အခန်း ၆၅။ တယန်ဓား
တခဏကြာပြီးနောက် လင်းဝူတနှင့် အရူးတာအိုပညာရှင်တို့သည် အန္တရာယ်များကို ရှောင်တိမ်းပြီး တယန်ဘိုးဘေးနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ရောက်ရှိလာခဲ့ကြသည်။
သူတို့ မြင်တွေ့လိုက်ရသောအရာများသည် အပျက်အစီးများနှင့် တဝက်ကျိုးပံ့ပျက်စီးနေသော အဆင့်ကိုးဆင့် ကျောက်စေတီတစ်ဆူတို့ဖြစ်၏။
နှစ်ပေါင်း ၈၀၀၀ကြာသွားသည့်တိုင်အောင် ၎င်းသည် အင်ပါယာတာအိုအော်ရာကို ခပ်ဖျော့ဖျော့ထုတ်လွှတ်နေခဲ့သည်။ မည်သူပင်မဆို ထိုအင်ပါယာတာအိုအော်ရာကို ခံစားမိနိုင်သည်။
“အင်ပါယာတာအိုစိတ်ဝိညာဉ်လက်နက်”
အရူးတာအိုပညာရှင်၏ မျက်လုံးများသည် တက်ကြွသွားခဲ့သည်။
သူသည် ပျက်စီးနေသော ကျောက်တုံးစေတီမှ စိတ်ဝိညာဉ်စွမ်းအားများနှင့် များစွာသော ရတနာအော်ရာတို့ကို ခံစားမိလိုက်သည်။
ထို့အပြင် အဆင့်ကိုးဆင့်စေတီထဲတွင် အင်ပါယာတာအိုအော်ရာပင် ဖိနှိပ်နိုင်ခြင်းမရှိသော ထိတ်လန့်ဖွယ်စွမ်းအားတစ်ခုရှိနေခဲ့သည်
ထိုသို့မြင်သောအခါ အရူးတာအိုပညာရှင်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။
“အဆင့်ကိုးဆင့်စေတီထဲမှာ တယန်ဂိုဏ်းရဲ့ တယန်ဓားက သေချာပေါက်ရှိနေတယ်”
သူသည် စကားပြောပြီးသည်နှင့် ကျောက်တုံးစေတီဆီသို့ပျံသန်းသွားလိုက်သည်။
“ဟားဟား…”
လျင်မြန်စွာဖြင့် ရယ်မောသံတစ်ခုသည် ထိုအထဲမှ ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ကျောက်တုံးစေတီ၏ အဆင့်တစ်ဆင့်သည် အရူးတာအိုပညာရှင်၏ ရှေးဟောင်းအနက်ရောင်ပေါက်ပြားဖြင့် ထိုးဖောက်ခံလိုက်ရသည်။
ချက်ချင်းပင် မွန်းစတာဆန်ပြီးတောက်ပသောအလင်းရောင်တစ်ခုသည် ထွက်ပေါ်လာခဲ့ကာ တယန်ဘိုးဘေးနယ်မြေတစ်ခုလုံးပြည့်နှံ့သွားခဲ့သည်။
ကျောက်တုံးစေတီသည် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။
ထိုအထဲရှိ စင်များပေါ်တွင် အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးပင်များ၊ ထူးခြားသောပစ္စည်းများ၊ နတ်လက်နက်များ၊ ရတနာများ၊ ကျင့်ကြံခြင်းနည်းစနစ်များနှင့် လျှို့ဝှက်နည်းစနစ်များရှိနေသည်။
အများစုသည် ထိခိုက်ပျက်စီးနေပြီဖြစ်သော်လည်း အကောင်းပကတိအတိုင်းရှိနေသေးသော ပစ္စည်းများလည်းရှိပေသေးသည်။
“အတိတ်တုန်းက တယန်းဂိုဏ်းဟာ ကျိုကျို့ကုန်းမြေတစ်ခုလုံးကျော်ကြားရုံသာမက အစိမ်းရောင်ကောင်းကင်နယ်မြေတစ်ခုလုံးကိုပါ တုန်လှုပ်စေခဲ့တယ်။ သူတို့ရဲ့ အခြေခံအုတ်မြစ်က အရမ်းထူးခြားတယ်။ ဘယ်လောက်ပဲ အင်အားကြီးမားနေပါစေ ကောင်းကင်ဘုံရဲ့ ဆန္ဒဖြစ်တဲ့ ပျက်စီးခြင်းကပ်ဘေးကိုတော့ မရှောင်လွဲနိုင်ခဲ့ဘူး၊ သနားစရာဘဲ” လင်းဝူတသည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်မိသည်။
