Switch Mode

Chapter – 37

အဲ့တာ ဘာ ဓားနည်းစနစ်လဲ

အပိုင်း (၃၇) အဲ့တာ ဘာ ဓားနည်းစနစ်လဲ

ပြိုင်ကွင်းအတွင်း၌ဖြစ်သည်။

‌နှင်းကူးပြောင်းခြင်းနည်းစနစ်ကိုအသုံးပြု၍ သူ၏ နေရာကို ပြောင်းပြီး‌သည့်နောက် ကျောက်ချင်းထန် မရပ်တန့်လိုက်ပါပေ။ စုရှောင်ရှန် ရှောင်ချိစွေနှင့် စကားပြောနေသည့်အခိုက်အတန့်အတွင်း ထူးဆန်းသည့် လက်ကွက် (၁၂)ကွက်ကို အဆက်မပြတ်လုပ်လိုက်သည်။

စုရှောင်ရှန် မကောင်းသည့်ခံစားချက်တစ်ခုကိုရလိုက်ပြီး ကျောက်ချင်းထန်ကိုကြည့်လိုက်သည်။

၎င်းမှာ သံသယဖြစ်စရာမလိုပေ။ အလွန်အစွမ်းထက်သည့်နည်းစနစ်ဖြစ်ရပေမည်။ စုရှောင်ရှန်၏ အာရုံတစ်ခြားရောက်နေသည့် စက္ကန့်ပိုင်းအတွင်း အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။

‘လျှိူကျန်း ငါမင်းကို ပေးတဲ့ကတိမတည်နိုင်တော့ဘူး။ ပြိုင်ဘက်ကို အထင်သေးမိတဲ့ စည်းကို ငါဖောက်မိသွားပြီ’

သူသိလိုက်သည်နှင့် တစ်ပြိုင်နက် ရှေ့သို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။ သို့သော် ကံဆိုးစွာဖြင့် သူနှင့် ကျောက်ချင်းထန်အကြားမှ အကွာ‌အဝေးမှာ အလွန်ဝေးကွာနေခဲ့၏။

စုရှောင်ရှန် စိတ်ဝိညာဉ်သလင်းကျောက်တစ်တုံးကိုထုတ်ယူပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြန်ပြည့်၀လာအောင် ရှိုက်လိုက်သည်။ ထို့နောက် သူ၏ ဓားအားရှေ့သို့ လှလှပပ ခုတ်ချလိုက်၏။

ဓားပိုးအိမ်စွမ်းအင်ပုံစံ။

ကျောက်ချင်းထန် သူ့ကို ရုတ်တရက်လာတိုက်ခိုက်သောဓားပိုးအိမ်စွမ်းအင်များကို လစ်လျူရှူလိုက်ပြီး သွေးဖြင့် ရဲရနီသော လက်ဝါးအား ရှေ့သို့ ရိုက်ထုတ်လိုက်သည်။

“သဏ္ဌာန်မဲ့ အေးခဲခြင်း”

သို့လုပ်ပြီးမှသာ ‌ကြမ်းပြင်၌ ကျနေသောသူ၏ ရေခဲစမ်းချောင်းဓားကို ကောက်ကိုင်ပြီး ဓားပိုးအိမ်စွမ်းအင်များကို ကာကွယ်လိုက်သည်။

ထိုဓားပိုးအိမ်စွမ်းအင်များအကြား ကျောက်ချင်းထန် အချက်ပေါင်းများစွာ အခုတ်ခံလိုက်ရကာ သွေးများထွက်လာခဲ့၏။

ကျောက်ချင်းထန် သေမည်ကိုပင်မစိုးရွံ့ဘဲ အသုံးပြုလိုက်သည့် နည်းစနစ်မည်မျှ အစွမ်းထက်သည်ကို မသိသော်လည်း အလွန်ကြောက်မက်ဖွယ်ရာကောင်းမည်ဖြစ်ကြောင်းကိုတော့သိသည်။ ရုတ်တရက် သူ့အကြားအမြင်အတွင်းရှိ နှင်းများ အသက်၀င်လာသကဲ့သို့ လေထဲ၌ တဖြေးဖြေးပျံသွားရင်း ချိတ်စည်း တစ်ခုပုံစံ ဖွဲ့စည်းသွားသည်ကိုတွေ့လိုက်ရ၏။

