရာ မည်သူမှ လက်ခုပ်သံများကို ကပ်စီးမနည်းပါချေ။
သူတို့ဤ ဗိုလ်လဲပွဲကိုမည်သို့ ဖော်ပြရမည်ဆို…
၎င်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် စတင်ခဲ့ပြီး တစ်ချက်တည်းပွဲသိမ်းသွားခြင်းဖြစ်ပြီး စုရှောင်ရှန်က လူတိုင်း၏ ပြောစရာ ဖြစ်လာခဲ့လေသည်။
၎င်းက အနည်းငယ်ထူးဆန်းသည်ဟုထင်ရသော်လည်း ပြိုင်ကွင်းထဲမှ သွေးသံရဲရဲဖြစ်နေသော လူငယ်ကိုကြည့်လိုက်ရာ တိုက်ပွဲက ဤမျှ ရေချိန်မြင့်တက်သွားသည်မှာ မဆန်းတော့ဟု မှတ်ယူလိုက်ကြသည်။
ဤတိုက်ပွဲက အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲဟုပြောလည်း မမှားနိုင်ချေ။
ရှောင်ချိစွေ ဆေးအကူများကို စုရှောင်ရှန်ထံမှ မိုမို့ကို လွှဲယူရန် လက်ပြလိုက်သည်။ နောက်ဆုံးကျန်ခဲ့သော ဆေးအကူလေးဦး စုရှောင်ရှန်အား တစ်မျိုးကြီးကြည့်နေကြ၏။
“ဆေးကုသမှုခံယူဖို့လိုလား”
ထိုရင်းနှီးသော မျက်နှာလေးခု…
စုရှောင်ရှန် မြူးသွားသည်။ “မလိုဘူး”
သူ့အင်္ကျီကိုချွတ်လိုက်ပြီး ချော်ရည်ကြောင့် ကျက်သွားသော သူ့အရေခွံခြောက်များကို ပွတ်ခွာချပြီး သူတို့ကိုပေးလိုက်သည်။
“မင်းတို့လည်း ဒီရောက်လာပြီဆိုမှတော့ ဘာမှ လက်ဆောင်မပေးဘဲ ပြန်ခိုင်းလို့ဖြစ်မလဲ။ ဒါတွေ အမှတ်တရအဖြစ် ယူသွားလိုက်”
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၄]
ဆေးအကူလေးဦး ချက်ချင်း လှည့်ထွက်သွားလိုက်ကြသည်။ ဤတစ်ကြိမ်သူတို့ စုရှောင်ရှန်၏ အခြေအနေကိုပင် မဆန်းစစ်ကြည့်ပါချေ။
သူက တကယ့် မကောင်းဆိုးဝါးဖြစ်သည်။ ချော်ရည်ပူများတောင်သူ့ကို မလောင်ကျွမ်းနိုင်ပေ။ နှမျောစရာပင်။
ဤတိုက်ပွဲအတွင်း ထိုလေးဦးမှာ ချော်ရည်များပေါ်လာသည့်အချိန်၌ အတည်ငြိမ်ဆုံးများဖြစ်ကြသည်။ လူတိုင်းစုရှောင်ရှန်အတွက် စိုးရိမ်ပေးနေချိန် သူတို့ကတော့ စုရှောင်ရှန်၏အကြောင်းသိရာ မပူချေ။ အကယ်၍ သူတို့လည်း စုရှောင်ရှန်၏ ခန္ဓာကိုယ်အား မဆန်းစစ်ကြည့်ခဲ့ရပါက စိတ်ပူမည်သာ။
ရှောင်ချိစွေ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ကြီးကို ငြိမ်သက်စေရန် အချက်ပေးလိုက်သည်။ ထို့နောက် ပြုံး၍ ဆို၏။ “ဦးစွာပထမ အနေနဲ့ စုရှောင်ရှန်ကို မိုးတိမ်လေပြိုင်ပွဲမှာ ဗိုလ်ဆွဲသွားလို့ ဂုဏ်ပြုပါတယ်။ တကယ်က ငါလည်း ဒီရလဒ်ကို ထင်ကိုမထင်ထားတာ”
