Switch Mode

Chapter – 36

တစ်ယောက်က ရိုက်တယ် တစ်ယောက်က ခံတယ်

အပိုင်း (၃၆) တစ်ယောက်က ရိုက်တယ် တစ်ယောက်က ခံတယ်

ကျောက်ချင်းထန် စုရှောင်ရှန်ထံ မချဉ်းကပ်လိုက်ပေ။ ထိုအစား သူ့လက်ထဲရှိ ရေခဲစမ်းချောင်းဓားကို မျက်စိရှေ့ မြှောက်လိုက်ပြီး ရေရွတ်လိုက်သည်။

“စကြာ၀ဠာ”

ဝူးးးးး

ကြမ်းပြင်ပေါ်ရှိ နှင်းများချက်ခြင်း လေပေါ် ဝေ့လည်၍ တက်သွားပြီး ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောက်ချင်းထန်၏ ဓားကွက်မှာ စကြာ၀ဠာကို ထိုးဖောက်လိုက်သည့်အလား နှင်းထူထူ ကျနေသည့်ကြားမှ စုရှောင်ရှန်ထံ တိုး၀င်သွားခဲ့သည်။

ရှောင်ချိစွေကျော၌ လွယ်ထားသော ဓားတုန်ခါသွားခဲ့ပြီး သူ့ကို ထိတ်လန့်သွားစေလိုက်သည်။

စတင်ခြင်းအဆင့် ဓားဆန္ဒ။

၎င်းမှာ စတင်ခြင်းအဆင့်ဓားဆန္ဒဖြစ်မည်ဟု သူမထင်ထားပါချေ။

ယခင်တိုက်ပွဲမှ ကျိုးထျန်းရှန်၏ တစ်ဖက်သွား ဓားဆန္ဒ၊ ယခုလည်း ကျောက်ချင်းထန်၏ စတင်ခြင်းအဆင့် ဓားဆန္ဒ။

“ဒီစုရှောင်ရှန် ဝှက်ဖဲတွေကို သက်သက်လိုက်ဖော်ထုတ်ပြတဲ့ ကောင်လားဟ”

“ဘာလို့ သူ့ပြိုင်ဘက်တိုင်းရဲ့ ဝှက်ဖဲတွေကို လှန်နိုင်နေရတာလဲ”

ပွဲကြည့်စင်အတွင်း၌ ‌ဓားကိုပိုက်ထားရင်း ထိုင်‌နေသော ကျိုးထျန်းရှန် စိုးရိမ်သွားသည်။

၎င်းမှာ ဓားဆန္ဒဖြစ်မည်ဟု သူမထင်ထားပါချေ။

“ဒီလိုဓားဆန္ဒနဲ့ရင်ဆိုင်ရတော့ ရေခဲထဲပိတ်မိနေတဲ့ စုရှောင်ရှန် သူ့ကိုယ်သူ ဘယ်လို ကာကွယ်တော့မှာလဲဟ”

“ငါ့ကို အနိုင်ယူခဲ့တဲ့ စုရှောင်ရှန် ကျောက်ချင်းထန်ရဲ့ လက်ထဲမှာ (၃) ကွက်တည်းနဲ့ အရှုံးပေးလိုက်ရတော့မှာလား”

“အဲ့လို မဖြစ်ရဘူးလေ”

ဤအတိုင်းထိုင်မနေနိုင်တော့သည့်အတွက် သူ့ခေါင်းသူ တစ်ချက် အားပြင်းပြင်းဖြင့် ထုလိုက်သည်။

အခြားတစ်ဘက်၌ မုကျစ်ရှိမှာတော့ သူမ၏ ကျစ်ဆံမြှီးကို ကိုင်ရင်း ဆော့ကစားနေ၏။ သူမက နားနေဆောင်ရှိ ထိုင်ခုံပေါ်၌ မတ်တပ်ရပ်နေခြင်းဖြစ်သည်။ သို့ဖြင့် သူမအား ကောင်းကောင်းပင်နှုတ်မဆက်‌ခဲ့သော စုရှောင်ရှန်မည်မျှ သန်မာကြောင်းကိုသိလို၍ ခြေဖျားထောက်ပြီး ပြိုင်ကွင်းသို့ ကြည့်လိုက်သည်။

