အပိုင်း (၄၄) ပင်ကိုယ် အနိုင်ရခြင်း
တိုက်ပွဲက အခြေအနေတစ်ခုအတွင်း ရှေ့ဆက်မရဘဲ ရပ်သွားသည်။
ခေါင်းပေါ်တွင် ပန်းပေါက်နေသည့် စုရှောင်ရှန်လည်း သေသေကြီးရပ်ကာ လှုပ်မရဖြစ်နေ၏။
သူ့နောက်မှ မုကျစ်ရှီကလည်း သူမ၏ နွယ်ခြေထောက်များကို သူ့ခန္ဓာကိုယ်အလယ်ပိုင်းလောက်တွင် ထိုးထည့်ထားပြီး သူမ၏ နွယ်လက်များကတော့ သူ၏ ပခုံးထက်၌ စိုက်၀င်နေ၏။ ယခုလောလောဆယ် သူမ၏ ခေါင်းကိုသာ လှုပ်ရှားနိုင်လေတော့သည်။
လူအုပ်ကြီး အံ့အားသင့်နေသောအကြည့်များအောက်၌ မုကျစ်ရှီ စုရှောင်ရှန်၏ ကိုယ်သင်းရနံ့ကို ရှူကြည့်လိုက်သည်။
အိုးးးးး
“ဒါငါရှာနေတဲ့ အရသာမျိုးပဲ” စိတ်လွတ်နေသည့် လူတစ်ယောက်အလား သူမ ညည်းလိုက်သည်။
ပွဲစကတည်းက ထိုသိပ်သည်းသော အသက်စွမ်းအင်တို့က သူမကို ဆွဲဆောင်နေခဲ့ရာ ကြိုးစားခဲ့ပြီး နောက်ဆုံးတော့ ထိုအရာကို သူမ လက်ဆုပ်လက်ကိုင်ရလိုက်ချေပြီ။
“အရသာရှိမယ့်ပုံပဲ… စားပြီနော်”
လခွမ်း
သူမပြောလိုက်သောအရာကြောင့် စုရှောင်ရှန် ကြက်သီးဖျင်းဖျင်းထသွားခဲ့သည်။ ဘာဖြစ်တော့မည်ကို မပြောနိုင်သော်လည်း သူရေးရေးလေး သိနေသည်။
မလုပ်နဲ့…
ဇွက်
မုကျစ်ရှီ ပါးစပ်ဟလိုက်ရာ တောက်ပနေသော အစွယ်လို သွားများကိုတွေ့လိုက်ရပြီး ၎င်းတို့ဖြင့် သူ၏ လည်ပင်းရှိ သွေးလွှတ်ကြောအတွင်းသို့ ကိုက်ထည့်လိုက်၏။
လူတိုင်းသူမပြုလုပ်လိုက်သည့်အရာကြောင့် တုန်လှုပ်သွားကြသည်။
“အဲ့တာဘာလုပ်နေတာလဲဟ”
“ကြီးကြပ်သူ တစ်ခုခု မလုပ်တော့ဘူးလား။ ဘာလို့ ဒီတိုင်း ရပ်ကြည့်နေတာလဲ”
ရှောင်ချိစွေ ဘာလုပ်ရမည်ကို မသိဖြစ်နေသည့်အချိန် စုရှောင်ရှန်သူ့ကို မျက်စောင်းထိုးတာကို တွေ့လိုက်ရသည်။
‘ဘာသဘောလဲဟ’
‘မင်းငါ့ကို ၀င်မစွပ်ဖက်ဖို့ပြောတာလား’
‘၀င်ကယ်ဖို့ ပြောတာလားဟ’
‘ဘာပဲဖြစ်ဖြစ်ပါ မုကျစ်ရှီလည်း သူလုပ်နေတာ သူသိလောက်ပါတယ်။ ပြီးတော့ အဲ့ကောင်လဲ တစ်စုံတစ်ယောက်က ဖိနှိပ်ပေးဖို့လိုနေတာဆိုတော့ ထားလိုက်ပါတော့’
ထိုကောင်မလေး၏ ကျေနပ်နေသည့် သူအမူရာကိုကြည့်လိုက်သည်။ ထိုအစွယ်များမှ အချိန်တိုအတွင်း အသက်စွမ်းအင်ပမာဏ အများကြီး စုပ်ယူတာကို တွေ့လိုက်ရ၏။
ကျစ် ကျစ်
ရှောင်ချိစွေ ယခုဆို စုရှောင်ရှန်လည်း သင်ခန်းစာရလောက်ပြီဟု တွေးမိပြီး ၀င်ပါရန် ဆုံးဖြတ်လိုက်သည်။
သို့သော် စုရှောင်ရှန်ကို ၀င်ကယ်ဖို့ ကြည့်လိုက်ရာ သူ့မျက်နှာပေါ်မှ အမူအရာကြောင့် မှင်သက်သွားခဲ့၏။
