Switch Mode

Chapter – 47

ငါ ထပ်ပြီး ဟာသမလုပ်တော့ဘူး မရယ်နဲ့

အပိုင်း (၄၇) ငါ ထပ်ပြီး ဟာသမလုပ်တော့ဘူး မရယ်နဲ့

ရှောင်ချိစွေသူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူတို့နှစ်ဦးအား နေရာယူဖို့ အချက်ပေးလိုက်သည်။

စုရှောင်ရှန် တည်တည်ငြိမ်ငြိမ်ပဲ ကြေးမီးဖိုအိုးလေးကို မိုမို့ထံပြန်ပေးလိုက်ပြီး သူတို့နှစ်ဦးအကြားရှိ အကွာအဝေးကို အကျယ်ကြီးဟလိုက်၏။

“နင်က အနီးကပ် တိုက်ခိုက်တဲ့ သူမဟုတ်ဘူးလား”

မိုမို ပြိုင်ကွင်းအစွန်းထိ နောက်ဆုတ်သွားသော စုရှောင်ရှန်ကို မယုံကြည်နိုင်စွာကြည့်ရင်းမေးလိုက်သည်။

ထို့နောက် သူမကိုယ်သူမ ပြန်လက်ညှိုးထိုးပြလိုက်ပြီး “ငါလည်း အနီးကပ်တိုက်တဲ့သူပဲလေ” ဟုဆိုလိုက်သည်။ သူမပြောချင်သည်မှာ သူတို့ အနီးကပ်တိုက်ခိုက်၍ရကြောင်း ဖြစ်၏။

စုရှောင်ရှန် အားပင်မပါသည့် ဖျော့တော့တော့ အသံဖြင့် ရယ်လိုက်သည်။ အနီးကပ်တိုက်ခိုက်တယ်ဟုတ်လား။

ငါ့ကိုလာနောက်နေတယ်။

ဓားအိမ်ကို ထုတ်ယူလိုက်ပြီး တိတ်တခိုးနာကျင်ခြင်းကို ၎င်းထဲသို့ထည့်လိုက်လေသည်။ သို့သော် တွေဝေသွားပြီး ၎င်းကို ပြန်ထုတ်လိုက်ပြီး “တကယ်က ငါက ဓားသမားတစ်ယောက်”

မိုမို တိတ်ဆိတ်သွားသည်။

“နင်က စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အပြင် အသန်မာဆုံးတွေထဲမှာတောင်ပါတယ်။ ငါ့ကို လက်ဦးမှုပေးပြီး ငါ့ဓားချက်နည်းနည်းလေး ခံကြည့်ပါလား။ ဘာလို့ဆို နင်က သန်မာတယ်လေ” စုရှောင်ရှန် မျက်နှာတည်ကြီးဖြင့် အရှက်မရှိပြောလိုက်သည်။

သူ့စကားကိုကြားလိုက်ရသည့်လူတိုင်း သူ့ကို မျက်စောင်းများထိုးလိုက်ကြသည်။ ကြည့်ပါဦး။ ဒါလူတစ်ယောက်ပြောရမယ့် စကားလား။

သူမရှက်တတ်ဘူးလား။

သို့သော် မိုမိုက ခေါင်းငြိမ့်ကာ သဘောတူလိမ့်မည်ဟု သူတို့ထင်မထားချေ။

“ရတာပေါ့”

“ဟားဟား… ကျေးဇူး ကျေးဇူး” စုရှောင်ရှန် တစ်အောင့်ကြာ ရပ်တန့်သွားပြီး ထပ်လောင်းပြောလိုက်သည်။ “ငါတို့ အကွာအဝေးကိုထပ်ခြားထားရအောင်”

ရှောင်ချိစွေ သည်းမခံနိုင်တော့ပေ။ စုရှောင်ရှန် လွန်ချေပြီ။

လက်ဝှေ့ရမ်းပြီးပြောလိုက်သည်။ “ပြိုင်ပွဲစတော့”

မိုမို သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး စုရှောင်ရှန်အား စတိုက်ရန် ဖိတ်ခေါ်လိုက်သည်။

