အပိုင်း (၄၅) အထင်ကြီးတာလား
“ဘာလဲဟ။ အဲ့ဒီလိုနဲ့ သူနိုင်သွားတယ်လား”
ပွဲကြည့်သူများ လုံးလုံး ကြောင်အသွားကြသည်။ အတွင်းစည်းဂိုဏ်းသားများပင် နားမလည်နိုင်ဖြစ်နေကြ၏။
၎င်းက အပြင်စည်းသမိုင်းတွင် အထူးဆန်းဆုံး၊ နားလည်ရခက်သည့် ပြိုင်ပွဲဖြစ်ပေလိမ့်မည်။
ရှုံးသွားသည့်သူက ကြောင်နေသကဲ့သို့ နိုင်သွားသည့်သူကလည်း ဘာဖြစ်သွားခဲ့မှန်းမသိချေ။
“ပထမတစ်၀က်လောက်က ကြည့်လို့လှသေးတယ်၊ ကောင်းသေးတယ်။ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေသေးတယ်။ အဲ့နောက်ပိုင်းကြဘာလို့ ဒီလို ထူးထူးဆန်းဆန်းကြီးဖြစ်သွားတာလဲ”
“မင်းမသိဘူးလား။ အဲ့တာ စုရှောင်ရှန်ကြောင့်မလို့လေ။ သူပါလိုက်ပြီဆိုတာနဲ့ ဘယ်တိုက်ပွဲက သမန်ရိုးကျ ရှိခဲ့လို့လဲ…”
“ဟားဟားဟား။ သူ့တိုက်ပွဲတိုင်းကို ငါကြည့်ဖူးတယ်။ ပြောရရင် တိုက်ပွဲတိုင်းက တစ်ခုထက် တစ်ခု ပိုပြီး ထူးဆန်းသွားတာပဲရှိတယ်”
“ဟုတ်တော့ ဟုတ်ပေမယ့်။ ဒါက အကြိုဗိုလ်လုပွဲလေ…”
အချို့က တိုက်ပွဲရလဒ်ကို မယုံကြည်နိုင်ဖြစ်နေကြပြီး အချို့က အကြိုဗိုလ်လုပွဲ ယခင်နှစ်တုန်းများကကဲ့သို့ မပြင်းထန်တော့ဘဲ ရှုပ်ရှက်ခက် ကုန်သလဲဟု စဉ်းစားနေကြ၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၆၆၄]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၂၁]
မည်သူမှ ဤပြိုင်ပွဲအပေါ် မည်သို့ မှတ်ချက်ပေးရမည် မသိ ဖြစ်နေကြသည်။ ပြိုင်ပွဲ၀င် စုရှောင်ရှန်ပင် ဤတိုက်ပွဲတစ်ခုလုံးကြောင့် ဇဝေဇဝါဖြစ်နေရ၏။
တကယ်က ဤတိုက်ပွဲတစ်ခုလုံးကို အဆုံးအဖြတ်ပေးသွားသည်မှာ မုကျစ်ရှီ၏ ကိုက်ချက်ဖြစ်လေသည်။ မဟုတ်ပါက နောက်ဆုံးရလဒ်မည်သို့ထွက်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ကြချေ။
အကယ်၍ သူမသာ အသက်စွမ်းအင်များကို လောဘကြီးမနေပါက သူမည်သို့ ပြန်လှုပ်ရှားနိုင်ပြီး သူမကို ပြိုင်ကွင်းပေါ်မှ ပစ်ချနိုင်ပါမည်နည်း။ ထို့အစား ထိုကိုက်ချက်ကြောင့် သူပြာမှုန် ဘ၀ပြောင်းသွားပေလောက်သည်။
သို့သော်လည်း ကျေနပ်သည် မကျေနပ်သည်က သူတို့အပိုင်းဖြစ်သည်။ ဖြစ်သွားသည်က ဖြစ်သွားပြီးပြီဖြစ်၏။
စုရှောင်ရှန် ခါးမတ်လိုက်ပြီး ပုရိသတ်များကို တစ်လျှောက်လုံး လက်ပြသွားလိုက်၏။ သူ့ကို သံသယ၀င်နေကြသော်လည်း ရလိုက်သော ပင်ကိုယ်မှတ်များကြောင့် ၎င်းတို့ကိုလစ်လျူရှူပြီး ပျော်ပျော်နေလိုက်သည်။
