အပိုင်း (၄၂) ခပ်ကြမ်းကြမ်း ကောင်မလေး
ထိုသို့ပြောပြီးသည်နှင့် လက်သီးဆုပ်ထားခဲ့သောလက်ဖြင့် မုကျစ်ရှီ သူ့ထံသို့ အနက်ရောင် စွမ်းအင်ကဲ့သို့ အရာ၀တ္တုများပစ်လွှတ်လိုက်သည်။
‘ဘာလဲဟ’
စုရှောင်ရှန်၏ ဓားစွမ်းအင်များ ထိုအနက်ရောင်အရာ၀တ္ထုများနှင့် ထိတိုက်သွားရာ ၎င်းတို့ပြန့်ကျဲသွားကြ၏။ သို့မှ ထိုအရာဘာဖြစ်သည်ကို စုရှောင်ရှန်သိလိုက်ရသည်။
‘အစေ့တွေလား’
‘တစ်ယောက်ယောက်က တကယ်ပဲ ထူးထူးဆန်းဆန်း အစေ့တွေသုံးပြီးချတယ်တဲ့’
စုရှောင်ရှန် နားမလည်နိုင်သည့်ဟန်ဖြင့် ကြမ်းပြင်၌ ပြန့်ကျဲသွားသော အစေ့များအားကြည့်လိုက်သည်။
‘နပေါဦး..’
‘ပင်ကိုယ်… သစ်သားဓာတ်စွမ်းအင်လား’
စုရှောင်ရှန် ဖရဲသီးခေါင်းကြီး လွင့်ထွက်လာသည့်ပွဲက အလွန်ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးကို ပြန်သတိရသွားပြီး မုကျစ်ရှီကို အလျှင်အမြန် လှည့်ကြည့်လိုက်သည်။
‘အစေ့တွေ … ရှေးဟောင်းသစ်ပင်အိုကြီး…’
တစ်စုံတစ်ခုကို အမှတ်ရလိုက်ရာ စုရှောင်ရှန်၏ မျက်ဆံများ ကျုံ့သွားခဲ့၏။
“မှန်းတာ တော်တယ်နော်”
သူတွေးနေသည့်အရာကို သိသည့်အလား မုကျစ်ရှီ ပြောလိုက်သည်။ သူမ ပြုံးလိုက်ရာ မျက်လုံးကလေးများမှေးသွားလေသည်။ ထို့နောက် လက်ခုပ်တစ်ချက်တီးလိုက်၏။
“သစ်ပင်လေး။ သူ့ကိုချ”
ဒုတ် ဒုတ်
မျက်စိတစ်မှတ်အတွင်း ရှေးဟောင်းသစ်ပင်အိုကြီး(၁၀) ပင် ပြိုင်ကွင်းကြမ်းပြင်ပေါ်မှ ပေါက်လာခဲ့ပြီး အစီအရင်ကိုပင် ထိုးဖောက်သွားမတတ် ကြီးထွားသွားလေသည်။
ဖွီးးး
လေထဲ၌ သွေးများ ပန်းထွက်လာခဲ့သည်။
စုရှောင်ရှန်၏ ခန္ဓာကိုယ်အောက်ပိုင်း တုန်ရင်သွား၏။ သစ်ပင်များက ရုတ်တရက် နေရာတွင်ပင်ထိုးထွက်လာပြီး သူ၏ အပေါ်ပိုင်းကိုဝိုင်းညှစ်လိုက်ကြရာ ကျောရိုးမကြီးပင် ကြေမွလုမတတ်ဖြစ်သွားသည်။
‘ချီး သတိတစ်ချက်လွတ်သွားတာနဲ့ ခံလိုက်ရတာပဲ…’ လေထဲတွင်ညည်းတွားလိုက်သည်။ ပြိုင်ပွဲစသည်နှင့် ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားပါချေ။
များသောအားဖြင့် လူတိုင်း ဓားတွေ၊ လှံတွေ အစရှိသည်တို့ဖြင့် တိုက်ခိုက်ကြ၏။ သို့သော် ဤကောင်မလေးကတော့ အစေ့များသုံး၍တိုက်ခိုက်ခြင်းပြုလေသည်။