အဆုံး၌ စုရှောင်ရှန် တိုက်ပွဲစသည်နှင့် ရေခဲရုပ်ကြီး ဖြစ်လာတာကို တွေ့လိုက်ရ၏။

အကြီးအကဲကျောက်လည်း ပွဲကြည့်စင်တွင် ထိုင်နေသည်။ ဤတစ်ခေါက်နှင့်ဆို စုရှောင်ရှန်၏ တိုက်ပွဲကိုလာကြည့်သည့် ဒုတိယအကြိမ်ဖြစ်သည်။ တိုက်ပွဲပြီးလျှင် စုရှောင်ရှန်အား သွားရောက် နှစ်သိမ့်အားပေးရမည်ဟုခံစားလိုက်ရသည့် ဒုတိယအကြိမ်လည်းဖြစ်သည်။

လူအုပ်ကြီး၏ မျက်စိများအောက်၌ လေဟာနယ်ကို ဖြတ်သန်းသွားနေသည့်ဟန်ရသည့် ဓားစွမ်းအင် စုရှောင်ရှန်ကို ထိရန် နီးကပ်လာခဲ့သည်။

ပြိုင်ကွင်းကိုဖြတ်သန်း၍ ဓားစွမ်းအင် ဆက်လက် သွားနေစဉ် ရေခဲရုပ်ထုကြီး ရုတ်တရက် ပေါက်ကွဲ သွားသည်။ လူတိုင်းမှင်သက်သွားသည်။

သို့သော် လူအုပ်ကြီးမှင်သက်သွားရသည့်အကြောင်းအရင်းမှာ ရေခဲဓားစွမ်းအင်က ရေခဲရုပ်ကိုထိသွား၍ ပေါက်ကွဲရသည်မဟုတ်ပဲ ရေခဲရုပ်ထု အထဲမှ လက်တစ်ဖက်၎င်းကို ဖောက်၍ ထွက်လာသောကြောင့်ဖြစ်သည်။

ကျောက်ချင်းထန် ၎င်းအား မျက်စိမှေးပြီးကြည့်လိုက်သည်။ “လက်တစ်ဖက်တဲ့လား”

ထိုလက်မှာ ထွင်းဖောက်မြင်နိုင်သောအလင်းရောင်တို့ဖြင့် တောက်ပနေပြီး ၎င်းလက်ကိုယ်တိုင်ကိုက စိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရရှိသည့်အလား ရတနာတစ်လက်ကဲ့သို့ လင်းလက်နေသည်။ ထို့နောက် ထိုလက်က ချဉ်းကပ်လာသော ဓားစွမ်းအင်ကို ဖမ်းလိုက်သည်။

လူတိုင်း အံ့ဩဘနန်း ဖြစ်သွားရသည်။ လက်ဖြင့် ဖမ်းလိုက်ခြင်းပေလော။

ချလန်

အလွန်စူးရှသည့် အသံထွက်ပေါ်လာခဲ့သည်။ စုရှောင်ရှန်ပြန်လည်မွေးဖွားလာသည့်အလား ရေခဲရုပ်ထုကို ဖောက်ခွဲပြီး ထွက်ပေါ်လာသည်။

သူ‌လေထဲ၌ နောက်ပြန်ကျွမ်းပစ်လိုက်ရင်း ထိုစကြာ၀ဠာဓားစွမ်းအင်ကို ကျောက်ချင်းထန်ထံ ပြန်ပစ်လိုက်သည်။

“လခွမ်းး”