ထို့နောက်သူသည်လည်း ကျောက်တုံးစေတီထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဤအချိန်တွင် အရူးတာအိုပညာရှင်သည် စေတီ၏ ထောင့်များကို သူ၏ အနက်ရောင်ပေါက်ပြားဖြင့် တူးဖော်နေခဲ့ပေပြီ။ အင်ပါယာတာအို စိတ်ဝိညာဉ်လက်နက်သည်ပင် ထိုအနက်ရောင်ပေါက်ပြား၏ ထိုးဖောက်မှုကို မခံနိုင်ခဲ့ချေ။
ထိုသို့မြင်သောအခါ လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
[အမည် : ဖျက်စီးခြင်းနတ်ဘုရားပေါက်ပြား]
[ဖော်ပြချက် : အလယ်ပိုင်းကောင်းကင်နယ်မြေမှ ဂူသင်္ချိုင်းဖောက်ထွင်းသူမိသားစု၏ ရတနာတစ်ခုဖြစ်သည်။ အလွန်ပြင်းထန်သောဖျက်စီးနိုင်စွမ်းရှိသည်။ အမာကျောဆုံးပစ္စည်းများကိုပင် ဖောက်ထွင်းနိုင်သည်]
[သတိပြုရန် : ဖျက်စီးရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်]
…
“နောက်ထပ် ထိပ်တန်းအဆင့် နတ်ရတနာတစ်ခုဘဲ”
လင်းဝူတ၏ မျက်လုံးများသည် ကြည်လင်သွားခဲ့သည်။
ဂူသင်္ချိုင်းဖောက်ထွင်းသူမိသားစု၏ အကောင်းဆုံးရတနာသည် သာမန်ထက်ထူးခြားဆန်းကြယ်လွန်းပေသည်။ ထူးကဲသောတာအိုလက်နက်တစ်ခုသည်ပင် ဤမျှ ပြင်းထန်သည့် ဖျက်စီးနိုင်စွမ်းမရှိချေ။
သိသာစွာပင် ဤလက်နက်သည် အရူးတာအိုပညာရှင်က ဂူသင်္ချိုင်းများအားဖောက်ထွင်းသည့်အခါ အလွန်အရေးပါသော ရတနာတစ်ခုဖြစ်ပေမည်။
လင်းဝူတသည် အံ့ဩသွားရုံမျှသာဖြစ်ပြီး တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲ့လိုက်သည်။
ထို့နောက်သူသည် အဆင့်ကိုးဆင့်စေတီသို့တန်းမတ်စွာသွားလိုက်သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
သူသည် အဆင့်ကိုးဆင့်စေတီသို့ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့်အခါ ထူးကဲသောတာအိုလက်နက်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ အလွန်ပြင်းထန်သောဓားအော်ရာသည် လေဟာနယ်ကိုပင် ပိုင်းဖြတ်တော့မည့်အတိုင်းပင်။
ကျောက်တုံးလမ်းကြောင်းပေါ်တွင် ပိတ်ပိတ်မှောင်နေသော ဓားတစ်လက်ရှိနေသည်။ ၎င်း၏ ဓားရိုးကို အရိုးစုတစ်ခုက ကိုင်ဆောင်ထားကာ မြေပြင်တွင်ထိုးစိုက်ထားသည်။
“ထူးကဲသောတာအိုလက်နက်၊ တယန်ဓား”
အကြည့်တချက်ဖြင့် လင်းဝူတသည် ထိုဓား၏ အချက်အလက်များအား စစ်ဆေးကြည့်လိုက်သည်။
၎င်းသည် တယန်ဂိုဏ်း၏ ဂိုဏ်းစောင့်လက်နက်ဖြစ်သော တယန်ဓားဖြစ်သည်။
ဤထူးကဲသောတာအိုလက်နက်သည် ထူးကဲသောတာအိုကန့်သတ်လျက် ၃၆ခုဖြင့်သွန်းလုပ်ထားခြင်းဖြစ်ပြီး လင်းဝူတ၏ မဟာပျက်သုဉ်းခြင်းဒယ်စောက်ထက် သန်မာပေသည်။
ထိုဓားသည် သူမြင်ဖူးသော ဒုတိယထူးကဲသောတာအိုလက်နက်ဖြစ်သည်။
တခဏလောက်ဆန်းစစ်ပြီးနောက် လင်းဝူတသည် ထက်ရှသော ဓားအော်ရာကို လျစ်လျူရှုလျက် တယန်ဓားဆီသို့ တန်းမတ်စွာသွားလိုက်ပြီး မြေပြင်မှ ဆွဲနှုတ်လိုက်သည်။
“ဘုန်း”
တယန်ဓားသည် မြေပြင်မှဆွဲထုတ်ခံလိုက်ရပြီးနောက် ထူးကဲသောတာအိုလက်နက်၏ စွမ်းအားသည် ပေါက်ကွဲထွက်သွားခဲ့သည်။ ထူးကဲသော တာအိုလက်နက်၏ ပြင်းထန်သောလှိုင်းများသည် ကျောက်တုံးစေတီကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေခဲ့သည်။