အလွန်ကောင်းပေသည်။
နားနေဆောင်အတွင်းသို့၀င်လိုက်သောအခါ အပြင်ဘက်မှ ပင်ကိုယ်မှတ်များတက်မလာတော့ပေ။ သို့သော် အတွင်းမှ ပင်ကိုယ်မှတ်များတော့ ဆက်ရလာနေ၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂]
“…”
စုရှောင်ရှန် နေရာတွင် သေသေကြီးရပ်နေသော ဆေးအကူနှစ်ဦးကိုကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ သို့သော် သူ့အပြုံးက ထူးဆန်းနေ၏။ အနိုင်ဖြင့်ရှေ့သို့ ဆက်လျှောက်လိုက်ပြီး ပဟေဠိမှတ်များကို နောက်၌ ချန်ထားခဲ့လိုက်သည်။
ထို့နောက် ပင်ကိုယ်စွမ်းရည်များကြောင့် နောက်ဆုံးဗိုလ်လုပွဲသို့ ၀င်သွားသော စုရှောင်ရှန် နားနေဆောင်၌ ကိုယ်လက်သန့်ရှင်းပြီး သွေးများ၊ အညစ်အညေးများပေနေသော အ၀တ်ကို သန့်ရှင်းသောအ၀တ်ဖြင့်လဲလိုက်ကာ ထိုင်ခုံပေါ်သွားထိုင်လိုက်သည်။
နောက် စိတ်ဝိညာဉ်သလင်းကျောက်တုံး တစ်တုံးကိုထုတ်ယူပြီး စုရှောင်ရှန် ရှိုက်လိုက်ကာ သူတို့တိုက်ပွဲကို ပြန်ဆင်ခြင်ကြည့်လိုက်သည်။ မုကျစ်ရှီ တကယ် အစွမ်းထက်သည်ဟု သူ၀န်ခံရပေမည်။
ဤကောင်မလေးက သူ့အမြင်ကို ချဲ့ပေးလိုက်လေသည်။ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူများ၏ စွမ်းပကားကို သူလုံးလုံးကြီး အထင်ကြီးမိသွားသည်။
“ကျောက်ချင်းထန်ရယ်၊ မုကျစ်ရှီရယ်…”
“အင်း… ကျိုးထျန်းရှန်ကိုလည်း ချန်ထားလို့မဖြစ်ဘူး”
စစ်မှန်ခြင်းနယ်ပယ်သို့ သူရောက်ပြီးနောက် သူမည်မျှ အစွမ်းထက်လာမည်နည်းကို စိတ်လှုပ်ရှားသွား၏။ သူ့အတွေးကတော့ ပင်ကိုယ်စွမ်းရည်များ ကြောင့် ကန့်သတ်ခြင်းခံရမည် မဟုတ်တော့ဘဲ အခြားသူ့ကိုယ်ပိုင်စွမ်းရည်များဖြင့် တောက်ပနိုင်လိမ့်မည် ဟူ၍ဖြစ်သည်။
“ဒါပေမယ့် စဉ်းစားကြည့်ရင် ငါကန့်သတ်ခံရတယ်ဆိုတာကလည်း အချိန်လုံလုံလောက်လောက်မရှိတော့ ငါဘက်စုံ အသုံး၀င်တဲ့ ပင်ကိုယ်စွမ်းရည်တွေ မရှိလို့လည်းပါတယ်”
သူ့မျက်လုံးများမှေးသွားပြီး ပင်ကိုယ်စွမ်းရည်စနစ် ရရှိလိုက်သည်မှာ အချိန် တစ်ခဏတာသာရှိသေးကြောင်း သတိရသွားသည်။
ပင်ကိုယ်မှတ်များအား တစ်ချိန်လုံး အရူးအမူး ရအောင်ရှာခဲ့သော်လည်း ယခုထိတိုင် ဗိုလ်လုပွဲရောက်သည်အထိ ပင်ကိုယ်စွမ်းရည် (၆) ခုလောက်သာ ရရှိသေးလေသည်။ ၎င်းပင်လျှင် အလွန် ခဲယဉ်းနေပေပြီ။
