Switch Mode

Chapter – 40

ငါ နတ်ဘုရားတစ်ပါးကို တွေ့လိုက်တာလား

အပိုင်း (၄၀) ငါ နတ်ဘုရားတစ်ပါးကို တွေ့လိုက်တာလား

နောက်တစ်နေ့ မွန်းတည့်ချိန်ဖြစ်သည်။

ထျန်းစန်စိတ်ဝိညာဉ်နန်းတော်သည် နှစ်စဉ်ကျင်းပစဲဖြစ်သော လူကြိုက်မှုအများဆုံးပွဲအားကျင်းပနေလေသည်။ ယနေ့ မိုးတိမ်လေပြိုင်ပွဲအား ဗိုလ်ဆွဲမည့်သူကို အဆုံးအဖြတ်ပေးမည့်နေ့ဖြစ်သည်။

အပြင်းစည်းဂိုဏ်းသားများ အကြီးအကဲများသာမက အတွင်းစည်း ဂိုဏ်းသား အချို့လည်း ဤတိုက်ပွဲအား လာကြည့်ကြလေသည်။

လူအုပ်ကြီးမှာ စိတ်အားထက်သန်လွန်း၍ အချိန်မရွေး ပေါက်ကွဲထွက်မတတ် ဖြစ်နေတော့သည်။

စောစောစီးစီး နေရာလာဦးထားကြသော သူများ သူ့တို့အရှေ့ရှိ စိတ်ဝိညာဉ်နန်းတော်မှ နာမည်ကြီး လူများကို တွေ့လိုက်ရသည်။

ဘယ်ဘက်ခြမ်း၌ စိတ်ဝိညာဉ်အထွေအထွေရေးရာဌာန၊ စိတ်ဝိညာဉ်ဆေးဝါးဆိုင်ရာဌာန နှင့် စိတ်ဝိညာဉ်တိုက်ခိုက်ရေးရာဌာန တို့ရှိသည်။

လူအုပ်ကြား၌ ကိုယ်ထင်ပြခဲသော လူများ‌လည်းပေါ်လာကြသည်။ သူတို့မှာ အကြီးအကဲများဖြစ်ဟန်ရသော်လည်း အကြီးအကဲများမဟုတ်ပေ။

ညာဘက်ခြမ်း၌ မိုးတိမ်‌လေပြုင်ပွဲ၏ ထိပ်သီး (၁၀၀)၊ ထိပ်သီး(၁၀)၊ နှင့် ထိပ်သီး(၅) ယောက်တို့ရှိနေကြသည်။

သူတို့အားလုံးမှာ သက်ဆိုင်ရာပြိုင်ကွင်းများအတွင်း အစွမ်းကိုယ်စီပြခဲ့ကြသော ပါရမီရှင်များဖြစ်သည်။ ယခု သူတို့အားလုံး ပွဲကြည့်စင်ပေါ်သို့ ရောက်လာကာ ပြိုင်ပွဲစမည့်အချိန်ကို စောင့်နေလိုက်ကြ၏။

ယမန်နေ့‌ညကတည်းက‌ နေရာကောင်းကို လာဦးထားသည့် ဂိုဏ်းသူတစ်ဦးရှိလေသည်။ လောလောဆယ် သူမ၏ ဘယ်ဘက်၌ ကျောက်ချင်းထန်၊ ညာဘက်၌ ကျိုးထျန်းရှန်တို့ ကိုယ်စီထိုင်နေကြသည်။

သူမ၏ ရှက်သွေးဖြန်းနေသော မျက်နှာကလေးကိုကိုင်ထားရင်း ဘယ်ညာ အဆက်မပြတ်လှည့်ကာ ထိုနှစ်ယောက်အား တစ်လှည့်စီကြည့်ရင်း သတိမေ့သွားတော့သည်။

သူမ ၀န်းကျင်ရှိ ဂိုဏ်းသူများအားလုံးမှာ သူမကို အလွန်အားကျ၍ အံကြိတ်သူကကြိတ်၊ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်သူက ကြည့်ဖြစ်နေကြ၏။

“ဝိုးးး။ ကြည့်ဦးသတိလစ်သွားပြီ။ အမြန်သူ့ကို ဆေးပေးခန်းပို့ပေးလိုက်။ သူ့နေရာကို ငါဥထားပေးမယ်”

