အပိုင်း (၃၄) တွေ့ရတာ၀မ်းသာပါတယ် နှုတ်ဆက်ပါတယ်
စုရှောင်ရှန် လက်ဆေးနေခြင်းဖြစ်သည်။
အကယ်၍ ပါးစပ်ထဲ သူ့လက်ကို အလျှင်မှီမထည့်လိုက်နိုင်ပါက သူ၏ ပထမ အနမ်းပင် ပါသွားနိုင်လောက်ချေပြီ။
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၂]
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၂]
ဆေးအကူနှစ်ဦးမှာ ကြမ်းပြင်၌ သူတို့၏ ဗိုက်များကိုကိုင်ရင်း လှိမ့်နေကြ၏။ သူတို့နှစ်ဦးစလုံးအား စုရှောင်ရှန် တားမရသည့်အဆုံး ကန်ထည့်လိုက်ခြင်းဖြစ်သည်။
သူ့အားကယ်တင်ရန် လှေကားပင် သယ်လာပေးသေးသည့် ဤနှစ်ဦး၏ ကျင့်ကြံခြင်းမှာ အဆင့်နိမ့်သည်ကိုသိသောကြောင့် စုရှောင်ရှန် အားများများ မထည့်လိုက်ပါချေ။
ဘုန်း
ထိုစဉ် အဓိက ပြိုင်ကွင်းမှ ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရသည်။ စိတ်ဝိညာဉ်သစ်ပင်တစ်ပင်က အကာအကွယ်အစီအရင်ကို ဖောက်ထွက်လာခဲ့ပြီး ကောင်းကင်သို့ ဆက်၍ တိုးထွက်သွား၏။ ထို့နောက် ၎င်းက ထွားကျိုင်းသည့်ဟန်ရသည့် လူတစ်ယောက်ကို လွှင့်ပစ်လိုက်သည်။
“တိုက်ပွဲပြီးပြီ မုကျစ်ရှီ အနိုင်”
လူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ စိတ်ဝိညာဉ်သစ်ပင်၏ ရုတ်တရက် လျှင်မြန်စွာ ကြီးထွားလာမှုက သူတို့အား အံ့အားသင့်သွားစေခဲ့၏။
“ဘုရားရေ။ အဲ့တာ စစ်မှန်ခြင်းနယ်ပယ်လား။ မိုက်… မိုက်လိုက်တာ”
“ဂိုဏ်းတူညီမလေးမုလည်း စစ်မှန်ခြင်းနယ်ပယ်ကို ရောက်နှင့်နေလိမ့်မယ်လို့ မထင်ထားဘူး။ စိတ်ဝိညာဉ်နန်းတော်ကို သူရောက်တာ ခုဆို (၁) နှစ်ပဲရှိသေးတာမလား။ ပြီးတော့ ဒါက ခုမှ မိုးတိမ်လေပြိုင်ပွဲကို ၀င်ပြိုင်ဖူးတဲ့ လူတစ်ယောက်ရဲ့ စွမ်းပကားလား”
“ပါရမီရှင်… မဟုတ်ဘူး။ မကောင်းဆိုးဝါးလေးပဲ”
“ရန်ချုံက တကယ် သနားစရာပဲ။ သူက အဆင့်(၁၀)ထိ ခန္ဓာကိုယ်ကို ကျင့်ကြံထားတယ်ဆိုပေမယ့် သူ့ခရီးလမ်းက ထိပ်သီး(၈)ယောက် မှာပဲ ရပ်သွားပြီ”
“ဟုတ်တယ်။ လေထဲကို ငါထင်တာတော့ (၁၀) မီတာကျော်ကျော်လောက် လွင့်သွားတယ်ထင်… လခွမ်း။ ရန်ချုံကျသွားတဲ့ နေရာကိုကြည့်လိုက်။ အဲ့မှာ… အဲ့မှာ ရှိနေတာ စုရှောင်ရှန်မလား”
“သတိထား”
စုရှောင်ရှန်သူ၏ လက်ကို အသေအချာ ညှင်ညှင်သာသာလေးပွတ်တိုက်ဆေးနေသည့်အချိန် အနက်ရောင်အစက်အပျောက်တစ်ခု ပျံလာတာကို အကြားအမြင်ဖြင့် သိလိုက်ရသည်။ တဖြေးဖြေးသူ၏ မြင်ကွင်းထဲ၌ ၎င်းက ကြီးကြီးလာပြီး သူထံပျံလာနေသည်ဟု စိတ်ထဲ ပုံပေါ်လာ၏။