သူ့ကျင့်ကြံခြင်းနယ်ပယ်နှင့် ပင်ကိုယ်စွမ်းရည်ပမာဏ အချိန်နဲ့အမျှ တဖြေးဖြေး မြင့်တက်သွားမည်ဖြစ်လေသည်။ ထို့ကြောင့် မည်သည့်ပင်ကိုယ်ဓာတ်စွမ်းအင်မှ မရလျှင်တောင် အဆင်ပြေသေး၏။
“ဟုတ်တယ်။ သဘာ၀ကျတယ်” စုရှောင်ရှန် ပြင်းပြင်းထန်ထန် ခေါင်းကို ဆတ်ကတည်း ငြိမ့်လိုက်၏။
နံရံအစွန်း၌ ဆေးအကူနှစ်ဦး၏ ခေါင်းများထွက်လာကြပြီး နှစ်ကိုယ်ကြား တီးတိုးပြောလိုက်ကြသည်။ “သူ ထပ်ဖောက်နေပြန်ပြီ…”
စုရှောင်ရှန် ဤအချင်းအရာ ကြောင့် သူရယ်ရမလို ဒေါသထွက်ရမလိုဖြစ်သွားလေသည်။
“ဟမ့်…”
စုရှောင်ရှန် စိတ်ဝိညာဉ်ကျင့်ကြံခြင်း ဆေးတစ်လုံးကိုထုတ်ယူပြီး ခပ်ပြင်းပြင်းရှိုက်လိုက်ရာ သူ့ဒဏ်ရာများ အလျှင်အမြန် ပြန်သက်သာသွား၏။
ထိုအခိုက်အတန့်၌ မိုမို၏ တိုက်ပွဲအား ထွက်ကြည့်ချင်ပါသော်လည်း မုကျန်းရှီကြောင့်ရလိုက်သော ဒဏ်ရာများက ပြင်းထန်လေရာ လက်လျော့လိုက်ရသည်။
ထာ၀ရအသက်စွမ်းအင်က သူ့ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသပေးနိုင်သော်ငြား ၎င်းက အချိန်လိုသေးလေသည်။ သို့ဖြင့် သူ့မျက်လုံးများကိုမှိတ်လိုက်ပြီးအပြင်လောကကြီးနှင့် အဆက်ဖြတ်ကာ ပြန်လည်ကောင်းမွန်ရေးကိုသာ အားစိုက်ထုတ်လိုက်တော့သည်။
တစ်အောင့်ကြာသော် ဆေးအကူတစ်ဦးလာပြီး သူ့ကို နှိုးလိုက်သည်။
“ငါပြိုင်ရတော့မယ့် အလှည့်ရောက်ပြီလား”
“မရောက်သေးဘူး”
ထို့သို့ပြောပြီး ထိုဆေးအကူသူ့အား စာတစ်စောင်ကမ်းလိုက်သည်။ “အကြီးအကဲကျောက်စီ စာလာတယ်”
စုရှောင်ရှန် မျက်ခုံးလှုပ်သွားသည်။ အဘယ်သို့အရေးကြီးသောကြောင့် သူ့အား စာဖြင့်ပင် ပြောကြားရပါသနည်း။
‘သဘာ၀ကျပါတယ်’
‘အကြီးအကဲကျောက်က အခု ပွဲကြည့်နေတာဆိုတော့ ဒီကို ကိုယ်တိုင်လာလို့ရမယ် မထင်ဘူး။ ဒါကြောင့်စာပို့လိုက်တာနေမယ်။ အကြီးအကဲမို့လို့လည်း သူ့စာငါ့စီကို ချောချောမွေ့မွေ့ရောက်လာတာပဲ။ မဟုတ်ရင် မရဘူး’
စာအိတ်ကိုဖွင့်ပြီးဖတ်လိုက်သည်။ အထဲ၌ စကားလုံး နှစ်ခုသာ ရှိနေလေသည်။
ချိတ်ပိတ်ခြင်း နည်းစနစ်
ဝှစ်
စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစာရွက် မီးဆွဲသွား၏။ စုရှောင်ရှန်အတွေးနက်သွားသည်။
“ချိတ်ပိတ်ခြင်း နည်းစနစ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
