Switch Mode

Chapter – 38

ကျောက်ချင်းထန်ကို အရင်ကယ်ကြပါဟ

အပိုင်း (၃၈) ကျောက်ချင်းထန်ကို အရင်ကယ်ကြပါဟ

ဘုတ်

ကျောက်ချင်းထန်ဒူးထောက်ကျနေရာမှ သတိမေ့သွားပြီး ကြမ်းပြင်ကို မျက်နှာနှင့် သွားမိတ်ဆက်လိုက်သည်။

တိတ်တခိုးနာကျင်ခြင်းက သူ၏ ရင်ဘက်ကို လုံး၀ဖောက်ထွက်သွားခဲ့ခြင်းဖြစ်လေသည်။ ရင်ဘက်၌ပင် လက်သီးဆုပ်တစ်ဆုပ်စာလောက်ရှိသည့် အပေါက်ကြီးကို ချန်ထားခဲ့သည်။ ထိုမှ သွေးများအဆက်မပြတ် ရေတံခွန်အလားကျလာနေပြီး ကြမ်းပြင်ကို အနီရောင်စိုးလိုက်သည်။

“သူ့ကို ကယ်ပါဟ” လူတိုင်းကြက်သေသေနေကြသည်ကိုမြင်သော် စုရှောင်ရှန် အော်လိုက်သည်။

ရှောင်ချိစွေ လက်ဝေ့ရမ်းလိုက်ရာ ဆေးအကူအသင်းချက်ခြင်းဘဲ ပြိုင်ကွင်းထဲသို့ ပြေး၀င်သွားပြီး စုရှောင်ရှန်ရော ကျောက်ချင်းထန်ကိုပါ ဝိုင်းလိုက်ကြ၏။

စုရှောင်ရှန်သူ့ကို ဝိုင်းနေသည့် ရင်းရင်းနှီးနှီး မျက်နှာ လေးမျက်နှာကို မြင်လိုက်ရသည်။ ဒီလူတွေ အရင်ပွဲက ဖရဲသီးကြီးကိုကယ်လိုက်တဲ့ လူတွေမလား။

“ငါ့ကို မပူနဲ့။ အဆင်ပြေတယ်။ ကျောက်ချင်းထန်ကိုပဲ အရင်သွားကယ်ကြ”

ဆေးအကူများသူတို့၏ အိတ်များထဲသို့မွှေနှောက်ပြီး အပ်များ၊ ဓားများကိုထုတ်လိုက်သည်ကိုမြင်‌ရာ စုရှောင်ရှန် အလွန်စိုးရိမ်သွားပြီး အခြားတစ်ဘက်မှ ကျောက်ချင်းထန်ကို လက်ညှိုးထိုးပြလိုက်သည်။ “သူ့ရင်ဘက်ကြီးမှာ အပေါက်ကြီးဖြစ်သွားတာနော်။ ပြီးတော့သူက စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်။ သူက ပိုအရေးကြီးတယ်”

“ခင်ဗျားလည်း အရေးကြီးတာပဲ” ဆေးအကူတစ်ယောက်က ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။

သူတို့၏အလုပ်မှာ လူတွေကို ကယ်တင်ခြင်းဖြစ်သည်။ ထိုသူက ‌ကျပ်မပြည့်သည့်လူ ဖြစ်နေသည်ဆိုလျှင်ပင် ကယ်တင်ရပေမည်။

[စိုးရိမ်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၄]

သူတို့အပ်များတွင် ချည်ကြိုးထည့်လိုက်ကြသည်ကိုမြင်သော် စုရှောင်ရှန် တွေဝေသွားသည်။

လူတွေကိုကယ်တင်ခြင်းမှာ ကောင်းသောအလုပ်ဖြစ်သည်။ သို့သော် ပြဿနာက သူ့ကို ကယ်တင်ရန်မလိုအပ်ခြင်းဖြစ်သည်။