“ဘာလဲဟ”
၎င်းက နားနေဆောင်ရှိ အစီအရင်အသေးလေးကိုတောင် ဖောက်ပြီး ၀င်လာခဲ့၏။
[အလစ်တိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ချက်ခြင်းတုန့်ပြန်လိုက်သည်။ အတိတ်မှ စုရှောင်ရှန် မဟုတ်တော့ချေ။
ချက်ခြင်းထိုပျံသန်းလာသောအရာကို စုရှောင်ရှန်ဖမ်းလိုက်ရာ ဖရဲသီးကဲ့သို့ အရာတစ်ခုခုကို ဖမ်းမိလိုက်သည်ဟုခံစားလိုက်ရသည်။ ၎င်းက အနည်းငယ်လည်း ဆူးသလိုလိုရှိသည်။ သူဘာဖမ်းမိလိုက်သည်ဆိုတာ စုရှောင်ရှန် ကြည့်လိုက်သည်။
ဟ လခွမ်း။
လူခေါင်းကြီးဟ။
စုရှောင်ရှန် လန့်ဖြန့်သွားပြီး ချက်ချင်းလွှတ်လိုက်ကာ သူ့ဒူးဖြင့် ထိုခေါင်းကို တိုက်ပစ်လိုက်၏။
ဘုန်း
သို့ဖြင့် ရန်ချုံလေထံသို့ တဖန် ပြန်လွင့်သွားခဲ့၏။ ဤတစ်ကြိမ်တော့ ထိတ်လန့်သွားသဖြင့် စုရှောင်ရှန် ခွန်အားအကုန်သုံးမိလိုက်သည်။
ရန်ချုံနတ်ပြည်မှ ငရဲပြည်သို့၊ ထို့နောက် ငရဲပြည်မှ လူ့ပြည်သို့ ပြန်ကျလာပြီး ကြမ်းပြင်နှင့် ထိသည်နှင့် သွေးပွက်ပွက်အန်သွားတာကို လူအုပ်ကြီး ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ ထို့နောက် ချု့ယွင်ကွင်းတစ်ခုလုံး ရယ်သံများဖြင့် ညံ့သွား၏။
“ဟားဟား… တွေ့စရာရှားလို့ စုရှောင်ရှန်နဲ့မှ ရန်ချုံတည့်တည့် သွားတိုးရတယ်လို့ကွာ။ အတိတ်ဘ၀မှာ အကုသိုလ်တွေ ဘယ်လောက်ကျူးလွန်ခဲ့လို့လဲမသိဘူး။ စုရှောင်ရှန်မှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိတာ သူ့ဒူးတိုက်ချက်ကြောင့် ရန်ချုံရဲ့ နံရိုးတွေ သုံး၊ လေးချောင်းလောက်တော့ ကျိုးသွားလောက်မယ်မလား”
“သနားစရာပဲ။ တိုက်ပွဲတစ်ခုတည်းမှာ နှစ်ခါ အရိုက်ခံရတယ်လို့”
“စုရှောင်ရှန်ရဲ့ တုန့်ပြန်နှုန်းကိုမင်းတို့ တွေ့လိုက်ကြလား။ ကြည့်ရတာ ပြီးခဲ့တဲ့တစ်ခေါက်က ၀မ်ချောင်ရဲ့ အလစ်တိုက်တာခံရပြီးတဲ့နောက် ပြန်ခုခံတိုက်ခိုက်ဖို့ နည်းစနစ်တစ်ခုခု ကျင့်ထားတာဖြစ်ရမယ်။ အခုဆို လူတစ်ယောက်ရဲ့ နှလုံးရော ခေါင်းရောကိုပါ သူဖမ်းနိုင်နေပြီ။ ကျစ်ကျစ်”
လူအုပ်ကြီး ဆွေးနွေးသံများဖြင့် ညံသွားခဲ့သည်။ နားနေဆောင်ရှိ အစီအရင် ပျက်ဆီးသွားသောကြောင့် စုရှောင်ရှန် ပင်ကိုယ်မှတ်များရရှိလိုက်၏။
[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]
[ချီးမွမ်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၇]
