အခန်း ၆၆။ ကျိုကျို့ကုန်းမြေ၏ မဟာအင်အားစုကြီးသုံးခု
ရွှမ်ထျန်းဂိုဏ်း…
မဟာအကြီးအကဲ လျူချင်းမင်၏ အသက်ဝိညာဥ်မီးအိမ်သည် ငြိမ်သက်သွားသည်ဟုကြားသည့်အခါ မဟာအကြီးအကဲ ကျီပေမင်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူသည် ချက်ချင်းပင် ဂိုဏ်းချုပ်ဖူထျန်းချွယ်ဆီသို့ သွားလိုက်သည်။
“ဂိုဏ်းချုပ်…သတင်းဆိုးဘဲ။ မဟာအကြီးအကဲလျူချင်းမင်ရဲ့ အသက်ဝိညာဥ်မီးအိမ်ငြိမ်သက်သွားခဲ့ပါပြီ”
ဘယ်လို။
ကျီပေမင်၏ စကားများကိုကြားသည့်အခါ ကျင့်ကြံနေသော ဖူထျန်းချွယ်သည် ချက်ချင်းပင် နိုးထလာခဲ့သည်။
အသက်ဝိညာဥ်မီးအိမ်ငြိမ်းသက်သွားခြင်းသည် လူတစ်ယောက်သေဆုံးသွားခြင်းနှင့် တူညီပေသည်။
အသက်ဝိညာဉ်မီးအိမ်သည် အလွန်ထူးခြားဆန်းကြယ်သောပစ္စည်းတစ်ခုဖြစ်ပေသည်။ ၎င်းကို လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် သန့်စင်ရပြီး လူတစ်ယောက်၏ စိတ်ဝိညာဥ်အပိုင်းအစတစ်ခုကို ၎င်းထဲတွင် ထည့်ရပေသည်။ အသက်ဝိညာဉ်မီးအိမ်သည် ငြိမ်းသက်သွားခဲ့လျှင် ထိုလူသည် သေဆုံးသွားပြီဟုာသတ်မှတ်နိုင်ပေသည်။
ယခုအချိန်တွင် လျူချင်းမင်၏ အသက်ဝိညာဉ်မီးအိမ်သည် ငြိမ်းသက်သွားခဲ့သည့်အတွက် သေဆုံးသွားပြီဟုာဆိုနိုင်ပေသည်။
ဤသတင်းသည် ဖူထျန်းချွယ်အား အလွန်အံ့ဩသွားစေခဲ့သည်။
မည်သို့ပင်ဆိုပါစေ လျူချင်းမင်သည် ရွှမ်ထျန်းဂိုဏ်း၏ ဒီဗာအဆင့် မဟာအကြီးအကဲတစ်ယောက်မဟုတ်ပါလား။ သူသည်ပင် အငတ်ခံလိုက်ရသည့်အတွက် ရန်သူသည် မည်မျှအထိ ခွန်အားကြီးမှန်းသိနိုင်ပေသည်။
“မဟာအကြီးအကဲက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀အကြာက တယန်ဘိုးဘေးနယ်မြေကို ဖွင့်လှစ်ဖို့ ထွက်သွားခဲ့တာပါ။ အခု သူတို့ တယန်ဘိုးဘေးနယ် မြေထဲကို ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိထားပါတယ်”
“အသက်ဝိညာဉ်မီးအိမ်က အလျင်အမြန်ငြိမ်းသက်သွားခဲ့တဲ့အတွက် တယန်ဘိုးဘေးနယ်မြေထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခုရှိနေရမယ်…”
ဖူထျန်းချွယ်သည် အတွေးနက်သွားခဲ့သည်။
လျူချင်းမင်၏ သေဆုံးမှုသည် ဂိုဏ်းအပေါ် သိသိသာသာသက်ရောက်မှုရှိပေသည်။
“ဂိုဏ်းချုပ်…ထျန်းရှင်းဓားဂိုဏ်းရဲ့ စုထျန်းရှင်းလည်း သေဆုံးသွားခဲ့ပါတယ်။ တယန်ဘိုးဘေးနယ်မြေထဲကို ဝင်ရောက်သွားတဲ့ လူသုံးယောက်မှာ နန်ပါ့ထျန်းတစ်ယောက်ဘဲ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနေရာမှာရှိနေတဲ့ လူတွေရဲ့ သတင်းအချက်အလက်တွေအရ နန်ပါ့ထျန်းက အရမ်းကြောက်လန့်နေတယ်လို့ ဆိုကြပါတယ်။ သူတို့က တယန်ဘိုးဘေးနယ်မြေထဲမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုနဲ့ တွေ့ခဲ့ရတာဖြစ်မယ်။ ဒီကိစ္စရဲ့ အကြောင်းအရင်းအမှန်ကို နန်ပါ့ထျန်းတစ်ယောက်တည်းဘဲ သိနိုင်ပါတယ်” ကျီပေမင်သည် လေးနက်သောအသံဖြင့်ပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ ဖူထျန်းချွယ်သည် ခေါင်းညိတ်လိုက်သည်။