ကျောက်ချင်းထန်နှင့် တိုက်ပွဲအတွင်း သဏ္ဌာန်မဲ့ အေးခဲခြင်းနှင့် အမှောင်ရေခဲချိတ်ပိတ်ခြင်းလက်ဝါးတို့ကသာ သူ့ကို အစစ်အမှန် ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။

သို့သော် ထိုဒဏ်ရာများလည်း ပျောက်ကင်းသွားပြီဖြစ်သည်။

ဓားဆန္ဒများပါ၀င်သော နှင်းပွင့်ဖက်များက သူ့ကို ဇကာပေါက်ကဲ့သို့ ဖြစ်သွားစေခဲ့သည်မှာ မှန်သည်။ သို့သော် ၎င်းတို့မှာ အပေါ်ယံဒဏ်ရာသာဖြစ်ပြီး ဓားဆန္ဒပါ၀င်သော နှင်းပွင့်ဖက်များ သူ့ကို မတိုက်ခိုက်တော့သည့်အခိုက်တန့်တွင် ထာ၀ရအသက်စွမ်းအင်ကြောင့် ထိုဒဏ်ရာများအားပျောက်ကင်းသွားပြီးဖြစ်သည်။

ကျောက်ချင်းထန်၏ ရေခဲတုံးထဲ၌ ဖိသိပ်ခြင်းက သာမန်လူဆိုပါက ဝိညာဉ်ပါမကျန် ပြားချပ်သွားချေလောက်သည်။ သို့သော်သူက သာမန်လူမဟုတ်ပေ။ ငရဲမီးတောက်အစေ့ကိုစားထားသည့် ထာ၀ရအသက်စွမ်းအင်နှင့် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိသူတစ်ယောက်ဖြစ်သည်။

ဆိုရသော် အမှောင်ရေခဲချိတ်ပိတ်ခြင်းလက်ဝါးက သဏ္ဌာန်မဲ့အေးခဲခြင်းလောက်သူ့ကို ထိခိုက်အောင်မလုပ်နိုင်ပေ။

“ငါတကယ် အဆင်ပြေပါတယ်ဆို…” စုရှောင်ရှန် ဖျော့တော့တော့ပြောလိုက်သည်။

ဆေးအကူလေးဦးသူ့ကို စိုက်ကြည့်လိုက်ပြီး ‘တစ်ခြမ်းသေမတတ် အရိုက်ခံလိုက်ရတာကဘယ်သူလဲ’

‘ကိုယ့်အ၀တ်အစားကိုလည်းပြန်ကြည့်ဦး။ အနီရောင်တောင် ဖြစ်နေပြီ’

‘မင့်မျက်နှာကိုလည်းကြည့်လိုက်ဦး။ အညိုအမဲဆွဲနေတာ။ ပြီးတော့ တော်တော်လေး အေးသွားတဲ့အတွက် နှုတ်ခမ်း တွေလည်း ပြာနေပြီ’

“လုပ်ချင်ရာလုပ်တော့ကွာ…”

စုရှောင်ရှန်မခုခံတော့ချေ။ ဆေးအကူများသူတို့၏ ဓားများ၊ အပ်များကို မြှောက်လိုက်ကြပြီး စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို စတင် ထိကိုင်လိုက်ကြတော့သည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၄]

နောက်စက္ကန့်ပိုင်းအတွင်း ဆေးအကူလေးဦး သူတို့လုပ်နေသည်များကို ချလိုက်ပြီး စုရှောင်ရှန်အား ယင်၀င်ဥတော့မည့်အလား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ကြ၏။

“ဒါ…”

ဘယ်လိုဖြစ်နိုင်မှာလဲဟ။

ဒီလူက မကောင်းဆိုးဝါးတစ်ကောင်ကောင်ပဲဖြစ်ရမယ်။ ကျောက်ချင်းထန်ရဲ့ တိုက်ခိုက်မှုတွေအားလုံးက သူ့ကို ဒဏ်ရာဒီလောက်လေးပဲ ရအောင်လုပ်နိုင်တယ်တဲ့လား။

