အပိုင်း (၄၃) စုရှောင်ရှန် ပွင့်လန်းခြင်း
လေထဲတွင်ရှိသော ရှောင်ချိစွေ မှင်သက်သွားသည်။ ပြောင်းပြန်ဓားကွက်မှာ စုရှောင်ရှန်အကောင်းဆုံး တတ်မြောက်နိုင်ခဲ့သောအရာဟု သူထင်ထားခဲ့၏။ သို့သော် သူထင်ထားသည့်အရာက ယခုမှ အစပဲရှိသေးကြောင်းကို သိရှိလိုက်ရသည်။
“သူ့ကို ဘယ်သူက ‘အရာအားလုံးကဓား’ ကို သင်ပေးလိုက်တာလဲမသိဘူး”
“ဒါပေမယ့် ထျန်းစန်စိတ်ဝိညာဉ်နန်းတော်ထဲမှာ ငါ့ထက်ဓားကိုင် ကျွမ်းကျင်တဲ့သူ ဘယ်သူရှိသေးလို့တုန်း”
“ပြီးတော့…”
“ငါ ‘အရာအားလုံးကဓား’ရဲ့နိယာမတွေကိုသိပါတယ်။ ခုဟာက ဘယ်လိုဖြစ်လို့ မုကျစ်ရှီစီကပါ ဓားဆန္ဒတွေ ထွက်ပေါ်လာတာလဲ။ ဘာတွေဖြစ်နေတာလဲ”
“သူက သက်ရှိ လူတစ်ယောက်ဆိုတာတော့ မင်းသိပါတယ်နော်”
စုရှောင်ရှန်၏ အမြင်အရပြောရသော် သက်ရှိသက်မဲ့အားလုံးက ‘အရားအားလုံးကဓား’ အတွက် သယ်ဆောင်သည့်အရာတွေဖြစ်လာနိုင်လေသည်။ သို့သော်လည်း ထို လေ့လာချက်အား ပြီးပြည့်စုံစွာ သူမလုပ်ရသေးချေ။
စုရှောင်ရှန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး မုကျစ်ရှီ တိတ်တဆိတ် စိုက်ထားခဲ့သော အစေ့များကို ဖယ်လိုက်ရာ သူမ၏ မျက်နှာကလေး သွေးဆုတ်ဖြူရော်သွားသည်။ သူမ၏ အကြံအစည်များ ပေါ်ကုန်သည်ကို သိလိုက်ရ၏။
သူတို့ပတ်ပတ်လည်ရှိ အရာအားလုံး ဆက်လက်၍ တုန်ခါနေလေသည်။ စုရှောင်ရှန်ကတော့ အလွန် တည်ငြိမ်အေးဆေးသည့် အခြေအနေတစ်ခု၌ ရှိနေ၏။ သို့ဖြင့် သူ့အား သစ်ပင်များရစ်ပတ်သွားခဲ့သည်။
လူတိုင်းစိုးရိမ်တကြီးကြည့်နေသည့်မျက်လုံးများအောက်၌ သူ၏ ဓားအိမ်ထဲမှ တိတ်တခိုးနာကျင်ခြင်း အပေါ် တိတ်တဆိတ် လက်တင်လိုက်သည်။
ထိုအခိုက်အတန့်အတွင်း သူတို့၀န်းကျင်ရှိ ဓားစွမ်းအင်များအားလုံး တစ်စစီ ပျောက်ကွယ်သွားလေသည်။
သူ့ကိုကြည့်ရသည်မှာ ကြီးထွားလာနေသည့် တောအုပ်ကြီးအောက်၌ စိတ်လုံးလုံးလျော့ကာ အရှုံးပေးလိုက်သည်နှင့်တူသည်။
လူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
“ဘာလဲဟ။ ဒါပဲလား”
“ငါလည်းသူ တစ်ကယ့်အကွက်ကြီးကြီးတစ်ခုပြင်နေတယ်ပေါ့ ထင်နေတာ။ ခုတော့ သစ်ရွက်တစ်ရွက်ကိုတောင် မခုတ်နိုင်လိုက်ဘူး”
“သူဒီလိုပဲအရှူံးပေးလိုက်တာလား။ အင်း… ပြောရရင်သူ့အတွက်လည်း ကောင်းပါတယ်လေ။ ညီမလေးမုသူ့ကို ချမ်းသာပေးလောက်ပါတယ်….”