ဆေးအကူများချက်ခြင်း စုရှောင်ရှန်ကို ကျော်တက်ရင်း ရန်ချုံစီပြေးသွားကြသည်။ သူတို့ စုရှောင်ရှန်အားလည်း ဒေါသဖြင့် စိုက်ကြည့်လိုက်ရန် မမေ့ခဲ့ပါချေ။ သူတို့၏ အကြည့်များက ၀မ်ချုံကို သတိမေ့သွားအောင် လုပ်လိုက်သည့် လက်သည်တရားခံမှာ သူဖြစ်သည့်အလားပင်။
[မနှစ်မျို့ခြင်း ခံရပါသည်။ ပင်ကိုယ်မှတ် +၄]
စုရှောင်ရှန် မတရားသဖြင့် ခံရသည်ဟု ခံစားလိုက်ရသည်။ သူ့ကိုယ်သူ လက်ဆေးနေခြင်းသာ ဖြစ်ရာ ပြဿနာက ကောင်းကင်မှ သူ့ထံပြုတ်ကျလာခဲ့သည်။ ထိုပြဿနာက လူတစ်ယောက်ဆိုသည်ကို သူမည်သို့ သိမည်နည်း။
ထိုစဉ်က ဖရဲသီးအမှတ်ဖြင့် မခွဲပစ်လိုက်တာကိုက ကျေးဇူးတင်ရဦးပေမည်။
[မုန်တီး ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီး ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီး ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်အသစ်များ ဆက်တိုက် တက်လာရာ စုရှောင်ရှန် နားမလည်နိုင်ဖြစ်သွားသည်။ အသိပေးချက်အသစ်နှင့်အတူ ပင်ကိုယ်မှတ် တစ်မှတ် ဆက်တိုက်ရနေပြီး အသိပေးချက်ကျလာသည့် နှုန်းမှာလည်း အလွန်လျှင်မြန်နေပေ၏။
ရန်ချုံပြုတ်ကျသွားသည့်ဘက်သို့ စုရှောင်ရှန် ကြည့်လိုက်သည်။ အမှန်ပင် ဆေးအကူများကြောင့် ပြန်သတိရလာသည့် ရန်ချုံမှာ သူ့အား အကျဉ်းတန်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခြင်းဖြစ်သည်။
“ဝိုးးးး”
“မင်းဘာမင်း ပြိုင်ကွင်းပေါ်ကနေ လွင့်ထွက်လာပြီး ငါ့ကိုတောင် အလစ်တိုက်ဖို့လုပ်လိုက်သေးတာလေ။ ဘာလို့ ငါ့ကို အပြစ်လာတင်နေတာလဲ”
စုရှောင်ရှန် မပျော်မရွှင်ဖြစ်သွားသည်။ သူ့လက်မှ ရေစက်များကို ခါထုတ်လိုက်ပြီး ရန်ချုံထံသွားလိုက်၏။
[သံသယ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ရန်ချုံမျက်နှာလွှဲလိုက်ပြီး ‘ဘာလို့ စုရှောင်ရှန် ဒီဘက်လာနေတာလဲဟ’
‘သူဘာလုပ်ချင်လို့လဲ’
သူ့နောက်မှ လိုက်လာသော စုရှောင်ရှန်၏ ဆေးအကူများလည်း သူ့အကြောင်းကိုကောင်းကောင်းသိရာ သူတစ်ခုခု လုပ်တော့မည်ဖြစ်ကြောင်းသိလိုက်သည်။
သူတို့ အလျှင်အမြန် စုရှောင်ရှန်အား လိုက်တားလိုက်ကြသည်။
“စိတ်လျော့ စိတ်လျော့။ ခင်ဗျားဘာလုပ်ချင်လို့လဲ”
“သူက ဒဏ်ရာရနေတဲ့ လူနာတစ်ယောက်နော်”
“သူငါ့ကို မကျေမနပ်ဖြစ်နေတယ်လို့ ငါခံစားနေရတယ်” စုရှောင်ရှန် နှာခေါင်းရှုံ့လိုက်သည်။
ရန်ချုံ လန့်ဖြန့်သွားပြီး စိတ်ထဲမှ ‘မင်းဘယ်လိုသိတာလဲဟ’