ပြီးတော့ သူ့ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ အသက်စွမ်းအင်တွေက ဘာလဲဟ။ အဆုံးမရှိတဲ့အလားပဲ။ ပိုပြီးကြောက်ဖို့ကောင်းတာက ရွှေနီဆေးလုံးစားတာထက်တောင် ပိုပြီးများနေတာပဲ။

သူ့တစ်ကိုယ်လုံးသွေးတွေထွက်နေပေမယ့်လို့…

သူ့ကို ကုသပေးစရာဘာမှမလိုဘူး။

ဘယ်လိုလုပ်ပြီးတော့ လဲဟ…

စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်က ဒီလောက်တောင် အစွမ်းထက်တယ်လား။

စုရှောင်ရှန်ထရပ်ရင်း ပုခုံးတွန့်ပြလိုက်ပြီး‌နောက်အကြောဆန့်လိုက်၏။ သူ့တစ်ကိုယ်လုံးက အေးခဲမှုကြောင့် ပြာနေသေးသော်လည်း ထိုအချိန်အတွင်း လှုပ်ရှားနိုင်ရန် အားမွေးပြီးဖြစ်သည်။

“ငါပြောပါတယ် မလိုပါဘူးလို့။ မင်းတို့မှ မယုံကြတာ”

စုရှောင်ရှန်ကျောက်ချင်းထန်ကို လက်ညှိုးထိုးပြလိုက်ပြီး ဆို၏။ “သူ့ကိုပဲမြန်မြန်သွားကယ်လိုက်စမ်းပါ။ တိတ်တခိုးနာကျင်ခြင်းက သူ့အဓိကနေရာတွေကို ရှောင်လိုက်လို့ ဒီလောက်လေးနဲ့တော့ သေမှာမဟုတ်ဘူး”

ဆေးအကူလေးဦး အလွန်အမင်းအခက်တွေ့နေသည်။ စစ်ရှောင်ရှန်၏ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်၏ စွမ်းပကားကြောင့် အံ့အားသင့်သွားရပြီးနောက် ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားကြသည်။

“တကယ်က ငါပြောပြမယ်။ သိလား။ ငါတို့တိုက်ပွဲအတွင်းမှာ အဲ့ကောင်ငါ့ကို ဘာမှ ကြီးကြီးမားမား ဒဏ်ရာရအောင်တောင်လုပ်နိုင်ခဲ့တာမဟုတ်ဘူး”

“သူ့ကိုပဲမြန်မြန်သွားကယ်လိုက်စမ်းပါ”

တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်ရှိ ဆေးအကူများလည်းသူတို့၏ ကုသမှုပြီးဆုံးသွားခဲ့သောကြောင့် စိတ်လှုပ်ရှားနေကြသည်။

“သူနိုးလာပြီ”

“တော်သေးတ… ဟ”

လူအုပ်ကြီး ကြာကြာ‌မပျော်လိုက်ရချေ။ ယခုမှနိုးထလာသည့် ကျောက်ချင်းထန် စုရှောင်ရှန်စကားကိုကြားပြီးသည့်နောက် ဒေါသထွက်သွားပြီး တဖန်ပြန်သတိလစ်သွား၏။

[အဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

အခြားတစ်ဖက်မှ ဆေးအကူလေးဦး သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒများဖြင့် စုရှောင်ရှန်ကို စိုက်ကြည့်လိုက်ကြသည်။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၄]

စုရှောင်ရှန် စွံ့အသွားသည်။

[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၆၆၆]

[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၈၈၈]

သူထင်သည့်အတိုင်း အစီအရင်အတွင်းမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် အသိပေးချက်များ အသိပေးချက်ဖန်သားပြင်၌ အဆက်မပြတ်ပေါ်လာခဲ့၏။

စုရှောင်ရှန် သူ့ကို လက်ခုပ်တီးကာ အားပေးနေသော လူအုပ်ကြီးကို ပျော်ပျော်ရွှင်ရွှင် လက်ပြန်ဝေ့ရမ်းပြရင်း တုန့်ပြန်လိုက်သည်။