စုရှောင်ရှန် မှင်သက်သွားသည်။ သူထင်နေသည်က သူမလည်း နောက်နေခြင်းဟူ၍ပင်။ သို့သော် သူမ ကတိတည်၏။ အလွန်ရိုးသားသော ကောင်မလေးပင်။

သူမကို သူသင်ခန်းစာပေးရပေမည်။ ဤကမ္ဘာကြီးတွင် ရိုးသားဖြောင့်မတ်သော လူများ အသက်ရှည်ရှည်မနေနိုင်ကြောင်းကို သိသွားအောင်လုပ်ပေး‌ ရပေမည်။

စုရှောင်ရှန် သူ့မျက်လုံးများကို မှိတ်လိုက်ရာ ကောင်းကင်၌ တိမ်တိုက်များ စတင်၍ စုစည်းလာခဲ့သည်။ တီးတိုးပြောသည့်ဟန်ဖြင့် တိုက်ခတ်သွားသောလေနှင့်အတူ သူ့ပတ်ပတ်လည်၌ ဖုန်မှုန့်များ စက်ဝိုင်းသဏ္ဌာန်အတွင်းကင်းစင်သွား၏။

“ဓားပိုးအိမ်စွမ်းအင်”

သူ့ အာရုံအားလုံးကို ထိုဓားတစ်ကွက်အတွင်း၌သာ အာရုံစိုက်လိုက်သည်။

ဤ အကွက်က မူလဓားပိုးအိမ်ဓားကွက်ကို အဆင့်မြှင့်ထားသော ဓားကွက်ဖြစ်သည်။ ဓားမှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်များမှာ ဓားနှစ်ချောင်းကို ထပ်ထားသည့်ဟန် ပိုင်းဖြတ်ထားသော နှစ်လွှာ နှစ်ထပ် စွမ်းအင်များမဟုတ်တော့ပဲ ပိုးအိမ်များကဲ့သို့ သုံးမျက်နှာအစုံ ပိုင်းဖြတ်ထားသော အလွှာသုံးလွှာ ပုံစံဖြစ်သည်။

အကယ်၍ သူ၏ ပြိုင်ဘက်က ကျောက်ချင်းထန်ကဲ့သို့ အရာ၀တ္ထုပစ္စည်းတစ်ခုဖြင့် နေရာလဲ၍ အခြားနေရာတစ်ခု၌ပင် ပေါ်နိုင် စေချေဦးတော့ သူ ပြန်ပေါ်လာသည်နှင့် ဤတိုက်ကွက်၏ တိုက်ခိုက်ခြင်းကို ခံရပေဦးမည်။

မိုမို၏ မျက်နှာထပ်၌ မည်သည့် ကြောက်ရွံ့နေဟန်မှ မရှိချေ။ ကြေးမီးဖိုအိုး၌ စိုက်ထားသော စန္ဒကူးသစ်သားအမွှေးတိုင် အနံ့ကို အသာအယာ ရှိုက်လိုက်သည်။

ထို့နောက် ဖြေးဖြေးချင်းသူမ၏ ဘယ်ဖက်လက်ကို ရွေ့လိုက်သည်။ ၎င်း၏ အနောက်၌ လက်ပုံရိပ်များထင်ကျန်ခဲ့လေသည်။

ချပ် ချပ်

အလွန်ရှင်းလင်းသော စူးစူးရှရှ အသံများထွက်ပေါ်လာခဲ့သည်။

ဓားစွမ်းအင်များဖြင့် သူမ၏လက် ထိလိုက်သည့်အခါတိုင်း ထိုစွမ်းအင်များ လေထဲ၌ ပျောက်သွားကြသည်။ သို့ဖြင့် ရာနှင့်ချီသော ပိုးအိမ်ဓားစွမ်းအင်များ သူမကြောင့် ပျက်ဆီးသွားလေသည်။

ဤအချင်းအရာက စုရှောင်ရှန်ကို အရုပ်ဆိုးသွားစေသည်။

‘ဘာလဲဟ…’

‘သူမက လူတောင်မဟုတ်တော့ဘူး’

‘သူလည်း ချွန်ထက်ခြင်းအလင်းတွေရှိတာလားဟ’

