အခန်း ၆၇။ ရွှမ်ထျန်းချိပ်တံဆိပ်၊ ချီရှောင်ရှေးဟောင်းဓား
ကောင်းကင်နတ်ဆိုးနန်းတော်…။
နန်ပါ့ထျန်းရောက်ရှိလာသည့်အထိ ဖန်ချင်ထျန်းနှင့် ဖူထျန်းချွယ်တို့သည် အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ရသည်။
“ရွှမ်ထျန်းဂိုဏ်းချုပ်နဲ့ ထျန်းရှင်းဓားဂိုဏ်းခေါင်းဆောင်တို့က အဝေးကနေ တာရီနတ်ဆိုးဂိုဏ်းကို ဘာလိုများရောက်လာကြတာပါလဲ”
သူတို့အင်အားစုကြီးသုံးခု၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်နေခြင်းမရှိချေ။
ထို့ကြောင့် နန်ပါ့ထျန်းသည် သူတို့အား ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခြင်းမရှိချေ။
“မင်းရဲ့ ဂိုဏ်းချုပ်ဘယ်မှာလဲ”
“ဂိုဏ်းချုပ်က သီးသန့်ကျင့်ကြံနေပါတယ်။ တစ်ခုခုပြောချင်တာရှိရင် ကျုပ်နဲ့ တိုက်ရိုက်ပြောဆိုနိုင်ပါတယ်။ ဂိုဏ်းချုပ်ကို ပြန်ပြီး သတင်းပို့ပေးပါမယ်”
နန်ပါ့ထျန်းသည် မိမိနယ်မြေထဲ၌ အလွန်ယုံကြည်မှုရှိပေသည်။
ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့သည် သူ၏ သဘောထားကို ဂရုစိုက်ခြင်းမရှိချေ။
“တယန်ဘိုးဘေးနယ်မြေမှာ ငါတို့ဂိုဏ်းက မဟာအကြီးအကဲနဲ့ ဂိုဏ်းချုပ်က သေသွားပြီး မင်းကဘာလို့ အသက်ရှင်လျက်လွတ်မြောက်လာတာလဲသိချင်လို့ ငါတို့ ဒီကိုရောက်လာရတာ” ဖူထျန်းချွယ်သည် နန်ပါ့ထျန်းကို စိုက်ကြည့်လျက်ပြောလိုက်သည်။
“ဘုန်း”
သူသည် ထိုသို့ပြောပြီးသည်နှင့် ထိတ်လန့်ဖွယ်အော်ရာသည် အလွန်ပြင်းထန်စွာထွက်ပေါ်လာခဲ့သည်။
“ဟမ်…
“လျူချင်းမင်၊ စုထျန်းရှင်းနဲ့ ကျုပ်တို့က တယန်းဘိုးဘေးနယ်မြေထဲကို အတူတူဝင်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ အထဲကိုဝင်ပြီးနောက် သီးသန့်စီဖြစ်သွားခဲ့ကြတယ်။ သူတို့ရဲ့ အခြေအနေကို ကျုပ်မသိဘူး။ ဂိုဏ်းချုပ်ဖူနဲ့ ဂိုဏ်းခေါင်းဆောင်ဖန်… ခင်ဗျားတို့ လူမှား ရှာမိပြီ။ တကယ်လို့ ခင်ဗျားတို့သာမပြောရင် သူတို့ရဲ့ သေဆုံးခြင်းကို ကျုပ် သိမှာမဟုတ်သေးဘူး။ ဟူး…တယန်ဘိုးဘေးနယ်မြေက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ကျုပ်လည်း ကံမကောင်းခဲ့ရင် အဲဒီနေရာမှာ သေဆုံးသွားလိမ့်မယ်…” နန်ပါ့ထျန်းသည် သက်ပြင်းချလိုက်သည်။
လျူချင်းမင်နှင့် စုထျန်းရှင်းတို့၏ အကြောင်းကို ပြောသည့်အခါ သူ၏ အမူအရာသည် အလွန်ဝမ်းနည်းနေသည့် ပုံစံဖြစ်နေသည်။
အမှန်တွင် သူ၏ နှလုံးသားထဲ၌ အလွန်ပျော်ရွှင်နေခဲ့သည်။
ရွှမ်ထျန်းဂိုဏ်းဖြစ်စေ ထျန်းရှင်းဓားဂိုဏ်းဖြစ်စေ တာရီနတ်းဆိုးဂိုဏ်းနှင့် ရန်သူများဖြစ်ကြပေသည်။ သူတို့၏ ဒီဗာအဆင့် စွမ်းအားရှင်တစ်ယောက်ဆုံးရှုံးလိုက်ရသည့်အတွက် သူ့တို့၏ ခွန်အား ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။
ဤကိစ္စသည် တာရီနတ်ဆိုးဂိုဏ်းအတွက် ကောင်းမွန်သည့် ကိစ္စတစ်ခုပင်။
အချိန်ဆွဲထားလိုသည့်အတွက် နန်ပါ့ထျန်းသည် တယန်ဘိုးဘေးနယ်မြေ၏ အကြောင်းရင်းအမှန်ကို မပြောပြခဲ့ချေ။