‘ဘာဖြစ်လို့ မင်းမျက်နှာပေါ်မှာလည်း ကျေနပ်နေတဲ့ အပြုံးကြီး ပေါ်လာတာလဲဟ’
…
စုရှောင်ရှန် မူလက အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်သည်။ မည်သူမဆို သွေးစုပ်တဲ့အရာတစ်ခုက သူတို့အား အကြောသေအောင်လုပ်လိုက်ပါက တုန်လှုပ်ကြမည်သာ။ သို့သော် မုကျစ်ရှီက သွေးဆိုသည်ထက် သူ၏ အသက်စွမ်းအင်များကိုသာ စုပ်ယူနေသည်ဖြစ်ရာ သူစိတ်ကို လျော့လိုက်သည်။
အကယ်၍ အကြောသေနေသည့်အတွက်ကြောင့်သာမဟုတ်ပါက သူလည်း သာယာမှုကြောင့် ညည်းတွား သွားလောက်သည်။
သူ့တွင်လည်း အပေါဆုံးအရာမှာ အသက်စွမ်းအင်ဖြစ်၏။
စစ်မှန်ခြင်းနယ်ပယ် အဆင့်ရှိ [အသက်စွမ်းအင်]မှာ အခြေခံအားဖြင့် မကုန်မဆုံးနိုင်ပေ။ သူဒဏ်ရာရလိုက်သည်နှင့် တစ်ပြိုင်နက် အသက်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ၎င်းတို့ကို ကုသပေးလိုက်မည်သာ။ ဆိုရလျှင် ဆေးများစား၍ ကုသခြင်းထက်ပင် ပို၍ မြန်ချေသည်။ ခံစားလို့လည်းကောင်းသည်။
သို့ဖြင့် သူ့အသက်စွမ်းအင်များ အစုပ်ယူခံရပြီးနောက် ပြန်ပြည့်လာသည်ကို ကြည့်နေရတော့၏။
ဤအသက်စွမ်းအင်များက အပြင်သို့ စိမ့်ထွက်နိုင်ခြင်းမရှိသောကြောင့်သာ။ မုကျစ်ရှီ၏ စုပ်ယူနှုန်းက အသက်စွမ်းအင်ပြန်ပြည့်နှုန်းထက်ပို၍ နှေးကွေးချေလေသည်။
ထိုအချိန် မုကျစ်ရှီလည်း တစ်စုံတစ်ခု မူမမှန်တာ သတိထားမိသွားသည်။ အဘယ်ကြောင့် ဤစုရှောင်ရှန်ဆိုသူ၏ အသက်စွမ်းအင်များက မကုန်မခမ်းနိုင်ဖြစ်နေရပါသနည်း။
သူ့နေရာတွင်သာမန်လူတစ်ယောက်ဆိုပါက ယခု အချိန်၌ အလောင်းကောင်ခြောက်ကြီးဖြစ်သွားလောက် ပေလောက်လေပြီ။ မုကျစ်ရှီလည်း တစ်ခုခုမှားနေသည်ကို သိသော်လည်း အရှိန်ပါသွားခဲ့ပြီဖြစ်ရာ ရပ်တန့်၍ မရတော့ချေ။
သူမ၏ မျက်နှာတစ်ခုလုံး အရက် အမူးလွန်သကဲ့သို့ နီမြန်းသွားသည်။ ထို့ပြင် လုံး၀လက်လွှတ်မခံနိုင်သည့်အလား စုရှောင်ရှန်၏ အသက်စွမ်းအင်များကို အားရပါးရ စုပ်ယူနေတော့၏။
သစ်သားဓာတ်ရှိသည့် မုကျစ်ရှီအတွက်တော့ ဤသို့ လန်းဆန်း၍ အဆုံးမရှိသည့် အသက်စွမ်းအင်တို့က ခုခံရအခက်ဆုံးအရာဖြစ်သည်။
ပွဲကြည့်စင်မှ အချို့လူများလည်း ဤအခြေအနေကို ရိပ်မိသွားကြသည်။ ဤသို့ဆက်စုပ်ယူနေရင် တစ်ခုခု မကောင်းတာဖြစ်သွားမည်ကို စိုးရိမ်သွားကြ၏။
“ဂိုဏ်းတူညီမမု ဘာတွေစုပ်ယူနေတာလဲဟ။ အသက်စွမ်းအင်ချည်းဘဲဆိုရင်တောင် ဘယ်သူက အဲ့လောက်များတဲ့ အသက်စွမ်းအင်တွေရှိနိုင်မှာလဲ။