လူတိုင်းသူတို့၏ မျက်လုံးများကို ပွတ်လိုက်ကြသည်။ ပြိုင်ကွင်း၏ ကြမ်းပြင်မှာ အစကတည်းက နှင်းများကြောင့် အဖြူရောင်ပြောင်းနေပြီးဖြစ်ရာ ယခု ထိုကြမ်းပြင်ပေါ်မှ နှင်းများ လေပေါ်ပျံတက်သွားကြရာ အစီအရင်အတွင်း၌ လုံး၀အဖြူရောင်တို့ဖြင့်ကြီးစိုးသွားသည်။ ပြိုင်ကွင်းအတွင်းရှိ ပုံရိပ်များကိုပင် သူတို့ ဝေဝေဝါးဝါးသာ မြင်ရတော့သည်။

“ရားးးး” ‌ကျောက်ချင်းထန်ညာသံပေးလိုက်ပြီး ပြိုင်ကွင်းအတွင်းတွင် သူ၏ ဓားကို လေထဲ၌ ပိုင်းဖြတ်လိုက်သည်။

ရုတ်တရက် နှင်းပွင့်ကလေးများအားလုံး ခက်ထန်သည့် ဓားစွမ်အင်တို့ဖြင့်ပေါက်ကွဲထွက်သွားပြီး ဓားအချောင်း သောင်းနှင့်ချီသည့်အလား လေထဲ၌ ပျံဝဲနေကြ၏။

စုရှောင်ရှန် ကြက်သေသေသွားသည်။ ဤကျောက်ချင်းထန် ရက်စက်လှပေသည်။

ကြည့်ရသည်မှာ ပွဲမစခင်က နှင်းများကျအောင် ကျောက်ချင်းထန်ပြုလုပ်ခဲ့ခြင်းမှာ နှင်းကူးပြောင်းခြင်းနည်းစနစ်ကို အသုံးပြုရန်အတွက်တစ်ခုတည်းမဟုတ်ဘဲ ဤသဏ္ဌာန်မဲ့အေးခဲခြင်းအတွက် ‌အခြေခံအုတ်မြစ်ချခြင်းလည်း ဖြစ်ဟန်ရ၏။

ကောင်းကင်တစ်ခုလုံး ဓားစွမ်းအင်များပါ၀င်သော နှင်းပွင့်ဖက်ကလေးများဖြင့် ပြည့်သွားသည်။ ကျောက်ချင်းထန်၏ ထိန်းချုပ်မှုအောက်၌ ထိုနှင်းပွင့်ကလေးများ အစုလိုက်လည်ပတ်သွားပြီး အစီအရင်အတွင်း၌ မရေမတွက်နိုင်သော ‌ဓားဆန္ဒများထုတ်လွှတ်‌နေသည့် နှင်းပွင့်များ အဖြစ်သို့ပြောင်းလဲသွား၏။

အဆိုပါ နှင်းပွင့်များက စုရှောင်ရှန်၏ ခံစစ်ပင်မကဘဲ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကိုပါ ထိုးဖောက်သွား၏။

ရှောင်ချိစွေ၏ အမူအရာ အကျဉ်းတန်သွားခဲ့သည်။ ဤခြောက်ခြားဖွယ်ရာ သဏ္ဌာန်မဲ့အေးခဲခြင်းဟုခေါ်သည့် စစ်မှန်ခြင်းနယ်ပယ်စိတ်ဝိညာဉ်နည်းစနစ်ကြောင့်ဖြစ်ပေါ်လာသည့် ဓားသဏ္ဌာန်ဆောင်ထားသည့် နှင်းပွင့်များအားလုံးတွင် သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများပါ၀င်နေလေသည်။

စုရှောင်ရှန် ဤနည်းစနစ်အကြား၌ မည်သို့ အသက်ရှင်နိုင်ပါလိမ့်မည်နည်း။

အလွန်သိ‌ချင်နေသည့် လူအုပ်ကြီးလည်း အဖြူရောင်အစီအရင်အတွင်းရှိ နေရာတစ်ခု၌ သွေးများပန်းထွက်လာပြီး နှင်းများကို အနီရောင်ဆေးစိုးလိုက်သည်ကို မြင်လိုက်ရသည်။