‘စစ်မှန်ခြင်းနယ်ပယ် သစ်ပင်တွေ။ ချီးပဲ… အဲ့ အစွမ်းက ကြမ်းလိုက်တာဟ’
လေထဲရှိ သူ့ခန္ဓာကိုယ်အား ထိုအခြေအနေမှ ကင်းလွတ်အောင် လုပ်နိုင်လိုက်ရာဓားပျံစီးပြီး ထွက်ပြေးရန် သူ၏ ဓားကိုဆင့်ခေါ်လိုက်သည်။
သို့သော် ထူထပ်သည့် နွယ်တစ်ချောင်းက ချက်ခြင်း အပေါ်သို့ထိုးတက်လာပြီး သူ့ကို ရစ်ပတ်လိုက်သည်။ ထို့နောက် အားဖြင့် စောင့်ဆွဲချလိုက်၏။
“ချီး” ဟိုနားဒီနား သူကျိန်ဆဲလိုက်သည်။ အနီးကပ်တိုက်ခိုက်ခြင်းတွင် အားသာချက်တစ်ခုရှိသည်။ ၎င်းက အကွက်တစ်ကွက်ထဲ၀င်သွားပါက နောက်၌ ဆက်၍ ကျန်အကွက်များကို အဆက်မပြတ် ကျွေးနိုင်ခြင်းဖြစ်သည်။
သူ မတုန့်ပြန်လိုက်နိုင်ခင်မှာပဲ သူ၏အမြင်အာရုံကို အနက်ရောင်တို့ ကြီးစိုးသွား၏။
‘ဘာဖြစ်နေတာလဲဟ’
စုရှောင်ရှန် မည်သည်ကိုမှ နားမလည်နိုင်ဖြစ်သွားတော့သည်။
…
စုရှောင်ရှန် လေထဲ၌ ဆက်တိုက်ခံနေရစဉ်ဘာဖြစ်သွားသည်ကို မသိသော်လည်း ပွဲကြည့်နေကြသည့် သူများကတော့ သိကြသည်။
သူလေထဲသို့ တက်သွားသည့်တစ်ခဏ သူ့အောက်ရှိ ကြီးမားသော အစီအရင်ကြီး လုံးလုံးပြောင်းလဲသွားပြီး အလယ်တည့်တည့်၌ နေရာအလွတ်တစ်ခု ဖြစ်သွားစေလိုက်သည်။
ထို့နောက် ထူထပ်သည့် နွယ်တစ်ခုထွက်ပေါ်လာပြီး သူ့ကို ရှေးဟောင်းသစ်ပင်အိုကြီးများ၏ အစီအရင်အတွင်း သို့ စောင့်ဆွဲချလိုက်ခြင်းဖြစ်လေသည်။
‘စီစဉ်ထားတဲ့အတိုင်းပဲ’ မုကျစ်ရှီ တွေးလိုက်သည်။ သူမ၏ ကျစ်ကျစ်ဆုပ်ထားသော လက်သီးကလေးများ ပြင်းထန်စွာ တုန်ခါနေလေသည်။
ထို့နောက် အပင်များရွေ့လျားသွားပြီး တစ်ခုကိုတစ်ခု ချိုးဖျက် လိမ်ပတ်သွားကာ လှပသည့် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့လေသည်။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပွဲကြည့်နေကြသူများ၏ မျက်ခုံးများလှုပ်သွားပြီး စုရှောင်ရှန်၏ အရိုးများ တစ်ဂျွတ်ဂျွတ် ကျိုးနေသည့်အသံကို ကြားလိုက်ကြရ၏။
“ဘုရားသကြား… ဒီကောင်မလေး လွန်တယ်လို့်မထင်ဘူးလား”
“ဒီကောင်မလေး စောနကမှ နတ်သမီးလေးအလား အပြစ်ကင်းစင်ဟန်နဲ့ ပြုံးနေသေးတယ်။ အခု ချလည်းချရော နတ်ဆိုးအဖြစ်ကို ပြောင်းသွားသလိုပဲ…”