အချိ့ဆိုလျှင် မုကျစ်ရှီရပ်လိုက်သည်နှင့် တစ်ပြိုင်နက် စုရှောင်ရှန် ပြာဖြစ်သွားမည်လားဟု အတွေးများဖြင့် စိုးရိမ်ထိတ်လန့်သွားကြသည်။
“နေပါဦး။ မဟုတ်သေးဘူး။ စုရှောင်ရှန် ကိုကြည့်လိုက်။ ဘာမှမဖြစ်သလိုပဲ။ တကယ်ပဲ သူ့အသက်စွမ်းအင်တွေက အဆုံးမရှိတာလားဟ…”
“ဖြစ်နိုင်ပါ့မလား။ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ် စွမ်းတယ်ဆိုတာ သိပေမယ့် ဒီလောက်ကြီးစွမ်းဖို့ကြ…”
“ဘယ်သိမလဲ မင်းဟာမင်း စစ်မှန်ခြင်းနယ်ပယ်ထိ ခန္ဓာကိုယ်ကို ကျင့်ကြံပြီး စမ်းကြည့်ပေါ့…”
တစ်စုံတစ်ယောက် ပြိုင်ကွင်းကို လက်ညှိုးထိုးပြပြီး အော်လိုက်သည်။
“ကြည့်ကြဦး စုရှောင်ရှန် လှုပ်နိုင်သွားပြီ”
စုရှောင်ရှန် အမှန်တကယ် လှုပ်နိုင်သွားခဲ့ခြင်းဖြစ်သည်။ သူ့အသက်စွမ်းအင်ကို စုပ်ယူနေသည့် မုကျစ်ရှီ အချိန်နဲ့အမျှ ပို၍ မူမမှန်လာတာကို သိလ်ိုက်ရသည်။ သူ့ခေါင်းပေါ်တွင်ရှိသော ပန်းပွင့်ပင်လျှင် ကောင်းကောင်း ဆောင်ရွက်နိုင်ခြင်းမရှိတော့ပေ။
ဤသည်ကို တိတ်တိတ်လေး ခံရင်း သူ့ခန္ဓာကိုယ် ပြန်လှုပ်ရှားနိုင်သည်အထိစောင့်နေခဲ့၏။ မကြာမှီသူ့ခေါင်း အနည်းငယ် လှုပ်နိုင်တာကို သိလိုက်ရသည်။
‘စိတ်လျော့’
‘ငါပြန်လှုပ်နိုင်တာ သူသိသွားလို့မဖြစ်ဘူး’
စုရှောင်ရှန် မျက်ထောင့်မှ ကြည့်လိုက်ရာ မုကျစ်ရှီ၏ အခြေအနေကိုမြင်လိုက်ရသည်။ သူ့မျက်နှာထက်၌ အပြုံးညစ်ညစ် တစ်ခုပေါ်လာခဲ့၏။
ချက်ခြင်း ချွန်ထက်ခြင်းအလင်းများကို သူ့ဆံပင်စီသို့ စုစည်းလိုက်သည်။ နောက်ခေါင်းကိုအနည်းငယ်လှုပ်လိုက်ရာ အနီရောင်ပန်း တိတ်တဆိတ်ပြတ်ကျသွား၏။
“ဟ… ဘာလို့ သူ့ခေါင်းပေါ်ကပန်း ကြွေကျသွားတာလဲ”
ပြိုင်ကွင်းနှင့် ပွဲကြည့်စဉ်အလှမ်းဝေးကွာသည့်အတွက် စုရှောင်ရှန်ဘာလုပ်လိုက်သည်ကို သူတို့ မမြင်လိုက်ရချေ။ လေထဲမှ ရှောင်ချိစွေပင် အဘယ်ကြောင့် ပန်းကြွေကျသွားရသနည်းကို မသိဖြစ်နေသည်။ သို့သော် မုကျစ်ရှီ တစ်ယောက် ခံရတော့မည်ဆိုတာတော့ သူတို့သိကြ၏။
ဤကောင်မလေး မူးနေပြီဆိုတာ သူတို့တွေ့နိုင်နေသည်။ သူ့လည်ပင်းထဲသို့ သွားဖြင့်စိုက်ထားရင်းမှ မျက်စိပင် မှေးသည်အထိ ပျော်ရွှင်သောအမူအရာဖြင့် အသက်စွမ်းအင်များကို ဘာကိုမှ ဂရုမစိုက်ဘဲ စုပ်ယူနေခြင်းဖြစ်လေသည်။