မုကျစ်ရှီ က ချမ်းသာပေးမယ်ဟုတ်လား။
ဘယ်လို မရယ်ရတဲ့ ဟာသလဲမသိဘူး။
မုကျစ်ရှီလည်း စုရှောင်ရှန် ဓားပေါ်လက်တင်လိုက်သည်နှင့် တစ်စုံတစ်ခုမှားနေမှန်းသိလိုက်ရသည်။ သို့သော် ဘယ်အရာကမှားနေမှန်းကို သူမ မသိပါချေ။ ထို့ကြောင့် သူမဘက်က လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်သည်။
“ငါလာပြီနော်”
သူမ လက်ခုပ်တစ်ချက် ထပ်တီးလိုက်ရာ ကွင်းပြင်တစ်ခုလုံးရှိ သစ်ပင်များရာနှင့်ချီ စုရှောင်ရှန်ထံ တိုး၀င်သွားလိုက်ကြသည်။
ပွဲကြည့်စင်မှ ပွဲကြည့်သူအချို့ စုရှောင်ရှန် ပြားချပ်သွားသည်ကို မမြင်ချင်သည့်အတွက် မျက်လုံးများ ကာလိုက်ကြသည်။
အသံပေးရင်း သူ့ထံ လာနေသော သစ်ပင်များ၏ အောက်၌ပင် စုရှောင်ရှန် မည်သည်ကိုမှ ဂရုမပြုမိသည့်အလား ရှိနေသည်။
သူ့ဓားစွမ်းအင်များအရှိန်အဝါတစ်ခုသို့ရောက်သော် ဓားကို ဓားအိမ်ထဲမှ တစ်လက်မခန့်ထုတ်ပြီး ချက်ခြင်းဓားအိမ်ထဲပြန်ထည့်လိုက်သည်။
“သူဘာလုပ်နေတာလဲ”
“သူ့ဓားထုတ်လိုက်တာမြင်လိုက်သလားလို့”
“ဓားပြန်ထည့်လိုက်တာပါ”
သစ်ပင်များဖြင့်၀န်းရံထားခံရသည့်ကြားရှိ တွေ့ကရာ အပေါက်များမှ အထဲသို့ မြင်လိုက်ရသော လူတစ်ချို့ မှတ်ချက်များ ထပြုလိုက်ကြရာ လူတိုင်း၏ သိလိုစိတ်ကို ပြင်းပြသွားစေခဲ့သည်။
နောက်တစ်စက္ကန့်အတွင်း သစ်ပင်များအားလုံး ရပ်တန့်သွားခဲ့၏။ ထိုမှ အသံတစ်သံနှင့်အတူ မုကျစ်ရှီအား သစ်ပင်တစ်ပင် လေထဲသို့ပစ်လိုက်သည်ကိုမြင်လိုက်ကြရ၏။
လူတိုင်း နားမလည်နိုင်ဖြစ်သွားကြသည်။ ဘာဖြစ်သွားတာလဲဟ။
မုကျစ်ရှီ ရုတ်တရက် ဖောက်သွားသည်လော။
ပစ်မှတ်အား မှားပစ်လိုက်မိသည်လော။
ပွဲကြည့်စင်ထိပ်ဆုံးတန်းရှိ စုရှင်းရှင်း ကိုယ်ကို ကိုင်းညွတ်ရင်း ၎င်းကို လည်ဆန့်ပြီးကြည့်လိုက်သည်။ သူမ၏ မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုတို့နှင့် ပြည့်သွားသည်။
အခြားသူများဘာဖြစ်သွားသည်ကို မသိမည်ရှိသော်လည်း စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒဖြင့်စုရှင်းရှင်းကတော့ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရချေသည်။