“ကျစ် ကျစ်။ ညီမလေးမု… အဲမဟုတ်ဘူး မိစ္ဆာမမု နင်ဒီလိုဆိုတာ ငါတကယ်မထင်ခဲ့ဘူး”
မီတာအနည်းငယ်ခန့် လုံးပတ်ရှိသည့် ရှေးဟောင်သစ်ပင်အိုကြီးများ တစ်ခုကိုတစ်ခု ချိုးဖျက်ရင်း၊ ရစ်ပတ်ရင်းနှင့် အလွန်ကြီးမားသောအပင်ကြီးတစ်ပင်အဖြစ်သို့ပြောင်းသွားလေသည်။ လူတိုင်းစုရှောင်ရှန်တစ်ယောက် အဆုံးသတ်သွားပြီး အပင်များကြား၌ ရေစာမြေစာဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
“ဟီးဟီး”
မုကျစ်ရှိ၏ အပြုံးပို၍ပင်တောက်ပလာခဲ့သည်။ ဤအလွန်ကြီးမားသည့် အပင်ကြီးမှာ အလွန်ချစ်စရာကောင်းသည်ဟု သူမခံစားလိုက်ရ၏။
ထို့နောက် သူမ ပြိုင်ကွင်းအစွန်းနားသို့ အပြေးလေးသွားလိုက်သည်။
“သူဘာလုပ်ချင်နေတာလဲ” လူတိုင်း ပဟေဠိ ဖြစ်သွားသည်။ ရှောင်ချိစွေ၏ မျက်ဆံများ ကျုံ့သွားခဲ့သည်။ နောက်ဘာဆက်ဖြစ်တော့မည်ဆိုတာကို သူသိသွား၏။
“ဟီး”
ကောင်မလေး၏ မျက်နှာထက်၌ ထိုတောက်ပသည့်အပြုံးရှိနေသေးပြီး လက်ခုပ်တစ်ချက် ပျော်ပျော်ကြီး တီးလိုက်သည်။ ထို့နောက် အလွန်ချစ်စဖွယ်ကောင်းသောအသံဖြင့် “ပေါက်ကွဲစမ်း” ဟုအော်လိုက်လေသည်။
ချု့ယွင်ကွင်းပြင်ရှိ ဆူညံဆူညံ ဖြစ်နေသော အသံများ ဆိတ်ငြိမ်ကျသွား၏။
ဘုနျးးးးးးးး
ကောင်းကင်ပေါ်သို့ အင်မတန်ကြီးမားသည့် မှိုသဏ္ဌာန် တိမ်တိုက်ကြီး တက်သွားခဲ့သည်။
အပင်ကြီးပေါက်ကွဲသွားသည့်အတွက် ပြိုင်ကွင်း ပေါ်တွင် ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုပေါက်ကွဲမှုက အလွန်ပြင်းထန်သည့်အတွက် အငိုက်မိသွားသော ရှောင်ချိစွေပင် ၎င်းမှ ထွက်ပေါ်လာသော လှိုင်းများနောက် ပါသွားခဲ့သည်။
သူ့ကိုယ်သူ စိတ်ဝိညာဉ်အနှစ်များဖြင့်ကာကွယ်လိုက်ပြီး လေထဲ၌ တည်ငြိမ်အောင်လုပ်လိုက်သည်။
အသက်ပြင်းပြင်းရှိုက်သံ*
လူတိုင်း ပြိုင်ကွင်းကို ပြန်ကြည့်လိုက်ကြသည်။ ၎င်း၏ အခြေအနေကိုမြင်သော်သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်နှင့် ပွဲကြည့်ရှူသူများ လေအေးများ ရှိုက်လိုက်ကြ၏။
