Switch Mode

Chapter – 32

လက်မှတ်လေး ထိုးပေးပါလား

အပိုင်း (၃၂) လက်မှတ်လေး ထိုးပေးပါလား

[ခြောက်လှန့်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်ချက်ခြင်းအိပ်နေရာမှထပြီး သူ့ပတ်၀န်းကျင်ကို လှည့်ကြည့်လိုက်ရာ နားနေဆောင်၌ပင်ရှိသေးကြောင်းသိလိုက်ရသည်။ သူ့ပါးကိုထိလိုက်ပြီး ဘေးနားက ဆေးအကူလေးအား စိတ်ဆိုးစွာ မေးလိုက်သည်။ “မင်းဘာလို့ ငါ့ကိုရိုက်တာလဲ”

ဆေးအကူကသူပြောသည်ကို နားမလည်သည့်အလား အပြစ်ကင်းစင်သောဟန်ဖြင့်ကြည့်နေ၏။

စုရှောင်ရှန် ဆေးအကူလေးရဲ့လက်ကိုကြည့်လိုက်သည်။ ‘ဟင် ဆေးပုလင်းတွေ မရှိတော့ဘူး’

“တိုက်ပွဲက ခင်ဗျားအလှည့်ရောက်နေပြီ” ဆေးအကူလေး အေးတိအေးစက် ပြောလိုက်သည်။

သို့မှသာ သူအိပ်မက်မက်နေခြင်းဖြစ်သည်ကို စုရှောင်ရှန် သိသွားပြီး နားနေဆောင်မှ ရှက်ကိုးရှက်ကန်းထွက်သွားလိုက်၏။

“စုရှောင်ရှန် ကံကောင်းပါ‌စေ”

“စုရှောင်ရှန် တောင့်ထား”

“စုရှောင်ရှန် ဗိုလ်ဆွဲမှာကွ”

ရုတ်တရက် လူအုပ်ကြီး၏ စိတ်အားထက်သန်‌မှုကြောင့် သူထိတ်လန့်သွားသည်။ နားနေဆောင်မှ ထွက်လာသည့်အခိုက်အတန့်၌ ပွဲကြည့်စင်ရှိ လူများအားလုံးထရပ်ကြပြီးသူ့ကို အားပေးလိုက်ကြသည်ကို တွေ့လိုက်ရလေသည်။

သူမှင်သက်သွားသည်။ ယခင်က သူ့အား လူအနည်းစုသာအားပေးခဲ့ပြီး အများစုက ပြစ်တင်ရှုံ့ချခဲ့ကြသည်မဟုတ်ပါလား။ “ဒီနေ့မှ ဘာလို့ လူတိုင်းငါ့ကို အားပေးနေကြတာလည်း မသိဘူး”

“သူတို့ အိပ်ရေးပျက်ကုန်ကြလို့လား…”

ထိပ်သီးအဆင့်(၇) ၀မ်ချောင်၊ အဆင့်(၄) ကျိုးထျန်းရှန်နှင့် သူ၏ ဆက်တိုက်နိုင်ပွဲများ၊ ထို့နောက် စတင်ခြင်းအဆင့်ဓားဆန္ဒ၊ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်တို့ကြောင့် ပြိုင်ပွဲတစ်ခုလုံး၏ ဗိုလ်ဖြစ်လာမည်ဟု သူ့ကို မှန်းချက်ထုတ်ထားကြမှန်းသူမသိပေ။

[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၄၄၂]

[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၆၆၅]

“…”

သူ့စိတ်ထဲရှိ အသိပေးချက်ဖန်သားပြင်တွင် အသိပေးချက်များ အဆက်မပြတ် ကျလာနေခဲ့သည်။ သို့ဖြင့် စုရှောင်ရှန်လည်း ပြိုင်ပွဲကို သွားရာလမ်းတစ်လျှောက်၌ ပျော်ပျော်ကြီးလက်ပြပြီး နှေးနှေးလေးသွားလိုက်၏။