စုရှောင်ရှန် ဓားအိမ်မှ တစ်လက်မခန့်ဓားထုတ်လိုက်သည့် အခိုက်အတန့်အတွင်း ဓားချက်များရာနှင့်ချီအောင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ့ထံလာနေသော သစ်ပင် အချို့ကို အပိုင်းပိုင်းဖြစ်သွားစေ၏။
အလွန် ခြောက်ခြားဖွယ်ရာ ဓားကိုင်နည်းတစ်မျိုးပင် ဖြစ်သည်။
ပထမဦးစွာ အရာအားလုံးကဓားဖြင့် ဓားဆန္ဒများကို သစ်ပင်များ၊ အစေ့အများအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ထိုဓားဆန္ဒများ ပတ်၀န်းကျင်တစ်ခုလုံးသို့ ပြန့်ထွက် ပိုင်းဖြတ်လ်ိုက်ပြီး ဓားအိမ်အတွင်းမှ သူ့ဓားစီသို့ ပြန်၀င်သွားလိုက်၏။
ထိုတစ်လက်မ ဓားထုတ်လိုက်သည့်အချိန်အတွင်း မျက်စိဖြင့်လိုက်မမှီနိုင်သော ဓားခုတ်ချက်များကို ထိုသစ်များအတွင်းရှိ ဓားဆန္ဒများမှ ထုတ်လွှတ်လိုက်ခြင်းဖြစ်လေသည်။
သို့ဖြင့် သစ်ပင်အားလုံး၏ အမြစ်များ ပြတ်ထွက်ကုန်ကြပြီး ရပ်တန့်သွားကြခြင်းဖြစ်သည်။ ဆိတ်ငြိမ်နေပြီးသည့်တစ်ခဏအတွင်း သစ်ပင်များလဲကုန်ကြကာ တစ်ခုနှင့်တစ်ခု တိုက်သွားကြသည်များပင် ရှိလေသည်။
ဘုန်း
နောက်ထပ်အလွန်ကြီးမားသော မှိုတိမ်တိုက်ကြီး ပေါ်လာခဲ့၏။
ထိုအခိုက်အတန့်၌ အပင်ပေါင်း (၁၀၀) ကျော်ရှိသော်လည်း ပေါက်ကွဲမှုအင်အားနှင့်၊ အရွယ်အစားက ယခင်တစ်ခေါက်ကလောက်ပင် မပြင်းထန်ပါချေ။
ဟူးးး
သို့မှာသာ ဓားတစ်လက်မတည်းဖြင့် ပြိုင်ကွင်းအတွင်းရှိ အပင်များအားလုံးကို စုရှောင်ရှန် ခုတ်လိုက်ကြောင်း လူတိုင် သိလိုက်ရသည်။
“ဘုရားရေ ဒါက…”
“ငါတို့စုရှောင်ရှန်စီကနေ ဘယ်လိုတောင်ကြောက်ဖို့ကောင်းတဲ့ တိုးတက်မှုတွေကို တွေ့နေရတာလဲဟ။ အဲ့ဒီဓားကွက်က ကြမ်းလွန်းတယ်”
“ဝူးဝူးဝူး… အဲ့ဓားကွက်က ငါသူ့ကို ချစ်မိသွားဖို့လုံလောက်သွားပြီ။
ကွင်းပြင်ပေါ်သို့ ကျလာသော အရွက်များအားလုံး တစ်စစီဖြစ်သွားခဲ့သည်။
စုရှောင်ရှန် သူ့ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်ပြီး ပြိုင်ကွင်းအတွင်း မားမားမတ်မတ်ရပ်လိုက်သည်။ လူတိုင်းမှင်သက်သွားသည်ကိုမြင်သော် သူဂုဏ်ယူသွားခဲ့၏။
သို့သော် သူ့ဘက်တွင်ကံကရှိမနေပေချေ။ မကြာမှီ စုရှောင်ရှန် မျက်မှောင်ကုပ်လိုက်သည်။