“ဘုရား ဘုရား သူတို့က ဘယ်သူတွေလဲ။ ဂိုဏ်းတူအကိုတု၊ ဂိုဏ်းတူအကိုလင်း… သူတို့အားလုံး မိုးတိမ်လေပြိုင်ပွဲ ထိပ်သီး (၁၀) ယောက်ထဲက မဟုတ်လား”

“ကြည့်လိုက် အဲ့တာ အတွင်းစည်းက … စုရှင်းရှင်းမဟုတ်လား”

“ဘယ်မှာ… ဘယ်မှာ…”

ထိုအသံက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ ထျန်းစန်စိတ်ဝိညာဉ်နန်းတော်၌ စုရှင်းရှင်းမှာ ဒဏ္ဌာရီလာ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။

ထျန်းစန်စီရင်စုရှိ စုမျိုးနွယ်စုမှ အစွမ်းအထက်ဆုံး ပါရမီရှင်လည်းဖြစ်လေသည်။ စစ်မှန်ခြင်းနယ်ပယ်သို့ အသက် (၁၃) နှစ်တွင် ရောက်ရှိခဲ့ပြီး အသက် (၁၄) နှစ်အရွယ်တွင် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကို ကျင့်ကြံနိုင်ခဲ့သည်။ ထို့ပြင် ကုန်းမြေတိုက်ကြီး၏ နာမည်ကျော်ဓား(၂၁) ချောင်းထဲမှ တစ်ချောင်းဖြစ်သည့် နှင်းမြို့တော်၏အလွမ်း ကိုလည်း ကိုင်ဆွဲထားသူဖြစ်လေသည်။ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနမှ ရှောင်ချိ‌စွေ၏ တပြည့်ရင်းလည်းဖြစ်၏။

သူမ၏ ဂုဏ်ပုဒ်များတစ်ခုချင်းစီတိုင်းက သာမန်လူများကို ထိတ်လန့်တုန်လှုပ်သွားစေရန်လုံလောက်သည်။ သို့သော် ထိုသို့သော တစ်စုံတစ်ယောက်က သူတို့အရှေ့၌ ထိုင်နေလေသည်။

စုရှင်းရှင်းက အဖြူရောင်လေ့ကျင့်ရေးတန်ဆာတပ် ၀တ်ရုံကို၀တ်ဆင်ထားသည်။ နှင်း‌နုရောင်ဓားကြီးကို သူမ၏ ပေါင်ပေါ်၌ အလျားလိုက်တင်ထားလေသည်။ လူအုပ်ကြီးအား သတိမပြုမိသည့်အလား ခြေထောက်ကလေးကို လှုပ်ကစားရင်း ‌‌သံစဉ်ညည်းနေလေသည်။

သူမဘယ်ညာ လှည့်ကြည့်လိုက်သော်လည်း သူမတွေ့ချင်သည့် အကိုလူဆိုးလေးအားမတွေ့သည့်အတွက် စိတ်ပျက်သွားပြီး နှုတ်ခမ်းဆူလိုက်၏။

“ကံဆိုးတာက စုရှင်းရှင်းအနားမှာ အမြဲရှိနေတဲ့ အတွင်းစည်းက ဂိုဏ်းတူအမကို မတွေ့ရတာပဲ”

“ဟုတ်တယ် ဂိုဏ်းတူအမယောင်က ငါ့နတ်ဘုရားမလေးပဲ။ သူမမှာ ကမ္ဘာခြားတဲ့ အလှအပရှိရုံမကဘူး အချိုးအစားကျတဲ့ ခန္ဓာကိုယ်လည်းရှိတယ်။ ဒါ့အပြင် သူမရဲ့ စွမ်းရည်တွေက ပြောစရာမလိုဘူး ထိပ်သီးပိုင်းမှာပဲ။ ခက်တာက သူ့ကို မတွေ့ရတာပဲ။ ဟူး”

“အိုး… ငါမင်းပြောနေတဲ့ သူကို တွေ့ဖူးတယ်ထင်တယ်။ အဖွဲ့လိုက်ပြိုင်ပွဲနေ့ကတောင် ပွဲလာကြည့်သေးတယ်လေ…”

“အေးပါကွာ ယုံပါတယ်။ ဂိုဏ်းတူအမယောင် အပြင်စည်းကို လာတာပေါ့။ ဖြစ်နိုင်လောက်ပါတယ်”

