အပိုင်း (၃၅) ကြီးကြပ်သူခင်ဗျာ သူ မရိုးသားဘူး
ထိပ်သီး(၄) ဦးအတွင်းသို့ ၀င်ရန် အဆင့်တက်ပွဲ၊ တတိယ တိုက်ပွဲဖြစ်သည်။
ကျောက်ချင်းထန် သူ၏ ဓားကို အောက်ဘက်သို့ ဆိုက်က်ိုင်ထားရင်း ကောင်းကင်ကိုကြည့်နေသည်။ အလွန် မာနကြီးပြီး အေးစက်သည့်ပုံပေါ်သည်။
အနီးအနားရှိ လေများ သူရပ်နေရုံဖြင့်ပင် ချမ်းစိမ့်နေခဲ့သည်။ နှင်းပွင့်ကလေးများပင် သူ့အနား၌ ကျနေ၏။
အစီအရင်ထဲ ရောက်လာသော စုရှောင်ရှန် ကြက်သီးထသွားသည်။ ပြိုင်ကွင်းအတွင်းရှိ အပူချိန်မှာ အပြင်ထက် အဆပေါင်းများစွာ ပို၍ အေးလေသည်။
‘ဒါ ပင်ကိုယ်ဓာတ်စွမ်းအင်ရဲ့ စွမ်းပကားလား’ သူတွေးလိုက်သည်။ ကျောက်ချင်းထန် ထံတွင် ရေခဲဓာတ်စွမ်းအင်ရှိသည်ကို သိသည်။ သို့သော် ယခု တိုက်ရိုက်ရင်ဆိုင်ရမှ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်မည်မျှ ကြောက်ဖို့ကောင်းသည်ကို သိလိုက်ရသည်။
ကျောက်ချင်းထန်မှာ သဘာ၀တရာကြီးကိုပင် သူ၏ အစွမ်းဖြင့် ပြောင်းလဲနိုင်နေ၏။ မည်မျှ ခြောက်ခြားဖွယ်ရာကောင်းလိုက်ပါသနည်း။
ပြိုင်ကွင်းအတွင်းသို့ ပြိုင်ပွဲ၀င်များ၀င်လာရာတွင် ပြင်ဆင်ခွင့် အချိန်အနည်းငယ်ရလေသည်။ စုရှောင်ရှန်ကြောင့် သူအမြဲ ဒေါသထွက်ရသော်လည်း ရှောင်ချိစွေ ဘက်မလိုက်ပေ။ စုရှောင်ရှန်အား လိုအပ်သည့် ပြင်ဆင်ချိန် သူပေးပေသည်။
စုရှောင်ရှန် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လေထဲရှိ နှင်းပွင့်ဖက်ကလေးများ သူ့လက်ဖဝါးပေါ်ကျလာခဲ့သည်။ ၎င်းမှာ ဆိတ်ငြိမ်ပြီး လှပလေသည်။
ပြိုင်ကွင်းပေါ်ရှိ ပန်းချီဆွဲထားသည့်အလား လူသုံးယောက်နှင့် နှင်းပွင့်ဖက်ကလေးများက လူအုပ်ကြီး၏ အာရုံကိုဖမ်းစားသွားခဲ့သည်။
“ကြီးကြပ်သူ။ သူမရိုးသားဘူး သူညှစ်ပြီးတစ်ခုခု လုပ်ထားတယ်”
လူအုပ်ကြီးမှာ ထိုဆိတ်ငြိမ်သောမြင်ကွင်းကလေးတွင် နစ်မျောနေရင်းမှ စုရှောင်ရှန်၏ အသံပြဲကြီးကြောင့် လန့်နိုးသွားကြသည်။
“ပြိုင်ပွဲတောင်မစရသေးဘူး။ သူက ပတ်၀န်းကျင်တစ်ခုလုံးကို တစ်ခုခုလုပ်ထားပြီးပြီ။ ဒါမတရားဘူး”
လေထဲတွင်ပျံဝဲနေသော နှင့်ပွက့်ဖက်ကလေးများ ရုတ်တရက် ရပ်တန့်သွားပြီး ကျောက်ချင်းထန်နောက်ဆုံးတော့ စုရှောင်ရှန်ကို လှည့်ကြည့်လိုက်သည်။