တခဏအတွင်းမှာပင် ကိုးဆင့်မြောက်သည် ပြိုကျသွားခဲ့သည်။
ထိုသို့မြင်သောအခါ လင်းဝူတသည် ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားအားအလျင်အမြန်ထုတ်ယူလိုက်ပြီး မြေပြင်ရှိအလောင်းအား သိမ်းဆည်းလိုက်သည်။
[ဒင်]
[သင်သည် တယန်ဂိုဏ်း၏ ဘိုးဘေး ယွင်ထျန်းဟဲ အလောင်းအားစုဆောင်းခဲ့သည့်အတွက် နှစ်ပေါင်း ၈၀ ကျင့်ကြံခြင်း အခြေခံအားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် နှစ်ပေါင်း ၈၀၀ ကျင့်ကြံခြင်း အခြေခံအားရရှိပါမည်]
[ဂုဏ်ယူပါတယ်…ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်အသွင်ပြောင်းလဲခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ]
…
“ဘုန်း”
…
အလွန်လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်စွမ်းအားများသည် လင်းဝူတ၏ ခန္တာကိုယ်အားလွှမ်းခြုံသွားခဲ့သည်။ တခဏအတွင်းမှာပင် သူ၏ ကျင့်ကြံခြင်းအခြေခံသည် နတ်အသွင်ပြောင်းလဲခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
“မဆိုးဘူး”
လင်းဝူတ၏ မျက်လုံးများသည် ကျေနပ်မှုများနှင့် ပြည့်သွားခဲ့ပြီး အလွန်စွမ်းအားပြည့်ဝနေသကဲ့သို့ ခံစားလိုက်ရသည်
တယန်ဘိုးဘေးနယ်မြေသို့ စွန့်စားခရီးထွက်လာခြင်းသည် ဆုလာဘ်များဖြင့် ပြည့်နေပေသည်။
ထို့နောက်သူသည် လျူချင်းမင်၊ စုထျန်းရှင်းနှင့် ရွှမ်ကျန့်ဂိုဏ်း၏ ဘိုးဘေးအလောင်းများအားသိမ်းဆည်းလိုက်သည်။
[ဒင်]
[သင်သည် လျူချင်းမင်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၂၀၀၀ အားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ကံစွမ်းအားအမှတ် ၂၀၀၀၀ အားရရှိပါမည်]
[သင်သည် စုထျန်းရှင်း၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် တစ်နှစ် ကျင့်ကြံခြင်းအခြေခံအားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ဆယ်နှစ် ကျင့်ကြံခြင်းအခြေခံအားရရှိပါမည်]
[တောင်းပန်ပါတယ်…သင်သည် ဘာမှမရရှိနိုင်ပါ]
[တောင်းပန်ပါတယ်…သင်သည် ဘာမှမရရှိနိုင်ပါ]
[တောင်းပန်ပါတယ်…သင်သည် ဘာမှမရရှိနိုင်ပါ…]
…
…
များပြားလှသော သတိပေးချက်များသည် သူ၏ စိတ်ထဲတွင် မြည်ဟိန်းလာခဲ့သည်။
ဒီတစ်ကြိမ်လည်း ဘာမှမရတာတွေများနေပါလား။
လင်းဝူတသည် မျက်မှောင်ကြုတ်လိုက်သည်။
ငါ့ရဲ့ ကံကောင်းခြင်းတွေ ကုန်ဆုံးနေတာလား။
သူသည် ရွှမ်ကျန့်ဂိုဏ်း၏ ဘိုးဘေးများ၏ အလောင်းများထံမှ မည်သည့်အရာမျှ မရရှိခဲ့ချေ…။
ဤရလဒ်သည် လင်းဝူတအားအလွန်စိတ်ပျက်စေခဲ့သည်။
[သတိပြုပါ၊ စနစ်က ဆယ်စက္ကန့်အတွင်း အဆင့်မြှင့်တင်ခြင်းပြုလုပ်ပါမည်။ ထိုအချိန်အတောအတွင်းတွင် စနစ်သည် အသုံးမဝင်နိုင်ပါ။ ကျေးဇူးပြုပြီး စိတ်ရှည်စွာစောင့်ဆိုင်းပေးပါ…]