သူတို့နှစ်ယောက်သည် မှုန်ကုတ်ကုတ်ကြည့်လိုက်ကြသည်။ သူတို့သည် နန်ပါ့ထျန်း၏ စကားကို လုံးဝမယုံကြည်ကြချေ။
“တကယ်လို့ ဒုတိယဂိုဏ်းချုပ်က အကြောင်းအရာတွေကို မရှင်းပြချင်ဘူးဆိုရင် သူတို့ရဲ့သေဆုံးမှုကို မင်းနဲ့ ပတ်သတ်တယ်လို့ သတ်မှတ်ရလိမ့်မယ်။ ဒီနေ့ သူတို့အတွက် တရားမျှတမှု ရှာပေးရမယ်”
“ဘုန်း”
ထိုအချိန်တွင် ဖူထျန်းချွယ်၏ ကြီးမာသောလက်ကိုဖွင့်ဟလိုက်သည်။ ချက်ချင်းပင် အစိမ်းရောင်တောက်ပနေသော ချိပ်တံဆိပ်တစ်ခုသည် သူ့လက်ထဲတွင် အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအားများပြည့်နှံ့လျက်ထွက်ပေါ်လာခဲ့သည်။
၎င်းသည် တာရီနတ်ဆိုးဂိုဏ်းအား တုန်ရင်သွားစေခဲ့သည့်အထိ ဖိနှိပ်လိုက်သည်။
“ထူးကဲသောတာအို စိတ်ဝိညာဉ်လက်နက်”
နန်ပါ့ထျန်း၏ သူငယ်အိမ်များသည် ကျုံ့သွားခဲ့သည်။
ထူးကဲသောတာအိုလက်နက်၏ ဖိနှိပ်မှုကြောင့် သူသည် ထောင်ပေါင်းများစွာသော တောင်တန်းများကို ထမ်းထားရသကဲ့သို့ခံစားလိုက်ရပြီး ကြောက်ရွံ့မှုတစ်ခုသည် သူ့နှလုံးသားအောက်ခြေမှ မြင့်တက်လာခဲ့သည်။
နန်ပါ့ထျန်း၏ သွေးများသည် အလျင်အမြန်ပျက်စီးလာခဲ့ပြီး သေခြင်းတရားက သူ့အားကြည့်ရှုနေသည်ဟု ခံစားလိုက်ရသည်။
“ကြည့်ရတာ သူတို့ရဲ့ သေဆုံးမှုက ဒုတိယဂိုဏ်းချုပ်နဲ့ ပတ်သတ်နေတဲ့ပုံဘဲ”
“ဘုန်း”
ဖူထျန်းချွယ်သည် ရွှမ်ထျန်းအဆောင်ကို ထုတ်ယူလျက် နန်ပါ့ထျန်းအား ဖိနှိပ်ထားသည်ကို မြင်သောအခါ တဖက်ရှိ ဖန်ချင်ထျန်းသည်လည်း လှုပ်ရှားလိုက်သည်။ ကျယ်ပြောထူးကဲသောအော်ရာကို ထုတ်လွှတ်လျက် အနီရောင်ဓားတစ်ချောင်းသည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
“ချီရှောင်ရှေးဟောင်းဓား”
နန်ပါ့ထျန်းသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
နောက်ထပ် ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်တစ်ခုပင်။
“ဖူး”
ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်နှစ်လု၏ တိုက်ခိုက်မှုအောက်တွင် ဒီဗာအဆင့်ကျင့်ကြံသူသည်ပင် ရပ်တည်နိုင်စွမ်းမရှိချေ။
ထိုအချိန်တွင် နန်ပါ့ထျန်းသည် သွေးတစ်လုတ်အံထုတ်လိုက်ရပြီး သူ၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့သွားခဲ့သည်။
“ဘယ်သူက ငါ့ရဲ့တာရီနတ်ဆိုးဂိုဏ်းမှာ မဆင်မခြင်ပြုလုပ်ဝံ့တာလဲ”
“ဘုန်း”
နန်ပါ့ထျန်းသည် သေလုမတတ်ခံစားနေရစဉ် ကောင်းကင်နတ်ဆိုးနန်းတော်အပြင်ဘက်မှ နားအူမတတ်အော်ဟစ်သံတစ်ခုထွက်ပေါ် လာခဲ့သည်။ ချက်ချင်းပင် အနီရောင်ဝတ်လူအိုကြီးတစ်ယောက်သည် ရောက်ရှိလာခဲ့သည်။
ဒဏ္ဍရီလာအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိနေသော လူသားကျင့်ကြံသူတစ်ယောက်ပင်။
“ဒုန်း”
သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ရွှမ်ထျန်းချိပ်တံဆိပ်နှင့် ချီရှောင်ရှေးဟောင်းဓားတို့၏ အော်ရာ တဝက်နီးပါးသည် ဖိနှိပ်ခံလိုက်ရသည်။