ပွဲကြည့်စင်၌ ထိုင်နေသော ကျိုးထျန်းရှန် မျက်လုံးအိမ်မှာ မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွားသည်။ ဤမြင်ကွင်းအား သူရင်းရင်းနှီးနှီးကြီးသိပေသည်။

၎င်းက သူနှင့် စုရှောင်ရှန်တို့တိုက်ပွဲတွင် သူ၏ နတ်ဘုရားတောင်ပင့်ခြင်း ဓားနည်းစနစ်ကို သူ့ထံစုရှောင်ရှန်ပြန်လမ်းလွှဲ၍ပစ်ပေးလိုက်ပြီး သူ့ကိုရှုံးသွားစေခဲ့သော အကွက်ဖြစ်သည်။

စုရှောင်ရှန်ကို မတွေ့လိုက်ရသည့်တစ်ရက်အတွင်း ပြိုင်ဘက်၏ နည်းစနစ်အား ဓားပင်အသုံးပြုရန်မလိုတော့ဘဲ ပြန်လွှဲပစ်နိုင်သည်အထိ တိုးတက်သွားခဲ့မည်ဟု မထင်ထားပေ။

“ဓားစွမ်းပင်ကို လက်ဗလာနဲ့ ဖမ်းလိုက်တယ်တဲ့လား”

“လာနောက်နေတာလား”

စုရှောင်ရှန်ကြမ်းပြင်၌ အားပျော့စွာ ဒူးထောက်ကျသွားသည်။ သူ့တစ်ကိုယ်လုံးလည်း အအေးဒဏ်ကြောင့် တုန်ရင်နေ၏။ ထို့နောက် ထိုစွမ်းအင်များအား ခန္ဓာကိုယ်ထဲမှ ဖြေးဖြေးချင်း ထုတ်ပယ်လိုက်သည်။

သူအသုံးပြုလိုက်သော အကွက်မှာ လေလွင့်တိမ်တိုက် အဆင့်(၂) : အဆင့်မြင့်ဓားပုံစံဖြစ်သည်။

ဟုတ်ပေသည်။ ထိုဓားကွက်က ကျိုးထျန်းရှန်နှင့် ယမန်နေ့ညတိုက်ပွဲ၌ သုံးတတ်သွားသော ဓားနည်းစနစ်ဖြစ်သည်။ ၎င်းကို ချွန်ထက်ခြင်းအလင်းများဖြင့် အစားထိုး အသုံးပြုလိုက်ခြင်းဖြစ်လေသည်။

ထို့နောက် သူ့လက်တွင် ထိုအလင်းများကို စုစည်းလိုက်ရာ ၎င်း၏ ချွန်ထက်မှုက တိတ်တခိုးဓား၏ ချွန်ထက်မှုနှင့် ယှဉ်နိုင်သွားသည်။

ပြိုင်ကွင်းအတွင်းသို့ နှင်းများကျနေခဲ့သည်။ လူအုပ်ကြီး ကြက်သေသေသွားကြ၏။

စုရှောင်ရှန်ဤအကွက်အား ဓားအသုံးပြု၍ အသုံးပြုခဲ့သည်ဆိုလျှင် လူအုပ်ကြီး ခံသာရှိသေးသည်။ သို့သော် လက်ဗလာဖြင့် ဖမ်းလိုက်ခြင်းဖြစ်ရာ လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့၏။ ကျောက်ချင်းထန်တောင် တဒင်္ဂခန့် ကြောင်အသွား၏။

ထိုဓားစွမ်းအင်ကျောက်ချင်းထန်အား ပိုင်ဖြတ်မိတော့မည့်စဲစဲ၌ ဘေးသို့ ‌စောင်း၍ ကပ်ရှောင်နိုင်လိုက်သည်။ ထိုစကြာ၀ဠာဓားချက်က အစီအရင်အား တုန်ခါသွားစေပြီး ပိုင်းဖြတ်လုနီးနီးပင် ရှိသွားသည်။