“ဟ”

ထို့နောက် ထိုလူအုပ်ကြားထဲမှ သူ့ကိုလက်မထောင်ပြနေသော အကြီးအကဲကျောက်နှင့် ကျိုးထျန်းရှန်တို့ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ သူတို့ကိုကြည့်ရသည့်ပုံမှာ စင်ပေါ်မှ ချက်ခြင်းပြေးဆင်းလာပြီး သူ့ကို ပွေ့ဖက်ချင်နေသည့်ဟန်ရသည်။

[ချီးမွမ်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ တတိယပွဲစဉ်ဖြစ်ကာ ပွဲကြည့်သူများ စင်ပေါ်မှဆင်း၍ ပြိုင်ကွင်း ဧရိယာအတွင်းသို့ လာ၍မရခြင်းဖြစ်သည်။ မဟုတ်ပါက ယောက်ျားဆန်သည့် အပွေ့အဖက်များက သူ့ကို ကြိုဆိုနေပေလိမ့်မည်။

စုရှောင်ရှန်သူတို့ကို ပြန်ပြုံးပြလိုက်သည်။ သို့ရာတွင် သူ့စိတ်ထဲ၌တော့ နားမလည်နိုင်တာ တစ်ခုရှိနေသည်။

အကြီးအကဲကျောက်သူ့ပြိုင်ပွဲအားလာကြည့်ပြီး အားပေးသည်က နားလည်နိုင်သေးသည်။ သို့သော် ကျိုးထျန်းရှန်က ဘယ်ကရောက်လာရသနည်း။

သူတို့တိုက်ပွဲပြီးတော့ သူ၏ ပုရိတ်သတ်ဖြစ်လာခဲ့သည်လော။

နားနောင်ဆောင်သို့ စုရှောင်ရှန်ပြန်သွားလိုက်သည်။ ညနေစောင်းနေပြီဖြစ်သော်လည်း သူ့ခြံသို့ ချက်ခြင်း စုရှောင်ရှန် မပြန်သွားလိုက်ပေ။

ပြိုင်ကွင်းတစ်ခုလုံးအား သန့်ရှင်းရေးလုပ်ပြီးသော် ရှောင်ချိစွေ နာမည်တွေ ဆက်နှိုက်လိုက်သည်။ ထိပ်သီး(၄)ဦးသို့ တက်ရန်အတွက် ပြိုင်ပွဲ၀င် (၂) ဦးသာကျန်တော့လေသည်။

မိုမို။

စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်။

မိုးတိမ်လေပြိုင်ပွဲ၌ ပထမဆွဲသူ။

စွမ်းရည်အရာ၌ အပြင်စည်း‌တွင် သူမ အသန်မာဆုံး ဂိုဏ်းသူဖြစ်သည်ကို ငြင်း၍မရချေ။

စုရှောင်ရှန် သူ့ခြံသို့မပြန်ဘဲ ‌ဆက်နေရန်ဆုံးဖြတ်ရခြင်းမှာ မနက်ဖြန် ဗိုလ်လုပွဲ၌ သူနှင့် တွေ့နိုင်ချေရှိသော ဂိုဏ်းတူညီမလေးမိုအား လေ့လာချင်သည့်အတွက်ဖြစ်သည်။

ပြိုင်ကွင်းအတွင်း၌ မိုမိုမှာ အစိမ်းရောင်၀တ်ရုံတစ်ခုကိုဆင်မြန်းထားသည်။ သူမ၏ အသားအရေမှာ နှင်းထက်ပင်ပို၍ဖြူ ပို၍ နူးညံ့သည့် ပုံပေါက်နေလေသည်။

သူမ၏လက်ထဲ၌ ‌ခရမ်းရောင်စန္ဒကူးပင်ကို လောင်ကျွမ်းနေသည့် ကြေးနီမိုးဖိုအသေးလေးရှိနေသည်။ စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်သည့်အတွက် သူမ၏ပြိုင်ဘက်နှင့်ဆန့်ကျင်ဘက် မိုမို့တွင် ဖြူစင်ကြော့ရှင်းသောအမူအရာမျိုးရှိနေသည်။