[ပင်ကိုယ်မှတ် : ၄၄၈၂၀]

[ပင်ကိုယ်မှတ် : ၄၅၆၁၁]

[ပင်ကိုယ်မှတ် : ၄၆၀၀၂]

စုရှောင်ရှန် နားရွက်တက်ချိတ်မတက်ပြုံးလိုက်ရာ မျက်လုံးများပင် အကြောင်း တစ်ကြောင်းကဲ့သို့ မှေးသွားသည်။ ယမန်နေ့ည ငရဲမီးတောက်အားသန့်စင်ခြင်းတွင် ဒုက္ခခံလိုက်ရသည်ဆိုသော်ငြား နာရီအနည်းငယ် ခံစားပြီးသည့်နောက်၌ ဆုလဒ်ကိုရလိုက်သည်။ ၎င်းမှ ပင်ကိုယ်မှတ် (၂၀၀၀၀) နီးပါးရလိုက်၏။

ထို့ပြင်ယခု သူ၏ ပင်ကိုယ်မှတ်များဆက်၍ တက်လာနေချေသည်။

“စုရှောင်ရှန် မြန်မြန်လာပါ” ရှောင်ချိစွေ ဖော်ရွေမှုကင်းမဲ့သော အသံမျိုးဖြင့် ဆိုလိုက်သည်။

စုရှောင်ရှန်ချက်ခြင်း အစီအရင်အတွင်းသို့ အပြေးလေး၀င်သွားလိုက်သည်။ တိတ်ဆိတ်မှုနှင့် အေးချမ်းမှုတို့ကို ခံစားလိုက်ရ၏။

ယခုမှ မိုးတိမ်လေပြိုင်ပွဲ၌ အဘယ်ကြောင့် အစီအရင်လိုအပ်သနည်းကို တွေးမိလိုက်သည်။

ပြိုင်ကွင်း၏အခြားတစ်ဖက်၌ အဝါရောင်ဖျော့တော့တော့ ၀တ်စုံကို ၀တ်ဆင်ထားသည့် ချစ်စဖွယ်ကောင်မလေးတစ်ယောက် လာနေတာကို တွေ့လိုက်ရသည်။ ဆံနွယ်များကို တင်းတင်းကြပ်ကြပ်စည်းထားပြီး သူမ၏ မျက်၀န်းများက ပြုံးပြနေသည့်ဟန် အထက်သို့ အနည်းငယ် ကွေးနေသည်။ သူမ၏လက်ထဲတွင် အရိုးပျော့ဖြင့်ပြုလုပ်ထားသော ကြာပွတ် တစ်ခုရှိနေပြီး လမ်းတစ်ချက်လျှောက်လိုက်တိုင်း၎င်းကို ကြမ်းပြင်ပေါ်သို့ တစ်ချက်‌ရိုက်လိုက်ကာ ခုန်စွခုန်စွဖြင့် ပြိုင်ကွင်းပေါ်သို့ တက်လာခဲ့၏။

လီစီကျင်း၊ စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၁၀)။

ထုံးစံအတိုင်း စုရှောင်ရှန် ပြိုင်ပွဲမစခင် တစ်ခုခုပြောရန်ကြံလိုက်သည်။ သို့သော် ထိုကောင်မလေးက လက်ဦးသွားပြီး စုရှောင်၏ လေသံကိုအတုခိုး၍ “ပြိုင်ပွဲမစခင် အရှုံးပေးတာက မင်းရဲ့ ပြိုင်ဘက်ကို မလေးစားရာရောက်တယ်။ တိုက်ပွဲတစ်ခုကို မတိုက်ခိုက်ပဲ ထွက်ပြေးတာကလည်း… “

“အာ… ဘာဆက်လာတာလဲ နောက်က…”

“မေ့သွားပြီ ထားလိုက်တော့”

လီစီချင်းသူမ၏ ‌အရိုးပျော့ကြာပွတ်ကို ခွေပြီး ဆိုလိုက်သည်။ “စုရှောင်ရှန်။ ရှင့်တိုက်ပွဲတွေကို ကျွန်မကြည့်လိုက်ရတယ်။ ရှင်အရမ်းတော်တာပဲ”