လူတိုင်း တစ်ပြိုင်တည်းပြုံးလိုက်ကြသည်။ သူတို့လည်း ထိုသို့ တွေးနေကြခြင်းဖြစ်သည်။
စုရှောင်ရှန်တစ်ယောက်သာ မကျေနပ်နေသည့် မျက်နှာထားဖြင့် ထိုသက်လတ်ပိုင်းအရွယ်လူကြီးကို ကျိန်ဆဲနေလေသည်။
‘ဆိုတော့ ခင်ဗျားက ကျုပ်ပြိုင်ပွဲမှာ ဗိုလ်ဆွဲမယ်လို့ မထင်ထားဘူးပေါ့လေ’
ရှောင်ချိစွေသူ့ကို ဂရုမထားဘဲ ဆက်လက်၍ “သူအဖွဲ့လိုက်ပြိုင်ပွဲမှာ ပြဿနာရှာနေကတည်းက ငါသတိထားမိသွားတာ။ နောက်ထပ် တိုက်ပွဲနေမှာလည်း သူက ပိုကြီးတဲ့ ပြဿနာတွေ ရှာနေတာတွေ့လိုက်ရတယ်။ အဆင့်တက်တဲ့ ပွဲစဉ်တွေမှာတော့…”
“ဟီးဟီး”
“ငါသူ့ကိုဆက်ပြီး လစ်လျူမရှုနိုင်တော့ဘူး။ ဒီကောင်ငါ့ကို တော်တော်ဒေါသထွက်သွားအောင်လုပ်ခဲ့တာ”
လူအုပ်ကြီး ရယ်မောလိုက်ကြသည်။ သို့သော် စုရှောင်ရှန်ကတော့ တိတ်ဆိတ်လို့နေ၏။
သွေးကြွေးဆပ်ခြင်း။
ဤသက်လတ်ပိုင်းအရွယ်လူကြီး အခွင့်အရေးရသောကြောင့် ၎င်းကို လက်ဆုပ်လက်ကိုင်ယူကာ သူ့ကို ကလဲ့စားချေနေခြင်းဖြစ်ရမည်။
ရှောင်ချိစွေက ဆက်၍ ဆိုသေးသည်။ “ဒါပေမယ့် စုရှောင်ရှန်က တကယ့် မြင်းနက် ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူး”
“လူတိုင်း ဘ၀အချိုးအကွေ့တစ်ခုမှာ အရေးအကြောင်းတစ်စုံတစ်ရာနဲ့ ကြုံရတာပဲလေ။ အခွင့်အရေးပဲဖြစ်ဖြစ်၊ အားနည်းချက်တစ်ခုပဲဖြစ်ဖြစ်။ တကယ်က မင်းတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်တာက မင်းတို့ ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ”
သူက ဤသို့ အဝေးကြီးသွားပြီး တစ်ဖက်လှည့်မှ စုရှောင်ရှန်အား မြှောက်ပင့်နေခြင်းဖြစ်ရာ တကောင့်သား ရှက်ကိုးရှက်ကန်း ခေါင်းကိုကုတ်လိုက်၏။
‘ကြိုးစားအားထုတ်မှု ဟုတ်လား’ တွေးလိုက်သည်။
‘အဲ့လိုထင်ရင်လည်း ရပါတယ်’
‘ဒါပေမယ့် ခင်ဗျားရဲ့ အားပေးအားမြှောက်ပြုတဲ့ စကားကိုကြားရတော့ ကျုပ်အစွမ်းကုန် ပင်ကိုယ်မှတ်တွေရအောင်လုပ်ချင်စိတ်တွေတောင်ပေါက်သွားပြီ’
ရှောင်ချိစွေသူ့စကားများကို တစ်စုံတစ်ယောက် အဓိပ္ပာယ်လိုရာဆွဲသွင်းသွားလိမ့်ဟု ထင်ထားမည်မဟုတ်ချေ။ နောက်ထပ်အနည်းငယ် ချီးမွမ်းနေပြီးနောက် သူ့ပြိုင်ပွဲအလွန် သုံးသပ်ချက်များကို ပြောလို့ပြီးသွား၏။
“နောက်ထပ်နှစ်တွေမှာလဲ ငါ့ကို ‘အထင်ကြီး’ အောင်လုပ်နိုင်မယ့် လူတွေ ရှိသေးပါစေလို့ မျှော်လင့်ပါတယ်…”