ဤပွဲကို စိတ်အားထက်သန်စွာ စုရှောင်ရှန်ကြည့်လိုက်သည်။

သို့သော် ပွဲစသည်နှင့် သူထင်ထားသလို စိတ်လှုပ်ရှားစရာ၊ ထိတ်လန့်စရာတို့နှင့် ပြည့်မနေချေ။ ပွဲစပြီးသည်နှင့် စက္ကန့်ပိုင်းအတွင်း အဆင့်(၁၀) ရှိမိုမို၏ ပြိုင်ဘက်မှာ နှစ်ကွက်အတွင်း ပြိုင်ကွင်းမှ လွင့်ထွက်သွားလေသည်။

စုရှောင်ရှန် စွံ့အသွားရသည်။

အေးပါကွာ။ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေ။

သူဒေါသတကြီး ‌နားနေဆောင်မှ လှည့်၍ ထွက်သွား၏။

တောစပ်၌ လမ်းနှစ်သွယ်ခွဲထွက်နေသည်။ တစ်ဖက်မှာ ငန်းရေကန်စီသို့ဖြစ်ကာ တစ်ဖက်ကတော့ သူ၏ အိမ်ဖြစ်သည်။

ပထမလမ်းစဉ်က ဆန်းကြယ်ခြင်းနှင့် ကံကြမ္မာကို ကိုယ်စားပြုသည်။ ဒုတိယလမ်းစဉ်က သာယာခြင်းနှင့် အပန်းဖြေခြင်းတို့ကို ကိုယ်စားပြုသည်။

စုရှောင်ရှန် ဒုတိယလမ်းစဉ်ကို တုန့်ဆိုင်းခြင်းမရှိ ရွေးလိုက်သည်။

ဟာသပင်။ တစ်နေ့လုံး တစ်ညလုံး အချိန်အကုန်ခံ၍ ငရဲမီးတောက်အစေ့အား ဒုက္ခခံပြီး ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။ ငန်းရေကန်သို့ သူပြန်မသွားနိုင်ပါ။ နောက်ထပ် ငရဲမီးတောက်အစေ့မစားချင်တော့ပေ။

သူသေရမည်ဆိုလျှင်ပင် ထိုလမ်းစဉ်ကိုမရွးချယ်နိုင်ပါ။ ၎င်းက နာကျင်လွန်းလှသည်။

စုရှောင်ရှန်သူ့အိမ်ကိုပြန်ရောက်ရာ နေချိုးပြီးနောက် အိပ်ယာပေါ်တွင် လှဲလိုက်သည်။ ဖော်မပြနိုင်သော သာယာမှုတို့ဖြင့် ပြည့်သွားသည်။

စုရှောင်ရှန်စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးတစ်လုံးကို ထုတ်ယူပြီး ရှူလိုက်သည်။

၎င်းက သူ၏ သာယာမှုကို (၂) ဆတိုးပေးလိုက်၏။

အဆင့်မြှင့်တင်ပြီးသာ အသက်ရှူခြင်းနည်းစနစ်မှာ ပို၍ အစွမ်းထက်လာခဲ့သည်။ အသက်တစ်ချက်တည်းဖြင့် ဆေးတစ်လုံးလုံးကုန်သွားခဲ့၏။ ကံကောင်းသည်မှာ သူ့တွင် နတ်ပြည်ရောက်သည့်ခံစားချက်ကို ခုခံနိုင်သွားခြင်းဖြစ်သည်။

သို့တောင်မှ ရုတ်တရက်လောကြီးလိုက်ခြင်းကြောင့် အရုပ်တစ်ခုအလား ဆန့်ဆန့်ကြီးဖြစ်သွားသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုက သူ့ကိုယ်အားဖြတ်သန်းစီးဆင်းသွားရာ သူ၏ ဒန်ထျန်အတွင်းရှိ စွမ်းအင်ဒီရေမြင့်တက်သွားခဲ့၏။