စုရှောင်ရှန်အား ရစ်ပတ်ချည်နှောင်ထားသော အပင်ကြီးမှာ ဖုန်မှုန့်များအဖြစ်သို့ ပေါက်ကွဲသွားခဲ့ကာ အရပ်ပေါင်းစုံသို့ လှိုင်းများနှင့်အတူ လွင့်ထွက်သွားလေသည်။
သို့သော် ထိုအမှုန်များက ကြမ်းပြင်ပေါ်သို့ ကျလာသည်နှင့် အမြစ်တွယ်လိုက်ကြပြီး မြောက်မြားစွာသောအစေ့များအဖြစ်သို့ပြောင်းသွားကာ အညှောင့်များပေါက်လာခဲ့၏။
“ဟ။ သူမနဲ့ ချတဲ့လူတိုင်းကို သေအောင်သတ်ဖို့ကြံနေတာလားဟ”
“ဘုရားရေ။ ဘယ်လိုတောင် ကြမ်းတမ်းရက်စက်တဲ့ ကောင်မလေးလဲ။ စုရှောင်ရှန် ဒီတစ်ခါမသေရင်တောင် နောက် တစ်ကြိမ် တိုက်ခိုက်မှုကို ခံနိုင်ပါတော့မလား”
သူမ၏ ပေါက်ကွဲခြင်းအနုပညာကို ပြသလိုက်သော ကွင်းထဲမှ မုကျစ်ရှီရုတ်တရက်အနည်းငယ် မျက်မှောင်ကုပ်သွားသည်။
သူမ၏ သာမန်တိုက်ခိုက်မှုများဖြင့် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်အား အနိုင်မယူနိုင်သည်ကို သိသည့်အတွက် သူမ၏ အစွမ်းထက်ဆုံးအကွက်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
သူမ မည်မျှ လေးလေးနက်နက် ဤအခြေအနေကို ခံယူထားသည်ဆို စောနက ပေါက်ကွဲမှုပင် သူမကိုယ်တိုင်ကို အန္တရာယ်ပြုနိုင်လေသည်။
သို့တောင် ထိုလူ၏ ခန္ဓာကိုယ်ထဲ၌ သူမ တိတ်တဆိတ်စိုက်ထားသော အစေ့များမှ ထိုလူအသက်ရှင်နေသေးကြောင်း ခံစားလိုက်ရသည်။
‘ဘာလို့ မသေသေးတာလဲ’
‘အဲ့ဒီစုရှောင်ရှန်ဆိုတဲ့သူ ပိုးဟပ်လား ဘာလား’
စုရှောင်ရှန်၏ ကိုယ်ထဲမှ အစေ့များမှ တစ်ဆင့် စုရှောင်ရှန်၏ အသက်စွမ်းအင်များ လျှင်မြန်စွာ ပြန်ပြည့်၀လာတာကို ခံစားမိရာ သူမ၏ အမူအရာပြောင်းလဲသွား၏။
‘ကြည့်ရတာ အဲ့အကွက် သုံးကို သုံးရတော့မယ်ထင်တယ်’
မှိုသဏ္ဌာန်တိမ်တိုက်ကြီးတစ်ခုလုံး နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်အတောအတွင်း သူ့အနားသို့ မုကျစ်ရှိကပ်မလာရဲ ခဲ့ရာ ထာ၀အသက်စွမ်းအင်က သူ၏ ဒဏ်ရာများကို အတော်အသင့် ပြန်ကုသပေးလိုက်သည်။
သို့သော်လည်း သူ့တစ်ကိုယ်လုံး သွေးများဖြင့်စိုရွဲနေပြီး အရိုးများပင် အတော်များများ ကျိုးသွားခဲ့သည်။