“ဆိုတော့ ပြိုင်ပွဲ ဆုလဒ် အတွက်ပြောရအောင်”
အစီအရင်ကျောက်စိမ်းပြားအား ရှောင်ချိစွေ အသက်သွင်းလိုက်ရာ ကွင်းပြင်၌ စင်မြင့်တစ်ခု မြင့်တက်လာခဲ့သည်။ ထိုအပေါ်တွင် နေရာ (၁၀) နေရာရှိလေသည်။
နားနေဆောင်အကူများက ထိပ်သီး ပြိုင်ပွဲ၀င် (၁၀) ယောက်ကို ထိုစင်မြင့်ပေါ်သို့ လိုက်ပို့လိုက်ကြသည်။ အဆင့်တက်ပြိုင်ပွဲ၌ ပါ၀င်ရသည့် လူများမှာလည်း ဆုလဒ်များရကြသည်။ သို့သော်သူတို့က ထိပ်သီး (၁၀) ဦးကဲ့သို့ စင်မြင့်ပေါ်တွင် ဂုဏ်ယူခံစားခွင့်မရှိပါချေ။
စုရှောင်ရှန် သူ့ တပြည့်သားများစွာ… အဟွတ် အဟွတ် ရင်းနှီးသည့် သူငယ်ချင်းများကို ကြည့်လိုက်သည်။
ကျောက်ချင်းဖန်၊ မုကျစ်ရှီ၊ မိုမို…
ဆေးအကူများ တကယ်စွမ်းလေသည်။ မိုမို သတိပြန်လည်လာခဲ့ပြီး သူမဘာသာ သူမတောင် လမ်းလျှောက်နိုင်နေပြီဖြစ်၏။
စုရှောင်ရှန် ဤလူများနှင့်အတူ လျှောက်သွားရင်း အားမန်တက်ကြွစွာ သူတို့ကိုနှုတ်ဆက်လိုက်သည်။ သို့သော် ရုတ်တရက် ကျလာသော အသိပေးချက်များကြောင့် အဲ့အားသင့်သွားရ၏။
ကျောက်ချင်းထန် သူ့ရှေ့ကို ရောက်လာပြီး အမူအရာကင်းမဲ့စွာ ဆိုလိုက်သည်။
“ဂုဏ်ယူပါတယ်”
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမ၏ ကျစ်ဆံမြှီးနှစ်မြွှာကို ကစားရင်း သူ့ကို ဖြတ်သွားသော မုကျစ်ရှီ အကြည့်လွှဲလိုက်ပြီး နှာခေါင်းရှုံ့ပြလိုက်လေသည်။
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
မိုမိုသူ့ကိုပင်မကြည့်ဘဲ ကျော်သွား၏။
[လစ်လျူရှူခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် စွံ့အသွားသည်။
‘ဘာလဲဟ’ တွေးလိုက်သည်။
‘ငါက မင်းတို့ကို ဓားနဲ့ နှစ်ခါ သုံးခါလောက်ထိုးပြီး အဆင့်ပြုတ်သွားအောင် လုပ်လိုက်ရုံပါဟ’
‘လူတွေ ဘာလို့ ဒီလောက်အမြင်ကျဉ်းကြတာလဲ’
‘ငါ့ကိုတောင် အငြိုးထားကြတယ်တဲ့’
လူတိုင်းက ဤသို့ဖြစ်နေမှတော့ စုရှောင်ရှန် လက်ပြပြီး နှုတ်ဆက်မနေတော့ချေ။ စိတ်တိုလွယ်သည်၊ အမြင်ကျဉ်းမြောင်းသည်၊ သဘောထားသေးသည်။
အကူ ကောင်လေးများက လူတိုင်းကို စုရှောင်ရှန်သိပ်ကြိုက်သည့် သိုလှောင်လက်စွပ်တစ်ကွင်းပေးလိုက်ကြသည်။ သူ့အတွက် ဒုတိယမြောက် လက်စွပ်လည်းဖြစ်လေသည်။
“အခြား ဆုတွေကိုတော့ ငါပြောမနေတော့ဘူး။ ကိုယ်ဟာကိုယ်ပဲ အေးဆေးမှ ကြည့်လိုက်ကြ”