ထိုနေရာက စုရှောင်ရှန်ရှိနေသောနေရာဖြစ်သည်။

မျက်လုံးများမှိတ်ထားရင်း စုရှောင်ရှန်အံကိုတင်းတင်းကြိတ်လိုက်သည်။ မဟုတ်ပါက သူ၏ မျက်လုံးများကိုပင် ဓားဆန္ဒပါရှိသည့် နှင်းပွင့်များဖောက်ထွင်းသွားပေလိမ့်မည်။

ဇွက် ဇွက် ဇွက်

နှင်းပွင့်များ တစ်ဖက်စီတိုင်းက ပြိုင်စံရှားအောင်ချွန်ထက်သည့်ဓားများအလားပင်။ သူ၏ စစ်မှန်ခြင်းနယ်ပယ် ကိုယ်ခန္ဓာပင် ၎င်းတို့ကို မကာကွယ်နိုင်တော့ဘဲ ချက်ခြင်း စုရှောင်ရှန်၏ ကိုယ်၌ ပြတ်တောက်ရာများဖြစ်ပေါ်လာပြီး သွေးများအဆက်မပြတ်ကျလာနေခဲ့၏။

ရှောင်ချိစွေ လှုပ်ရှားရန် ပြင်လိုက်သည်။ စုရှောင်ရှန် အရှုံးပေးရန် အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ၀င်ကယ်မည့်သူမှာ သူဖြစ်ချေမည်။

ကျောက်ချင်းထန် ဟောဟဲ ဆိုက်နေ၏။ သူ့တွင်ရှိသော ဝှက်ဖဲများအားလုံးကို အသုံးပြုပြီး ချေပြီ။ ဤတိုက်ကွက်က သူ၏ စိတ်ဝိညာဉ်အနှစ် ပမာဏအများကြီးကို အသုံးပြု၍ ထုတ်လွှတ်လိုက်ရခြင်းဖြစ်သည်။ သို့တောင် စုရှောင်ရှန် တောင့်ခံနိုင်သေးသည်လော။

စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်မှာ ထိုမျှ အစွမ်းထက်သည်လော။

အံကိုတင်းတင်းကြိတ်ရင်း စုရှောင်ရှန်ထံဦးတည်ကာ လက်ဝါး‌မြှောက်ရင်း ရှေ့သို့ ပြေး၀င်လိုက်သည်။

“သူစိတ်ဖောက်သွားပြီလားဟ”

ကျောက်ချင်းထန်သူ့အတွက် အရေးနိမ့်နိုင်သည့် အနီးကပ်တိုက်ခိုက်ခြင်းကို အဘယ်ကြောင့် ရွေးချယ်လိုက်သနည်း။ စုရှောင်ရှန်နှင့် အနီးသို့ရောက်သွားသည့်အခါ ရုတ်တရက် အခြေအနေကို ပြောင်းပြန်လှန်သွားမည်ကို မကြောက်သည်လော။

“မဟုတ်သေးဘူး” တစ်စုံတစ်ယောက်ထရပ်လိုက်သည်။ “အဲ့တာ စစ်မှန်ခြင်းနယ်ပယ် အထိတ်အထိပ်နည်းစနစ်တစ်ခုဖြစ်တဲ့ အမှောင်ရေခဲချိတ်ပိတ်ခြင်းလက်ဝါးပဲ။ စုရှောင်ရှန်တော့သွားပြီ”

“အမှောင်ရေခဲချိတ်ပိတ်ခြင်းလက်ဝါး ဟုတ်လား”

အကြီးအကဲကျောက်ပင် မှင်သက်သွားခဲ့သည်။ ဤနည်းစနစ်က အတွင်းစည်းရှိစိတ်ဝိညာဉ်နည်းစနစ်များအတွင်း၌ပင် ထိပ်ပိုင်းနေရာ၌ ရှိခြင်းကို သူသိသည်။

သူ့အင်္ကျီလက်စများကို တင်းတင်း ဆုပ်ကိုင်လိုက်၏။ စုရှောင်ရှန် အင်မတန်ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။