ထို ပေါက်ကွဲမှုက လျှိုကျန်း၏ ပေါက်ကွဲမှုထက် ပို၍ သက်ရောက်မှု ပြင်းထန်လေသည်။ ကံကောင်းသည်မှာ ထိုပေါက်ကွဲမှုစတင်ဖြစ်ပွားချိန်တွင် သစ်ပင်အတွင်းပိုင်းက ဖြစ်ခြင်းမဟုတ်လို့ပေ။ မဟုတ်ပါက သူ နတ်သားစုရှောင်ရှန်ဖြစ်သွားချေလောက်၏။
‘စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူတွေက တစ်ခုခုတော့ တစ်ခုခုပဲ…’
ဦးစွာ ကျောက်ချင်းထန်၏ ရေခဲဓား၊ ယခု မုကျစ်ရှီ၏ ရှေးဟောင်းသစ်ပင်အိုကြီးများ ပေါ်လာသည်။ စုရှောင်ရှန် ဤပင်ကိုယ်ဓာတ်စွမ်းအင်များကို တကယ်လိုချင်ပေသည်။ ၎င်းတို့၏ စွမ်းပကားမှာ အလွန် ခြောက်ခြားဖွယ်ရာကောင်းလေ၏။
သူ့တွင်ဤသို့သောစွမ်းအင်များရှိပါက အနီးကပ်သော်လည်းကောင်း အဝေးမှသော်လည်းကောင်း အကွာအဝေး၏ ကန့်သတ်ချင်းကို ခံရလိမ့်မည် မဟုတ်တော့ပေ။
သူမထံတွင် မည်သည့်ဝှက်ဖဲရှိသေးသည်မသိရာ ရှေ့သို့တဟုန်ထိုး မပြေးသွားလိုက်ဘဲ နေရာတွင်ပင် ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ နှစ်ဦး တစ်ဦးနှင့် တစ်ဦး သတိကြီးကြီးထားနေလေရာ ပွဲကြည့်ရှူသူများ စိတ်မရှည်ဖြစ်လာကြ၏။
“ဒီစုရှောင်ရှန် ဘာလားဟ။ ဘာလို့ သွားမတိုက်ခိုက်တာလဲ။ အညှောင့်တွေကနေ သစ်ပင် ပြန်ဖြစ်လာအောင်လို့လား”
အပြင်ပန်း၌ သူတို့နှစ်ဦးစလုံး ရပ်တန့် နေကြဟန်ရသော်လည်း ပေါက်ကွဲမှုမှ ပြန့်ကျက်လာသည့် အစေ့များ ကွင်း အနှံ့ပြည့်နေပြီဖြစ်သည်။
မြေပြင်ခြေနေအရ မုကျစ်ရှီအသာစီးရနေသည်ဟုပင် ဆိုနိုင်လေသည်။
သစ်သားဓာတ်စွမ်းအင် အကာအကွယ်။
“စုရှောင်ရှန် ခံနိုင်ရင် ခံလိုက်စမ်း”
မုကျစ်ရှီ စတင်လှုပ်ရှားလိုက်သည်။ သူမ လက်ခုပ် တစ်ချက် ထပ်တီးလိုက်ရာ အစေ့များ အက်ကွဲသွားပြီး အပေါ်သို့ တိုးထွက်လာသော သစ်ပင်များဖြစ်သွားကြသည်။
ဒုန် ဒုန်
ကြမ်းပြင်အနှံ့မှ ရှေးဟောင်းသစ်ပင်အိုကြီးများ ထိုးထွက်လာခဲ့သည်။ ၎င်းတို့က ယခင်တစ်ခေါက်ကကဲ့သို့ သစ်ပင် ဒါဇင်ခန့်လောက်မဟုတ်ပါတော့ချေ။ အနည်းဆုံး တစ်ရာကျော်လောက်တော့ရှိသည်။ ပို၍ဆိုးသည်မှာ အပင်ရေအတွက်က ဆက်၍ များလာနေခြင်းဖြစ်သည်။
ပွဲကြည့်သူများ နောက်ဘာဆက်ဖြစ်မည်ကို မကြည့်ရဲဖြစ်သွားကြသည်။ အကယ်၍ ဤသို့သော ပမဏဖြင့်ဆိုပါက နောက်ထပ်ပေါက်ကွဲမှုဖြစ်လေလျှင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ဖြင့် စုရှောင်ရှန်ပင် ဒုက္ခိတ ဖြစ်သွားနိုင်လောက်ပေသည်။