“ကြောက်ဖို့ကောင်းလိုက်တာ”

လူတိုင်း သူတို့မြင်နေရသည့် စုရှောင်ရှန်၏ ဓားစွမ်းအင်ကိုလက်ဗလာဖြင့်ဖမ်းခြင်းအဖြစ်ကို မယုံနိုင်သည့်အလား ဖြစ်နေကြသည်။ တစ်ချိန်တည်းတွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်၏ တန်ဖိုးက သူတို့စိတ်ထဲတွင် အစပေါင်းများစွာ မြင့်တက်သွားခဲ့လေသည်။

စုရှောင်ရှန်၏ မျက်နှာထက်၌ နှင်းများခဲနေသည်။ သူ၏ နှုတ်ခမ်းသားများက အေးစိမ့်မှုတို့ကြောင့် ခရမ်းရောင်ပြောင်းသွားခဲ့၏။ အပြင်းအထန် အေးခဲနေသည့် လက္ခဏာဖြစ်သည်။ သို့သော် လက်ဗလာဖြင့် ဓားစွမ်းအင်အားဖမ်းခဲ့သည့်အတွက်ရလိုက်သော ဒဏ်ရာများက သူ့ကို နိုးနိုးကြားကြား‌ရှိနေစေသည်။

ထို့ပြင် သူ့ကိုယ်ထဲမှ အပူစွမ်းအင်များကလည်း တစ်ကိုယ်လုံးသို့ သူ့အလိုလိုပြန့်ကျက်သွားပြီး အအေးစွမ်းအင်များကို ထုတ်ဖယ်ပစ်လိုက်သည်။ သို့ကြောင့် သူနေလို့ကောင်းသွား၏။

“အခု သူအထိနာနေတဲ့အချိန်မှာ ငါထပ်ပြီး တိုက်ခိုက်ရမယ်”

စုရှောင်ရှန် အခွင့်အရေးအားလက်လွတ်မခံဘဲ အမိအရယူလိုက်သည်။ ထိုစကြာ၀ဠာဓားစွမ်းအင်အားပြန်ပစ်လိုက်ပြီးသည်နှင့် မကြာခင် တိတ်တခိုးနာကျင်ခြင်းကို ကောက်ကိုင်လ်ိုက်သည်။

ထို့နောက် လေထဲ၌ လှလှပပ ပိုင်းဖြတ်လိုက်ရာ သူ၏ ဓားစွမ်းအင်များချက်ခြင်းထွက်လာပြီး ပတ်၀န်းကျင်တစ်ခုလုံးတောက်ပသွားသည်။

လေလွင့်တိမ်တိုက် အဆင့်(၁) : ဓားပိုးအိမ်စွမ်းအင်ပုံစံ။

ရေခဲဖြစ်နေသည့်အချိန်အတွင်း သူထိုဓားကွက်နှစ်ခုအတွက် နာမည်များနှင့်၊ အသုံးပြုရန် နည်းလမ်းများကိုပါ စဉ်းစားလိုက်သည်။

သူစုရှောင်ရှန်မှာ အနီးကပ်တိုက်ခိုက်ခြင်းများသာသိသည်မဟုတ်ပေ။

ကျောက်ချင်းထန်သူ၏ စကြာ၀ဠာဓားစွမ်းအင်ရှောင်ပြီးသည်နှင့် ပိုးအိမ်ကဲ့သို့သော ဓားစွမ်းအင်များကို သူ့ထံလာနေသည်ကို တွေ့လိုက်ရ၏။ သူချက်ခြင်းဘဲ ၎င်းကို ရေခဲစမ်းချောင်းဓားဖြင့် ခုတ်လိုက်သည်။ သို့ဖြင့် ပြိုင်ကွင်းတစ်ခုလုံး သတ္တုချင်းထိသံများဖြင့် ညံသွား၏။