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
‘ဟ ဒီကောင် ငါ့ကို ကဲ့ရဲ့နေတယ်ဟ’
စုရှောင်ရှန်လည်း ကျောက်ချင်းထန်ကို မရွှင်မပြပြန်ကြည့်လိုက်သည်။ ‘ဘယ်သူက ဘယ်သူ့ကို နိုင်မလဲဆိုတာ မသိသေးပါဘူး’
ရှောင်ချိစွေ မျက်မှောင်ကုပ်လိုက်သည်။ စုရှောင်ရှန်ပြောသည်မှာ သဘာ၀ကျသည်။ သို့သော် တိုက်ပွဲအတွင်း မည်သူက နှင့်ပွင့်ဖက်အနည်းငယ်ကို ဂရုပြုမည်နည်း။
“ဆိုတော့ မင်းဘယ်လိုလုပ်ချင်လဲ”
စုရှောင်ရှန်ရယ်လိုက်ရင်း “ကျုပ်အေးတယ်။ သူ့ကို နှင်းပွင့်ဖက်တွေ ပြန်ရုတ်သိမ်းခိုင်းလိုက်”
သူပေါတောတော ပြုမူနေပင်မယ့် ဤတိုက်ပွဲအား ပေါ့သေးသေး မမှတ်ယူထားပါချေ။
ဤနှင်းပွင့်ဖက်များတွင် မည်သို့သော စွမ်းရည်များရှိသည်ဟု မည်သူက သိပါမည်နည်း။ နှင့်ပွင့်ဖက်များကို ထိလိုက်သော ရန်သူ၏ တည်နေရာကို ကျောက်ချင်းထန်သိနိုင်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် အစွမ်းထက်သော တိုက်ကွက်ကို အသုံးပြုဖို့ စွမ်းအင်စုစည်းဖို့လည်းဖြစ်နိုင်သည်။
စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရာတွင် အမှုမဲ့အမှတ်မဲ့တော့ သူနေလိမ့်မည်မဟုတ်ချေ။ မဟုတ်လျှင် သူအရေးနိမ့်သွားနိုင်ကာ တစ်၀က်ရှုံးနိမ့်နေပြီးသား ဖြစ်သွားပေလိမ့်မည်။
ဤသည်ကိုကြားသော် လူအုပ်ကြီး မကျေမနပ်ဖြစ်သွားသည်။ သတိကြီးစွာ ပြုမူနေသည့် စုရှောင်ရှန် ပြောတာကို အချို့က သဘောတူကျသည်။ အချို့ကတော့ စုရှောင်ရှန် ဇီဇာကြောင်သည်ဟု ထင်နေကြသည်။
နှင်းပွင့်ဘက်အချို့လေးကို ဘာဖြစ်နိုင်မှာလဲ။ ဟုတ်တယ်မလား။
“ငါရပ်လို့မရဘူး” ကျောက်ချင်းထန် အေးစက်စက်ပြောလိုက်သည်။
“အဲ့လိုတော့ မရဘူးလေ…” စုရှောင်လက်နှစ်ဖက်ကို ဖြန့်လိုက်ရင်း “မင်းက အဝေးပစ်နည်းစနစ်မှာ တွေတော်တာ။ ငါက အနီးကပ်တိုက်ပွဲမှာတော်တာ။ ပြီးတော့ ဒီဟာကို ညှစ်ပြီး တစ်ခုခု မဟုတ်တာလုပ်ထားတာလည်းဖြစ်နိုင်တယ်။ ဒီလိုတော့ မင်းနဲ့မချချင်ပါဘူး”
ကျောက်ချင်းထန်ကဲ့သို့ မာနကြီးသောသောလူပင် “ညှစ်သည်” ဟုခဏခဏ စွပ်စွဲခံနေရသည့်အခါ သည်းမခံနိုင်တော့ပေ။ “အဲ့တာဆို မင်းဘာလုပ်ချင်လဲပြော” မေးလိုက်သည်။