ထိုသို့မြင်သောအခါ နန်ပါ့ထျန်းသည် အလွန်ပျော်ရွှင်သွားခဲ့သည်။
“နှုတ်ဆက်ပါတယ်…ဘိုးဘေး”
သူသည် အလွန်ရိုသေလေးစားစွာဖြင့် ဒူးထောက်လိုက်သည်။
အနီရောင်ဝတ်လူအိုကြီးသည် တာရီနတ်ဆိုးဂိုဏ်း၏ ဘိုးဘေးထဲမှ တစ်ယောက်ဖြစ်သော လီဖန်ထျန်းဖြစ်သည်။ သူသည် အလွန်စွမ်းအားကြီးပြီး ဒဏ္ဍာရီလာအဆင့် ပြီးပြည့်စုံသောအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။
သူ၏ ရောက်ရှိလာမှုသည် နန်ပါ့ထျန်းအား ကယ်ဆယ်ပေးလိုက်ခြင်းဖြစ်သည်။
ထိုအချိန်တွင် ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း သူတို့သည် ကြောက်လန့်ခြင်းလုံးဝမရှိချေ။
သူတို့လက်ထဲရှိ ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်များဖြင့်ဆိုလျှင် သူတို့သည် ဒဏ္ဍာရီလာအဆင့် ပြီးပြည့်စုံခြင်းအဆင့်ကို တိုက်ခိုက်နိုင်ပေသည်။ သူတို့သည် နိုင်အောင်မတိုက်နိုင်လျှင်ပင် အသက်ရှင်လျက် ထွက်ပြေးနိုင်ပေသည်။
“ဒီနေ့ တာရီနတ်ဆိုးဂိုဏ်းက ကျုပ်တို့ကို ရှင်းပြရှင်တစ်ခုပေးရမယ်။ မဟုတ်ရင်…”
“မဟုတ်ရင် ဘာဖြစ်လဲ” လီဖန်ထျန်း၏ အမူအရာသည် ဒေါသထွက်သည့်အမူအရာဖြစ်သွားခဲ့သည်။
“မဟုတ်ရင် ရွှမ်ထျန်းဂိုဏ်းက တာရီနတ်ဆိုးဂိုဏ်းနဲ့ စစ်ပွဲစတင်ရလိမ့်မယ်” ဖူထျန်းချွယ်သည် လေးနက်စွာပြောလိုက်သည်။
…
“တကယ်လို့ ကျုပ်တို့ကျေနပ်တဲ့အဖြေတစ်ခုမရရင် ကျုပ်ရဲ့ ထျန်းရှင်းဓားဂိုဏ်းလည်း တာရီနတ်ဆိုးဂိုဏ်းနဲ့ စစ်ပွဲစတင်မယ်” ဖန်ချင်ထျန်းသည်လည်း ပြောလိုက်သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
သူတို့ စကားပြောပြီးသည်နှင့် အလွန်ပြင်းထန်သော စွမ်းအားများသည် တာရီနတ်ဆိုးဂိုဏ်း၏ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ဒဏ္ဍာရီလာအဆင့် ပြီးပြည်ြစုံသောအဆင့်သို့ရောက်ရှိနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ရောက်ရှိလာခဲ့သည်။
ထိုသို့မြင်သောအခါ လီဖန်ဖျန်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ ထိုအော်ရာများသည် ရွှမ်ထျန်းဂိုဏ်းနှင့် ထျန်းရှင်းဓားဂိုဏ်း၏ ဘိုးဘေးများ ထုတ်လွှတ်ထားသော အော်ရာများပင်။
စစ်ပွဲစတင်ခဲ့လျှင် တာရီနတ်ဆိုးဂိုဏ်းသည် မည်သည့်နည်းဖြင့်ဖြစ်စေ အသာစီးမရရှိနိုင်ချေ။
မည်သို့ပင်ဆိုပါစေ ဤအခြေအနေသို့ဖြစ်စေခဲ့သည့် အဓိကအကြောင်းပြချက်ရှိပေသည်။
“ဒီနေ့ကျုပ်တို့ရောက်လာတာက တယန်ဘိုးဘေးနယ်မြေမှာ လျူချင်းမင်နဲ့ စုထျန်းရှင်းတို့ ဘာဖြစ်သွားလဲဆိုတာသေချာသိချင်လိုဘဲ။ တကယ်လို့ ဒုတိယဂိုဏ်းချုပ်နန်က ကျေနပ်လောက်တဲ့အဖြေပေးခဲ့ရင် ကျုပ်တို့လည်း ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး”
တခဏလောက်တိတ်ဆိတ်သွားပြီးနောက် ဖူထျန်းချွယ်သည် ပထမဆုံး စကားပြောလိုက်သည်။
…