စုရှောင်ရှန် ထိုသို့ ပြောရင်း လူအုပ်ကြီးဘက်လှည့်ကာ အသံမြင့်မြင့်ဖြင့် ဆိုလိုက်သည်။ “မိုးတိမ်လေ ထိပ်သီး (၁၀) ယောက်ကတော့ စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနကို ၀င်ခွင့်ရပြီး သူတို့ကြိုက်တဲ့ စိတ်ဝိညာဉ်နည်းစနစ်တစ်ခုကို ရွေးချယ်ခွင့်ရှိမယ်”
“ထိပ်သီး(၃) ယောက်ကိုတော့ စစ်မှန်ခြင်းဆေးတစ်လုံးပေးမယ်။ အဲ့တာမှ မလိုချင်ဘူး တခြားဟာမှပါဆိုရင်လည်း အဲ့တာနဲ့ တန်ဖိုးညီတဲ့ ဆေးနဲ့ ဖလှယ်လို့ရတယ်”
ပြိုင်ပွဲ၀င်များအား ပေးသော ဆုများကြောင့် လူအုပ်ကြီး မှင်သက်သွားကြသည်။ သူတို့အားလုံး မနာလိုဖြစ်သွားကြ၏။
စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနက ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်၏ အရေးကြီးဆုံးဌာန များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတွင် မရေမတွက်နိုင်သော စတင်ခြင်းနယ်ပယ်၊ စစ်မှန်ခြင်းနယ်ပယ်၊ နှင့် အရှင်သခင်နယ်ပယ် နည်းစနစ်များကိုပင်သိုလှောင်ထားလေသည်။
စစ်မှန်ခြင်းဆေးလုံးက အဆင့်(၈) ဆေးလုံးတစ်မျိုးဖြစ်ကာ စစ်မှန်ခြင်းအဆင့်သို့တက်လှမ်းနိုင်ရန် သေချာမှုကို (၃၀) ရာခိုင်နှုန်း တိုးပေးလေသည်။ ၎င်းက လူအများ၏ စိတ်ကူးယဉ်ဆေးလုံးလဲဖြစ်သည်။
သို့သော် ဤနှစ် ထိပ်သီး(၃) ဦးက အနည်းငယ်ထူးခြားလေသည်။ သူတို့ထဲ၌ ပြိုင်ပွဲ၏ ဗိုလ် စုရှောင်ရှန်သာ ၎င်းကို အသုံးပြုနိုင်၏။ အခြားသူနှစ်ဦးကတော့ စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သည်။
ရှောင်ချိစွေလည်း ကူကယ်ရာမဲ့နေခဲ့သည်။ ဤအသုတ် ပြိုင်ပွဲ၀င်များ၏ ကျင့်ကြံမှုမြင့်မားသည့်အတွက် ကျော်ကြားသော ဆုဖြစ်စဲဖြစ်သည့် စစ်မှန်ခြင်းဆေးလုံးက ယခုနှစ်၌ တန်ဖိုးမဲ့သွားချေလေသည်။
စစ်မှန်ခြင်းဆေးလုံးကို အခြားဆေးလုံးများဖြင့် ဖလှယ်နိုင်ခြင်းကလည်း ကောင်းမွန်သည့် ရွေးချယ်စရာတစ်ခုဖြစ်သည်။
စုရှောင်ရှန် စိတ်တက်ကြွနေခဲ့သည်။ သူ့ကျင့်ကြံမှုက ထို မကောင်းဆိုးဝါးများလောက် မမြင့်မားပါချေ။
ဤဆုများက သူ့အတွက်တော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပင်။ စစ်မှန်ခြင်းဆေးလုံးက သူ့အတွက် အကျုံး၀င်ကာ စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနသည်လည်း ထိုနည်းတူဖြစ်၏။