မိုမိုအသုံးပြုလိုက်သော စိတ်ဝိညာဉ်နည်းစနစ်ကို စုရှောင်ရှန်သိသည်။ ၎င်းက အပြင်စည်းမှ “စိတ်ဝိညာဥ် ဖမ်းခြင်းလက်”ဟု ခေါ်သည့် သာမန် စိတ်ဝိညာဉ်နည်းစနစ်တစ်ခုဖြစ်လေသည်။

သို့သော် အဘယ်ကြောင့် သူမ၏ စိတ်ဝိညာဉ်ဖမ်းခြင်းလက်၏ ကျွမ်းကျင်မှု ဤမျှ မြင့်မားရပါသနည်း။

ဘယ်လိုလုပ်တစ်စုံတစ်ယောက်၏ လက်များက အလွန်လျှင်လျှင်မြန်မြန်ဖြင့် ပုံရိပ်များကျန်အောင် ရွေ့နိုင်ရပါသနည်း။ ဓားစွမ်းအင်များအား သူမ၏ လက်ဗလာဖြင့် ဖမ်းနိုင်နေရပါသနည်း။

စိတ်ဝိညာဉ်ဖမ်းခြင်းလက်က အနီးကပ်တိုက်ခိုက်သည့် စိတ်ဝိညာဉ်နည်းစနစ်တစ်ခုဖြစ်သည်။

“ငါ့အလှည့်” မိုမို ၏ ခြေထောက်များ‌တစ်ခဏတာ တောင့်တင်းသွားပြီး ရှေ့ကို လေးကြိုးမှ ပစ်လွှတ်လိုက်သည့်မြှားအလား တိုး၀င်သွားသည်။

စုရှောင်ရှန် စိတ်ထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နေ၏။ သူမတွင် ချိတ်ပိတ်ခြင်း နည်းစနစ်ရှိလေရာ သူမနှင့် လက်သီးချင်း ယှဉ်ထိုးဖို့ကို သူစိတ်မ၀င်စားပေ။

ဓားစွမ်းအင်များ မိုမို့ထံ ထပ်၍ ပစ်လွှတ်လိုက်သည်။ သို့သော် ၎င်းတို့က သူမကို အရှိန် နှေးမသွားစေပေ။ မကြာခင် သူ့လက်တစ်ဖက်စာ အကွာအဝေးသို့ရောက်လာခဲ့၏။

ငါ့ကို ထိခိုင်းလို့မဖြစ်ဘူး။

စုရှောင်ရှန် အကြားအမြင်ကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး တိတ်တခိုးနာကျင်ခြင်းဖြင့် ပထမဦးဆုံးအကြိမ် သူ့ခေါင်းထဲ၌ ဖုန်တက်‌နေသော အနီးကပ်ဓားကွက်များကို အသုံးပြုကာချလိုက်သည်။

ချပ် ချပ်

နောက်ထပ် ထူးဆန်းသော ထိတွေ့သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့လေသည်။

မိုမိုချလိုက်သည့်အချက်တိုင်း တိတ်တခိုးနာကျင်ခြင်း အားနည်းလာတာကို သူခံစားလိုက်ရသည်။ နောက်ထပ် အနည်းငယ် ထိပ်တိုက်ရင်ဆိုင်ပြီးသော် တိတ်တခိုးနာကျင်ခြင်း မခံနိုင်‌တော့သည့်အလား ဆတ်ဆတ် တုန်ခါသွားခဲ့သည်။

ချီးပဲ

စုရှောင်ရှန်၏ မျက်နှာထက်၌ နာကျင်နေသော အမူအရာပေါ်လာခဲ့သည်။ အကယ်၍ ဤဓားဖြင့်ဆက်တိုက်ခိုက်နေပါက ၎င်း ပြန်ပြင်၍ မရအောင် ပျက်ဆီးသွားပေလိမ့်မည်။

“ရတယ်လေ။ ဒါဆိုလဲ အနီးကပ်တိုက်ခိုက်တယ်ဆိုတာ ဘာလဲဆိုတာပြ‌ရသေးတာပေါ့”