“အစီအရင်ကိုဖွင့်ပြီး နနေပူစာလှုံမယ်ဆိုရင် ရော” စုရှောင်ရှန် ပြောကြည့်လိုက်သည်။
ရှောင်ချိစွေ မဲ့ရွဲ့သွားပြီး ‘နေပူစာလှုံမယ်ဟုတ်လား’
‘လူထောင်နဲ့ချီပြီး ရှိတဲ့ လူတွေကို မင်း နေပူစာလှုံတာပြချင်တယ်ပေါ့’
“မင်းရဲ့ တောင်းဆိုချက်ကိုဖြည့်စည်းပေးဖို့ မဖြစ်နိုင်ဘူး။ မင်းလည်း အနီးကပ်ပဲတိုက်ခိုက်တာဆိုတော့ အကွာအဝေးကို နည်းနည်း ကပ်လိုက်ရင်ရော ဘယ်လိုလဲ” ကျောက်ချင်းထန်ကိုကြည့်ရင်း ရှောင်ချိစွေပြောလိုက်သည်။
ကျောက်ချင်းထန် ခေါင်းငြိမ့်ပြလိုက်သည်။ ‘ဟုတ်ပြီ သူငါးစာကိုက်လိုက်ပြီ’ စုရှောင်ရှန် ပြုံးလိုက်သည်။
“အဲ့အကွာအဝေးက ဘယ်လောက်နီးနီးကပ်ကပ်လဲ” စုရှောင်ရှန်ဆက်၍ ဆိုလိုက်သည်။
ရှောင်ချိစွေ တကောင့်သားကို ဆက်၍ သည်းမခံနိုင်တော့ပေ။ လွန်ချေပြီ။
“မင်းကြိုက်သလောက်ယူ” ကျောက်ချင်းထန်၏ အကြည့်များ အေးစက်သွားခဲ့ပြီး ဂရုမပြုသည့်အလား လေသံဖြင့်ဆက်၍ “အပြင်ဘက်က လူတွေလဲ စောင့်နေပြီ စရအောင်” ဟုဆိုလိုက်သည်။
“ငါကြိုက်သလိုဟုတ်လား” စုရှောင်ရှန် မျက်ခုံးပင့်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ကျောက်ချင်းထန်၏ အရှေ့သို့ သူရောက်သွား၏။ သူတို့၏ နှာခေါင်းများပင် ထိလုမတတ် နီးကပ်သွားခြင်းဖြစ်သည်။
“ဒီလောက်လည်း ရတယ်မလား” စုရှောင်ရှန် အသက်ရှူထုတ်လိုက်သည်။
ရုတ်တရက် သူ့ရှေ့မှ ရလိုက်သော အနွေးဓာတ်ကြောင့် ကျောက်ချင်းထန် လန့်ဖြန့်သွားသည်။ သူ၏ ဖျော့တော့တော့ အသားအရေပင် အနည်းငယ် နီရဲသွားသည်။ သူ့နှလုံးသား ပြင်းပြင်းထန်ထန်ခုန်သွားသည်။ အချိန် အနည်းငယ်ကြာအောင် တုန့်ဆိုင်းနေပြီးသော် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။
“ရတယ်”
ပွဲကြည့်သူများ ပေါက်ကွဲထွက်သွား၏။ အချို့ ဂိုဏ်းသူများဆိုလျှင် “မဖြစ်ရဘူး” ဟု အော်ဟစ်နေကြ၏။
ကျောက်ချင်းထန်၏ ပါရမီနှင့် အေးစက်စက် အပြုအမူတို့ကြောင့် မိန်ကလေးများကြားတွင် “အေးစက်စက်မာနကြီးသော ဂိုဏ်းတူအကိုကြီး” ဟု နာမည်ကြီးလေသည်။ ပြောရလျှင် အပြင်စည်းဂိုဏ်းအတွင်းရှိမိန်းကလေးများ၏ ချပ်ဖြူ၀တ် သူရဲကောင်းလည်း ဖြစ်သည်။