ဇွက် ဇွက် ဇွက်

ကျောက်ချင်းထန်၏ အဖြူရောင်၀တ်ရုံ သွေးများဖြင့် နီရဲသွားခဲ့သည်။

အမှန်က တိုက်ပွဲများကြား၌ သူ၏ ဓားစွမ်းအင်ကို ပို၍ထက်‌အောင်စုရှောင်ရှန် သွေးခဲ့လေသည်။

ကျောက်ချင်းထန်တွင် စတင်ခြင်းနယ်ပယ် ဓားဆန္ဒရှိသည်မှန်သော်လည်း စုရှောင်ရှန်၏ သိပ်သည်းသော ဓားစွမ်းအင်များအားလုံးကိုတော့ မရှောင်နိုင်ပါချေ။

စုရှောင်ရှန်၏ ဓားစွမ်းအင်များအား မခုခံနိုင်‌သည်ကို သိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ပြန်ခံတိုက်မနေတော့ဘဲ ‌သူ့ကိုယ်ပေါ်သို့ အကျခံလိုက်သည်။ ကျောက်ချင်းထန်၏ ခန္ဓာကိုယ်ရေခဲအဖြစ်သို့ ပြန်ပြောင်းသွားပြီး စုရှောင်ရှန်၏ ဓားစွမ်းအင်များအောက်၌ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့၏။

၎င်းတဖန်ပြန်ပေါ်လာခဲ့ပြီဖြစ်သည်။

အမျိုးအမည်မသိ ကိုယ်စားထိုးသည့် နည်းစနစ်။

စုရှောင်ရှန်ဤအတွက်ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ကျောက်ချင်းထန်ရေခဲဖြစ်သွားသည့်အခိုက်သူ၏ အကြားအမြင်စွမ်းရည်ကို အမြင့်ဆုံး တိုးမြှင့်လိုက်သည်။ သူထင်သည့်အတိုင်းပင် နှင်းများကျနေသည့် နေရာတစ်ခု၌ မူမမှန်မှုများကို တွေ့လိုက်ရသည်။

အဲ့ဒီမှာပဲ။

စုရှောင်ရှန်သူ၏ ဘေးဘက်သို့ လက်ဝါးဖြင့်ရိုက်လိုက်သည်ကိုမြင်သော် လူအုပ်ကြီး အံ့အားသင့်သွားသည်။ သူတို့အလွန်စိုးရိမ်နေသည့်အတွက် စုရှောင်ရှန်ကို ကျိန်ဆဲလုမတတ်ဖြစ်သွား၏။

သို့သော် စုရှောင်ရှန် လက်ဝါးဖြင့်ရိုက်လိုက်သည့်နေရာ၌ ကျောက်ချင်းထန်ပေါ်လာခဲ့၏။

“ဘုရားရေ”

လူအုပ်ကြီး ‌မှင်သက်သွားသည်။ ဘာဖြစ်နေတာလဲဟ။

စုရှောင်ရှန် ကျောက်ချင်းထန်ကို ရိုက်လိုက်တယ်တဲ့လား။ သူတို့ထဲက တစ်ယောက်က ရိုက်ချင်တဲ့ ဆန္ဒရှိပြီး တစ်ယောက်က ခံချင်သည့် ဆန္ဒရှိသည်တဲ့လား။

ကျောက်ချင်းထန်၏ အမူအရာ ပြောင်းသွားသည်။ သူ၏ နှင်းကူးပြောင်းခြင်းနည်းစနစ်ကို စုရှောင်ရှန် ထွင်းဖောက်မြင်နိုင်သည်ကို သိလိုက်ရ၏။

စုရှောင်ရှန်၏ တိုက်ပွဲကို ဆန်းစစ်နိုင်သော စွမ်းရည်မှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းလေသည်။

အငိုက်တိုက်ခံလိုက်ရသည့် ကျောက်ချင်းထန်သူ၏ ရေခဲစမ်းချောင်းဓားကိုပင် မမြှောက်နိုင်လိုက်ဘဲ စုရှောင်ရှန်၏ လက်ဝါးကို သူ၏ လက်ဝါးဖြင့် တန်ပြန်တိုက်ခိုက်လိုက်ရသည်။