“ပြိုင်ပွဲပြီးရင် လက်မှတ် ထိုးပေးလို့ရမလား”

[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် ခေါင်းကို ရှက်ကိုးရှက်ကန်းကုတ်လိုက်သည်။ သူ့ပြိုင်ဘက်များအတွင်းသူ၏ ပုရိသတ်ပါလာလိမ့်မည်ဟု သူမထင်ချေ။ ထေ့ငေါ့ပြောတော့မည့်စကားလုံးများကိုမျိုချလိုက်ပြီး ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

လီစီကျင်း၏ မျက်နှာအမူအရာ ချက်ခြင်း ပျော်ရွှင်သည့်ဟန်ပြောင်းသွားပြီး ချစ်စဖွယ် ရယ်မောလိုက်သည်။

ရှောင်ချိစွေ မျက်နှာသေကြီးဖြင့် လက်‌ပြလိုက်၏။

“တိုက်ပွဲ…စ”

စုရှောင်ရှန် လူကြီးလူကောင်းဆန်ဆန် သူ၏ ပြိုင်ဘက်ကို ဦးစွာတိုက်ခိုက်ရန် အချက်ပြလိုက်သည်။ သို့သော် သူမ၏ ဝိုင်းစက်နေသော မျက်၀န်းများဖြင့်သူ့ကို မျက်စိတစ်ဖတ်မှိတ်ပြလိုက်ပြီး လက်မြှောက်ကာ အရှုံးပေးလိုက်၏။

“ကျွန်မ အရှုံးပေးတယ်”

စုရှောင်ရှန်၏ မျက်နှာ ‌မဲမှောင်သွားသည်။ ‘နင်အခုပဲ ငါ့စကားကိုလည်း လုပြောသွားသေးတယ်။ အရှုံးလည်းပေးသေးတယ်’

‘နင်ဘယ်လို ပုရိတ်သတ်လဲ။ ငါ တကယ်လိုချင်တာ ပင်ကိုယ်မှတ်တွေဆိုတာမသိဘူးလား”

လီစီကျင်း သူ၏ မျက်နှာထားကို မြင်သော် အပြေးလေးရှင်းပြလိုက်သည်။ “ကျန်းဖေးအခုထိ စိတ်ဝိညာဉ်ဆေးမှုဆိုင်ရာဌာနက ကုတင်ပေါ်မှလှဲနေတုန်းပဲတဲ့။ နောက် နေရာပြန်လုတဲ့ ပွဲမှာတောင်မပါနိုင်တော့ဘူး။ ကျွန်မရှင်နဲ့ မတိုက်ခိုက်ချင်ဘူး။ နေရာပြန်လုတဲ့ ပွဲမှာပဲ တိုက်ခိုက်တော့မယ်”

ရှောင်ချိစွေ ယခုမှ သောက်လိုက်သော ရေများကိုပင် မမြိုချရသေး အလျှင်အမြန် လက်တစ်ဖက်မြှောက်ပြီး ကြေငြာလိုက်သည်။ “ပြိုင်ပွဲပြီးပြီ စုရှောင်ရှန် အနိုင်”

ပွဲကြည့်သူများ သူတို့ကြား၌ ဆွေးနွေးမှူများပြုလိုက်ကြသည်။ ထိပ်သီး အဆင့်(၁၆) နေရာအတွင်း၌ တစ်စုံတစ်ယောက် အရှုံးပေးလိမ့်မည်ဟု မထင်ထားပါချေ။ သို့ဆိုလျှင် ပေးလာမည့် ဆုလဒ်များကို မည်သို့ ရရှိပါတော့မည်နည်း။

“ပျင်းစရာကြီးကွာ။ ဘာလို့ သူမ အရှုံးပေးလိုက်တာလဲမသိဘူး။ စုရှောင်ရှန် ချတာ ကြည့်ချင်ပါတယ်ဆို”