စိတ်ဝိညာဉ်နန်းတော်အတွင်း၌ (၃) နှစ်တာ နေလာပြီးသည့်နောက် ထိုစာကြည့်တိုက်အတွင်း ၀င်ရန်အခွင့်အရေးတစ်ကြိမ်ရခဲ့ပါသော်လည်း အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကိုသာ ရလာ ခဲ့လေသည်။ ထိုအချိန်မှစ၍ သူထပ်၍ ၀င်ခွင့်မရတော့ချေ။
ထိုသို့တွေးမိရာ စုရှောင်ရှန် စိတ်မကောင်းဖြစ်သွားသည်။ အခြားပြိုင်ပွဲ၀င်များကိုကြည့်လျှင် စိတ်ဝိညာဉ်နည်းစနစ်များ ပေါပေါပဲပဲ ရှိနေကြသည့်အလားပင်။ မိုမို၏ ထိုစိတ်ဝိညာဉ်နည်းစနစ်ဆိုလျှင် စစ်မှန်ခြင်းနယ်ပယ်ထက်တောင် မြင့်မားနိုင်ချေသည်။
သူ့လို ဆင်းရဲသည့် လူကတော့ ကိုယ်တိုင်ထွင်ထားသည့် အဆင့်မဲ့ နည်းစနစ်များအပေါ်၌သာ မှီခိုရလေသည်။ သို့သော်လည်း သူအနိုင်ရသွားချေ လေပြီ။
“ဟီးဟီး” ထိုသို့တွေးမိရင်း ပီတိဖြာသွားသည့်အတွက် စုရှောင်ရှန် ရယ်မောလိုက်သည်။
ဆုပေးသည့် အခမ်းအနားကျင်းပနေသည့် ပြိုင်ကွင်းကြီးကိုကြည့်ပြီး ပုရိသတ်များ စိတ်ထေ့သွားကြသည်။
နောက်ဆုံး၌ ရှောင်ချိစွေက ပြုံးရင်း ဆိုလိုက်သည်။ “ကောင်းပြီ။ ခုတော့ နောက်ဆုံး အစီအစဉ်ကိုကျရောက်လာပြီဖြစ်တယ်”
“အတွင်းစည်း၀င်ခွင့်”
ဤသည်ကိုကြားသော် လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးမှုပြုလိုက်ကြသည်။
“နောက်ဆုံးတော့ ဒီအစီအစဉ်ကိုရောက်လာပြီ။ ငါစောင့်နေတာကြာပြီ။ ဒီနှစ်ဘယ်နှစ်ယောက်လောက်များ အတွင်းစည်းကို ၀င်နိုင်မလဲမသိဘူး”
“ငါမှတ်မိရသလောက်ကတော့ အရင်နှစ်က စုရှင်းရှင်းပဲ ၀င်သွားတာဖြစ်မယ်။ အဲ့မတိုင်ခင်နှစ် တွေကလည်း ၀င်သွားကြတာ လက်တစ်ဖက်တည်းနဲ့ လက်ချိုးရေလို့ရတယ်ထင်တယ်”
“ဟုတ်တယ်။ အတွင်းစည်း၀င်ခွင့်က ကြပ်လွန်းတယ်။ အတွင်းစည်းမှာရှိတဲ့သူတွေကလည်း အတော်ဆုံးဆိုတာ တွေချည်းပဲ”
“ဟုတ်တယ် ထိပ်သီး (၃၃) ယောက်နဲ့ တခြားသူတွေနဲ့ ပေါင်းရင်တောင် တစ်ရာ မပြည့်လောက်ဘူး”
“မှန်တယ်”
ရှောင်ချိစွေ စာရွက်တစ်ရွက်ထုတ်ယူလိုက်ပြီး “ပထမ အတွင်းစည်း၀င်ခွင့် ဂိုဏ်းသား၊ ကျိုးထျန်းရှန်”
လူအုပ်ကြား၌ ထိုင်နေသော ကျိုးထျန်းရှန် မယုံကြည်နိုင်စွာ ထရပ်ရင်း သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်လေသည်။
“ကျွန်တော်လား”
“ခင်ဗျား မှားကြေငြာမိတာမဟုတ်လား”