သူ့ခန္ဓာကိုယ်တုန်ခါသွားသည်။

သူအဆင့်တက်သွားလေပြီ။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၈)။

စုရှောင်ရှန် ကြက်သေ သေသွားသည်။ ယမန်နေ့ညမှ ငရဲမီးတောက်အစေ့အားသန့်စင်ပြီးသော် အဆင့်တက်တော့မည်လုပ်နေသည့်အတွက် ၎င်းအားဖိနှိပ်ထားခဲ့ရသည်။ သို့သော် အဆုံးတွင် သတိလွတ်သွားသည့် တစ်ချက်၌ အဆင့်တက်သွားခဲ့၏။

“ထားလိုက်ပါတော့။ တက်သွားရင်လည်း တက်သွားတယ်ပေါ့”

“ငါ့နှုန်းက ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင်ဘာမှ မဟုတ်ပါဘူးလေ” စုရှောင်ရှန် သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။ အဆုံးတွင် အိပ်နေရင်းဖြင့်ပင် သူ့ကျင့်ကြံခြင်းနယ်ပယ်ကို ခိုင်မာအောင် တည်ဆောက်‌နိုင်နေသည်မဟုတ်ပါလား။

စိတ်ထဲရှိ အသိပေးချက်ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ပင်ကိုယ်မှတ် : ၁၈၈၈၂]

“အရင်တစ်ခေါက်ကလောက် မရဘူးပဲ”

ဤသို့သော ရလဒ်ကို မျှော်မှန်းထားသော်လည်း စုရှောင်ရှန် အနည်းငယ်တော့ စိတ်ပျက်မိသေး၏။

စက္ကန့်တိုင်းသူ့ကို ပင်ကိုယ်မှတ်ပေးနေသည့် ငရဲမီးတောက် အစေ့မရှိပါက သူ့တိုက်ပွဲများအတွင်း လူထောင်ချီ၍ အော်ဟစ်အားပေးကြ‌သည်တောင် ပင်ကိုယ်မှတ် (၄၀၀၀)၊ (၅၀၀၀) စွန်းစွန်းလောက်သာရချေသည်။

ထို့ပြင်၎င်းက ကျောက်ချင်းထန်၏ သဏ္ဌာန်မဲ့အေးခဲ့ခြင်းမှ ပေးသည်များအား ပေါင်းထားခြင်းဖြစ်သည်။ မဟုတ်ပါက ပုရိတ်သတ်ထံမှ ပင်ကိုယ်မှန် (၁၀၀၀)၊ (၂၀၀၀) လောက်သာရပေမည်။

“ငရဲနီးတောက်အစေ့…”

စုရှောင်ရှန်ထိုပစ္စည်းအား စတင်၍ လွမ်းစပြုလာသည်။ သို့သော် ငရဲမီးတောက်အစေ့က အချိန်ကိုက် ဗုံးတစ်လုံးအလား အချိန်မရွေးပေါက်ကွဲသွားနိုင်လေသည်။ ထို့ကြောင့် ၎င်းကို မစဉ်းစားတာက ကောင်းပေလိမ့်မည်။

သို့သော် ၎င်းအား သူထိန်းချုပ်နိုင်တာလည်း ဖြစ်နိုင်သည်။

သူ့မေးစေ့ကို ပွတ်ရင်းစုရှောင်ရှန် တွေးကြည့်လိုက်သည်။ သို့သော ထိုမိုက်ရူးရဲဆန်သော အတွေးတို့ကို ထုတ်ပစ်လိုက်၏။

ငရဲမီးတောက်အစေ့အား စဉ်းစားနေမည့်အစား ထိုလူယုတ်မာအဖိုးကြီး သူ့အားမည်သည့်ရည်ရွယ်ချက်ဖြင့် ကျွေးခဲ့ကြောင်းကို စဉ်းစားကြည့်တာက ပို၍ အကျိုးရှိပေမည်။

Comment

Leave a Reply

Options

not work with dark mode
Reset