တိတ်တခိုးနာကျင်ခြင်းကို သိုလှောင်လက်စွပ်ထဲပြန်ထည့်လိုက်သည်။ ထို့နောက် တိုး၀င်လာနေသော လက်သီးချက်ကို ဘေးသို့ တိမ်းစောင်းရင်း ရှောင်လိုက်ကာ မိုမို၏ သေးသွယ်သော လက်ကောက်၀တ်ကို နွယ်များအလား လက်ချောင်းများဖြင့် ရစ်ပတ်လိုက်ရင်း မိုမို၏ ရင်ဘက်တည့်တည့်သို့ သူ့လက်သီးဖြင့် ထိုးထည့်လိုက်သည်။

ဘုန်း

အတွေ့အကြုံရှိသောသူပီပီ မိုမိုချက်ခြင်း ကြေးမီးဖိုအိုးကို သူမ၏ ရင်ဘက်အရှေ့သို့ ထားကာ ကာကွယ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်၏ လက်သီးချက်က သူမကို မီတာအနည်းငယ် လွင့်ထွက်သွားစေလိုက်၏။

“သူလုပ်လိုက်ပြီ” ပွဲကြည့်နေကြသူများ စိတ်လှုပ်တရှား ထရပ်လိုက်ကြသည်။

၎င်းက တစ်စုံတစ်ယောက် မိုမိုနှင့် လက်သီးချင်း ယှဉ်ထိုးပြီး အသာစီးရသွားခြင်းဖြစ်သည်။ ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ မိုမိုအား ညာလက်သုံးအောင် စုရှောင်ရှန် တွန်းအားပေးလိုက်ခြင်းပေ။

“စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်က တကယ် အရမ်းသန်မာတာပဲ။ တောင့်ထား စုရှောင်ရှန်”

“အသာစီးရတုန်း ဆက်လုပ်ထား။ တစ်ချက်တည်းနဲ့ ဗိုလ်ဆွဲသွားအောင်လုပ်လိုက်”

“မဟုတ်ဘူး တစ်ခုခုတော့မှားနေပြီ။ ကြည့်လိုက် စုရှောင်ရှန်ကို ကြည့်ရတာ ဆိုးဆိုးရွားရွားဖြစ်နေပုံပဲ…”

ပြိုင်ပွဲ၀င်နှစ်ဦးက ပြိုင်ကွင်းပေါ်၌ မျက်နှာခြင်းဆိုင် ရပ်နေကြခြင်းဖြစ်သည်။ သူတို့ကြားမှ အကွာအဝေး အလွန်ခြားသွားသည်။

စုရှောင်ရှန် သူ့လက်ကို အင်မတန်နာကျင် နေသည့်အလား ပွတ်လိုက်သည်။ ၎င်းက ချိတ်ပိတ်ခြင်းနည်းစနစ် ဖြစ်ကိုဖြစ်ရပေမည်။

သူတို့ထိရုံလေးသာ ထိလိုက်ခြင်းဖြစ်သည်။ တကယ်က စုရှောင်ရှန်ကိုပင် သူမ မထိုးမိလိုက်ချေ။ ထိုထိုးချက်ပြီးနောက် စုရှောင်ရှန် သူ့စိတ်ဝိညာဉ်စွမ်းအင်များ တစ်၀က်ခန့် ချိတ်ပိတ်ခံလိုက်သည်ဟု ခံစားလိုက်ရသည်။

၎င်းသာဆိုလျှင် သူဖြေသာသေးသော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားပါ ချိတ်ပိတ်ခံလိုက်ရသည်ကို သိလိုက်ရ၏။ တကယ်က သူ့လက်သီးကိုပင် ချွန်ထက်ခြင်းအလင်းနှင့် မကာနိုင်တော့ချေ။

စုရှောင်ရှန် စတင်၍ ဂနာမငြိမ်ဖြစ်လာသည်။ သူတို့ တစ်ချက်သာ ဖလှယ်ရ‌သေးလေသည်။ အကယ်၍ ဤပွဲက အခြားပွဲများကဲ့သို့ အချက် တစ်ရာ၊ တစ်ထောင်လောက်တောင် ဖလှယ်လိုက်ပါက ၎င်းမှ ချိတ်ပိတ်ခြင်းများက သူ့ကို ကူကယ်ရာမဲ့သည့် လူကြီးခန္ဓာကိုယ်နှင့် ကလေးခွန်အား ဖြစ်သွားစေပေလိမ့်မည်။