ဤအချင်းအရာကြောင့် စုရှောင်ရှန် နှာခေါင်းရှုံ့လိုက်သည်။

သူ၏ ရိုက်ထုတ်လိုက်သောညာလက်တွင် ချွန်ခြင်းအလင်းများကို စုစည်းလိုက်သည်။ ထို့နောက် သူ၏ လက်ဝါးကို နဂါးလက်သည်းကဲ့သို့ ပုံစံပြောင်းလိုက်ရာကျောက်ချင်းထျန်၏ ပျော့အိအိ လက်ဝါးအတွင်းသို့ ဖောက်၀င်သွား၏။

ဇွက်

လေထဲသို့ သွေးများ ပန်းထွက်သွားသည်။ သူတို့လက်ဝါးခြင်းမရိုက်မိခင်က သူ၏လက်ကို ရေခဲများဖြင့်ဖုံးလွှမ်းကာ ကာကွယ်ပြီးသားဖြစ်သည်။ သို့သော် ထိုအရာက သူ၏ စစ်မှန်ခြင်းနယ်ပယ် ချွန်ထက်ခြင်းနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

စုရှောင်ရှန်၏ လက်သည်းများ ထိုရေခဲကိုဖောက်ထွင်းသွားပြီး ကျောက်ချင်းထန်၏ လက်၌ နက်ရှိုင်းသော အပေါက်ကြီး ငါးပေါက်ဖြစ်စေသွား၏။

ထိုအချိန်မှ လက်ဝါးနှင့် လက်သည်း၏ ခြားနားချက်ကို စုရှောင်ရှန် သိလိုက်ရသည်။ ထိုလက်သည်းအကွက်ကို ရက်စက်သည့်အရိုးနဂါးလက်သည်းဟု အမည်ပေးလိုက်သည်။ ယခုသူ၏ ပြိုင်ဘက်၏လက်အတွင်းသို့ ထိုးဖောက်၀င်ရောက်သွားသည်ဖြစ်ရာ သူ့လက်ကိုပြန်ဆွဲလိုက်လျှင် ကျောက်ချင်းထန် သူ၏ လက်ချောင်းများကို ဆုံးရှုံးသွားရပေမည်။

ထို့ပြင် အသေးဆုံး လက်မတစ်ချောင်းသာကျန်ခဲ့မည်ဖြစ်၏။

သို့သော်စုရှောင်ရှန်က ထိုလောက်တော့ မရက်စက်ပါချေ။ ၎င်းကို သူတွေးကြည့်လိုက်ခြင်းသာဖြစ်ကာ ကျောက်ချင်းထန်ကို ချမ်းသာပေးလိုက်သည်။

သို့သော်လည်း ကျောက်ချင်းထန်၏ မျက်နှာ နာကျင်မှုကြောင့် ရှုံ့တွသွားသည်။ ချက်ခြင်း နောက်တစ်ကြိမ်သူ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြန်သည်။

ဤတစ်ကြိမ်တော့ ပထမတစ်ကြိမ်ကဲ့သို့ စုရှောင်ရှန်အနား၌ ပေါ်မလာရဲတော့ချေ။ စု‌ရှောင်ရှန် လိုက်မမှီနိုင်သည့် အဝေးဆုံးတစ်နေရာ၌ ပြန်ပေါ်လာခဲ့သည်။

“ပြောပါတယ် ဒီနှင်းက တစ်ခုခုတော့ တစ်ခုခုပါပဲလို့…”