ထိုစကားများသည် နှစ်ဦးနှစ်ဖက်အတွက် ဖြေရှင်းနည်းတစ်ခုရသွားစေသည်။ မည်သို့ပင်ဆိုပါစေ သူတို့သည် စစ်ပွဲတစ်ခုကို မစတင်လိုကြချေ။
ထိုသို့ကြားသည့်အခါ လီဖန်ထျန်းသည် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး နန်ပါ့ထျန်းအား ကြည့်လိုက်သည်။
“တယန်ဘိုးဘေးနယ်မြေထဲမှာ ဘာဖြစ်ခဲ့တာလဲ”
“ဘိုးဘေး…တယန်ဘိုးဘေးနယ်မြေထဲမှာ လွန်ခဲ့တဲ့ နှစ်၈၀၀၀အကြာက ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးအသက်ရှင်လျက်ရှိနေပါသေးတယ်။ သူရဲ့ ခွန်အားက ဒဏ္ဍာရီလာအဆင့်နှောင်းပိုင်းအဆင့်ခွန်အားရှိပါတယ်။ လျူချင်းမင်နဲ့ စုထျန်းရှင်းတို့က သူ့ကြောင်းသေဆုံးသွားခဲ့တာပါ”
ဤသို့ဖြင့် နန်ပါ့ထျန်းသည် တယန်ဘိုးဘေးနယ်မြေတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများအားရှင်းပြလိုက်သည်။
ထိုသို့ကြားသည့်အခါ ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့သည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ၎င်းသည် သူတို့လိုချင်သည့် ရလဒ်တစ်ခုမဟုတ်သော်လည်း ဤတစ်ကြိမ်တွင် နန်ပါ့ထျန်းက လိမ်ညာနေခြင်းမဟုတ်သည်ကို သူတို့သိပေသည်။
“ကောင်းပြီး…အဖြစ်မှန်ကို ရှင်းပြပြီးပြီ။ တာရီနတ်ဆိုးဂိုဏ်းက မင်းတို့ကို မကြိုဆိုဘူး။ လာရာလမ်းအတိုင်း ထွက်သွားကြတော့” လီဖန်ထျန်းသည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
တုန့်ပြန်သည့်အနေဖြင့် ဖန်ချင်ထျန်းနှင့် ဖူထျန်းချွယ်တို့သည် နှာခေါင်းရှုံ့လိုက်ကြသည်။ မည်းမှောင်သောမျက်နှာထားဖြင့် သူတို့သည် ထွက်ခွာသွားခဲ့ကြသည်။
သူတို့ထွက်ခွာသွားပြီးနောက် လီဖန်ထျန်းသည် နန်ပါ့ထျန်းအား ပြန်ကြည့်လိုက်သည်။
“ချောင်ယင်ယန်ဘယ်မှာလဲ”
“ဘိုးဘေး… ဂိုဏ်စချုပ်က တယန်ဘိုးဘေးနယ်မြေကို ထွက်သွားခဲ့ပါပြီ”
ထွက်သွားပြီလား။
လီဖန်ထျန်း၏ မျက်လုံးများသည် မြင့်တက်သွားခဲ့သည်။
“ခြေတစ်လှမ်းလှမ်းပြီးတာနဲ့ နောက်ခြေလှမ်းတွေကို သတိထားရမယ်။ တယန်ဂိုဏ်းရဲ့ အရင်းအမြစ်တွေကိုသာရခဲ့ရင် ရွှမ်ထျန်းဂိုဏ်းနဲ့ ထျန်းရှင်းဓားဂိုဏ်းတို့ကို စိုးရိမ်နေစရာမလိုတော့ဘူး။ ချောင်ယင်ယန်က တစ်ယောက်တည်း ထွက်သွားတာလား”
“ဟုတ်ကဲ့ပါ။ ဂိုဏ်းချုပ်က ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်ကို ယူဆောင်သွားခဲ့ပါတယ်”
“အင်…” လီဖန်ထျန်းသည် ခေါင်းညိတ်လိုက်သည်။
“ငါစိုးရိမ်နေတယ်။ သူမလုပ်နိုင်လောက်ဘူး၊ ငါတစ်ချက်လောက်သွားကြည့်လိုက်မယ်”
ထိုသို့ပြောပြီးသည်နှင့် အလင်းတစ်ချက်တောက်ပသွားခဲ့ပြီး လီဖန်ထျန်းသည် တာရီနတ်ဆိုးဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။
တူညီစွာပင် အစောပိုင်းကထွက်ခွာသွားခဲ့ကြသော ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့က တာရီနတ်ဆိုးဂိုဏ်း၏ ဘိုးဘေးသည် တယန်ဂိုဏ်းတည်ရှိရာသို့ ဦးတည်သွားနေသည်ကို မြင်သောအခါ အံ့ဩသွားခဲ့ကြသည်။
…
သဘာဝ လက်ဖက်ရည်စံအိမ်….