“ငါတကယ်တွေ့လိုက်တာဟ”

ကျစ်

အတွင်းစည်းမှ သူတို့ မှတ်မိသည့်သူများကို လက်ညှိုးထိုးပြရင်း သူတို့အကြား တီးတိုးပြောနေကြရင်း လူအုပ်ကြီး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ရှိနေလေ၏။

သူတို့အတွက်တော့ ၎င်းက ပုံမှန် မြင်နေကြမဟုတ်သည့် အရာဖြစ်သည်။ ယခင်နှစ်ကလျှင်တောင် ဤသို့မတွေ့ရချေ။

ယခုနှစ် အပြင်းစည်းအသုတ်၌ စစ်မှန်ခြင်းနယ်ပယ်ပြိုင်ပွဲ၀င်(၄)ယောက်နှင့် စုရှောင်ရှန်ကဲ့သို့ ရွက်ပုန်းသီး ပါရမီရှင်များစွာထွန်းကာလာသောကြောင့်သာ အတွင်းစည်းမှလူများ အပြင်သို့ လာကြည့်ခြင်းဖြစ်ကြပေသည်။

“ဘုရားရေ အဲ့တာ ကျန်းရှင်းရှုံ မလား။ အတွင်းစည်းထိပ်သီး (၃၃)ယောက်ထဲက တစ်ယောက်လေ။ သက်ရှိထင်ရှား ဆရာကြီးတစ်ယောက်ပေါ့”

“အတွင်းစည်းထိပ်သီး (၃၃) ယောက်ထဲက ဟုတ်လား။ ဘယ်မှာလဲ”

ထိုစကားပြောလိုက်သည့်သူ ညွှန်းသူ့ဘက်သို့ လူအုပ်ကြီး အလျှင်အမြန် လှည့်ကြည့်လိုက်ကြရာ ‌ခက်ထန်သည့် အရှိန်အဝါနှင့် လူတစ်ယောက် မလှမ်းမကမ်း၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းရှင်းရှုံမှာ မုတ်ဆိတ်မွှေးအပြည့်နှင့် အသက် (၂၇)၊ (၂၈) ရှိ အလွန်ထွားကျိုင်းသည့် လူတစ်ယောက်ဖြစ်သည်။

သူသည် ထိုင်နေသော်ငြား လူအုပ်ကြီးတစ်ခုလုံးထက် ခေါင်းတစ်လုံးပိုရှည်လေသည်။

သူက သာမန် ပါးလွှာသည့် အရောင်ဖျော့ဖျော့ လက်ပြတ်၀တ်ရုံအဟောင်းတစ်ထည်ဖြင့် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ရင်ထားသည်။

နေရောင်အောက်၌ သူ့၀တ်ရုံအောက်ရှိ ဖုထစ်ထနေသော ကြွက်သွားများကို လူတိုင်းမြင်နိုင်နေလေသည်။

“ဟ… ခန့်ညားလိုက်တာ။ တကယ့်ယောက်ျားအစစ်ဆိုတာ ဒါ‌မျိုးနေမယ်”

“ငါတော့ ချစ်မိသွားပြီ။ ချစ်မိသွားပြီ”

ဤအတွင်းစည်းမှ နာမည်ကြီးမှာ ရှေ့ဆုံးတန်း၌ ထိုင်မနေပါချေ။ ထိုအစား ပွဲကြည့်စင်၏ အလယ်လောက်၌ ထိုင်နေ၏။ သူ့ဘေးတွင် စုရှောင်ရှန်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသော လျှိုကျန်းထိုင်နေသည်။

လျှိုကျန်းလည်း ထွားကျိုင်းသည့်လူပင်။ သို့သော် ကျန်းရှင်းရှုံ၏ နံဘေး၌ ထိုင်လိုက်ရာ ကလေးသူငယ်တစ်ယောက်အလားဖြစ်သွားသည်။

“အားချောင်ကို သတ်လိုက်တဲ့ စုရှောင်ရှန်ဆိုတာ ဘယ်တစ်ယောက်လဲ” ကျန်းရှင်းရှုံမေးလိုက်သည်။