စုရှောင်ရှန် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြန်လှုပ်လို့ရသွားခဲ့သည်။ သို့သော် သူ့၀မ်းဗိုက်နှင့် ပုခုံးများကတော့ အထိုးစိုက်ခံနေရဆဲဖြစ်သည်။ သို့ကြောင့် လှုပ်ရှား၍ရသည်တောင် အလျင်စလို ပြန်မတိုက်ခိုက်ခြင်းဖြစ်သည်။
ချွန်ထက်ခြင်းအလင်းကို ထိုအစိတ်အပိုင်းလေးခုစီသို့ ပို့လွှတ်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်လိုက်၏။
ဇွက်
သူ့ကိုယ်အတွင်းသို့ ထိုး၀င်နေသော ထူထပ်သည့် နွယ်လေးခုချက်ခြင်းပြတ်ကျသွားခဲ့လေသည်။ ထို့နောက်ချက်ခြင်း နောက်လှည့်လိုက်ပြီး သူ့အားဖမ်းချုပ်ထားခဲ့သည့် မုကျစ်ရှီ၏လည်ပင်းကို ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
“အား။ ငါ့ကိုလွှတ်။ ငါထပ် စားချင်သေးတယ်”
မုကျစ်ရှီ အသက်စွမ်းအင်များကြောင့် ယောင်တောင်တောင်ဖြစ်နေသည်။ ထို့နောက်သူမကို လည်ပင်းညှစ်ထားသော လက်ကို ကိုက်ရန် လုပ်လိုက်သည်။ စုရှောင်ရှန် သူ၏ ဘယ်လက်ဖြင့် သူမ၏ မေးစေ့အောက်မှ အလျှင်အမြန်ဖမ်းစုပ်လိုက်ပြီး ခေါင်းကို တွန်းထားလိုက်သည်။
“အရသာရှိ… ငါ..”
“အူးးး…”
“ထပ်…” မုကျစ်ရှီ ကယောင်ကတမ်းတွေ ရေရွတ်နေလေသည်။
[တောင်းဆိုခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် “…”
‘မင်းပြောတဲ့ တောင်းဆိုတယ်ဆိုတာ ဘာသဘောလဲ စနစ်’
‘သူတစ်ချိန်လုံး စုပ်နေခဲ့တာ ငါ့သွေးကွ… ငါ့သွေးး’ (dirt joke တစ်ခုထင်ပါတယ်)
ထို့နောက် မုကျစ်ရှီ ဘာဖြစ်နေသနည်းကို မေးခွန်းထုတ်သည့်အလား ရှောင်ချိစွေကို လှည့်ကြည့်လိုက်သည်။
ရှောင်ချိစွေလည်း သူ့ကဲ့သို့ ဘာဖြစ်နေသည်ကို မသိပေ။
‘မုကျစ်ရှီ ဘာဖြစ်သွားတာလဲဟ’
‘အခြေအနေက ရုတ်တရက်ကြီး ဘယ်လို ပြောင်းပြန် ပြန်ဖြစ်သွားတာလဲ’
အသက်စွမ်းအင်စုပ်ယူနေခဲ့သည့် တစ်ယောက်က ကယောင်ကတမ်းဖြစ်နေပြီး အသက်စွမ်းအင် အစုပ်ယူခံလိုက်ရသည့်တစ်ယောက်က ဘာဖြစ်နေသည်ကို မသိဖြစ်နေသည်။
ဤသည်ကပထမဦးဆုံးအကြိမ် အသာစီးရနေသည့် တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး အခြားသူအား ‘ရော့ နင်အနိုင်ယူ’ ဟု ပြောသကဲ့သို့ ဘာမှ ပြန်မလုပ်သည်ကို တွေ့ဖူးခြင်းဖြစ်သည်။
ရှောင်ချိစွေလည်း မတတ်သာလို့ လက်ဝှေ့ရမ်းပြလိုက်၏။ “ဒီပြိုင်ပွဲပြီး…”
“နေပါဦး” မုကျစ်ရှီအသိပြန်၀င်လာပြီး ရုတ်တရက် ထအော်လိုက်သည်။ ထို့နောက် အမူး ပြေစေရန် ခေါင်းအနည်းငယ်ခါလိုက်လေသည်။
‘ဘာဖြစ် နေတာလဲဟ’
‘ဘာလို့ ငါက စုရှောင်ရှန် ထိန်းချုပ်တာခံနေရတာလဲ။ ဘာဖြစ်သွားတာလဲ’