ထို့ပြင် စုရှောင်ရှန်မှာ သူ၏ ဘယ်လောညာလောပင်မသိဘဲ ဓားဆန္ဒပါ၀င်သည့် နှင်းပွင့်များဖြင့် တိုက်ခိုက်နေစဲဖြစ်သည်။ ထာ၀အသက်စွမ်းအင်က ၎င်း၏ အစွမ်းကို အကုန်ထုတ်သုံးလိုက်ပြီး စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပြန်‌လည် ကုသပေးနေခဲ့၏။

ပျက်ဆီးသည်၊ ပြန်ကောင်းသည်…

ပြန်ကောင်းသည်၊ ပျက်ဆီးသည်…

စုရှောင်ရှန်၏ အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များမှာ ငရဲမီးတောက်အစေ့လောင်ကျွမ်းခံရတုန်းကနှင့် ယှဉ်၍ရအောင် အဆက်မပြတ် အသိပေးချက်အသစ်များကျလာနေခဲ့၏။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“…”

အသိပေးချက်ထောင်နှင့်ချီ၍ သူ၏ အသိပေးချက်ဖန်သားပြင်၌ ပေါ်လာခဲ့ရာ ဓားဆန္ဒပါ၀င်သောနှင်းပွင့်များ၏ တိုက်ခိုက်မှုများကမည်မျှ ခြောက်ခြားဖွယ်ရာ ရက်စက်ကြောင်းကိုသိနိုင်သည်။

စုရှောင်ရှန်ပင် သူ၏ စိတ်ဆန္ဒတစ်ခုတည်းဖြင့် တောင့်ခံနေခြင်းဖြစ်သည်။ ထို့နောက် သူ၏ အကြားအမြင်က ကျောက်ချင်းထန်သူ့ကို လက်ဝါးဖြင့်ရိုက်တော့မည်ဟု ပုံဖော်ပြသလိုက်သည်။ သူ့တွင်ရွေးချယ်စရာမရှိတော့ဘဲ စွမ်းရည်မှတ်များကို ၀ယ်လိုက်ရသည်။

[ဓားထိပ်သီး(စတင်ခြင်းအဆင့်-၇)]

[ဓားထိပ်သီး(စတင်ခြင်းအဆင့်-၈)]

အလွန်များပြားသော အချက်အလက်စီးကြောင်းတစ်ခု သူ့ခေါင်းထဲသို့ဝင်လာခဲ့၏။ ယခု အခြေ‌အနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းကို စုရှောင်ရှန် ရှာတွေ့သွားသည်။

သူ့ခံစားနေရသည့် နာကျင်မှုများကို သည်းခံလိုက်ပြီး တိတ်တခိုးနာကျင်ခြင်းကို မြှောက်လိုက်သည်။ ထို့နောက် သိပ်သည်းသော ဓားဆန္ဒများအား သူ၏ဓား၌ စုစည်းလိုက်သည်။ တစ်ကွက်တည်းဖြင့် သူ့တွင်ရှိသမျှ အကုန် ပေးလိုက်မည်ဖြစ်သည်။

ဝီးးးး

တိတ်တခိုးနာကျင်ခြင်း လေထုကို အလွန်လျှင်မြန်စွာ ဖြတ်သန်းသွားရာ ဓား၌ပင် မီးစမီးလျှံများပေါ်လာခဲ့သည်။ သို့သော် ကျောက်ချင်းထန်က ဤသို့သော မမျှော်လင့်အခြေအနေမျိုးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သူ၏ ကိုယ်ကိုတိမ်းစောင်း‌ ရှောင်လိုက်ရာ တိတ်တခိုးနာကျင်ခြင်းက သူ၏ ပုခုံးကိုသာ ဖောက်ထွင်းသွားခဲ့၏။

ထို့နောက် ထိုဓားက အရှိန်ဖြင့် ဆက်၍ ပျံသန်းသွားပြီး လူအုပ်ကြီး၏ မှင်သက်နေသည့် အကြည့်များအောက်၌ အစီအရင်ကိုထိုး‌ဖောက်ကာ မိုးကုတ်စက်ဝိုင်းအလွန်၌ပျောက်ကွယ်သွား၏။