ဆေးအကူလေး၏ လက်ကို အလျှင်အမြန်ဆွဲလိုက်ကာ “ငါ့ကို အခု မကုပေးနဲ့ဦး။ ဟိုမှာ… စုရှောင်ရှန်လာနေပြီ”
သူ့အနားရှိ ဆေးအကူလေးယောက် စုရှောင်ရှန်အား သတ်ဖြတ်ချင်သော အကြည့်များဖြင့် တစ်ပြိုင်တည်း စိုက်ကြည့်လိုက်ကြသည်။ စုရှောင်ရှန် အပြုံးတစ်ခု ဆင်မြန်းလိုက်ရင်း “ဟားဟား… ငါဘာမှ မလုပ်ပါဘူးဟ။ မကြောက်ကြပါနဲ့။ သူဒုက္ခိတဖြစ်သွားလား ဘာလား စိုးရိမ်လို့ ငါလာကြည့်တာပါဟ”
“ရတယ်လိုဘူး။ ငါအဆင်ပြေတယ်” ရန်ချုံ ကြက်သီး ဖျင်းဖျင်းထသွားခဲ့သည်။ ထို့နောက် ဆေးအကူလေး၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း ခါးသီးအမူအရာဖြင့် “လုပ်ပါ ငါ့ကို ဆေးကုသမယ်ဆိုလဲ နေရာတော့ ပြောင်းပေးပါဟ” ဟုတောင်းဆိုလိုက်သည်။
“ဟီးဟီး…” စုရှောင်ရှန် ဖော်ရွေသောအပြုံးဖြင့် နွေးနွေးထွေးထွေး ရယ်သံ သဲ့သဲ့ ပေးလိုက်သည်။
“စုရှောင်ရှန်”
“ကျောက်ချင်းထန်”
ရှောင်ချိစွေ၏ အသံ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး နားနေဆောင်ရှိ အဖြစ်အပျက်လေးကို ၀င်တားလိုက်သည်။ အတွဲချပေးခြင်းမှာ ပြီးဆုံးသွားပေပြီ။
ဤနာမည်များအားကြားသော် လူအုပ်ကြီး မှင်သက်သွားသည်။ မယုံကြည်နိုင်သဖြင့် လေအေးအေးရှိုက်လိုက်သည့် အသံများကို ကြားလိုက်ရ၏။ ဤသို့သောပွဲမျိုးအား သူတို့ စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်လေသည်။
စုရှောင်ရှန်လည်း မှင်သက်သွားသည်။ ကျောက်ချင်းထန်ဟုတ်လား။
မိုးတိမ်လေ ထိပ်သီး အဆင့်က နံပါတ် (၂) လေ။
စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်လေ။
“နောက်ဆုံးတော့လည်း ရောက်လာပြီပဲ” စုရှောင်ရှန် သက်ပြင်းမောကြီးချလိုက်သည်။ သို့သော် ထိပ်သီး (၄) ယောက်ပြိုင်ပွဲတွင် စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူနှင့် တွေ့ရမည်သိသော်လည်း ယခု ထိပ်သီး (၈) ယောက်၌တော့ မမျှော်လင့်ထားပါချေ။
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အသိပေးချက်ဖန်သားပြင်အသစ်တက်လာရာ စုရှောင်ရှန် ရန်ချုံကို အလိုလိုနေရင်း ကြည့်လိုက်မိသည်။ ဟုတ်ပေသည်။ အလွန်ပျော်ရွှင်နေသည့်ဟန်ပေါက်သည့် အမူအရာမျိုး မျက်နှာထက်၌ ရှိနေ၏။
ဘယ်သူက ၎င်းအား သည်းခံနိုင်ပါမည်နည်း။
တကောင့်သားမှာ သူ့ကိုလည်း မုန်းသေးသည်၊ ကဲ့လည်းကဲ့ရဲ့သေးသည်။ သူမည်မျှ ထိုသို့ ဆက်လုပ်ချင်နေပါသနည်း။