“ဗိုလ်လုပွဲမှာ ငါနဲ့ မိုမိုနဲ့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ဟာလား”
“နောက်ထပ်ပွဲစဉ်လည်း တစ်ပွဲပဲရှိတော့တယ်ဆိုတော့ ငါ့နောက်ပြိုင်ဘက်က မြေကြီးလက်ခတ်မလွဲ မိုမိုပဲဖြစ်ရမယ်”
“ပြောကာမှ ဘယ်သူမှ အပြင်စည်း ဂိုဏ်းတူ အမကြီးရဲ့ အစွမ်းအကုန်ကို မမြင်ဖူးကြဘူး ထင်တယ်…”
“သူမနဲ့ ချတဲ့လူတိုင်းကိုလည်း အကွက်နည်းနည်းလေးနဲ့ ပြိုင်ပွဲထဲက ပစ်ထုတ်လိုက်တော့တာပဲ။ ဒါက ဒီ’ချိတ်ပိတ်ခြင်းနည်းစနစ်’ နဲ့ တစ်ခုခုပတ်သက်နေမလားမသိဘူး”
“အဲ့တာကလည်း ပင်ကိုယ်ဓာတ်စွမ်းအင်တစ်မျိုးမျိုးပဲလားမသိဘူး”
ထိုစာက သူ့ကို အဖြေဆိုတာထက် မေးခွန်းများစွာကိုသာ ဆောင်ကျဉ်းပေးလိုက်သည်။ နောက်ဆုံးတော့ ၎င်းတို့ကို သူအဖြေရှာမနေတော့ဘဲ ခေါင်းထဲမှ ထုတ်လိုက်တော့၏။
အကယ်၍ ၎င်းက စိတ်ဝိညာဉ်စွမ်းအင်များ သုံးမရအောင် ချိတ်ပိတ်ခြင်းကဲ့သို့ အရာတစ်ခုခုနှင့် ပတ်သက်ပါက ပင်ကိုယ်စွမ်းရည်များအပေါ်သာမှီခိုသည့် သူ့အပေါ်အကျိုးသက်ရောက်မှု ပြင်းထန်လိမ့်မည်မဟုတ်ချေ။
လေလွင့်တိမ်တိုက်ဓားကွက် အဆင့်(၄) ခုမှ လွဲ၍ စိတ်ဝိညာဉ်စွမ်းအင်များကို သူမသုံးသလောက်ရှားလေသည်။ ၎င်းတို့မှာ အဆင့်(၁) ဓားပိုးအိမ်စွမ်းအင်ဓားကွက်၊ အဆင့်(၂) အဆင့်မြင့်ဓားကွက်၊ အဆင့်(၃) ဓားပြောင်းပြန်ဓားကွက်၊ အဆင့် (၄) ဓားထုတ်ဓားကွက် တို့ဖြစ်ကြသည်။
အကယ်၍ သူ့တွင် စိတ်ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားပါကလည်း စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးတစ်လုံးကို ထုတ်ယူပြီး တစ်ချက်လောက် ရှိုက်လိုက်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း စိတ်ဝိညာဉ်စွမ်းအင်များ ပြန်ပြည့်ဖြိုးလာမည်သာ။ သို့ကြောင့် စိတ်ပူရန် မလိုအပ်ပါပေ။
“ငါ့အလှည့်ရောက်ရင် ပြောလိုက်” ဆေးအကူကို သူပြောပြီး မျက်လုံးမှိတ်ကာ ဓားဆန္ဒကို အသုံးပြုလိုက်သည်။
ဆေးအကူလည်း သူပြောသည်ကို သဘောတူလိုက်ပြီး ကိုယ့်နေရာကိုယ်ပြန်သွားကာ ရေနွေးကြမ်းသောက်ရန် ပြင်လိုက်သည်။
သို့သော် ခွက်ကိုသူမထိလိုက်ခင်တွင်ပဲ ထိုရေနွေးကြမ်းခွက် တုန်ရင်လာခဲ့၏။ ၎င်းအတွင်းမှ ဓားဆန္ဒထွက်ပေါ်လာပြီး ခွက်အထဲရှိ ရေနွေးကြမ်းများကို ဖိတ်သွားစေလိုက်သည်။