လူအုပ်ကြီးထိုဓားကိုဆက်လက်၍ အာရုံမပြုနိုင်လိုက်ပဲ ကျောက်ချင်းထန်တစ်ယောက် နာ‌ကျင်နေသည့် ပုခုံးကိုလစ်လျူရှူပြီး လက်ဝါးလျက်ကို ရှေ့သို့ ရိုက်ချလိုက်သည်ကို မြင်လိုက်ရ၏။

အခြားတစ်ဖက်စုရှောင်ရှန်သည်တော့…

တိုက်ခိုက်ရန်စွမ်းအင်မဲ့နေလေချေပြီ။

“အမှောင်ရေခဲချိတ်ပိတ်ခြင်းလက်ဝါး”

ဘုန်း။

ထိုအသံနှင့်အတူ စုရှောင်ရှန်အား အဆက်မပြတ်တိုက်ခိုက်နေကြသော ဓားဆန္ဒပါရှိသည့် နှင်းပွင့်များရပ်တန့်သွားသည်။

မျက်နှာချင်းဆိုင်ဖြစ်နေရာ ကျောက်ချင်းထန်နှင့် စုရှောင်တို့၏ အရှေ့၊ ထို့နောက် စုရှောင်ရှန်၏ အနောက်ဘက်ရှိ နှင်းပွင့်များ ကျောက်ချင်းထန်၏ လက်ဝါးချက်ကျရောက်ပြီးသည်နှင့် လုံး၀ ရေခဲအဖြစ်သို့ အေးခဲသွားသည်။

ပြိုင်ကွင်းတစ်၀က်‌လောက် ရေခဲအဖြစ်သို့ အေးခဲသွားခြင်းဖြစ်သည်။

လူအုပ်ကြီးတိတ်ဆိတ်သွားသည်။ ၎င်းက အိမ်တစ်လုံးထက်ပင်ကြီးသော ရေခဲတုံးကြီးတစ်တုံး ဖြစ်သွားစေ၏။ အလွန်ခြောက်ခြားဖွယ်ရာကောင်းလေသည်။

ထို့နောက် ကြက်သေသေနေသော လူအုပ်ကြီး ဤတိုက်ခိုက်မှုမှာ မပြီးသေးကြောင်းကို သိလိုက်ရသည်။

သူတို့ ကျောက်ချင်းထန် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချသည်ကို တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးသွေးများဖြင့် ဖုံးလွှမ်းနေခဲ့၏။ လက်နှစ်ဖက်ကို ‌အုပ်လိုက်ရင်း “ချိတ်ပိတ်ခြင်း” ဟုအော်လိုက်လေသည်။

ဘုန်းးးး

ပေါက်ကွဲသံဖျော့တော့တော့ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီး၏ မှင်သက်နေသည့် အကြည့်များအောက်၌ ပြိုင်ကွင်းတစ်ဝက်စာလောက်နေရာယူထားသော ရေခဲတုံးကြီး အလျှင်အမြန်ကျုံ့သွားခဲ့၏။ သို့ဖြင့် စုရှောင်ရှန်ကိုပါ ဖိညှစ်လိုက်ကြသည်။

နောက်ဆုံးနောက်လေထဲသို့ လက်မြှောက်ထားသော စုရှောင်ရှန်လောက်ရောက်မှသာ ရေခဲတုံးကြီးရပ်သွားခဲ့သည်။

“ဟ လခွမ်း”

လူတိုင်း၏မျက်လုံးများ မျက်လုံးအိမ်များ ပြုတ်ထွက်မတတ်ပြူးကျယ်သွားသည်။

ဤသို့ အလွန်ကြီးမားသည့် ရေခဲတုံးကြီး ချက်ခြင် ဤမျှလောက် သေးငယ်သွားခဲ့၏။ သို့ဖြစ်ရာ ရေခဲတုံး၏ သိပ်သည်းဆက အထဲ၌ ညှပ်နေသော လူအား ရေခဲ ရုပ်ကြွင်းအဖြစ်သို့ မဖိနှိပ်လိုက်နိုင်ပေ‌ဘူးလော။