“ဒီကိစ္စရဲ့ ပြဿနာအရင်းအမြစ်ကို ငါတို့သိဖို့လိုတယ်။ တာရီနတ်ဆိုးဂိုဏ်းကို ငါကိုယ်တိုင်သွားလိုက်မယ်။ လျူချင်းမင် သေတာ အချည်းနှီးမဖြစ်စေရဘူး”
“ကောင်းပါပြီ” ကျီပေမင်သည် ရိုသေစွာ အရိုအသေပေးလိုက်သည်။
ထို့နောက်သူသည် လေးစားစွာထွက်ခွာသွားခဲ့သည်။
…
ထျန်းရှင်းဂိုဏ်းထဲတွင်လည်း တူညီသည့်ကိစ္စဖြစ်ပွားနေခဲ့သည်။
စုထျန်းရှင်း သေသွားပြီလား။
ထိုသတင်းကို ကြားသည့်အခါ ထျန်းရှင်းဓားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော ဖန်ချင်ထျန်းသည် အံ့ဩသွားခဲ့သည်။ သူ၏ ခမ်းညားသောမျက်နှာသည် ချက်ချင်းပင် မဲမှောင်သွားခဲ့ပြီး သူ၏ မျက်ခုံးမွှေးများသည် ထိစပ်လုမတတ် တွန့်ကြေသွားခဲ့သည်။
“ဒီဗာအဆင့် စွမ်းအားရှင်တစ်ယောက် အကြောင်းရင်းမသိရဘဲ သေဆုံးသွားခဲ့တယ်။ တယန်ဘိုးဘေးနယ်မြေမှာ ဘယ်လိုအန္တရာယ်မျိုးနဲ့ ကြုံတွေ့သွားခဲ့တာလဲ” ဖန်ချင်ထျန်းသည် အလွန်သိချင်နေပေသည်။
“ဝှစ်”
တခဏလောက်တွေးတောပြီးနောက် သူသည် စိတ်ဝိညာဉ်လှေအားထုတ်ယူကာ တာရီနတ်ဆိုးဂိုဏ်းသို့ ဦးတည်လိုက်သည်။
…
တာရီနတ်ဆိုးဂိုဏ်း၏ လေထုသည် အလွန်လေးလံနေပေသည်။
ဤအချိန်တွင် နန်ပါ့ထျန်းသည် တာရီနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ချောင်ယင်ယန်၏ ရှေ့၌ ရိုသေစွာ ဒူးထောက်နေခဲ့သည်။ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးကြောင့် ကြောက်လန့်နေမှုသည် ယခုအချိန်အထိ မတည်ငြိမ်နိုင်သေးပေ။
“နှစ်ပေါင်း ၈၀၀၀ကြာသွားခဲ့တာတောင် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးက တယန်းဘိုးဘေးနယ်မြေထဲမှာ အသက်ရှင်နေသေးတယ်ဆိုတာ မယုံနိုင်သေးဘူး။ ပြီးတော့ ဒဏ္ဍာရီလာအဆင့်ကိုတောင်ရောက်နေသေးတယ်။ ဒီတော့ တယန်ဂိုဏ်းက အပြင်ရန်သူတွေရဲ့ တိုက်ခိုက်မှုကြောင်းဖျက်စီးခံလိုက်ရတာမဟုတ်ဘူး။ ကောလဟာလတွေအရ ကောင်းကင်ဘုံရဲ့မဟာကပ်ဘေးကြောင့် ပျက်စီးသွားခဲ့တာဖြစ်မယ်။ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးက မသေသေးဘူးဆိုတော့ တယန်ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ တယန်ဓားက အထဲမှာဘဲရှိနေလောက်တယ်”
ချောင်ယင်ယန်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။
သူသည် တွေးတောလေလေ သတင်းအချက်အလက်များပို၍ ရရှိလာလေလေဖြစ်သည်။
“ဂိုဏ်းချုပ်… ဒီခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးက ဒဏ္ဍာရီလာအဆင့်ကို ရောက်ရှိနေပြီးပြီ။ သူ့ရဲ့ခွန်အားက ဒဏ္ဍာရီလာအဆင့်နှောင်းပိုင်းအဆင့်နဲ့ ယှဉ်နိုင်တယ်။ အဲဒါက အရမ်းကြောက်ဖို့ကောင်းတယ်။ ကျွန်တော်တို့သာ ထူးကဲသောတာအိုစိတ်ဝိညာဥ်လက်နက်ကို အသုံးမပြုရင် မသတ်နိုင်လောက်ဘူး”