အကယ်၍ ၎င်းမှာ အခြားပွဲစဉ်တစ်ခုဆိုပါက သူတို့ စုရှောင်ရှန်အာ ထောက်ခံအားပေးကြမည်ဖြစ်သည်။ သို့သော် ယခု စုရှောင်ရှန်၏ ပြိုင်ဘက်မှာ ကျောက်ချင်းထန်ဖြစ်လေရာ သူ့အား ထောက်ခံသူများ မရှိသလောက်ဖြစ်သွားသည်။
“အား… ဖယ်စမ်း။ ဂိုဏ်းတူအကိုချင်းထန်နဲ့ ဒီလောက် နီးကပ်ဖို့ နင့်ကို ဘယ်သူ ခွင့်ပြုလို့လဲ”
“သူ့ တောင်းဆိုချက်ကို သဘောမတူနဲ့ ဂိုဏ်းတူအကိုချင်းထန်။ ဝူးဝူးဝူး…။ သူနဲ့ ဝေးဝေးမှာ နေပါလို့”
“ဆိုတော့ ဒီလိုလည်းလုပ်လို့ရတယ်လား။ ငါလည်း ကျင့်ကြံရင်း သန်မာလာရင် ဂိုဏ်းတူအကိုချင်းထန်နဲ့ ဒီလို နီးနီးကပ်ကပ်နေနိုင်မှာပဲ”
ပြိုင်ကွင်းအတွင် ပြိုင်ပွဲ၀င်နှစ်ဦးမှာ ခြေတစ်လှမ်းစာသာ ကွာဝေးပြီး တစ်ယောက်ကိုတစ်ယောက် မီးထွက်မတတ် ကြည့်နေကြ၏။
ရှောင်ချိစွေ အခွင့်အရေးအားမြင်သည့်အခိုက်အတန့်၌ ချက်ခြင်းလက်ပြကာ “ပြိုင်ပွဲ… စ”
သူ၏ ကြေငြာချက်ပြီးသည်နှင့် စုရှောင်ရှန် မျက်နှာထက်ရှိ အူကြောင်ကြောင် အမူအရာပျောက်သွားပြီး လေနက်မှုတို့ အစားထိုး၀င်ရောက်လာခဲ့သည်။ ထို့နောက် နှင်းပွင့်ဖက်များအကြားမှ ကျောက်ချင်းထန်ကို လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း
ကျောက်ချင်းထန်ကို ထိုးလိုက်သည့်အခါ မာမာကျောကျောအရာတစ်ခုကို စုရှောင်ရှန် ထိုးမိလိုက်သည်ဟု ခံစားလိုက်ရသည်။ ချက်ခြင်း ကျောက်ချင်းထန်၏ ခန္ဓာကိုယ်ပေါက်ကွဲသွားပြီး ရေခဲအပိုင်းအစများ နေရာအနှံ့ပြန့်ကျက်သွား၏။
“ဟ…”
ကိုယ်ပွားလော၊ နေရာကူးပြောင်းခြင်းလော၊ ကိုယ်စားထိုးချင်း နည်းစနစ်လော။
စုရှောင်ရှန်၏ ခေါင်းထဲ အတွေးများစွာ ၀င်လာခဲ့သည်။ သူ၏ အကြားအမြင်ကြောင့် သူ့နောက်ရှိ နှင်းပွင့်ဖက်များ လှုပ်သွားသည်ကို သတိထားမိလိုက်သည်။ ထို့နောက် ကျောက်ချင်းထန် ပေါ်လာခဲ့၏။
စုရှောင်ရှန် နောက်၌ ပေါ်လာသောကျောက်ချင်းထန်မှာ ချက်ခြင်းတိုက်ခိုက်ခြင်းမပြုဘဲ ထိုအစား နောက်သို့ ခုန်ဆုတ်လိုက်သည်။
တစ်စုံတစ်ခုကို ရည်ညွှန်းသည့်အလား လက်ညှိုးထောင်ပြကာ တည်တည်ငြိမ်ငြိမ် ဆိုလိုက်၏။ “အကွက်လေးတွေ မဆိုးဘူး”
[ချီးမွမ်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ထေ့ငေါ့ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ကျောက်ချင်းထန်မည်သို့ ပျောက်သွားပြီး သူ့နောက်၌ ပြန်ပေါ်လာမှန်းကို သူမသိပါချေ။ သူထိုးလိုက်သော ကျောက်ချင်းထန်အတုမှာ နှင်းဖက်များအောက်၌ ရေခဲအဖြစ်ပြောင်းသွားပြီး ကွဲထွက်သွားခဲ့လေသည်။