အသက်ရှင်ရန် ရာခိုင်နှုန်းပင် ရှိသေးပါ့မည်လား။ ကျောက်ချင်းထန် အလွန်ရက်စက်လှပေသည်။

စုရှောင်ရှန်သေသွားပြီလော။

ရှောင်ချိစွေ သက်ပြင်းရှည်ကြီးချလိုက်သည်။ တစ်ခုခု မကောင်းတာ ဖြစ်သွားကြောင်းကို သူသိလိုက်ရသည်။

ထုံးတမ်းစဉ်လာများမှာ မှန်‌ကန်လေသည်။ သူ့ကဲ့သို့ ကြီးကြပ်သူများအကြောက်ဆုံးအရာမှာ အချိန်ပိုင်းအတွင်း တိုက်ပွဲကိုအဆုံးဖြတ်ပေးနိုင်သည့် နည်းနစ်များဖြစ်ကြ၏။

အကယ်၍ စုရှောင်ရှန်းအားသူကယ်လိုက်လျှင် ၎င်းက စုရှောင်ရှန်၏ အရှုံးဖြစ်သွားပေမည်။ ထို့အတွက် သူ့ကို ကယ်တင်လိုက်ခြင်းအား စုရှောင်ရှန် ကျေးဇူးပင် တင်လိမ့်မည်မဟုတ်ချေ။ ဘေးမှရပ်ကြည့်နေပါကလည်း ပြိုင်ပွဲဝင်တစ်ဦးသေဆုံးသည်ကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေသည့် ပုံစံပေါက်နေပေမည်။ ဤသို့သော အခြေအနေ၌ သူမည်သည်ကို ပြုလုပ်ရပါမည်နည်း။

ရှောင်ချိစွေလက်ကို ဖြေးညှင်းစွာ မြှောက်လိုက်ရင်း “ပြိုင်ပွဲ ပြီးပြ…”

ဝုန်းးးး

ထိုအခိုက်အတန့်၌ လေကိုဖြတ်၍ ပျံသန်းလာသည့် အသံတစ်ခုက ရှောင်ချိ‌စွေ၏ စကားကိုကြားဖြတ်လိုက်၏။ ‌

လူတိုင်း မှင်သက်စွာ ကောင်းကင်ကိုကြည့်လိုက်ကြသည်။ သူတို့ ကျောက်ချင်းထန်၏ ပုခုံးကိုထိုးဖောက်၍ အဟုန်ဖြင့် မိုးကုတ်စက်ဝိုင်းအလွန်၌ ပျောက်ကွယ်သွားသည့် တိတ်တခိုးနာကျင်ခြင်း အသံထက်မြန်သည့် နှုန်းနှင့် ပြိုင်ကွင်းစီသို့ ပြန်လာနေသည်ကို အံ့အားသင့်စွာတွေ့လိုက်ကြရသည်။

ကျောက်ချင်းထန် နောက်လှည့်ကြည့်လိုက်ရာ ချက်ခြင်း သူ့မြင်ကွင်း၌ ကြီးလာသော အနက်ရောင်အစက်အပျောက်ကို မြင်လိုက်ရပြီး မျက်နှာသွေးဆုတ် ဖြူ‌ရော်သွား၏။ ထို့နောက် ၎င်းက သူ၏ ရင်ဘက်ကို ထိုးဖောက်သွားပြီး ရေခဲဖြစ်‌နေသော စုရှောင်ရှန်ရှိရာ ပျံသွားလိုက်သည်။

ဖွီး

ကျောက်ချင်းထန်ဒူးထောက်ကျသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပါရှိသော သွေးတစ်လုတ်အန်ထုတ်လိုက်၏။

တိတ်တခိုးနာကျင်ခြင်းပြန်လာလိမ့်မည်ဟု မထင်ထားသော ရှောင်ချိစွေမှာ ဤဓားကို ရပ်တန့်ရာတွင် ခြေတစ်လှမ်းနောက်ကျသွားခဲ့၏။

စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေသော တိတ်တခိုးနာကျင်ခြင်းက ရေခဲတုံးတွင်သွားစိုက်ပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် တုန်ခါသွားခဲ့သည်။