စုရှောင်ရှန်ရယ်လိုက်သည်။ ထို့နောက် ရှောင်ချိစွေဘက်သို့ လှည့်ကာ “ကျုပ်ပြောပါတယ် သူညှစ်နေတာပါလို့။ ခုတော့ ကျုပ်ကိုယုံပြီလား။ ဒီနေရာမှာ ကြီးကြပ်သူသာ ကျုပ်ဆိုရင် ကျောက်ချင်းထန် အရှုံးဆိုတာ ကြေငြာပြီးလောက်ပြီ”

ရှောင်ချိစွေဘာမှ ပြန်မပြောဘဲ တစ်ဖက်သို့ လှည့်လိုက်သည်။

လူအုပ်ကြီးမှင်သက်သွား၏။ ဤတိုက်ပွဲ၌ ဦးစွာ သွေးထွက်ရသည့်သူမှာ စုရှောင်ရှန်မဟုတ်ဘဲ ကျောက်ချင်းထန်ဖြစ်လိမ့်မည်ဟုသူတို့ မထင်ထားပါ‌ချေ။

“ဆိုတော့ စုရှောင်ရှန်ပြောသလိုပဲ ကျောက်ချင်းထန်ရဲ့ နေရာကူးပြောင်းခြင်း နည်းစနစ်က ဒီနှင်းနဲ့ ပတ်သက်နေတာပေါ့”

လူတိုင်း၏ မျက်နှာထက်၌ ထူးဆန်းသော အမူအရာများပေါ်လာခဲ့သည်။ ထိုသို့ဆိုပါက ကျောက်ချင်းထန် အမှန်အကန် ညစ်ပတ်နေခြင်းဖြစ်ပါသည်။

ကျောက်ချင်းထန်ပွဲမစခင် နှင်းကျအောင်လုပ်ခြင်းမှာ မသင့်လျော်ဟု မည်သူမှ မထင်ခဲ့ပါချေ။ ထိုအစား ၎င်းမှာ သူ၏ ခန့်ညားမှုကို ထပ်၍ သွေးလိုက်ခြင်းဟုသာ မှတ်ယူထားခဲ့ကြသည်။ အမှန်တကယ်က သူတို့ပင် ကျောက်ချင်းထန်၏ ဤ ကြည့်လို့ကောင်းအောင်လုပ်သည့် နည်းစနစ်ကို လိုချင်မိသွားသည်။

သို့သော်ကြည့်ရသည်မှာ ဤနှင်းများက စွမ်းအင်စုစည်းကာ ပုန်းကာဝှက်ကာ အသုံးပြုရသည့် နည်းစနစ်နှင့် ပတ်သက်နေခဲ့သည်။ ဤထုတ်ဖော်ချက်က လူအုပ်ကြီး၏ ရင်ထဲရှိ မီးစများကို တောက်လောင်သွားစေလိုက်၏။

ထိုအခိုက်အတန့်၌ ကျောက်ချင်းထန်၏ အပြုအမူကို ရွံ့ရှာသွားကြသည့် လူများစတင်၍ ဘက်ပြောင်းကုန်ကြသည်။

“စုရှောင်ရှန် အကောင်းဆုံးကြိုးစား နင့်နောက်မှာငါတို့ရှိတယ်”

“စုရှောင်ရှန် အဲ့ဒီကျောက်ချင်းထန်ကို အနိုင်ယူနိုင်ရင် ငါ့နင့်ကလေးကို လွယ်ပေးမယ်”

“စုရှောင်ရှန်… အားးးး… နင်က ချောလိုက်တာ”

တိုက်ပွဲကို အာရုံစိုက် ဆန်းစစ်နေရင်း ပွဲကြည့်စင်မှ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ထွက်သွားမိလိုက်သော ကျိုးထျန်းရှန် ရုတ်တရက် ပွဲကြည့်စင်မှ ပေါက်ကွဲထွက်မှုများကိုကြားလိုက်ရသော် လန့်ဖြန့်သွားပြီး နောက်သို့ချက်ခြင်းလှည့်ကြည့်လိုက်၏။

Comment

Leave a Reply

Options

not work with dark mode
Reset