ဆေးအကူနှစ်ဦး တစ်ယောက်ကို တစ်ယောက် စွံ့အစွာကြည့်လိုက်ကြသည်။
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၂]
စုရှောင်ရှန်၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတတ်သွားသည်။ ထို့နောက် ပို၍ အားစိုက်လိုက်လေရာ ရေနွေးကြမ်းခွက်များပို၍ တုန်ခါသွားတော့၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှ…]
…
ဖုန်း
ပြိုင်ကွင်းအစွန်၌ မိုမို သူမ၏ ပြိုင်ဘက်ကို လက်ဝါးတစ်ချက်ကျွေးရင်း ပြိုင်ကွင်းထဲမှ ထုတ်ပယ်လိုက်၏။ ထို့နောက် ရှောင်ချိစွေ၏ အသံကို ကြားလိုက်ရလေသည်။
လူတိုင်း မှင်သက်သွားကြသည်။ သူတို့၏ မျက်နှာများပေါ်၌ အံ့အားသင့်နေဟန်များအထင်းသားပေါ်လွင်နေပြီး တစ်ချိန်တည်း ဤရလဒ်ကို ကျိုးကြောင့်သင့်လျော်သည်ဟု တွေးလိုက်ကြ၏။
“ဘယ်လက်တစ်ဖက်တည်းနဲ့ ပြိုင်ဘက်ကို ရိုက်ထုတ်လိုက်ပြန်ပြီ။ ဂိုဏ်းတူအမမို… မကြမ်းလွန်းဘူးလား”
“ဟုတ်တယ် အကြိုဗိုလ်လုပွဲမှာတောင် အဲ့မီးဖို ကိုင်ထားတဲ့ သူ့ညာလက်ကို ထုတ်မသုံးသွားဘူး။ တကယ် အထင်ကြီးစရာကောင်းတယ်”
“စကားမစပ် အဲ့မီးဖိုအိုးက ဘာလဲသိကြလား။ ငါတစ်ခါမှ မမြင်ဖူးဘူး”
“မသိဘူး။ သူ့ ညာလက် သုံးစရာမလိုတော့အောင် အလကားကိုင်ထားတာနေမှာပါ။ ပြိုင်ဘက်ကို မျှော်လင့်ချက်ပေးတာပါ့ကွာ…”
“… သူမက တကယ် သန်မာလွန်းတယ်။ စုရှောင်ရှန် သူမကို လက်နှစ်ဖက်ထုတ်သုံးအောင် လုပ်နိုင်မလားမသိဘူး…”
ပြိုင်ကွင်းပေါ်မှ အဖြူ၀တ်မိုမို၏ ၀တ်ရုံလေထဲ၌ လူးလွင့်နေ၏။ ဆိုရသော် သူမတွင် သာမန်ထက်မပိုသော ရိုးရိုးရှင်းရှင်း မျက်နှာအချိုးအစားမျိုးရှိသည်။ သို့သော်လည်း သူမ၏ အောင်မြင်မှုများကြောင့် သူမကို လစ်လျူရှူ၍ မရချေ။
ကျန်းရှင်းရှုံ၏ မျက်နှာထက်၌ စိတ်၀င်စားဟန်ရသော အမူအရာရှိနေသည်။ ထို့နောက် ဆိုလိုက်သည်, “ဒီမိုမိုက တကယ် သန်မာတယ်။ ငါသာ သူ့လို စစ်မှန်ခြင်းနယ်ပယ်မူလနန်းတော် အစောပိုင်းမှာရှိနေရင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ထို့နောက် ခဏရပ်တန့်သွားပြီး ထပ်လောင်းပြောလိုက်သည်။ “သရေကျ ဖို့က အလွန်ဆုံးဘဲ”
လျှိုကျန်း အံ့အားသင့်သွားသည်။ ဤရိုးရှင်းသော ကောင်မလေးကိုတော့ ချီးမွမ်းပြီး မြင့်မြင့်မှန်းထားသည့်ပုံရပြီး။ စုရှောင်ရှန်နှင့် မုကျစ်ရှီပွဲတုန်းကတောင် စကားတစ်ခွန်းမှ မပြောပေ။