‘ကျောက်ချင်းထန်ဆိုတော့ရော ဘာဖြစ်လည်း’
‘ငါနဲ့ချရင် ဘယ်သူနိုင်မယ်မသိသေးတာကို လာပြီ ကဲ့ရဲ့နေတယ်’
စုရှောင်ရှန်သူ့ကို ဆွဲထားသည့် သူ၏ ဆေးအကူများ၏ လက်ကို ပုတ်ထုတ်လိုက်ပြီး ရှေ့သို့ တဟုန်ထိုးပြေးလိုက်သည်။
“ဟ။ လခွမ်း။ စုရှောင်ရှန် မင်းဘာလုပ်မလို့လဲ” ရန်ချုံ လိပ်ပြာလွင့်မတတ် လန့်သွားသည်။
“စုရှောင်ရှန် ရပ်လိုက်နော်” ထိုသို့ပြောပြီး ရန်ချုံနားမှ ဆေးအကူများ ဘေးသို့ ခုန်ရှောင်လိုက်သည်။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ဖြင့် သူတို့အား လာတိုက်မိမည် စိုးရွံ့ပေသည်။ “ဘာမှ လျှောက်မလုပ်နဲ့နော် ဒါ ပြစ်မှုမြောက်တယ်”
ရန်ချုံ သူ့အားထားသွားသော အဖြူ၀တ် ဆေးအကူလေးယောက်ကို မှင်သက်စွာကြည့်လိုက်သည်။ ငါ့ကို ထားသွားတယ်လား။
“ငါ့ကို မထားခဲ့နဲ့ဟ”
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဟန်နှင့် နောင်တရနေမှုကဲ့သို့ အမူအရာမျိုးရှိနေသော လှုပ်ရှားရန်နိုင်စွမ်းမရှိတော့သည့် ရန်ချုံကို စုရှောင်ရှန် မလိုက်သည်။
“မင်း ဘယ်သူမှန်း ဘာမှန်း ငါမသိဘူး။ ဒါပေမယ့် ငါမင်းကို မတော်တဆ ရိုက်လိုက်မိတဲ့အတွက် တောင်းပန်တယ်။ ဒါပေမယ့် ကံကောင်းတာက ငါ အရိုးဘယ်လိုပြန်ဆက်ရမလဲသိနေတာပဲ။ မပူနဲ့ ငါ့မှာ ရွှေနီဆေးလုံးလည်း အများကြီးရှိတယ် တွေ့လား။ မင်းလုံး၀ ပြန်ပျောက်ကင်းသွားစေရမယ်လို့ ငါအာမခံတယ်” စုရှောင်ရှန် ရိုးသားသည့်ဟန်ဖြင့် ပြောလိုက်ပြီး ၀မ်ချုံ၏ ကျိုးသွားသော နံရိုးများထံ လက်လှမ်းလိုက်သည်။
“ချီး ငါ့ကို မထိနဲ့”
“ကယ်ကြပါ။ ဆေးအကူတွေဘယ်မှာလဲ။ ငါ့ကိုကယ်ရမှာ မင်းတို့တာ၀န်လေ။ ငါ့ကို မထားခဲ့ပါနဲ့ဟ”
ဂျွတ် ဂျလွတ်
“အားးးးးးးးးးး…”
၀မ်ချုံ၏ ဆေးအကူများ စုရှောင်ရှန်၏ ဆေးအကူများနှင့် သွားရောလိုက်သည်။ ဆေးလုံးတစ်လုံးကို ထုတ်ပြီး ရန်ချုံ၏ ကျိုးသွားသော အရိုးများအား ပြန်တည့်နေသည့် စုရှောင်ရှန်ကို သူတို့ကြည့်ရင်း တုန်ခါနေကြ၏။
လူမဟုတ် မိစ္ဆာပင်ဖြစ်ရမည်။
…
အစိမ်းဖျော့ဖျော့ ချည်၀တ်ရုံကို ၀တ်ဆင်ထားသည့် ကောင်မလေးတစ်ယောက် အဓိက ပြိုင်ကွင်းပေါ်မှ ဆင်းလာခဲ့သည်။ သူမ၏ မျက်နှာကလေးမှာ ကျောက်စိမ်းဖြင့် ထွင်းထုထားသည့်အလား အလွန် လှပလေသည်။ သူမကို ကြည့်ရှူသူတိုင်း ချစ်စရာကောင်းသည်ဟု မတွေးဘဲ မနိုင်ပါချေ။