“ကျွန်တော် ရှာကြည့်မယ်…” လျှိုကျန်းရိုရိုသေသေ အကြောင်းပြန်လိုက်ရင်း နားနေဆောင်အနည်းငယ်ကို ကြည့်လိုက်၏။ ထို့နောက် ခေါင်းရမ်းလိုက်ပြီး “သူမလာသေးဘူးထင်တယ်” ဟုဆိုလိုက်သည်။

“မဆိုးဘူးပဲ။ နောက်ဆုံးမှ ဇာတ်၀င်ကမယ်။ မင်းသားပေါ့…”

ကျန်းရှင်းရှုံ့ ခပ်သဲ့သဲ့ရယ်မောလိုက်သည်။ သူ့လေသံတွင် မည်သည့်ခံစားချက်မှ မပါသော်လည်း သူ့အနီးနားမှ လူများ ထူးဆန်းသည့် တစ်စုံတစ်ခုကို ခံစားလိုက်ရကြီး တွန့်သွားကြသည်။

အားချောင်…

၎င်းက ၀မ်ချောင်နှင့် သာမန်သာ ခင်သည့်လူတစ်ယောက် ခေါ်သည့် နာမည်မျိုးမဟုတ်ချေ။

“ငါကြားတာတော့ ၀မ်ချောင်က အတွင်းစည်းက တစ်ယောက်ယောက်နဲ့ ခင်တယ်တဲ့။ အဲ့တာ ကျန်းရှင်းရှုံလားမသိဘူး”

“ဖြစ်နိုင်တယ် အဲ့လိုဆိုရင်တော့ စုရှောင်ရှန် ဒုက္ခရောက်ပြီ”

“ဘုရား ဘုရား။ စုရှောင်ရှန်ရဲ့ ပျက်သုဉ်းခြင်းကို ငါမြင်လိုက်ရသလိုပဲ…”

ထိုစကားတစ်ခွန်းက လူအုပ်ကြီးအား ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ သူတို့ ဤအခြေအနေအား တီးတိုးဆွေးနွေးလိုက်ကြ၏။

“အဲ့လိုလည်း တစ်ထစ်ချတော့ မပြောနိုင်ဘူး။ ကျန်းရှင်းရှုံက အတွင်းစည်း ထိပ်သီး (၃၃) ‌ယောက်ထဲကမှန်တယ်။ ဒီလိုလူက စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၈) ကျင့်ကြံသူတစ်ယောက်ကိုတော့ နာမည်အပျက်ခံပြီး မတိုက်ခိုက်လောက်ပါဘူး”

“ဒါပေမယ့်လည် ပစ်မှတ်ထားခံရတာလည်း ကောင်းတာမှ မဟုတ်တာ”

“မင်း အတွေးလွန်နေတာပါကွာ။ တကယ်က စုရှောင်ရှန် ဗိုလ်ဆွဲသွားရင်တောင် သူ့ကျင့်ကြံခြင်းနယ်ပယ်ကြောင့် အတွင်းစည်းကို ၀င်လို့ရချင်မှ ရမှာ”

“ပြီးတော့ မုကျစ်ရှီနဲ့ ဂိုဏ်းတူအမ မိုတို့ရှိသေးတာပဲ။ ထိပ်သီး(၃) ဦးထဲ၀င်ဖို့တောင် ရုန်းနေရမှာ”

“ဒါပေမယ့် သူ့မှာလည်း စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိတယ်လေ”

“ဆိုတော့ဘာဖြစ်လဲ။ အဲ့ဒီအရာမှာ အနာဂါတ်ရှိတယ်လို့ ထင်လို့လား။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကျင့်ကြံသူကို ငါတို့မြင်ဖူးကြပေမယ့် အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ကျင့်ကြံသူကိုရော ငါတို့ ကြားတောင် ကြားဖူးလို့လား”

လူအုပ်ကြီး ငြိမ်ကျသွားသည်။

စစ်မှန်ခြင်းနယ်ပယ်အထက်က အရှင်သခင်နယ်ပယ်ဖြစ်လေသည်။ ထိုနယ်ပယ်က ကိုယ့်ဂိုဏ်း၊ က်ိုယ့်သိုင်း‌ကျောင်းကိုယ် ထောင်ဖို့ အရည်အချင်းပြည့်မှီသည့် နယ်ပယ်လည်း ဖြစ်သည်။ စိတ်ဝိညာဉ်ကျင့်ကြံကြသူများအတွက် ထိုနယ်ပယ်သို့ရောက်ရန် မျှော်လင့်ချက် ရေးရေးလေးရှိသော်လည်း ခန္ဓာကိုယ်အားကျင့်ကြံဖို့ဆိုလျှင်တော့….