ထိုအချိန်တွင် နန်ပါ့ထျန်းသည် ဂရုတစိုက် အကြံပြုလိုက်သည်။
“ငါဘာလုပ်ရမလဲဆိုတာ သိတယ်။ အို…ဟုတ်သားဘဲ၊ မင်းတို့နဲ့အတူ တော်ဝင်ဓားစိတ်ဝိညာဉ်အရင်းအမြစ်ကို ပိုင်ဆိုင်တဲ့ သူက တယန်ဘိုးဘေးနယ်မြေထဲကို ဝင်ရောက်သွားခဲ့တယ်မလား။ အခု လျူချင်းမင်နဲ့ စုထျန်းရှင်းတို့က သေဆုံးသွားခဲ့တယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ လူကရော ဘယ်လိုလဲ” ရုတ်တရက် ချောင်ယင်ယန်သည် သေချာဆန်းစစ်ပြီး မေးလိုက်သည်။
တော်ဝင်ဓားစိတ်ဝိညာဉ်အရင်းအမြစ်ကို ပိုင်ဆိုင်ထားသည့် အတွက် ထိုလူ၏ နောက်ခံသည် အလွန် ထိတ်လန့်ဖွယ်ကောင်းနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် တဖက်လူ၏ ခွန်အားကို မသိဘဲ သူသည် အဆင်အခြင်မဲ့စွာ မပြုမှုဝံ့ချေ။
အရူးတာအိုပညာရှင်လား။
“အင်…ဒါက…”
အရူးတာအိုပညာရှင်အကြောင်းကို မေးသောအခါ နန်ပါ့ထျန်းသည် တိတ်ဆိတ်သွားခဲ့သည်။
“ဂိုဏ်းချုပ်…သူ့ရဲ့ အကြောင်းတော့ ကျွန်တော်လည်းမသိဘူး။ တယန်ဘိုးဘေးနယ်မြေကိုဖွင့်ပြီးတဲ့အခါ သူတို့ကိုသတ်ဖို့ ကြံစည်ထားပေမဲ့ သူတို့ လွတ်မြောက်သွားခဲ့တယ်”
“ဒါပေမဲ့ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးက ကျွန်တော့်ကို သတ်ခါနီးမှာ အလောင်းတွေစုဆောင်းရတာကြိုက်တဲ့ လူငယ်တစ်ယောက်က ကျုပ်အသက်ကို ကယ်ဆယ်ပေးခဲ့တယ်။ မဟုတ်ရင် ကျွန်တော်လည်း တယန်ဘိုးဘေးနယ်မြေမှာ သေသွားလောက်တယ်” နန်ပါ့ထျန်းသည် အကြောက်မပြယ်သေးသည့် ပုံစံဖြင့်ပြောလိုက်သည်။
ဘယ်လို။ အလောင်းတွေကိုာစုဆောင်းရတာကြိုက်တဲ့ လျှို့ဝှက်ဆန်းကြယ် လူလား။
ချောင်ယင်ယန်သည် ထိုသို့ကြားသည့်အခါ တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ မင်းကို ကယ်ဆယ်ပေးတာလဲ”
“ဒါက… ကျွန်တော်လည်း သေချာမသိဘူး။ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးရဲ့ အလောင်းကို စုဆောင်းချင်လို့လား” နန်ပါ့ထျန်းသည် ဖြစ်နိုင်ခြေရှိသော အကြောင်းအရာကို ပြောလိုက်သည်။
သို့သော်လည်း ချောင်ယင်ယန်သည် ထိုအရာကို လှောင်ပြောင်လိုက်သည်။
“ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးရဲ့ အလောင်းကို သိမ်းဆည်းချင်တာနဲ့ မင်းအသက်ကို ကယ်ဆယ်ပေးမှာတဲ့လား”
“ဒါက…” နန်ပါ့ထျန်းသည် မည်သို့ဖြေကြားရမည်မှန်း မသိတော့ချေ။
သူသည် လင်းဝူတ၏ ရည်ရွယ်ချက်ကို မသိရှိနိုင်ပေ။
ချောင်ယင်ယန်သည် ပဟေဠိဖြစ်သွားခဲ့သော်လည်း ထပ်မံမေးမြန်းခြင်းမရှိတော့ချေ။
“ဂိုဏ်းချုပ် အခု တယန်ဘိုးဘေးနယ်မြေက ပွင့်သွားခဲ့ပြီး။ တကယ်လို့ တယန်းဂိုဏ်းက ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးကြောင့် ဖျက်စီးခံလိုက်ရတာဆိုရင် ရတနာတွေနဲ့ တယန်ဓားက အကောင်းအတိုင်းရှိနေလိမ့်မယ်။ ကျွန်တော်တို့ လှုပ်ရှားသင့်တယ်မလား။ မဟုတ်ရင် ရွှမ်ထျန်းဂိုဏ်းနဲ့ ထျန်းရှင်းဓားဂိုဏ်းက…”