တစ်စုံတစ်ခုကိုရှာနေသည့်အလား လှည့်ပတ်ကြည့်နေရာ သူမ၏ မြင်းမြှီးသဏ္ဌာန် ကျစ်ဆံမြှီးမှာ လှုပ်ရမ်းသွား၏။ ထို့နောက် စုရှောင်ရှန်ကိုမြင်ရာ အပြေးလေးသွားလိုက်ပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။
“စုရှောင်ရှန် ရှင့်ကို အကြီးအကဲရှောင်ခေါ်နေတယ်”
စုရှောင်ရှန် သူမကိုပင်မကြည့်ဘဲ “ခဏနေဦးလို့။ ငါဒီမှာ သူ့အရိုးတွေ ပြန်ဆက်ပေးနေတယ်”
ထိုအစိမ်း၀တ် ကောင်မလေး အလွန်သိချင်သွားပြီး ခေါင်းကလေးကို စောင်းကာ စုရှောင်ရှန်၏ အရှေ့ကိုကြည့်လိုက်သည်။
ရန်ချုံ၏ ဒဏ်ရာများကို အားဖြင့် ဖိနေရင်းမှ ရွှေနီဆေးလုံး ရှူခိုင်းနေသည်ကို သူမတွေ့လိုက်ရာ မှင်သက်သွား၏။ ထို့နောက် ရန်ချုံအား လက်ညှိုးထိုးပြလိုက်ပြီး “သူသေတော့မယ်”
“ဟင်… မသေပါဘူး စိတ်မပူပါနဲ့ ရွှေနီဆေးလုံးကို သူရူနေတာပဲ”
“ရှင်ဘာလို့ သူ့ကို ဆေးလုံးကျွေးမယ့်အစား ရှူခိုင်းနေတာလဲ။ ဘာအာနိသင်ရှိလို့လဲ အဲ့လိုလုပ်တာ”
ထိုစကားအားကြားသော် စုရှောင်ရှန် ရပ်တန့်သွားသည်။ ‘ဟုတ်သားပဲ’
‘ဒီကောင့်မှာ ငါ့လို အသက်ရှူခြင်းနည်းစနစ်မှ မရှိတာ’
ရန်ချုံ၏ ပါးစပ်ထောင့်မှ သွေးများအဆက်မပြတ်စီးကျလာနေသည်။ နောင်ဘ၀သို့ ခြေတစ်လှမ်း လှမ်းထားသည့်အလား မျက်ဖြူလှန်ပြီး ခေါင်းနောက်ဆိုက်ကျနေ၏။ စုရှောင်ရှန် အလျှင်အမြန် သူ့အား ဆေးလုံးကျွေးလိုက်သည်။
အမှန်က ရန်ချုံ၏ နံရိုးများကို သူဆက်နိုင်ခဲ့သည်။ သူ့တွင် ဤသို့သော စွမ်းရည် ပါရှိလာသည့်ဟန်ရ၏။ သို့သော် ရန်ချုံ၏ နာကျင်မှုအတွက်တော့ မည်သည်ကိုမှ မလုပ်နိုင်ပါချေ။
“စုရှောင်ရှန်။ ခုချက်ခြင်း ပြိုင်ကွင်းပေါ် လာခဲ့စမ်း” ရှောင်ချိစွေ၏ စူးစူးရှရှအသံကို စုရှောင်ရှန်ကြားလိုက်ရသည်။
ခန္ဓာကိုယ်တစ်ချက်တွန့်သွားပြီး အလျှင်အမြန် နောက်သို့လှည့်လိုက်ရာ အစိမ်းဖျော့ဖျော့၀တ် လှပသည့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမမှာ သူ့အား စောနက အကြောင်းလာကြားသည့် ကောင်မလေးဖြစ်ရပေမည်။
“နင်က…”
“မုကျစ်ရှီ”
အစိမ်းဖျော့ဖျော့၀တ်ကောင်မလေးမှာ ခေါင်းကို အသာအယာစောင်းလိုက်ရင်း အလွန်ဖော်ရွေ့သည့်ဟန်ဖြင့် “တွေ့ရတာ၀မ်းသာပါတယ် စုရှောင်ရှန်”
“ဟင်… အယ်..”
“တွေ့ရတာ၀မ်းသာပါတယ် နှုတ်ဆက်ပါတယ်”
စုရှောင်ရှန် အချိန်ဖြုန်းမနေတော့ဘဲ ပြိုင်ကွင်းစီ အပြေးလေးသွားလိုက်၏။
မုကျစ်ရှီ စွံ့အသွား၏။
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]