မဖြစ်နိုင်သလောက်ကိုခက်သည်။

မြင်ဖူးဖို့မပြောနှင့် တစ်ယောက်ယောက် ထိုနယ်ပယ်သို့ ရောက်သွားသည်ဟုပင်မကြားဖူးချေ။ ၎င်းက အပြောသက်သက်သာရှိသည်။

ကြီးကြပ်သူများဝိုင်း၌ဖြစ်သည်။

ရှောင်ချိစွေသူ၏ ရေနွေးကြမ်းခွက်ကို မော့ချလိုက်ရင်း ပြိုင်ကွင်းစီသို့ ပျံသွားလိုက်သော် လူတိုင်း၏ အာရုံကို ဆွဲ‌ဆောင်လိုက်၏။

“ကဲအချိန်ကျရောက်လာပြီဖြစ်တယ်။ အကြိုဗိုလ်လုပွဲ အခုစမယ်”

အစီအရင်ကျောက်စိမ်းပြားကို စိတ်ဝိညာဉ်အနှစ်များဖြင့် အသက်သွင်းလိုက်သည်။ ချက်ခြင်း အစီအရင်အထက်ရှိ ဖန်သားပြင် တောက်ပသွားပြီး အနီရောင်အစင်းများဖြင့် နာမည်နှစ်ခု ၎င်း၏ အလယ်တည့်တည့်တွင် ပေါ်လာခဲ့လေသည်။

“စုရှောင်ရှန်”

“မုကျစ်ရှီ”

ပုရိသတ်ကြီး ချက်ခြင်း ပေါက်ကွဲထွက်သွား၏။

အကြိုဗိုလ်လုပွဲ၏ ပထမပွဲစဥ်မှာ စစ်မှန်ခြင်းနယ်ပယ်စွမ်းရည်ရှိ ပြိုင်ပွဲ၀င်များ၏ ပွဲဖြစ်နေလေသည်။ ဤသို့သော တိုက်ပွဲမျိုးကို သူတို့ စောင့်နေခဲ့ခြင်းဖြစ်၏။

သူတို့ထဲမှ တစ်ယောက်မှာ စိတ်ဝိညာဉ်နန်းတော်၌ ရောက်လာသည်မှာ တစ်နှစ်သာရှိသေးသော်လည်း စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီးဖြစ်သည်။ သူမ၏ ပါရမီက စုရှင်းရှင်းနှင့်ပင် ယှဉ်နိုင်လုနီးပါးဖြစ်နေသည်။

အခြားတစ်ယောက်ကတော့ ယမန်နေ့က ကျောက်ချင်းထန်ကို အနိုင်ယူခဲ့သည့် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်သူ့ စုရှောင်ရှန်ဖြစ်သည်။ သူ့ထံတွင် စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူများနှင့် နင်လားငါလား ချနိုင်သော စွမ်းရည်ရှိသည်ကို လူတိုင်းသိပြီးဖြစ်သည်။

နားနေဆောင်၏ တံခါးများပွင့်သွားပြီး အစိမ်းဖျောဖျော့၀တ်ထားသည့် မုကျစ်ရှီထွက်ပေါ်လာခဲ့သည်။ ရင်ဆိုင်တိုက်ခိုက်ရမည့် တိုက်ပွဲကို မပူပန်သည့်အလား ပြိုင်ကွင်းစီသို့ အေးဆေးသွားလိုက်သည်။

သူမ လှမ်းလိုက်သောခြေလှမ်းတိုင်းက လူငယ်တို့၏ အာမာန်ဖြင့်ပြည့်နေလေရာ လူတိုင်းသူမကို မနှစ်သက်ပဲမနေနိုင်ပါတော့ချေ။

“ဂိုဏ်းတူ ညီမလေးမုက သူ့နာမည်နဲ့ အတော်လိုက်ဖက်တာပဲ။ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူဆိုတဲ့အတိုင်း ဘာကိုမှ ကြောင့်ကြတဲ့ပုံမပေါ်ဘူး”