“ဆိုတော့ ဂိုဏ်းတူအမမိုနဲ့ ချရင် တတ်နိုင်သလောက် မြန်မြန် ပွဲသိမ်းရမှာပေါ့”
ကျန်းရှင်းရှုံခေါင်းငြိမ့်ပြီး ထိုအမေးကို ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ သူမရဲ့ တိုက်ကွက်တိုင်းက သူမ ပြိုင်ဘက်ရဲ့ ခွန်အားတွေကို လျော့ချပေးတဲ့ ထူးခြားတဲ့ သက်ရောက်မှုရှိနေသလိုပဲ။ ဘာလဲတော့မသိပေမယ့် တော်တော်ထူးဆန်းတဲ့ စွမ်းရည်လို့ပြောလို့ရတယ်”
“သူ့ ပင်ကိုယ်ဓာတ်စွမ်းလည်း ဖြစ်နိုင်တာပဲ”
“ဒါပေမယ့် မသေချာဘူး…”
လျှိုကျန်း တိတ်ဆိတ်သွားပြီး ဘာထူးခြားသည့် စွမ်းရည်ဖြစ်နိုင်သည်ကို စဉ်းစားကြည့်လိုက်သည်။
စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်သည်နှင့် များသောအားဖြင့် ကျင့်ကြံသူများ ဓာတ်ကြီး(၅)ပါးထဲမှ စွမ်းရည်များကို နိုးထကြသည်သာ။ သို့ကြောင့် ထူးဆန်းသော စွမ်းရည်နိုးထသည့် ကျင့်ကြံသူများမှာ ပိုမိုခက်ခဲသည့် ပြိုင်ဘက်များဟုပြောနိုင်လေသည်။
သို့သော် ထိုသို့ဖြစ်ရန်ကလည်း ထိုစွမ်းရည်ကို ပိုင်ဆိုင်ထားသည့်သူ ထိုစွမ်းရည်၏ အသုံးကို သိမှလည်း တော်ကာကျ ပေမည်။ မဟုတ်လျှင် ဓာတ်ကြီး(၅) ပါးထဲမှ စွမ်းရည်နိုးထလိုက်သည်က ပိုကောင်းလေသည်။
မိုမိုက ထိုသို့သော ထူးခြားသည့် ပါရမီရှင်မျိုးဖြစ်သည်။ သူမ၏ ထူးဆန်းသည့် အစွမ်းက ပြိုင်ဘက်၏ ခွန်အားကို လျော့ချနိုင်လေရာ သူမ၏ လျှင်မြန်မှုဖြင့်ဆို တိုက်ပွဲကို လျှင်လျှင်မြန်မြန် လူဦးမှု ရယူပြီး မသိမ်းနိုင်လျှင် မျှော်လင့်ချက်မဲ့ပေပြီ။
စုရှောင်ရှန်နှင့် တိုက်ပွဲကို သတိရသွားရင်း လျှိုကျန် မေးလိုက်သည်။ “အကိုရှုံ လာမဲ့ ဗိုလ်လုပွဲကို ဘယ်လို သဘောရလဲ”
“စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်တဲ့လား…”
ကျန်းရှင်းရှုံခေါင်းခါလိုက်သည်။ ထို့နောက် စုရှောင်၏ ဓားပြောင်ပြန်စီးလာသည့် အဖြစ်ကို ပြန်မြင်ယောင်မိပြီး ရယ်မောလိုက်သည်။ ထိုသို့သော လူ မည်သို့ ဗိုလ်လုပွဲသို့ ရောက်လာမှန်းကို စဉ်းစား၍ မရဖြစ်နေသည်။ ဤကောင်လေးက အများပြောကြသော ကောင်းကင်သားတော်များကဲ့သို့ ကံကောင်းမှုနှင့် လူလားဟု စဉ်းစားမိလိုက်သည်။
သူ့ခေါင်းကိုခါရမ်းလိုက်ပြီး “စုရှောင်ရှန်လား… သူ့မှာ မျှော်လင့်ချက် တစ်စွန်းတစ်စ ကလေးတောင်မရှိဘူး”