“အင်…ငါမှာ အစီအစဉ်ရှိတယ်။ အခုတယန်ဘိုးဘေးနယ်မြေပွင့်နေတဲ့အတွက် မည်သူမဆိုဝင်ရောက်နိုင်တယ်။ တကယ်လို့ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးရဲ့ ကိစ္စက အသေးအမွှာမဟုတ်ရင် တာရီနတ်ဆိုးဂိုဏ်းရဲ့ ထူးကဲသောတာအို စိတ်ဝိညာဉ်လက်နက်ကိုအသုံးပြုမယ်” ချောင်ယင်ယန်သည် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ဘယ်လို။ ဂိုဏ်းချုပ်က သူကိုယ်တိုင်သွားပြီး ထူးကဲသော်တာအို စိတ်ဝိညာဉ်လက်နက်ကို ယူချင်တာလား။
နန်ပါ့ထျန်းသည် တုန်ရင်သွားခဲ့သည်။
တာရီနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ချောင်ယင်ယန်သည် ဒဏ္ဍာရီလာအဆင့် အလယ်အလတ်အဆင့်သို့ ရောက်နေပေပြီ။ တာရီနတ်ဆိုး ဂိုဏ်း၏ ဂိုဏ်းစောင့်လက်နက်သည် အလွန်စွမ်းအားကြီးလွန်းပေသည်။ အကယ်၍ သူကိုယ်တိုင်သွားလျှင် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် သေချာပေါက်အသတ်ခံရပေမည်။
ထိုအချိန်တွင် တယန်ဘိုးဘေးနယ်မြေ၏ ရတနာများသည် တာရီဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်လာပေမည်။
“ဟားဟား” သူ၏ လှပသောအနာဂတ်ကိုတွေးတော့လျက် နန်ပါ့ထျန်းသည် တောက်ပစွာ ပြုံးလိုက်သည်။
“ဂိုဏ်းချုပ်…ကျွန်တော်တို့ ခပ်မြန်မြန်လုပ်သင့်တယ်။ အခုအချိန်မှာ တယန်ဘိုးဘေးနယ်မြေမှာ လူတွေရှိနေတုန်းဘဲ။ တကယ်လို့ သူတို့သာ ရတနာတွေကို ယူသွားခဲ့ရင် ကျုပ်တို့အတွက် ဘာမှ ကျန်မှာမဟုတ်ဘူး” နန်ပါ့ထျန်း၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
ချောင်ယင်ယန်သည် သဘောတူလိုက်သည်။
“ထူးကဲသောတာအိုလက်နက်ကို ယူပြီးရင် တယန်ဘိုးဘေးနယ်မြေကိုသွားမယ်”
သူသည် ပြောပြီးသည်နှင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ထိတ်လန့်ဖွယ်အော်ရာကို ထုတ်လွှတ်လျက် လူနှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက်ရောက်လာခဲ့သည်။
သူတို့သည် ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့ပင်။
“ဂိုဏ်းချုပ်…ဒါက ရွှမ်ထျန်းဂိုဏ်းနဲ့ ထျန်းရှင်းဓားဂိုဏ်းတို့ဘဲ။ တယန်ဘိုးဘေးနယ်မြေအတွက် ဒီကို ရောက်လာခဲ့တာဖြစ်မယ်….”
နန်ပါ့ထျန်း၏ အနူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။
“ငါသိတယ်။ မင်းသွားပြီး သူတို့ကို ဧည့်ခံထားပေးလိုက်။ ငါ အရင်ထွက်သွားတော့မယ်”
…
“ဝှစ်”
သူသည် စကားပြောပြီးသည်နှင့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့မြင်သောအခါ နန်ပါ့ထျန်းသည် နက်ရှိုင်းစွာသက်ပြင်းချလိုက်ပြီး ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့အား ဧည့်ခံရန် ပြင်ဆင်လိုက်သည်။