၎င်းက အလွန် ဆန်းကြယ်ပေသည်။
စုရှောင်ရှန်လည်း သူ၏ လေသံကို အတုခိုးလိုက်ရင်း “မင်းလည်း ထွက်ပြေးတာမဆိုးဘူး။ ဒီကိစ္စက နှင်းပွင့်ဖက်တွေနဲ့ တစ်ခုခု ပတ်သက်ရမယ်။ ဒါကြောင့် မင်းညှစ်တယ်လို့ ငါပြောနေတာပေါ့”
ကျောက်ချင်းထန်အလွန်အေးစက်သောကြောင့် စုရှောင်ရှန် အခက်အခဲတွေ့နေလေသည်။ သူ၏ မျက်နှာထားမှာ အမူအရာ ကင်းမဲ့နေသောကြောင့် ဘာတွေးသည်ကို မှန်းမရဖြစ်နေသည်။
ကျောက်ချင်းထန်အား ဘာမှ မဖြစ်သည့်အလား ကြည့်နေရင်း သူ၏ အကြားအမြင် စွမ်းရည်ကို အမြင့်ဆုံး အနေအထားထိ တိုးချဲ့လိုက်သည်။ သို့ဖြင့် သူ့စိတ်ထဲ၌ ပြိုင်ကွင်းအတွင်းရှိ နှင်းပွင့်ဖက်ကလေးများအားလုံး၏ ပုံပေါ်လာခဲ့၏။
သူ့မသိစိတ်က ဤ နှင်းပွင့်ဖက်ကလေးများကို သတိထားရန် ပြောနေသည်။
ဤသည်မှာ သူနှင့် တိုက်ခိုက်ရာမှသာ ပေါ်လာသော အရာဖြစ်သည်။ ယခင်က ကျောက်ချင်းထန် ဤသို့သော နည်းစနစ်မျိုးအသုံးပြုခြင်းကို မမြင်ဖူးပါချေ။
ကျောက်ချင်းထန်၏ ရေခဲစမ်းချောင်းဓားမှာ သူမတူအောင် ဓားပြားကြီးလေသည်။ ၎င်းအား ကျောက်ချင်းထန် အနည်းငယ် မြှောက်လိုက်ရာ လေထုထဲရှိ နှင့်ပွင့်ဖက်များ တုန်ခါသွားသည်။
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ထုတ်ယူလိုက်သည်။ ကျောက်ချင်းထန်၏ ဤထူးဆန်းသောနည်းစနစ်ကို မပယ်ဖျက်နိုင်ပါက အနီးကပ်တိုက်ခိုက်ရန် မဖြစ်နိုင်သည်ကို သူသိသည်။
စစ်မှန်ခြင်းမူလနန်းတော်နယ်ပယ်၌ ရှိသော ကျောက်ချင်းထန်၏ စိတ်ဝိညာဉ်စွမ်းအင်မှာ စိတ်ဝိညာဉ်အနှစ်အဖြစ်သို့ ပြောင်းလဲသွားပြီးဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်အနှစ်ကို ကျောက်ချင်းထန် ရေခဲစမ်းချောင်းဓားထဲသို့ ထည့်လိုက်ရာ ဓားကိုယ်၌ ရေခဲသလင်းကျောက်များ ဖြစ်ပေါ်လာခဲ့သည်။
ဝူးးးးး
ဓားကို လေထဲ၌ ပိုင်းဖြတ်လိုက်ရာ ရေခဲစွမ်းအင်တစ်ခု ဖြစ်ပေါ်လာပြီး စုရှောင်ရှန်ထံ တိုး၀င်သွားသည်။ ၎င်းအား ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ ခန္ဓာကိုယ်ကို ဘေးသို့စောင်းကာ ရှောင်လိုက်၏။