‘ကြောက်ဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီလိုပင်ကိုယ်ဓာတ်စွမ်းရည်က တည်ရှိနေတာလဲဟ’ စုရှောင်ရှန် တိတ်တဆိတ် ဒူးတုန်သွားသည်။

မိုမိုလည်း သူမ၏ ညာလက်ကို ဘယ်လက်ဖြင့် ပွတ်လိုက်သည်။ စုရှောင်ရှန်၏ ချွန်ထက်ခြင်းအလင်းမှ ဖြစ်ပေါ်သွားစေသော ဒဏ်ရာများက အလွန်လျှင်မြန်သည့် နှူန်းဖြင့် ပျောက် နေ၏။

“ငါသိသားပဲ…” သူမ ‌မျက်မှောင်ကုပ်ရင်း အတွေးနက်သွားသည်။

အကယ်၍ စုရှောင်ရှန်သာ ဤသည်ကို တွေ့မြင်ပါက သူတို့နှစ်ဦး ဆင်တူလွန်းသည့်အတွက် အံ့အားသင့်သွားမည်ဖြစ်သည်။ တကယ်က သူမ၏ ပြန်ကောင်းနှုန်းက သူ့ထက်ပို၍ မြန်နေသည်ကိုပင် တွေ့လိုက်ရပေမည်။ သို့သော် သူက အကြောက်တရားတို့ဖြင့်လွှမ်းမိုး၍ တစ်ကိုယ်လုံး တုန်ရီနေသည်ဖြစ်ရာ ထိုးစစ်မဆင်ဖို့ ဆုံးဖြတ်လိုက်သည်။

“မတတ်နိုင်တော့ဘူး ဓားထုတ်သုံးရတော့မှာပဲ…”

စုရှောင်ရှန် သူ့စိတ်ထဲမှ ဖန်သားပြင်ကိုကြည့်လိုက်သည်။ သူနှင့် မိုမို ပထမ ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် ပင်ကိုယ်စွမ်းရည်ကို အဆင့်မြှင့်ရန် လိုအပ်ကြောင်းသိသွားသည်။

[ပင်ကိုယ်မှတ် : ၂၈၇၆၆]

သူ တိတ်တခိုးနာကျင်ခြင်းကို နောက်တစ်ကြိမ် ဓားအိမ်မှ ထုတ်လိုက်သည်။ ပြိုင်ကွင်းအတွင် ဓားဆန္ဒများ ပေါက်ကွဲထွက်လာပြီး ၎င်းကို တုန်ခါသွားစေလေသည်။

[ဓားထိပ်သီး(စတင်ခြင်းအဆင့်-၉)]

[ဓားထိပ်သီး(စတင်ခြင်းအဆင့်-၁၀)]

သူ့စိတ်ထဲသို့ အလွန်များပြားသော အသိအမြင်များ ၀င်လာခဲ့သည်။ စုရှောင်ရှန်ပင် သူယခု ပိုင်ဆိုင်ထားသော အသိအမြင်များဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လို့ရနိုင်သည်ဟု ခံစားနေရသည်။

သို့သော်လည်း ခေါင်းမီးတောက်အောင် စဉ်းစားပြီးသည့်နောက် လက်ရှိ အခြေအနေမှ ထွက်နိုင်ရန် နည်းလမ်းရှာမရဖြစ်သွားသည်။

“သွားပြီ…”

စုရှောင်ရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်သည်။ သူ၏ လက်က ဓားလက်ကိုင်ပေါ်၌ ခိုင်ခိုင်မြဲမြဲ ရှိနေသည်။

သူမ၏ အတွေးများကို ဖြတ်တောက်လိုက်ပြီး ပစ္စပ္ပုန်သို့ မိုမိုပြန်ရောက်လာခဲ့သည်။ စုရှောင်ရှန်သူမအား လေးနက်သည့်အကြည့်များဖြင့် ကြည့်ရင်းဆိုလိုက်၏။