လင်းဝူတနှင့် အရူးတာအိုပညာရှင်တို့သည် တယန်ဂိုဏ်း၏ အရင်းအမြစ်များကို စုဆောင်းပြီးနောက် သဘာဝလက်ဖက်ရည်စံအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
တစ်ချိန်တည်းတွင် သူတို့သည် ငါးကြီးကြီးမိရန် စောင့်ဆိုင်းနေကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နန်ပါ့ထျန်းထွက်ခွာသွားပြီး မကြာမီ လင်းဝူတသည် ငါးကြီးကြီးတစ်ကောင်ကို ဆွဲဆောင်နိုင်ခဲ့သည်။ သူက ချောင်ယင်ယန်ဖြစ်၏။
ထို့အပြင် သူ့နောက်မှ ရွှမ်ထျန်းဂိုဏ်း၏ဖူထျန်းချွယ်၊ ထျန်းရှင်းဓားဂိုဏ်း၏ ဖန်ချင်ထျန်းနှင့် တခြားအများအပြားပါဝင်ပေသေးသည်။
“ဒဏ္ဍာရီလာအဆင့် ၆ယောက်။ သူတို့က ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်တွေကိုတောင် ယူလာခဲ့သေးတယ်။ သူတို့က ငါးကြီးကြီးတွေဘဲ။ ဒီတစ်ကြိမ်တော့ ရိတ်သိမ်းမှုက အရမ်းများလိမ့်မယ်…”
လင်းဝူတ၏ စိတ်ဝိညာဉ်သည် တက်ကြွသွားခဲ့သည်။
တချိန်တည်းတွင် အရူးတာအိုပညာရှင်သည်လည်း ချောင်ယင်ယန်နှင့် တခြားသူများအား လောဘကြီးသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းဘဲ ငါးကြီးကြီးတွေတော့ရောက်လာပြီ။ ညီလေးရမ်…ငါတို့နောက်ထပ်ဘာလုပ်ကြမလဲ”
“အင်…အရင်သွားပြီး ကြည့်ကြတာပေါ့။ သူတို့ဒီကိုရောက်လာခဲ့တယ်ဆိုတော့ တယန်ဘိုးဘေးနယ်မြေက ဘယ်သူမှ အသက်ရှင်လျက်ထွက်မသွားစေရဘူး။ သူတို့ရဲ့အလောင်းတွေနဲ့ ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်တွေအားလုံးကို ကျုပ်လိုချင်တယ်”
“ငါက သူတို့ရဲ့ အသက်ကိုယူမယ်။ သူတို့ ဂူသင်္ချိုင်းထဲကို ဝင်လိုက်တာနဲ့ သေလူတွေဘဲ၊ ဟီးဟီး….” အရူးတာအိုပညာရှင်၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သောအလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
သူသည် ဖုံးကွယ်အဆောင်ကို လင်းဝူတအားပစ်ပေးလိုက်ပြီး တယန်ဘိုးဘေးနယ်မြေထဲသို့ ထပ်မံဝင်ရောက်သွားခဲ့ကြသည်။
မကြာမီ သူတို့သည် နဂါးမွေးမြူရေးရေကန်ဆီသို့ရောက်ရှိသွားခဲ့သည်။
“ဘုန်း”
ထိုအချိန်တွင် ပထမဆုံးရောက်ရှိလာခဲ့သော ချောင်ယင်ယန်သည် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။