မုကျစ်ရှီကိုကြည့်ရသည်မှာ ယခုမှ အမူးပြေလာပြီး ဘယ်အရာကိုမှ မမှတ်မိနိုင်ဖြစ်နေသည့် တစ်စုံတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ထို့နောက် စုရှောင်ရှန်ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။
“ငါ့ကိုလွှတ်”
စုရှောင်ရှန် မုကျစ်ရှီကို တစ်ခဏတာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဖြင့် သူမ၏ ပါးစပ်ကို လုံးလုံး ပိတ်လိုက်၏။
“မလွှတ်ပေးနိုင်ပါဘူး”
“ဝူးးးဝူးးးး”
“ဟီးဟီး”
“ဝူးးးးးးးး”
“ဘာပေါတာလဲ”
ဇွက်
မုကျစ်ရှီသူ့ကို ထပ်ကိုက်လိုက်သည်။
သို့ကြောင့် စုရှောင်ရှန်၏ ဘယ်လက်က မုကျစ်ရှီ၏ ဆံပင်ကို ပြောင်းကိုင်လိုက်သည်။ “နင်က ခွေလားဘာလား ခဏခဏကိုက်နေတာ”
ပြောပြီးသည်နှင့် ကွင်းအစွန်သို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။
“နင်ဘာလုပ်မလို့လဲ”
မုကျစ်ရှီ၏ မျက်နှာကလေး သွေးဆုတ်ဖြူရော်သွားသည်။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်မှလည်း နွယ်များစွာ ထွက်ပေါ်လာခဲ့၏။
စုရှောင်ရှန်၏ မျက်နှာထက်၌ ခပ်ညစ်ညစ် အပြုံးတစ်ခုပေါ်လာသည်။ ‘လာနောက်နေတာလား’
‘အခုငါ့လက်ခုပ်ထဲက ရေလိုဖြစ်နေတာကို ဒီနွယ်လေးတွေနဲ့ ဘာလုပ်တာလဲ။ ငါ့စစ်မှန်ခြင်းခန္ဓာကိုယ်ကိုအထင်သေးတာလား’
သူမ၏ လည်ပင်းကို ညှစ်ထားသော ညာလက်တွင် အားပိုထည့်လိုက်သည်။
အဟွတ် အဟွတ်
မုကျစ်ရှီ လည်ပင်းအစ်သွားရာ နွယ်ပင်များ ပျက်ဆီးသွား၏။
“မလုပ် နဲ့….”
ဘုတ်
စုရှောင်ရှန် မုကျစ်ရှီအား ကွင်းအစွန်မှ ကွင်းအောက်သို့ ဒီတိုင်း လွှတ်ချလိုက်သည်။ ထို့နောက် နောက်လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ကွင်းအလယ်ကို ပြန်သွားလိုက်၏။
ထိုသို့သွားနေရင်းမှ သူ့လည်ပင်းက တံတွေးများကို သုတ်လိုက်သည်။ အကျင့်ပါသွားပြီး ၎င်းကို နှာခေါင်းဖြင့် နမ်းကြည့်လိုက်ရာ သူ့မျက်နှာ ရှုံ့တွသွား၏။
“နံလိုက်တာ”
မုကျစ်ရှီ သူ့ကို မျက်ရည်ဝဲနေသော မျက်၀န်းများဖြင့် နာနာကျဉ်းကျဉ်းစိုက်ကြည့်နေ၏။ ပြိုင်ကွင်းပေါ်သို့ သူမ ပြန်တက်လုမတတ်ဖြစ်သွားသည်။
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှ….
ရှောင်ချိစွေ နွမ်းနယ်နေသော ဟန်ဖြင့် လက်ကိုပင် ကောင်းကောင်း မဝေ့ရမ်းနိုင်တောချေ။
“ပြိုင်ပွဲပြီးပြီ။ စုရှောင်ရှန် အနိုင်”