သူ အသုံးပြုလိုက်သော ဓားကွက်မှာ ဟာကွက်မရှိရာ ၎င်းအား သူကျေနပ်နေခဲ့သည်။ သို့သော် မုကျစ်ရှီ သူသေချာထည့်လိုက်သော ဓားဆန္ဒများအား သတိပြုမိလိုက်ချေမည် ဟုထင်မထားပါချေ။
သူ၏ ထိုဓားကွက်ကို ရှောင်ဖယ်ရန်ပင် သူမကိုယ်သ်မ အဝေးသို့ သစ်ပင်ဖြင့် ပစ်ပေါက်လိုက်လေသည်။
အဘယ်ကြောင့်နည်း။
ထိုအချိန် လေထဲ၌ရပ်နေသော မုကျစ်ရှီ၏ နှလုံးလေးမှာ တဒိတ်ဒိတ်ခုန်နေပြီး မှင်သက်နေရာမှ တဖြေးဖြေး ပြန်သတိရလာခဲ့၏။
စုရှောင်ရှန်၏ ကိုယ်အတွင်း၌ ထိုအစေ့များကိုမစိုက်မိလိုက်ပါက ယခုပွဲ၌ ၎င်းတို့ပျက်ဆီးသွားသည်ကို အာရုံခံမိမည်မဟုတ်ကာ တစ်စုံတစ်ခုမှားနေကြောင်းသိလိုက်မည်မဟုတ်ပေ။ ထိုမှ အငိုက်မိသွားလိမ့်မည်ဖြစ်ပြီး ထိုဓားကွက်အားရှောင်နိုင်မည်မဟုတ်ဘဲ သူမ အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားနိုင်သည်ဟု ကောက်ချက်ချလိုက်သည်။
‘ချီးလိုပဲ စုရှောင်ရှန်။ ငါ့ကို အဲ့လိုအရာမျိုးနဲ့ တိုက်ခိုက်ရဲတယ်…’
‘ကောင်းပြီလေ ငါလည်း တစ်ခုခုပြန်ပြရသေးတာပေါ့’
သူမ၏ အပေါ်တည့်တည့်သို့ အစေ့တစ်စေ့ ပစ်လိုက်ရာ လေထဲတွင် ချက်ခြင်းပေါက်ကွဲထွက်သွားပြီး သူမကို ရှေ့သို့ တစ်ဟုန်ထိုးတွန်းပို့လိုက်ချေ၏။
ကျောက်ချင်းထန်၏ နှုတ်ခမ်းထောင့်လှုပ်သွားသည်။ ဤကောင်မလေး အလွန်ရဲတင်းလှချေသည်။ သူ၏ ရင်ဘက်ပေါက်သွားရသည်က သိသာသည့် သက်သေပင်မဟုတ်ပေလော။
စုရှောင်ရှန်နှင့် အနီးကပ်တိုက်ပွဲ၌ ထိပ်တိုက်ရင်ဆိုင်ရဲသည့် အခြားတစ်ယောက်ကိုမြင်လိုက်ရာ လူအုပ်ကြီး မှင်သက်သွားသည်။ သူတို့အတွက်ကတော့ ၎င်းက သေချင်သည်နှင့် သိပ်၍ မခြားပေ။
စုရှောင်ရှန်၏ မျက်လုံးများတောက်ပသွားသည်။ အနီးကပ်တိုက်ပွဲပေလော။ ရေကန်အသင့် ကြာအသင့်ပေ။
စုရှောင်ရှန် သူမထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာတွင် စုစည်းလိုက်သောအားကြောင့် သူ့ခြေထောက်အောက်ရှိကြမ်းပြင်အက်ကွဲသွားခဲ့သည်။ သို့သော် မုကျစ်ရှီ၏ တန်ပြန်တိုက်ခိုက်မှုက သူ့ကို ကြောင်အသွားစေ၏။
မုကျစ်ရှီလည်း သူမ၏ လက်သီးကိုဆုပ်လိုက်ပြီး သူ့ထံ လက်းသီးတစ်ချက် ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
‘ဒီကောင်မလေး ရူးနေတာလား’