“ငါတော့ လီစီကျင်း လည်တယ်လို့ထင်တယ်။ စဉ်းစားကြည့်ကွာ သူက အဆင့်(၁၀)ဆိုပေမယ့် အဆင့်(၇) ဖြစ်တဲ့ စုရှောင်ရှန်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ နေရာပြန်လုပွဲအတွက် အခုသူရဲ့ ခွန်အားတွေကို ထိန်ချန်ထားလိုက်တာက လည်တယ်လို့ပြောရမယ်…”

“ထွီး။ အေးပါ ဆရာကြီးရာ မင်းပဲအကုန်သိ အကုန်တတ်…”

အရှုံးပေးလိုက်သော လီစီကျင်း စုရှောင်ရှန်ထံသို့ ခုန်ပေါက်သွားလိုက်ရင်း စိတ်ဝိညာဉ်မှင်တံတစ်ချောင်းကို ကမ်းပေးလိုက်သည်။ “လက်မှတ်ထိုးပေး” သူမ စိတ်အားထက်သန်စွာဆိုလိုက်သည်။

စုရှောင်ရှန်စွံ့အသွား၏။

ဟူး

‘မလုပ်နဲ့။ တောင့်ထား။ သူက မင်းရဲ့ ပုရိသတ်တစ်ယောက်နော်’ စုရှောင်ရှန်သူ့ကိုယ်သူ သတိပေးလိုက်သည်။

“ကိုယ်ဘယ်မှာ ထိုးပေးရမလဲ” စုရှောင်ရှန် ညှင်ညှင်သာသာ မေးလိုက်သည်။

လီစီကျင်း လက်ဖြန့်ရင်း သူမ၏လက်ကိုရှေ့သို့ဆန့်ထုတ်ပေးလိုက်သည်။ သူမ၏ လက်ကလေးမှာ သေးသေးလေးဖြစ်သည်။ “ဒီနားမှာထိုးပေး”

ထိုသို့ဆိုလိုက်ရင်း ပွဲကြည့်စင်ဘက်သို့ သူမ လှည့်ကြည့်လိုက်သည်။ လူအုပ်ကြီးမှာ သူတို့နှစ်ဦး၏ အပြုအမူများကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေသည့်ဟန်ရသည်။ သို့သော် အစီအရင်ကြောင့် သူတို့ဘာမှ မကြားရပေ။

အပြင်ဘက် ရှေ့ဆုံးတန်း၌ ထိုင်နေသော မိန်းကလေးတစ်ယောက် ငယ်သံပါအောင်အော်ဟစ်နေ၏။ “အား… ရပ်လိုက်စမ်း လီစီကျင်း။ စုရှောင်ရှန်က ငါ့အပိုင်ဟဲ့”

“ခစ်ခစ်”

လီစီကျင်းသူမ၏ သူငယ်ချင်းအား ရန်စဟန်ဖြင့် မျက်စပစ်ပြလိုက်သည်။ သူမ၏ မျက်နှာထက်၌ အောင်နိုင်သော အပြုံးပန်းတစ်ခုဆင်မြန်းထား၏။

‘ဟမ့်။ နင်ကောင်းကောင်း မကျင့်ကြံရင် ဘာဖြစ်လဲသိပြီလား’

‘အခု နင်အပြင်ကနေ ငါ့ကို မနာလိုဖြစ်နိုင်ရုံကလွဲပြီး ဘာတတ်နိုင်သေးလဲ’

စုရှောင်ရှန်လည်း ရှက်မနေဘဲ သူမ၏ ပျော့အိ နွေးထွေးသော လက်ကလေးကို ကိုင်လိုက်သည်။

သူ၏ လက်မှတ်ကို စာကြောင်းအနည်းငယ်ခြစ်၍ ထိုးလိုက်ရင်း “နောက်ဆို ပြိုင်ပွဲမှာ ဘယ်သူနဲ့ တွေ့တွေ့ အရှုံးမပေးနဲ့ ကြားလား။ ဒါနင့်အတွက် မကောင်းဘူး”

“ဟင့်အင်း ကောင်းတာပါ”

လီစီကျင်းမှာ ပုံမှန်အားဖြင့် ရဲရဲတင်းတင်းရှိသော ကောင်မလေးတစ်ယောက်ဖြစ်သော်လည်း စုရှောင်ရှန်သူမ၏လက်ကို ဤသို့ လူအုပ်ကြီးအရှေ့၌ကိုင်လိုက်သောအခါ ရှက်သွေးဖြန်းသွားသည်။ ဆိုရသော် သူမမှာ အသက် (၁၆) နှစ် (၁၇) နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်သာ ဖြစ်ချေသည်။

ထူးဆန်းသော ယားကျိကျိခံစားမှုကြောင့် သူမလက်ကို ပြန်ဆွဲလုမတတ်ဖြစ်သွားသည်။ သို့သော် အကောင်းဆုံးသည်းခံပြီး ညှင်ညှင်သာသာဆိုလိုက်၏။ “ကျေးဇူး”

ထို့နောက် လက်မှတ်ကိုရသွားသော ကောင်မလေး လွတ်အောင် ထွက်ပြေးနေသည့်အလား ပြိုင်ကွင်းပေါ်မှ အလျှင်အမြန် ပြေးဆင်းသွားသည်။

“ဟေ့ … နင့်ရဲ့ စိတ်ဝိညာဉ်မှင်တံ မယူတော့ဘူးလား… “ စုရှောင်ရှန် အနောက်မှ အော်မေးလိုက်သည်။

အဆိုပါ ကောင်မလေးမှာ လှည့်၍ပင်မကြည့်တော့ဘဲ “ရှင်ယူလိုက်တော့” ဟုပြန်ဆိုလိုက်၏။

စုရှောင်ရှန် ရှောင်ချိစွေကို လှည့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်ထိုလူကြီး သူ၏ ခေါင်းကို တဆတ်ဆတ်ခါနေတာကိုတွေ့လိုက်သည်။ သူ၏ မျက်လုံးများက အတိတ်ကိုပြန်မြင်ယောင်နေသည့်အလား ခံစားချက်တို့ဖြင့် ပြည့်နေ၏။ စုရှောင်ရှန်အား ပြိုင်ကွင်းပေါ်မှ ဆင်းရန်ပင် မလောလိုက်တော့ချေ။

စုရှောင်ရှန် သူ၏ လည်ပင်၌ဆွဲထားသော သိုလှောင်လက်စွမ်အတွင်းသို့ စိတ်ဝိညာဉ်မှင်တံကိုထည့်လိုက်သည်။

အပြင်ဘက်ရှိ ရှေ့ဆုံးတန်းမှ မိန်းကလေး ဤအချင်းအရာကိုမြင်သော် ပေါက်ကွဲသွားသည်။ သူမချက်ခြင်း ပြိုင်ကွင်းပေါ်မှ ဆင်းလာသော လီစီကျင်းထံ မျက်လုံးနီနီကြီးဖြင့်ပြေးသွားလိုက်၏။ ဆေးအကူများပင် သူမအားအချိန်မှီ မတားလိုက်နိုင်ပါချေ။

“လီစီကျင်း နောက်နှစ်ဒီလိုနေ့က နင့်ရဲ့ သေတဲ့ နှစ်ပတ်လည်ပဲ”

“ငါ့ရဲ့ ကမ္ဘာခြားကန်ကွက်ကို မြည်းကြည့်လိုက်စမ်း”

“မကန်ပါနဲ့။ အိုး… ဒီမှာကြည့်။ ဒီလက်မှတ်ရှိတဲ့နေရာကို နင်တကယ်ကန်မလို့လား”

“ဝူးဝူးဝူး… မနာလိုလိုက်တာ။ နင့်လက်ကိုဖြတ်ပြီး ငါ့ကိုပေးစမ်း”

“…” အစီအရင်အတွင်းမှ ထွက်လိုက်သော စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို ကြည့်လိုက်ရာ ချော်လဲလုမတတ်ဖြစ်သွားသည်။

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၃၃၃]

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၃၃၃]

“ဘာလဲဟ”

“သွေးတွေချွေးတွေမထွက်လိုက်ပေမယ့် အနိင်ရလိုက်တဲ့အတွက်ငါ့ကို ချီးမွန်းတာ အားပေးတာတို့ ထွက်လာရမှာမဟုတ်ဘူးလား”

“မင်းတို့အားလုံးဘာဖြစ်သွားတာလဲ။ ပြိုင်ပွဲမစခင်ကကြတော့ ငါ့ကို အားပေးနေကြပြီးတော့ အခုချက်ခြင်းဘဲ ငါ့ကို မုန်းတယ် ဖြစ်သွားတယ်လား”

“ဟမ့်… လူတွေ လူတွေ”

စုရှောင်ရှန် အတင်းပြုံးလိုက်ပြီး အခြေအနေကို ငြိမ်သွားစေရန် ပုရိသတ်များကို လက်ဝှေ့ရမ်းပြလိုက်သည်။

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၈၈၆]

စုရှောင်ရှန် စွံ့အသွား၏။

နားနေဆောင်၌ဖြစ်သည်။

စုရှောင်ရှန် ထိုင်ခုံ၌မှီရင်းထိုင်နေ၏။ အခြေအနေက တင်းမာလာခဲ့ရာ သူအိပ်မပျော်နိုင်တော့ချေ။

ထိုအခိုက်အတန့်၌ ပြိုင်ပွဲအတွင်း ထိပ်သီး(၈) ယောက်ထဲသို့ သူအောင်အောင်မြင်မြင် ရောက်ပြီးသားဖြစ်သည်။

ပွဲအချိန်ဇယားအရ ယနေ့ သူနောက်ထပ်တစ်ပွဲထပ်တိုက်ရဦးပေမည်။ အကယ်၍ သူဆက်နိုင်ခဲ့လျှင် မနက်ဖြန် ဗိုလ်လုပွဲတက်ရောက်သွားမည်ဖြစ်သည်။

“ငါဗိုလ်ဆွဲလိုက်နိုင်မလား…”

စုရှောင်ရှန် သိပ်မသေချာပေ။

ယခင်ကဆိုလျှင်တော့ ဗိုလ်ဆွဲမည်ဟု ယုံကြည်ချက်ရှိလိမ့်မည်ဖြစ်ကာ ကျိုးထျန်းရှန်နှင့် တွေ့ပြီးနောက်တော့ ထိုသို့ မထင်တော့ချေ။ စတင်ခြင်းအထွတ်အထိပ်ရှိ ကျိုးထျန်းရှန်တောင် အလွန်ကြမ်းနေလျှင် စစ်မှန်ခြင်းနယ်ပယ် နှစ်ယောက်၏ စွမ်းပကားကိုပြောနေစရာပင်လိုတော့မည်မဟုတ်ချေ။

စုရှောင်ရှန်လက်ထဲ၌ ရေနွေးကြမ်းခွက်ကိုင်ထားရင်း အတွေးနက်သွားသည်။

စစ်မှန်ခြင်းနယ်ကယ်မှာ ယေဘူယျ ခေါင်းစဉ် တစ်ခုသာဖြစ်သည်။

၎င်းတွင် အဆင့်သုံးဆင့်ပါရှိသည်။ ၎င်းတို့မှာ မူလ‌နန်းတော်၊ ဗလာနယ်ပယ် နှင့် အထက်ပိုင်း စိတ်ဝိညာဉ်တို့ဖြစ်သည်။

စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံခြင်း လမ်းစဉ် ပထမ (၁၀) ဆင့်ပြီးနောက် ကျင့်ကြံသူတစ်ယောက်ဟာ သာဘာ၀နိယာမများကို နားလည်သဘောပေါက်နိုင်သည်ဆိုလျှင် နတ်ဘုရားတို့ ကြီးစိုးရာဖြစ်သည့် မူလနန်းတော် နယ်ပယ်ကိုရောက်သွားမည်ဖြစ်သည်။ အောင်မြင်သွားသည်ဆိုပါက အဆိုပါ ကျင့်ကြံသူမှာ သူ၏ ပင်ကိုယ်ဓာတ်စွမ်းအင်ကို နိုးထနိုင်မည်ဖြစ်သည်။ ၎င်းကို စစ်မှန်ခြင်းနယ်ပယ်ဟုခေါ်သည်။

မည်သည့်ပင်ကိုယ်ဓာတ်စွမ်းအင်ဖြစ်သည်ကိုတော့ အတိအကျမပြောနိုင်ချေ။ အမျိုးအစားများမှာ အ‌ဆုံးမသတ်နိုင်ကာ တစ်ယောက်နှင့်တစ်ယောက်လည်း ကွဲပြားနိုင်သည်။

၎င်းမှာ အဓိကဓာတ်ကြီးငါးပါးဖြစ်နိုင်သလို လိုက်ဖက်ရာလည်းဖြစ်နိုင်သည်။ ဥပမာပေးရသော် ကျောက်ချင်းထန်၏ ရေခဲနှင့် ကျိုးထျန်းရှန်၏ တစ်ဖက်သွားဓားဆန္ဒတို့လို သူတို့နှင့် လိုက်ဖက်သည့် အရာဖြစ်သည်။

ဤသည်မှာ စုရှောင်ရှန်စိုးရွံ့မိသည့် အချက်လည်းဖြစ်သည်။

သူ၏ပင်ကိုယ်စွမ်းရည်များကို စစ်မှန်ခြင်းနယ်ပယ်နည်းစနစ်များကဲ့သို့ အသုံးပြုနိုင်သော်လည်း ၎င်းတို့တွင် ကန့်သတ်ချက်ရှိ၏။

ဆိုလိုသည်မှာ သူ့ထံတွင် ပင်ကိုယ်ဓာတ်စွမ်းအင်မရှိပါက အခြား စစ်မှန်ခြင်းနယ်ပယ် နှစ်ယောက်နှင့် ယှဉ်၍ ဗိုလ်လုရာတွင် သူ့အတွက် အခက်အခဲတွေ့နိုင်လေသည်။

စုရှောင်ရှန်သူ၏ ဒန်ထျန်အတွင်းကိုကြည့်လိုက်သော ခါးသက်သက် ပြုံးလိုက်ရသည်။

သူ့ဒန်ထျန်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များမှာ လုံး၀ အနက်ရောင်ပြောင်သွားခဲ့ပြီး ချွဲပျစ်ပျစ်ကြီး ဖြစ်နေသည်။ ၎င်းမှာ ယမန်နေ့ညက သူ့အသက်ကိုလု၍ တိုက်ပွဲ၀င်ခဲ့ရာမှ ရလိုက်သော ဆုလဒ်ဖြစ်သည်။ သို့သော် တကယ့် စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူနှင့်ယှဉ်လျှင် ၎င်းတွင် ချို့ယွင်းချက်များရှိနေသေး၏။

ဟူးးးးး

စုရှောင်ရှန် မတင်းတိမ်နိုင်သည့်အတွက် သက်ပြင်းမောကြီးချလိုက်သည်။ အစွမ်းကုန်သုံးပြီး ပြိုင်ပွဲ၌ ထိပ်ဆုံးနေရာ ယူရန် ကြံထားခဲ့ခြင်းဖြစ်၏။ သို့သော် ၎င်းမှာ ယခုတော့ အိပ်မက်သဖွယ် သူ့အတွက် မဖြစ်နိုင်မှန်းသိလိုက်ရတော့သည်။

သူ့စိတ်ထဲသို့ ကြည့်လိုက်ရာ…။

[ပင်ကိုယ်မှတ် : ၄၈၂၂၆]

Comment

Leave a Reply

Options

not work with dark mode
Reset