သို့မဟုတ် ပွဲချင်းပြီး သေသွားသည်တောင်ဖြစ်နိုင်သည်။
“ဟမ်”
“အဲ့တာဘာကြီးလဲ”
“ဘာလို့ စုရှောင်ရှန် ဓားအိမ်ကြီးကိုထုတ်လိုက်တာလဲ”
လူတိုင်း သိချင်သွားကြပြီး သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
သစ်ပင်များ ကောင်းကင်ပေါ်သို့ အဆက်မပြတ်ထိုးတက်နေကြသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မျက်စိပါသည့်အလား ၎င်းတို့ အားလုံးကို စုရှောင်ရှန် ရှောင်နိုင်နေ၏။ သစ်ပင်များကြား၌ မျောက်တစ်ကောင်အလား ဟိုပင်ဒီပင် ကူးလိုက်သည်။
ထို့နောက် အလွန်ကျဉ်းမြောင်းသည့် အစေ့များမရှိသော ကြမ်းပြင်ပေါ်ရှိ နေရာတစ်ခုကို ရောက်သွားသည်နှင့် ဓားပါရှိသောဓားအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။
“သတိထား” သူဆိုလိုက်သည်။ သူ့ကိုမတိုက်ခိုက်ခင်ကလည်း မုကျစ်ရှီသတိပေးခဲ့သေးလေသည်။ စုရှောင်ရှန်လည်း ယခု ထိုသို့ ပြုမူလိုက်၏။
သူပြောပြီးသည်နှင့် ကြမ်းပြင်ပေါ်ရှိအစေ့များနှင့် သစ်ပင်ကြီးများအားလုံး ထိန်းချုပ်မှု ကင်းမဲ့သွားသည့်အလား တုန်ခါသွားခဲ့သည်။
သု့မျက်လုံးကိုမှိတ်လိုက်ရာ ယခင်နေ့က အဖြစ်အပျက်စီသို့ပြန်ရောက်သွားသည်ဟု သူခံစားလိုက်ရ၏။ ခြံဥယျာဉ်က ကျယ်လေရာ ဓားဆန္ဒ သွားချင်ရာ သွားနိုင်ပေသည်။
မုကျစ်ရှီ၏ မျက်လုံးကလေးများပြူးကျယ်သွားသည်။ ရုတ်တရက် သူမ၏ ပတ်ပတ်လည်၌ ဘယ်က ပေါ်လာသည်မသိ ဓားဆန္ဒများစွာကို ခံစားလိုက်ရသည်။
“အဲ့တာ စုရှောင်ရှန်စီကလာတာလား”
“ဒါမှမဟုတ် ကြမ်းပြင်ပေါ်က အစေ့တွေစီကလား”
“ဒါမှမဟုတ်…”
“ငါကိုယ်တိုင်စီကလား”
မုကျစ်ရှီ၏ အတွေးများ ရောက်ရက်ခက်သွားသည်။ သို့သော် သူမ၏ ခေါင်းအထက်မှ ဓားဆန္ဒများ တဖြေးဖြေးမြင့်တက်လာနေသည်ကို အမှန်တကယ် အာရုံနိုင်နေလေသည်။
“မဟုတ်မှလွဲရော ငါကိုယ်တိုင်က စုရှောင်ရှန်ရဲ့ ဓား ဖြစ်နေတာလား”
ဤသို့သော ရုးကြောင်ကြောင်အတွေးများကို စိတ်ထဲမှ ဖယ်ထုတ်ရန် ခေါင်းခါရမ်းလိုက်ရာ သူမ၏ ကျစ်ဆံမြှီးလည်း လှုပ်ခါသွား၏။