‘ငါတို့ တိုက်ခိုက်နေရင်းနဲ့ သူ့ခေါင်းကိုထိသွားတာ မဟုတ်ပါဘူးနော်’
သို့သော် တကယ့်တိုက်ပွဲတွင် သနားညှာတာမှုဆိုသည် မရှိချေ။
အကယ်၍ သူတို့၏ လက်သီးများ ဆုံသွားပါက သူမ၏ လက် သုံးစားမရသည်အထိ ဖြစ်သွားနိုင်လေသည်။ သို့သော်လည်း နည်းနည်းမှ နောက်မဆုတ်သည့်ဟန်ဖြင့် သူ့အစွမ်းအကုန်လုံးကို ထိုလက်သီးချက်ထဲထည့်လိုက်သည်။
ထင်ထားသလို အရိုးကွဲကြေသံများမကြားလိုက်ရပေ။ သူတို့၏ လက်သီးများထိတော့မည့်စဲစဲတွင် မုကျစ်ရှီ၏ လက်သီးချက် ရုတ်တရက် နွယ်ပင်များအဖြစ်သို့ ပြောင်းသွားပြီး စုရှောင်ရှန်၏ လက်သီးကို ရစ်ပတ်လိုက်ကြသည်။
ထို့နောက် လက်ဖျံ၊ ပုခုံး စသဖြင့် နောက်ဆုံး၌ တစ်ကိုယ်လုံးပင်ဖြစ်တော့သည်။
သူမ၏ တစ်ကိုယ်လုံးလည်း နွယ်ပင်များ အဖြစ်သို့ပြောင်းလဲသွားပြီး သူ့ကို လုံး၀ ရစ်ပတ်လိုက်ကြ၏။
စုရှောင်ရှန် ဂွမ်းကို ထိုးလိုက်ရသည့်အလား ခံစားလိုက်သည်။ ၎င်းက သူ့လက်သီးချက်နောက်မှ စွမ်းအင်များကိုပျက်ပြယ်သွားစေပြီး ထိုအစား သူ့လက်ကိုသာ ရစ်ပတ်လိုက်ကြသည်။
“ဟီးဟီး။ ဒီဘက်မှာ”
ရုတ်တရက် မုကျစ်ရှီ၏ အသံကို သူ့နောက်မှ ကြားလိုက်ရသော် လှည့်ကြည့်လိုက်ရာ လိပ်ပြာလွင့်မတတ် ဖြစ်သွား၏။ ယခု သူ့တစ်ကိုယ်လုံးအား ရစ်ပတ်ထားသော နွယ်များမှာ သူ့နောက်၌ လူခေါင်းပုံစံတစ်ခုအဖြစ်သို့ ပြန်ဖွဲ့စည်းသွားခြင်း ဖြစ်လေသည်။
‘မုကျစ်ရှိ”
‘သူမြွေတစ်ကောင်လားဟ’
‘ငါ့နောက်ကို သူဘယ်လိုရောက်သွားနိုင်တာလဲ’
“လွှတ်စမ်း”
စုရှောင်ရှန် သူ၏ အစွမ်းအကုန်သုံးပြီး သူမ၏ ချုပ်တည်းမှုထဲမှ ရုန်းထွက်ရန်ကြိုးစားလိုက်သော်လည်း မအောင်မြင်ချေ။
အားးး
ရုတ်တရက် သူ၏ ၀မ်းဗိုက်မှ နာကျင်သွားသည်ဟုခံစားလိုက်ရ၏။ သူငုံ့ကြည့်လိုက်ရာ သူမ၏ခြေထောက်များက ဆူးချွန်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အလယ်ပိုင်းကို ထိုးနေသည်ကို တွေ့လိုက်ရလေသည်။
“လခွမ်း။ လျှောက်… လျှောက်မလုပ်… အားးးး”
ဆူးချွန်များကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည့်အချိန် သူ၏ ပုခုံး အဆစ်ကို နွယ်တို့ လာထွင်းဖောက်သွားလေသည်။ သို့ဖြင့် ပုံခုံးဆစ်သုံးမရတော့သဖြင့်သူ့လက်များ အရုပ်ကြိုးပြတ်သည့်အလား ကျသွားသည်။ သုံးမရတော့ချေ။