အေးစက်သော သတိပေးသံသည် လင်းဝူတအား အံ့ဩသင့်သွားစေသည်။
စနစ်အဆင့်မြှင့်တင်တာလား။
သူ၏ မျက်လုံးများသည် အံ့ဩမှုများဖြင့် ပြည့်နေခဲ့သည်။
“အဆင့်မြှင့်တင်ခြင်းပြီးဖို့ အချိန်ဘယ်လောက်ကြာမလဲ”
[တစ်ရက်]
အသံထွက်ပေါ်လာပြီးနောက် စနစ်နှင့် ဆက်သွယ်၍ မရတော့မှန်း လင်းဝူတသည် ခံစားလိုက်သည်။
တကယ်ဘဲအဆင့်မြှင့်တင်နိုင်တာလား။
သူသည် အလွန်အံ့ဩသွားခဲ့သော်လည်း မည်သို့တွေးတောခြင်းမှမရှိဘဲ စိတ်ရှည်စွာစောင့်ဆိုင်းနေလိုက်တော့သည်။
တချိန်တည်းတွင် တယန်ဘိုးဘေးနယ်မြေအပြင်ဘက်၌ သတင်းတစ်ခုသည် ကျယ်ပြန့်စွာ ပြန့်နှံ့နေခဲ့သည်။
…
“ဘုန်း”
ဘိုးဘေးနယ်မြေအပြင်ဘက်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စုစည်းနေကြသည်။
လူတိုင်းသည် တယန်ဘိုးဘေးနယ်မြေအား မျှော်လင့်တစားဖြင့် စောင့်ဆိုင်းနေကြစဉ် အထဲမှ အလွန်သနားစရာကောင်းသော ပုံသဏ္ဍာန်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
“တာရီနတ်ဆိုးဂိုဏ်းရဲ့ နန်ပါ့ထျန်းလား”
လူတိုင်းသည် အံ့ဩမှင်သက်သွားခဲ့ကြသည်။
“ဝိုး…တာရီနတ်ဆိုးဂိုဏ်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဒုတိယဂိုဏ်းချုပ်က ဒီလိုသနားစရာအခြေအနေဖြစ်သွားတာလား။ တယန်ဘိုးဘေးနယ်မြေထဲမှာ ဘာတွေကြုံတွေ့ခဲ့ရလို့လဲ”
“ဘယ်လောက်တောင်ကြောက်နေသလဲကြည့်စမ်းပါ။ သူက မဟာကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်မယ်”
“ဟူး…ဒီဗာအဆင့်တစ်ယောက်တောင် ဒီလိုအခြေအနေဖြစ်သွားမှတော့ အထဲမှာ တကယ်ကို ထိတ်လန့်စရာကောင်းနေတာဖြစ်မယ်”
“တယန်ဘိုးဘေးနယ်မြေထဲမှာ ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေတာလား”
…
ကြည့်ရှုသူများသည် အံ့ဩသင့်သွားခဲ့သည်။
ဤအချိန်တွင် သူတို့အားလုံးသည် နန်ပါ့ထျန်းက မည်သည့်အန္တရာယ်မျိုးနှင့် ရင်ဆိုင်ခဲ့ကြောင်းကို သိချင်သွားကြသည်။
လူများ၏ ဆွေးနွေးသံများကို ကြားသည့်အခါ နန်ပါ့ထျန်းသည် သက်ပြင်းချလျက် တယန်ဘိုးဘေးနယ်မြေထဲမှ အလျင်အမြန်ထွက်ခွာသွားခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်လှေအားထုတ်ယူကာ မောင်းနှင်ထွက်ခွာသွားခဲ့သည်။
တယန်ဘိုးဘေးနယ်မြေမှ ထိတ်လန့်စရာကောင်းသောအရာတစ်ခုသည် သူ့နောက်သို့ လိုက်နေသည့်အတိုင်းပင်။
ထိုမြင်ကွင်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများအား ဆွဲဆောင်သွားခဲ့သည်။
ထို့နောက် တယန်ဘိုးဘေးနယ်မြေနှင့်ပတ်သတ်ပြီး ထင်မြင်ချက်အမျိုးမျိုးသည် ကျိုကျို့ကုန်းမြေတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
မကြာမီ ရွှမ်ထျန်းဂိုဏ်းနှင့် ထျန်းရှင်းဂိုဏ်းတို့သည်လည်း ထိုသတင်းအားရရှိလိုက်ကြသည်။
ထို့နောက် လျူချင်းမင်နှင့် စုထျန်းရှင်းတို့၏ အသက်ဝိညာဥ် မီးအိမ်သည် ငြိမ်းသက်သွားခဲ့မှန်းသိလိုက်ကြသည်။