“နင်က သူမတူအောင် သန်မာလွန်းတယ်”

“နင်ကောပဲ” မိုမို ညှင်ညှင်သာသာ ပြုံးလိုက်သည်။

[မြှောက်ပင့်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

သို့သော်လည်း စုရှောင်ရှန်၏ မျက်နှာ တည်ငြိမ်စဲရှိနေပြီး “ငါ ထပ်ပြီး မနောက်တော့ဘူး အတည်ချတော့မယ်”

“ငါကော တူတူပဲ”

စုရှောင်ရှန် ညှင်ညှင်သာသာ အသက်ရှိုက်ထုတ်လိုက်သည်။

[ဓားထိပ်သီး(စစ်မှန်ခြင်းအဆင့်-၁)]

… …

ပွဲကြည့်သူများ မချဘဲ စကားထပ်ပြောနေသည့် ပြိုင်ပွဲ၀င်နှစ်ကို စိတ်မရှည်စွာ ကြည့်နေကြသည်။

ထိုအခိုက်အတန့်၌ မြေငလျှင်လှုပ်ခပ်လာခဲ့ပြီး ချု့ယွင်ကွင်းပြင်နှင့် ၎င်းပေါ်ရှိ ပွဲကြည့်ခုံ တစ်သောင်းကျော်ကို တုန်ခါသွားစေလိုက်သည်။ မြေကမ္ဘာလှုပ်၍ တောင်ပြိုလေသည်။

“ဘာဖြစ်နေတာလဲ”

“ငလျှင်လှုပ်နေတာလား”

လူတိုင်း၏ မျက်နှာများ ထိတ်လန့်တုန်လှုပ်မှုများဖြင့် သွေးဆုတ်ဖြူရော်သွားသည်။ ရှောင်ချိစွေလည်း အံ့အားသင့်နေဟန်ရသည်။ လူတိုင်းကို သူ စိတ်အေးအေးထားဖို့ မပြောနိုင်ခင် သူ့နောက်ကျောမှ ဓားကောင်းကင်ယံသို့ပျံတက်သွား၏။

ရှောင်ချိစွေ တုန်လှုပ်သွားသည်။

၎င်းက သူတစ်ယောက်တည်းမဟုတ်ပေ။ သူကဲ့သို့ မည်သည်ဖြစ်ပျက်နေသည်ကို မသိသည့် ပုရိတ်သတ်ထဲမှ ဓားသမား(၂၀၀၀) ကျော်ရှိသည်။ သူတို့၏ ဓားများပြိုင်တူ အသံပေးလိုက်ကြရင်း တစ်ချောင်းပြီး တစ်ချောင်း ဓားအိမ်ထဲမှ ကိုယ့်ဟာကိုယ်ထွက်သွားပြီး ကောင်ကင်၌ ဝဲပျံနေသည်ကို တွေ့လိုက်ရ၏။

ရှင်း ရှင်း ရှင်း

မိုးပြာရောင်ကောင်းကင်အောက်၌ ဓားထောင်နှင့်ချီ၍ ပြင်းပြင်းထန်ထန် တုန်ခါနေကြ၏။ သူတို့၏ စူးစူရှရှ အသံများက လူတိုင်းကို နားအူသွားစေလိုက်သည်။

“ဒါ…” လူတိုင်း မယုံကြည်နိုင်မှုများဖြင့် ပြည့်သွားပြီး အားလုံး တစ်ပြိုင်ထဲ ပြိုင်ကွင်းပေါ်ရှိ ချောမောခန့်ညားသော ကောင်လေးကို ကြည့်လိုက်ကြသည်။

သူ့ညာဖက်လက်က ဓားလက်ကိုင်ပေါ်၌ ရှိနေပြီး သူ့ကိုယ်က အနည်းငယ် ကိုင်းညွတ်နေသည်။ သို့ဖြင့် မိုမိုအား မျက်တောင် တစ်ချက်မခတ်ပဲ ကြည့်နေလေ၏။