“ကပ်ပါးကောင်။ ဖယ်စမ်း” စုရှောင်ရှန် သွေးဆုတ်ဖြူရော်သွားသည်။ ဤသို့သော တိုက်ခိုက်ခြင်းနည်းစနစ်မှာ အလွန်ရွံစရာကောင်းသည်ဟု ခံစားလိုက်ရ၏။
သူ့ကိုယ်၌ လှုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ခေါင်းသာကျန်တော့ကာ သူလှည့်လိုက်ပြီး ကိုက်ရန်ကြံလိုက်သော်လည်း လွဲသွားသည်။
“ငါ့ကို ကပ်ပါးကောင်လို့ပြောရဲတယ်ပေါ့… ဟင့်”
မုကျစ်ရှီ စိတ်ဆိုးသွားသည်။ သူမက နှုတ်ခမ်းဆူဆူဖြင့် ဆိုလိုက်၏။ “ရတယ်လေ ဒါဆိုလည်း ပန်းပွင့်လိုက်တော့”
ဝုဝ်
စုရှောင်ရှန်၏ ခေါင်းပေါ်၌ အနီရောင်ပန်းတစ်ပွင့်ပေါ်လာပြီး ဘယ်ညာရိမ်းသွားရာ ပုရိတ်သတ်များပွဲကျသွားကြသည်။
“ဟားးဟားးဟားးးး”
“စုရှောင်ရှန် ပွင့်သွားပြီဟေ့”
“ဘုရားရေ။ ဘာလို့ သူတို့ တစ်ချက်လေးမှ မလေးနက်ကြတာလဲ။ ဒါတိုက်ပွဲပါ။ ဟာတွေလုပ်နေကြတယ်။ ဒါပေမယ့် ဘာလို့ အရမ်းရယ်စရာကောင်း နေရတာလဲ”
လူအုပ်ကြီး ရယ်မောလိုက်ကြသည်။ တိုက်ပွဲမစခင်က စိုးရိမ်နေသော စုရှင်းရှင်းပင် ပါးစပ်ကိုအုပ်၍ ရယ်မိလိုက်၏။
လူတိုင်းရယ်နေကြချိန် စုရှောင်ရှန်ကတော့ လန့်ဖြန့်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရတော့ချေပြီ။ ထို့ကြောင့် စုရှောင်ရှန် အံ့အားသင့်သွားခဲ့ရသည်။
‘ဘယ်အချိန်က ငါ့ကိုယ်ထဲ နောက်ထပ် အစေ့တစ်စေ့ထည့်လိုက်တာလဲ’
‘ပြီးတော့ ငါ ဘာလို့ အဲ့တာကို မရှာနိုင်ဖြစ်နေတာလဲ”
‘သူဘယ်လို လုပ်လိုက်တာလဲ’
သူ့ခေါင်းပေါ်တွင် ပန်းတစ်ပွင့်ရှိနေရုံဖြင့် မကသေး ထိုပန်းကလည်း သူ့ကိုယ်တွင်းသို့ လှုပ်မရဖြစ်စေသည့် အဆိပ်များဆက်တိုက်ထိုးသွင်းနေခဲ့သည်။
ဤသို့ဆက်သွားပါက စဉ်းနှီတုန်း ပေါ်၌ သူလည်စင်းခံရပေလိမ့်မည်။
သူ့ပြိုင်ဘက်များကို ဘယ်တော့မှ အထင်မသေးရန် စိတ်ပိုင်းဖြတ်ထားလေသည်။ ယမန်နေ့ညက သူဖန်တီးလိုက်သော ဓားထုတ်ခြင်းနည်းစနစ်ကိုပင် အသုံးပြုလိုက်သေးသည်။ သို့သော် အဆုံး၌ သူ၏ ပြိုင်ဘက်က အလစ်အငိုက်တိုက်ကာ သူ့အားလှုပ်မရအောင်လုပ်သွားခဲ့သေးလေသည်။
‘နတ်ဒေဝါသကြားမစကြပါ။ ဒီမုကျစ်ရှီက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်’
…