စုရှောင်ရှန်၏ နားနေဆောင်ရှိရာ အခြားတစ်ဘက်သို့ လူတိုင်း လှည့်လိုက်ကြသည်။

ကျွီ

တံခါးပွင့်သွားသည်။

ဆေးအကူနှစ်ဦး သတ္တိ မွေးလိုက်ရင်း စုရှောင်ရှန်မရှိကြောင်းကို ထွက်လာပြီး အချက်ပြလိုက်သည်။

လူအုပ်ကြီး မှင်သက်သွားသည်။

“စုရှောင်ရှန်ဘယ်မှာလဲဟ။ ဒီနှစ်ယောက်က ဘာတွေလဲ”

“ဟ… အဲ့ကောင်ထပ်ပြီး ပျောက်သွားပြန်ပြီလို့‌မပြောနဲ့နော်”

“ဒီလို အရေးကြီးတဲ့နေ့တွေမှာဆို သူဘာလို့ အမြဲနောက်ကျနေရတာလဲ။ ဒါက အကြိုဗိုလ်လုပွဲပါဟ။ ငါတို့ကို စိတ်ပူအောင် တအားမလုပ်ပါနဲ့…”

“ဟေး… မင်းတို့နှစ်ယောက် စုရှောင်ရှန် ဘယ်ထွက်သွားလဲသိလား”

ဆေးအကူနှစ်ဦး ဘာမှ ပြန်မပြောနိုင်ဖြစ်နေသည်။ ‘ငါတို့ကိုမမေးနဲ့ဟ’

သူတို့လည်း နားနေဆောင်သို့ ကြို၍ စောစော ရောက်လာခဲ့၏။ သို့သော် စုရှောင်ရှန်ကတော့ ဘယ်သောအခါကမှ ရောက်မလာခဲ့ပါချေ။

သူတို့နှစ်ဦး သူ၏ ခြံသို့လူလွှတ်ပြီး ရှာခိုင်းလိုက်သေး၏။ သို့သော် ဓားရာများနှင့်ပြည့်နေသော လူမရှိသည့် ခြံကြီးကိုသာ သူတို့တွေ့လိုက်ရလေသည်။

စုရှောင်ရှန် ဘယ်ရောက်သွားတာလဲ။

ရှောင်ချိစွေ၏ မျက်နှာ အရုပ်ဆိုးသွားသည်။ သူထပ်၍ အော်ဟစ်ဆဲဆိုပစ်လိုက်ချင်သွားသည်။

ရုတ်တရက် သူ့နောက်‌ကျော၌လွယ်ထားသော ဓားတုန်ခါလာခဲ့ရာ သူခံစားမိရာတစ်ဖက်သို့ ချက်ခြင်းလှည့်ကြည့်လိုက်သည်။

ဤသည်ကို သတိပြုမိသည့် လူအုပ်ကြီးလည်း ညီညီညာညာ လှည့်ကြည့်လိုက်ကြသည်။

သူတို့ အဝေး၌ တောက်ပနေသည့်ဓားတစ်ချောင်း လာနေသည်ကို တွေ့လိုက်ရသည်။ ထိုဓားအပေါ်၌ လူတစ်ယောက်ရပ်နေပြီး သူ၏ ၀တ်ရုံစများက လေထဲ၌လူးလွင့်နေ၏။ ထိုမြင်ကွင်းအား ပုံဖော်ရသော် ဓားနတ်ဘုရားတစ်ပါး မြေကမ္ဘာသို့ဆင်းသက်လာသည့်အလား သူတို့ခံစားလိုက်ရသည်။

ထိုသန့်ရှင်း၊ ခန့်ညားသည့် အမူအရာ။ ပြောမပြနိုင်သော ခံစားချက် …

‘ဘုရားရေ။ ငါနတ်ဘုရားတစ်ပါးကို တကယ် တွေ့လိုက်ရတာလား’ ဟုတွေးမိလိုက်ကြသည်။

မဟုတ်ဘူးဟ…။

လူတိုင်းအသေအချာကြည့်လိုက်ရာ မျက်လုံးအိမ်များ စည်ပိုင်းအ၀လောက် ပြူးကျယ်သွားကြ၏။

ဟ…။

စုရှောင်ရှန်ကြီးဟ…။

Comment

Leave a Reply

Options

not work with dark mode
Reset