ဤမြင်ကွင်းကြောင့် မိုမို၏ ခေါင်းထဲ၌ အန္တရာယ်အသိပေးချက်များဖြင့် ညံသွားစေလိုက်သည်။ စုရှောင်ရှန်ထံ တောင်အောက်သို့ပြေးဆင်းသွားသော ကြားတစ်ကောင်အလား ခုန်အုပ်လိုက်၏။

“ဘုန်းးး…”

ထိုအခိုက်အတန့်၌ စုရှောင်ရှန်၏ ခန္ဓာကိုယ်မှ အင်မတန် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်ပေါက်ကွဲထွက်သွားပြီး မိုမို့ကို နောက်သို့ ပြန်လွင့်သွားစေလိုက်သည်။

သူ၏ ဓားဆန္ဒက တိမ်တိုက်များပေါ်သို့ မြင့်တက်သွားပြီး ထိုမှ ဆက်၍ အပေါ်တည့်တည့် မြင့်တက်သွား နေ၏။ အက်ကွဲရာများ တဖြေးဖြေး ပေါ်လာသော အသံနှင့်အတူ အစီအရင် တစ်စစီဖြစ်သွားသည်။

မျက်စိဖြင့်မြင်နိုင်သော နှင်းဖြူရောင် ဓားဆန္ဒက ကမ္ဘာကြီး၏ ဒုတိယ လေထုအလွှာကို ဖြတ်သန်းသွားပြီး ကောင်းကင်သို့ တည့်တည့် ပျံတက်သွား၏။

ဓားဆန္ဒမှ ဦးဆောင်၍ ထောင်နှင့်ချီသောဓားများ ဓားစမ်းချောင်းအလား စုရှောင်ရှန်၏ အထက် ကောင်းကင်၌ ဖွဲစည်းသွားပြီး သူ့ကိုဝိုင်းပတ်လိုက်ကြသည်။ ထို့နောက် မီးရှူးမီးပန်းအလား ခွဲထွက်သွားကြ၏။

မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲမှုနှင့်အတူ ဓားများ သူတို့ပိုင်ရှင်များထံ ကောင်းကင်တစ်လျှောက်ပျံသန်းပြီး ပြန်သွားကြသည်။

“ဘုရားရေ”

“စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကြီးဟ”

ရှောင်ချိစွေ၏ မျက်နှာ အလွန်ပူ‌သည့်အလားညရဲရဲနီနေချိန် သူ့တစ်ကိုယ်လုံးကတော့ အေးစက်နေခဲ့သည်။

ပြိုင်ကွင်းထဲမှ ကောင်လေး၏ ဓားဆန္ဒကြောင့်ဖြစ်ပွားသော အဖြစ်အပျက်များကို မယုံနိုင်သည့်ဟန်ဖြင့် သေသေကြီးစိုက်ကြည့်နေလေသည်။ သူ့မျက်လုံးများကို သူပင်မယုံနိုင်တော့ချေ။

စုရှောင်ရှန်၏ ဓားဆန္ဒက ချီတက်လာခဲ့သော မိုမို့ကို ပြန်လွင့်ထွက်သွားစေပြီး သူမကိုခုတ်ပိုင်းလိုက်ရာ တစ်ကိုယ်လုံး သွေးများဖြင့်ရဲရဲနီသွားပြီး အရှုပ်ထုပ်ကြီးဖြစ်သွားစေလိုက်သည်။ သို့သော် မိုမိုက ၎င်းကိုဂရုပင်မစိုက်ပါချေ။ ထိုအစား စုရှောင်ရှန်ကိုသာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။

“အဲ့တာ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒလား”

စုရှောင်ရှန် သူ့ဓားကိုချက်ခြင်းဆွဲထုတ်ပြီး ဓားဆန္ဒ၏ကြောက်မက်ဖွယ်ရာ အစွမ်းကိုထုတ်ပြလိုက်ချင်သည့် စိတ်များကို အတင်းဖိနှိပ်လိုက်ရသည်။

တစ်အောင့်ခန့်ကြာပြီးသော် သူ‌ခေါင်းအသာအယာငြိမ့်ပြလိုက်သည်။

“ဟုတ်မယ်ထင်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset