အပိုင်း (၃၁) လုံး၀ သန့်စင်ခြင်း
သူ၏ ခန္ဓာကိုယ်တစ်ခြမ်းက ရေခဲထဲ၌ ခဲနေသကဲ့သို့ အေးနေပြီး ကျန်အခြမ်းက မီးတောင်ထဲသို့ နှစ်ခံရသည့်အလား ပူနေသည်။
နာကျင်မှုနှင့် သာယာမှုတို့က သူ့ကို တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြသည်။ အပူစွမ်းအင်များကြောင့် သူ၏ ခန္ဓာကိုယ် ပျက်ဆီးသွားသည့်အခါတိုင် ရွှေနီဆေးလုံးနှင့် ထာ၀ရ အသက်စွမ်းအင်တို့ကြောင့် နှစ်ဆ ပို၍ ပြန်ကောင်းလာနေခဲ့သည်။
ဓာတ်ငါးပါးစွမ်းအင်တွေဖြစ်ကြသော မီးနဲ့ရေ စွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေကြသည်။ ဤစွမ်းအင်များအား သယ်ဆောင်သူ စုရှောင်ရှန်မှာ နာကျင်မှုကိုသာ ခံစားနေရ၏။
ဂျစ် ဂျစ်
စုရှောင်ရှန်အံကြိတ်လိုက်သည်။ ထိုစွမ်းအင်များသူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားချေလေပြီ။ တစ်ကယ်က အသက်ရှူခြင်းနည်းစနစ်ကိုတောင် သူမထိန်းချုပ်နိုင်တော့ချေ။
သူ့ကိုယ်ထဲတွင် လည်ပတ်နေသော စွမ်းအင်များမှာ သူ၏ သွေးကြာများကိုဖြတ်သန်းစီးဆင်းရင်း ဒန်ထျန်ထဲသို့ ၀င်သွားကြသည်။ သူ၏ဒန်ထျန်ဖောင်းပွလာခဲ့ပြီး ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။ နာကျင်မှုက လူတစ်ယောက်ကို ရူးသွားစေနိုင်လောက်သည်။
ပတ်၀န်ကျင်၌ အသားကင်နံ့ရနိုင်နေသည်။ စုရှောင်ရှန်ထိုင်ထားသော သူ့အောက်မှ မြက်ခင်းလည်း အပူကြောင့် ညှိုးသွားသည်။ သူ့အနီးအနားရှိမိုးမခပင်များလည်း အစိမ်းနုရောင်မှ အဝါရောင်သို့ပြောင်းလဲသွားပြီး မကြာမှီ အနက်ရောင်သို့ပြောင်းသွားတော့သည်။ အဖြူရောင်ကျောက်ဖြင့်ပြုလုပ်ထားသော လက်ရန်းများလည်း မဲတူးသွား၏။
ရေကစားနေကြသော ငန်းများလည်း ကန်ရေကသူတို့ကို အရှင်လတ်လတ် ပြုတ်သတ်နေသည့်အလား ပူလာရာ အလန့်တကြားထပြေးကုန်ကြသည်။
စုရှောင်ရှန်၏ ကိုယ်အတွင်း၌ ဒန်ထျန်ထဲသို့ရောက်သွားသည်ပင် အပူစွမ်းအင်များ ဆက်၍ တောင်းကြမ်းချင်နေကြသေးသည်။ သို့သော် လောင်ကျွမ်းမှုစပြုသည့်အချိန်၌ အသက်ရှူခြင်းနည်းစနစ်ပေါ်လာပြီး ၎င်းတို့ကို ဖိနှိပ်လိုက်သည်။
နောက်ထပ်ရွှေနီဆေးတစ်လုံးကိုထုတ်ယူပြီး စုရှောင်ရှန် ခပ်ပြင်းပြင်းရှိုက်လိုက်သည်။ သာယာမှုကချက်ခြင်း နာကျင်မှုကို မေ့လျော့သွားစေပြီး သူ၏ပျက်ဆီးနေသော ခန္ဓာကိုယ်ကို ပြန်တည်ဆောက်လိုက်၏။
ဂျစ်
အနီရောင်နှင့်ရွှေရောင် စွမ်းအင်လှိုင်းများ ပတ်၀န်းကျင်တစ်ခုလုံးသို့ ပြန့်ကျက်သွားသည်။ အနီးအနားရှိ ရွှံ့များနှင့် မြက်များ၎င်းနှင့် အဝေးသို့ လွင့်ပါသွားခဲ့၏။ မိုးမခပင်များ ကိုင်းညွှတ်သွားကြပြီး အချို့ဆိုလျှင် ကျိုးကျသွားခဲ့သည်။ အဖြူရောင်ကျောက်လက်ရန်းမှ အစိတ်အပိုင်းအချို့လည်း ထပေါက်ကွဲသွားကြသည်။
ဗွက် ဗွက်
ငန်းရေကန်၏ အပူချိန်က ရေဆူမှတ်သို့ ရောက်လုနီးနီးဖြစ်နေသည်။ ရေပွက်များနှင့်အတူ သေနေသောငါးများ ရေမျက်နှာပြင်ထက်၌ ပေါ်လာ၏။ ဆူးဖြိုးဖြိုး ငန်းများမှာတော့ သေမင်းတံခါး၀က လွတ်သွားကြချေကာ ထောင့်တစ်နေရာ၌ စုပြီး တုန်ရင်နေကြသည်။
ကောက်ရိုးခမောက်ဆောင်းထားသောအဖိုးကြီး ချက်ခြင်း ငန်းရေကန်သို့ ခုန်ချလိုက်၏။
စုရှောင်ရှန် မျက်လုံးဖွင့်လိုက်သည်။ ချွေးများနှင့်အတူ သွေးများရော၍ ကျလာခဲ့၏။ စုရှောင်ရှန် သူ့ရင်ဘက်ကို စိတ်သက်သာရာ ရဟန်ဖြင့် ပုတ်လိုက်သည်။
“ငါမသဘေူးပဲ…”
ထိုအသက်တစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ငရဲမီးတောက်အစေ့ များစွာသေးငယ်သွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းနယ်ပယ်လည်း မူလ စိတ်ဝိညာဉ်နယ်ပယ်အဆင့် (၇) မှ သိသိသာသာ တိုးမြင့်သွားခဲ့၏။
အပူစွမ်းအင်များကို ဖိနှိပ်ထားသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျှင်မြန်စွာ ပြန်ကောင်းလာခဲ့သည်။ စုရှောင်ရှန် ပင်ပန်းနွမ်းနယ်သလိုဖြစ်သွားကာ မြေပြင်၌ ခွေခွေလေးကျသွားတော့သည်။
ထာ၀အရအသက်စွမ်းအင်နှင့် ရွှေနီဆေးတို့်မှစုပ်ယူလိုက်သည့် အာနိသင်တို့ကြောင့် သူ၏ ခြောက်ခြားဖွယ်ရာ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အစွမ်းကုန်က မိုးထိုးတက်သွား၏။
စုရှောင်ရှန်သွေးနှင့်ချွေးများကိုသုတ်လိုက်သည်။ သူ၏ ပင်ပန်းနွမ်းနယ်ဟန်ပေါက်သော အမူအရာနှင့် ကုန်ခမ်းသွားသောစွမ်းအင်တို့မှလွဲ၍ သူ၏အခြေအနေမှာ သာမန်လူတစ်ယောက်နှင့် မည်သို့မျှ မခြားပေ။
“ဘုရား ဘုရား…”
“ဒီပြန်လည်ကောင်းမွန်နိုင်စွမ်းက ကြမ်းလိုက်တာ”
သူခံစားလိုက်ရသော နာကျင်မှုကိုတွေးမိရာ စုရှောင်ရှန် ကြက်သီးဖျင်းဖျင်းထသွားသည်။
သူ၏ ဒန်ထျန်အထက်၌ ငရဲမီးတောက်အစေ့က သိသိသာသာသေးငယ်သွားခဲ့သည်။ ထို့ကြောင့်၎င်း၏ အဖျက်စွမ်းအားလည်း အားနည်းသွားခဲ့ရပြီး ထာ၀ရအသက်စွမ်းအင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။
သူ၏ ခန္ဓာကိုယ် တဖြေးဖြေး ပြန်ကောင်းလာနေသည်ကို မြင်သော် လေကောင်းလေသန့် အနည်းငယ် ထပ်ရှိုက်ပြီး စုရှောင်ရှန်ထထိုင်လိုက်သည်။ အံကိုတင်းတင်းကြိတ်ထားရင်း သူ့မျက်နှာထက်၌ ပြတ်သားသော အမူအရာတစ်ခုပေါ်လာခဲ့၏။
နာတော့ဘာဖြစ်လဲ။
သူ၏ ယခင်ဘ၀၌လည်း အင်မတန်နာကျင်ရပါသော ဒုက္ခကို ခံခဲ့ပြီးဖြစ်သည်။ နာကျင်မှုမှာ ယာယီသာဖြစ်သည်။ ငရဲမီးတောက်အစေ့က ဤအတိုင်းဆက်၍ ထားထားလျှင် သူ့အတွက် မကြာခင် အန္တရာယ်ရှိလာနိုင်ပေသည်။ ထို့ကြောင့် နာကျင်မှုကို ကြိတ်မှိတ်ခံပြီး ဒီည အပြီး သန့်စင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
စုရှောင်ရှန် စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးတစ်လုံးကို ထုတ်ယူပြီးရှိုက်လိုက်ရာ အကောင်းဆုံးအနေအထားသို့ ပြန်ရောက်သွားခဲ့သည်။
ခက်ထန်သောအမူအရာဖြင့် စုရှောင်ရှန်နောက်တစ်ကြိမ် အနီရောင်စွမ်းအင်များကို နှာခေါင်းနှင့် ပါးစပ်များမှ ရှိုက်ထုတ်လိုက်၏။ ပြင်းထန်လှသော အပူချိန်ကြောင့် လေထုပင် တုန်ခါသွားသည်။ စုရှောင်ရှန် ထိုစွမ်းအင်များနှင့်အတူ ရွှေနီဆေးလုံးကို ပြန်ရှိုက်လိုက်၏။
ငန်းရေကန်အောက်၌ ကောက်ရိုးခမောက်စောင်းထားသောအဖိုးကြီး စုရှောင်ရှန်အား ပါးစပ်အဟောင်းသားဖြင့်ကြည့်နေလိုက်သည်။ ရေအောက်၌ရှိနေသည်ကိုပင်မေ့သွားပြီး ပါးစပ်နှင့်အပြည့် မျိုချမိသွား၏။
အပြင်စည်း၌ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်နှင့် လူတစ်ယောက်ပေါ်လာသည်ဟု ကြားသောအခါ သူ့စိတ်ထဲ၌ စမ်းသပ်မှုပြုလုပ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့နောက် စုရှောင်ရှန်ကို ရှာတွေ့သွားပြီး ငရဲမီးတောက် အစေ့ အတင်းစားခိုင်းခဲ့၏။
အကယ်၍ သူအောင်မြင်လျှင် မီးဓာတ်သတ္တိရှိသည့် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မည်ဖြစ်သည်။ မဟုတ်လို့ ကျရှုံးသွားလျှင်လည်း ၎င်းက သူ့အား အသက်တစ်ချောင်းသာ အလကားဖြစ်သွားစေမည်။ အရေးမကြီးပါပေ။
စုရှောင်ရှန်အား တစ်နေ့လုံးစောင့်ကြည့်နေခဲ့ရာ အမှန်အတိုင်း၀န်ခံရသော် စုရှောင်ရှန်ကို သူအထင်ကြီးမိသည်။
ဤကောင်လေးက နာကျင်မှုကို မခံစားနိုင်သည့် အခြေအနေသို့ရောက်နေပါသော်လည်း ရွှေနီဆေးလုံးများဖြင့်အတင်းဖိနှိပ်ကာ ပြိုင်ပွဲပင် ၀င်လိုက်သေးသည်။
သူကိုယ်တိုင်လည်း ငရဲမီးတောက်အစေ့အားစားခဲ့ဖူးရာ ၎င်းကပေးသော နာကျင်မှုဖြင့် ရင်းရင်းနှီးနှီးရှိလေသည်။ ထ်ိုမှ ပြိုင်ပွဲမစခင် ရဲရဲနီ နေသောသူ၏ခန္ဓာကိုယ်ကိုကြည့်ပြီး လူအုပ်ကြီးက သူ့ကို ဆေးစားလွန်သည်ထင်မှတ်၍ ကဲ့ရဲ့ကြသည်ရှိသော်လည်း သူက အပြုံးမပျက် ဟာသများပင်လုပ်လိုက်သေးသည်။ ၎င်းတို့၏ နောက်ကွယ်မှ နာကျင်မှုကို သူသာသိချေသည်။
ထို့ကြောင့် စုရှောင်ရှန်တစ်ယောက် ရှောင်ချိစွေအား ညှစ်စားရန်လုပ်သည့်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ရှောင်ချိစွေအား သူကိုယ်တိုင်သန့်စင်ထားသည့် ရွှေနီဆေးပုလင်း (၁၀) ပုလင်းပေးခဲ့၏။
ယခုလည်း လရောင်အောက်၌ ဤကောင်လေး၏ ကျင့်ကြံခြင်းနည်းလမ်းကိုမြင်ပြီး တဖန် အံ့အားသင့်ရပြန်သည်။ စုရှောင်ရှန်က အစေ့အားဖြေးဖြေးချင်းမသန့်စင်တော့ဘဲ စွမ်းအင်များအဖြစ် ခန္ဓာကိုယ်အပြင်ဘက်သို့ထုတ်ကာ စ၍ အားရပါးရစုပ်ယူနေလေသည်။
“ဒီကောင်သေမှာမကြောက်ဘူးလား”
အဖိုးကြီးပင် ဆက်၍ ကြည့်နိုင်သည့် နှလုံးသားမရှိတော့ဘဲ စုရှောင်ရှန်အားရပ်တန့်ရန် လုပ်လိုက် သေးသည်။ သို့သော် စုရှောင်ထံသူပျံလာသည့်အချိန်၌ အဆိုပါ ကောင်လေးက ပြင်းထန်သော နာကျင်မှုကို ထူးဆန်းသည့်နည်းစနစ်တစ်ခုနှင့် ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် ကြိတ်မှတ်ကာခံလိုက်သည်ကို တွေ့လိုက်ရ၏။
ထိုတွင်မရပ်တန့်ဘဲ ယခုလည်း ထထိုင်ပြီး အသက်ပြင်းပြင်းရှူနေတာကိုတွေ့လိုက်ရသည်။
“သူထပ်ပြီး သန့်စင်နေတာဟ”
“ဘယ်လို မကောင်းဆိုးဝါးလေးလဲဟ”
“နာကျင်မှုကို သူ မခံစားရဘူးလား”
အဖိုးကြီး မှင်သက်သွားပြီး မတော်တဆ တကယ့် ကျောက်အရိုင်းတုံး တစ်ခုကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ စိတ်ဆန္ဒတစ်ခုတည်းဖြင့်ပင် စုရှောင်ရှန်ထံတွင် မြင့်မားသော အလားအလာရှိနေလေသည်။
စုရှောင်ရှန်ကို သူ၏ တပြည့် မဖြစ်ဖြစ်အောင်လုပ်ရပေမည်။
ငန်းရေကန်မှ ပေါက်ကွဲမှုများက စိတ်ဝိညာဉ် စည်းကမ်းကြီးကြပ်ရေးဌာနမှ စည်းကမ်းကြီးကြပ်သူများ၏အာရုံကို ဖမ်းစားလိုက်လေသည်။ မကြာခင် ငန်းရေကန်သို့ အနက်၀တ်လူတစ်အုပ်ရောက်လာခဲ့၏။
စုရှောင်ရှန် သူတို့ကိုပင် သတိမထားမိပါချေ။
“ထွက်သွားကြစမ်း” အဖိုးကြီး ရေကန်အတွင်းမှ ရုတ်တရက် ပျံထွက်လာခဲ့သည်။ သူ့အနီးအနားရှိ အပူချိန်မြင့်တက်သွားပြီး ခန္ဓာကိုယ်မှ ရေစက်များကို အငွေ့ပျံသွားစေလိုက်သည်။ ကောက်ရိုးခမောက်ကို ရှေ့သို့အနည်းငယ်ဆွဲချရင်း မယဉ်မကျေးပြောလိုက်၏။
စည်းကမ်းကြီးကြပ်သူများလည်း ရပ်တန့်လိုက်ကြပြီး လရောင်အောက်မှ သာမန် အဖိုးကြီးကို ကြည့်လိုက်ကြသည်။
သို့သော် ထိုလူထံမှ ထုတ်လွှတ်နေသော အပူစွမ်းအင်ဖျော့တော့တော့ကို ခံစားမိလိုက်ရာ စည်းကမ်းကြီးကြပ်သူများ အံ့အားသင့်သွားကြ၏။
“လက်ထောက်မှူး”
“အကြီးအကဲစန်း”
ဘာဖြစ်နေသည်ကို နားမလည်နိုင်သည့်အတွက် သူတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ “သူဘယ်တုန်းက ရောက်လာ…”
စည်းကမ်းကြီးကြပ်ရေးအဖွဲ့အား ဦးဆောင်လာသည့်သူက ထိုစကားပြောသည့်သူ၏ နားရင်းကိုရိုက်လိုက်သည်။ ထို့နောက် ဖျော့တော့သောအသံဖြင့် သူတို့အား ထွက်ခွာရန် အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့”
လူတိုင်းသူ၏ အမိန့်ကိုနာခံပြီး အလျှင်အမြန် လူစုခွဲလိုက်သည်။ သူတို့ ညအ မှောင်အောက်၌ ပျောက်ကွယ်သွားကြလေသည်။
အကြီးအကဲစန်း ကောက်ရိုးခမောက်ကို ချွတ်လိုက်ပြီး အဖြူရောင်ကျောက်လက်ရန်းများပေါ်သို့ တက်လိုက်သည်။
ညလေညှင်းလေးက သူ၏ ကြေမွနေသည့် အ၀တ်အစားများကို လှုပ်ခပ်သွားစေပြီး သူ၏ ခေါင်းပေါ်မှ ကောက်ရိုးမျှင်များကို သယ်ဆောင်သွားလိုက်သည်။ ၀၀တုတ်တုတ်ငန်းများသူ၏ ခြေထောက်အောက်၌ အသံပေးပြီး သူတို့လုံခြုံသည်ထင်သည့် နေရာ၌ လာခိုလှုံလိုက်ကြသည်။
အဖိုးကြီး၏ အနက်ရောင် မျက်၀န်းများထဲတွင် ပုံရိပ်တစ်ခုထင်လာခဲ့၏။
ဟူးးးး
အကြီးအကဲစန်းပြုံးလိုက်သည်။ ထိုသူဘာတွေးနေသည်ဆိုတာကို သူ မခန့်မှန်းနိုင်ပါချေ။
ငန်းရေကန်တွင် ထိုည၌ တိတ်ဆိတ် ငြိမ်သက်မှု မရှိသည့် ညတစ်ညဖြစ်သွားသည်။ ထို့ပြင် အဖြူရောင်ကျောက်လက်ရန်းများမှာလည်း ပြန်လည် ပြုပြင်ရန် အပူတပြင်း လိုအပ်နေချေပြီ။
အဘယ်ကြောင့်ဆိုသော် အဝေးမှ ထိုင်နေသောကောင်လေးထံမှ ထွက်ပေါ်လာနေသာ အပူစွမ်းအင်များမှာ အလွန့်အလွန်အဖျက်စွမ်းအားကြီးသောကြောင့်ပင်။
ဘုန်း
ဘုန်း
ဘုန်း
…
အပြင်စည်း နေ့လယ် မွန်းတက်ချိန်ဖြစ်သည်။
အပြင်စည်းမှ ဂိုဏ်းသားများ အတန်းလိုက်ကြီး ပွဲကြည့်စင်ပေါ်သို့ တက်နေကြသည်။
“ချီးလိုပဲ။ မနေ့က စိတ်ဝိညာဉ်နန်းတော်ကို ပြန်ပြုပြင်နေတာလားမသိပါဘူး။ ပေါက်ကွဲသံတွေနဲ့ ဆူညံနေတာပဲ။ မင်းတို့ကော ကြားကြလား”
“အဲ့တာ ငန်းရေကန်ဘက်ကလာတာထင်တယ်။ ငါ့ခြံက အဲ့နား၀န်းကျင်မှာပဲဆိုတော့ ငါကြားရတာက ပိုကျယ်တယ်။ ဘယ်သူမှ ဘာမှ ရုတ်ရုတ်သဲသဲမဖြစ်နေကြလို့ပေါ့ကွာ။ မဟုတ်ရင် ငါတို့ စိတ်ဝိညာဉ်နန်းတော်ကို ရန်သူတွေ ၀င်စီးနေတယ်လို့တောင် အောက်မေ့ရတယ်”
“အသံတွေဆူညံနေတာပဲဟုတ်လား။ ငါ့ခြံလည်း ငန်းရေကန်အနားမှာပါပဲ။ ဒါပေမယ့် ငါဘာမှ မကြားဘူးကော”
“ဟ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းနားကန်းနေတာလား”
“အိုး… ငါမှားတာ။ ခုပြောတော့မှ ငါ့အိမ်မှာ အသံကာတဲ့အစီအရင်ရှိတာမေ့နေတယ်။ ဟူး… တောင်းပန်တယ်ကွာ။ ငါချမ်းသာတာမေ့သွားလို့”
“… ငီးပဲဟျောင့်”
စုရှောင်ရှန်လည်း ချု့ယွင်ကွင်းပြင်ထဲသို့ မျက်ကွင်းချိုင့်ချိုင့်ကြီးဖြင့် ၀င်လာလိုက်သည်။ ကြည့်ရသည်မှာ ထိုအသံများ၏ သားကောင်ဖြစ်ဟန် ပေါက်နေသည်။ သို့သော် သူက တကယ် လက်သည် တရားခံဆိုတာ ဘယ်သူမှ မသိချေ။
နားနေဆောင်ထဲသို့ ရောက်လာမှသာ ဆိတ်ငြိမ်မှုကိုခံစားလိုက်ရသည်။
ပုံမှန်နေ့များ၌ သူ၏ ကျင့်ကြံခြင်းမှာ ခြံအတွင်း၌ အိပ်ခြင်းဖြစ်သည်။ သူ့အိမ်တွင် အသံကာသည့်အစီအရင်ရှိရာ အသံကြောင့် အိမ်နီးနားချင်းများ အနှောက်အယှက်ဖြစ်မည် မပူရချေ။
“မနေ့က ငန်းရေကန်မှာ အလွယ်လမ်းလိုက်လိုက်တာ ငါ့လည်း ခံစားလိုက်ရတယ်”
“ငါ့ပြိုင်ဘက်တွေလည်း ငါလုပ်လိုက်တဲ့အသံတွေကြောင့် အနှောက်အယှက်ဖြစ်သွားလားမသိဘူး”
“အဲ့လိုဆို သိပ်ကောင်းမှာပဲ”
တစ်ညလုံး သန့်စင်နေခဲ့ပြီးသည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ ငရဲမီးတောက်အစေ့ လုံးလုံးပျောက်ကွယ်သွားခဲ့သည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်လည်း အဆင့်(၇) အထွတ်အထိပ်ကိုရောက်ရှိသွား၏။
သူဆန္ဒရှိလျှင် အဆင့်တက်လိုက်နိုင်သည်။ သို့သော် မလိုပေ။
အဆက်မပြတ်လောင်ကျွမ်းခံနေရရင်း စုရှောင်ရှန် ယခင်အဆင့်များမှ ချို့ယွင်းချက်အချို့ကိုပါ ခိုင်မာအောင် လုပ်နိုင်လိုက်၏။
ယခုပြန်စဉ်းစားကြည့်လျှင် အလုပ်ကြိုးစားသည့်သူများအလုပ်၏အကျိုးကျေးဇူးကို ခံစားရပေမည်။
ရှောင်ချိစွေဘာမှမဖြစ်သည့်အလား ထိပ်သီး (၁၆) ယောက် အတင့်တက်ပွဲကို ကျင်းပလိုက်သည်။ စုရှောင်ရှန်ဆေးအကူလေးကို ညွှန်ကြားချက်အနည်းငယ်ပေးပြီး သွားအိပ်လိုက်၏။
“ပင်ပန်းလိုက်တာကွာ”
ပုံမှန်ဆို သူအိပ်နေရင်း အသက်ရှူကာ ကျင့်ကြံခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ရက်ဆက်တိုက်အိပ်ရေးပျက်ထားရသော် သူ့ခေါင်းနောက်ကျိကျိဖြစ်နေ၏။
သူအိပ်ပျော်သွား တော့သည်။ သူ့အိပ်မက်ထဲ၌ ဆေးအကူလေး လက်ထဲ၌ ပုလင်းနှစ်လုံးကိုကိုင်ရင်း သူ့စီပြေးလာတာကို အိပ်မက် မက်လိုက်ရ၏။ ထို့နောက် သူ့နားသို့ရောက်သော် သူ၏ ပါးနှစ်ဖက်အား ဆော်ထည့်လိုက်တော့သည်။
ဖျတ်
“ထတော့။ မင်းအလှည့်ရောက်ပြီ”