သူရှောင်လိုက်သော်လည်း အေးစက်စက်လေက သူ့ကိုယ်ကိုလာထိသည်။ ရုတ်တရက် ထိုလေများ အေးခဲသွားပြီး သူ၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်၏။
ယခုမှ ကျောက်ချင်းထန်၏ ရေခဲစမ်းချောင်းဓားကွက်ကို မည်သူမှ အဘယ်ကြောင့် မရှောင်နိုင်သနည်းကို စုရှောင်ရှန်သိလိုက်ရသည်။
ဟူးးးး
စုရှောင်ရှန် အေးချမ်းမှုကြောင့် တုန်ခါသွား၏။ သူ့ခြေလက်များပင် အေးခဲလာခဲ့ပြီး ဓားတောင်မကိုင်ထားနိုင်တော့ချေ။ နောက်ထပ် သူ့ထံလာနေသော ဒုတိယ ဓားစွမ်းအင်ကို သူမကာကွယ်နိုင်တော့ပေ။ သို့သော်အကောင်းဆုံးလုပ်သည့်အနေနှင့်တိတ်တခိုးနာကျင်ခြင်းကို မြှောက်လိုက်သည်။
ထိုဓားချက်က စုရှောင်ရှန်နကို ထိတွေ့ခြင်းမရှိ ဖြတ်သန်းသွားကာ ပေါက်ကွဲခြင်းလည်းမရှိပေ။
လူအုပ်ကြီး၏ အံ့အားသင့်နေသည့် မျက်လုံးများအောက်၌ပင် စုရှောင်ရှန် ရေခဲရုပ်ထုကြီး တဖြေးဖြေး ဖြစ်သွားသည်။
“ဟ လခွမ်း စုရှောင်ရှန်တောင် ရေခဲဖြစ်တဲ့ ကံကြမ္မာကနေ မလွတ်နိုင်ဘူးလားဟ။ နှစ်ချက်တည်းနဲ့ ပွဲပြီးသွားပြီလား”
“ကျောက်ချင်းထန်က ကြမ်းလွန်းတယ်။ သူ့ပြိုင်ဘက်တွေအားလုံးကို ရေခဲစမ်းချောင်းဓားချက်တွေနဲ့ပဲ အနိုင်ယူသွားတာ။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိတဲ့ စုရှောင်ရှန်လည်းအတူတူပဲ။ ဒါပေမယ့် သူက နှစ်ချက်ခံနိုင်လိုက်တယ်”
“စိတ်ဝိညာဉ်နယ်ပယ်နဲ့ စစ်မှန်ခြင်းနယ်ပယ်မှာ ဒီလောက်ကြီးတဲ့ ကွာဟချက်ကြီးရှိတယ်လားဟ”
“မဆန်းတော့ပါဘူး”
ကျောက်ချင်းထန်၏ အမူအရာမှာ အခြားပြိုင်ဘက်များအား အနိုင်ယူတုန်းကကဲ့သို့အလား ဂရုမစိုက်သည့် ပုံရှိသည်။ စုရှောင်ရှန်မှာ သူ့အတွက်တော့ လူနှစ်ယောက်စာနှင့် ညီမျှသည့် ပြိုင်ဘက်သာဖြစ်၏။
သို့သော် အခြားသူတွင် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိရာ သူ၏ ရေခဲစမ်းချောင်း စိတ်ဝိညာဉ်အနှစ်ကြောင့် စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၁၀) ကျင့်ကြံသူများကဲ့သို့ အေးခဲပြီး မသေနိုင်လောက်ချေ။
ကျောက်ချင်းထန် ရှောင်ချိစွေကိုကြည့်လိုက်သည်။ သူ၏ အမူအရာမှာ သူ့အား အနိုင်ရလိုက်ကြောင်း ကြေငြာမည့် ဟန်ပန်မရှိချေ။
သူဆက်၍ တိုက်ခိုက်ရပေမည်။