ရှောင်ချိစွေ၏ မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ဒါက… ဒါက

ဓားကိုစိတ်ဖြင့်ထိန်းချုပ်ခြင်းမဟုတ်ဘူးလား။

စုရှောင်ရှန်တစ်ယောက် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒနှင့် ထိတွေ့လုနီးပါးဖြစ်နေလိမ့်မည်ဟု သူမထင်ထားပါချေ။

ပြိုင်ကွင်းအပြင်ဘက်ရှိ ကျိုးထျန်းရှန် စိတ်လှုပ်ရှားစွာထရပ်လိုက်သည်။ အဆက်မပြတ်တုန်ခါနေသည့် တိတ်တခိုးနာကျင်ခြင်းကိုကြည့်ရင်း သူ၏ တိုက်ခိုက်လိုစိတ်များပြင်းပြလာခဲ့၏။

ထိုဓားနည်းစနစ်မှာ အလွန် အစွမ်းထက်လေသည်။

အလွန့် အလွန်ကို အစွမ်းထက်ခြင်းဖြစ်သည်။

ယမန်နေ့ည စုရှောင်ရှန်သုံးခဲ့သည်ထက် (၁၀)ဆ ပို၍ အစွမ်းထက်သည်ဟု ခံစားလိုက်ရသည်။

အကြီးအကဲကျောက် ကြက်သေသေသွားသည်။ သေခြင်းတံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ရက်အနည်းငယ်ကြာသော် စုရှောင်ရှန်ဤမျှ အစွမ်းထက်လာလိမ့်မည်ဟု သူမထင်ထားချေ။

၎င်းမှာ မယုံနိုင်စရာပင်ဖြစ်သည်။

ပြိုင်ကွင်းနှင့် သိပ်မဝေးသည့် နားနေဆောင်၌ သူမ ရပ်နေသော ထိုင်ခုံပေါ်မှ ပြုတ်ကျသွားသည့် မုကျစ်ရှီကို ဆေးအကူတစ်ဦးဖေးမ ထူလိုက်ရင်း နောက်ထိုင်ခုံတစ်ခုပေါ်သို့ တင်ပေးလိုက်သည်။ ဤအစိမ်းဖျော့ဖျော့၀တ်‌ကောင်မလေး၏ ပါးစပ်မှာ “၀” သဏ္ဌာန်ပွင့်ဟနေပြီး သူမ၏ ကျစ်ဆံမြှီးကိုပင် ဆွဲဖြုတ်လုမတတ် ဆွဲမိလိုက်၏။

ခရက် ခက်

တုန်ခါနေသောဓားအောက်တွင် ရေခဲတုံးအက်ကွဲသွားခဲ့သည်။

စုရှောင်ရှန်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှာ အေးခဲနေ၏။ သူ၏ ဝိညာဉ်ပင် အလွန်ချမ်း၍ တုန်ခါနေသည်ဟု ခံစားလိုက်ရသည်။

သူဆက်၏ အသက်ရှူနိုင်သည့်အဖြစ်မှာ ထာ၀ရအသက်စွမ်းက အလွန်အစွမ်းထက်လွန်းသောကြောင့်ဖြစ်သည်။

တစ်ဆတ်ဆတ်တုန်နေသော နှုတ်ခမ်းများဖြင့် ရေခဲတုံးထဲမှ သူထွက်လာလိုက်သည်။ ‌ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် ကြမ်းပြင်ပေါ်သို့ သူအရုပ်ကြိုးပြတ်လဲကျသွားခဲ့၏။

“အဲ့တာ ဘယ်လို ဓားနည်းစနစ်ကြီးတုန်း” ကျောက်ချင်းထန် အေးစက်စက်မေးလိုက်သည်။ ဖြစ်ပျက်သွားသည်ကို မယုံကြည်နိုင်သည့်အလား အမူအရာမျိုးရှိနေ၏။

စုရှောင်ရှန်တုန်ခါနေရင်းမှ ရေခဲစွမ်းအင်တစ်ချို့ကို ‌ဖြေးဖြေးချင်း ရှိုက်ထုတ်လိုက်သည်။

“အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

Comment

Leave a Reply

Options

not work with dark mode
Reset