အခန်း ၅၆။ ဆယ်ယောက်မြောက် အဓိပတိ
“နှုတ်ဆက်ပါတယ်…အဓိပတိ”
မရေမတွက်နိုင်သည့် လူများ၏ အကြည့်အောက်တွင် အနီရောင်ဝတ်အကြီးအကဲသူ ထိတ်လန့်ရိုသေစွာဒူးထောက်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
သူ၏ အိုမင်းသောခန္တာကိုယ်သည် တုန်ရင်နေသည်။
ဘယ်လို။
အဓိ… အဓိပတိလား။
အနီရောင်ဝတ်အကြီးအကဲ၏ စကားကို ကြားသည့်အခါ လူတိုင်းသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ထို့နောက် သူတို့အားလုံးသည် အကြီးအကဲလက်ထဲရှိ ခရမ်းရောင်တိုကင်ကို မြင်လိုက်ရသည်။
“ဘုန်း”
ထိုအချိန်တွင် လူတိုင်းသည် သူတို့၏ စိတ်ဝိညာဉ်ထဲကပင် ကြောက်ရွံ့သွားပြီး ခန္တာကိုယ်များသည် တုန်ရင်သွားခဲ့ကာ ချွေးများဖြင့် စိုရွှဲကုန်သည်။
“အဓိ… အဓိပတိတိုကင်လား”
လူတိုင်းသည် အံ့ဩမှင်သက်နေကြသည်။
သူတို့၏ မျက်လုံးကို သူတို့မယုံကြည်နိုင်ဖြစ်နေကြသည်။
ကောင်းကင်ဘုံမြို့တော်တွင်ာအဓိပတိတိုကင်ဖြင့်ဆိုလျှင် အကောင်းဆုံးအရောင်းအဝယ်ကို ပြုလုပ်နိုင်ပေသည်။ အဓိပတိတိုကင်ကို ပိုင်ဆိုင်သူအတွက် ရာထူး၊ ဂုဏ်သတင်း၊ အကျိုးအမြတ်ခံစားခွင့် စသည့်အရာအားလုံးသည် အမြင့်ဆုံးအခြေအနေဖြစ်သည်။
အစောပိုင်းတုန်းက အဓိပတိတိုကင် ၉ခုသာရှိခဲ့သည်။
ယခုအချိန်တွင် နောက်ထပ်အသစ်တစ်ခု ထပ်မံတိုးမြင့်လာခဲ့သည်။
ကောင်းကင်ဘုံမြို့တော်၏ အစောပိုင်းကကြေညာချက်အရ အဓ်ပတိအသစ်သည် သူတို့ ရှေ့ရှိ လူဖြစ်ရပေမည်။
“သူက အဓိပတိအသစ်ဖြစ်နေမလား”
“ဟာ”
ထိုသို့တွေးပြီး လူတိုင်းသည် သက်ပြင်းချလိုက်ကြသည်။
“ဒုန်း”
“ဒုန်း”
“ဒုန်း”
…
ထို့နောက် သူတို့၏ အမြန်ဆုံးအရှိန်နှုန်းဖြင့် ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ရိုသေလေးစားခြင်းတို့ဖြင့် လင်းဝူတအား ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
“နှုတ်ဆက်ပါတယ်… အဓိပတိ”
“နှုတ်ဆက်ပါတယ်… အဓိပတိ”
“နှုတ်ဆက်ပါတယ်… အဓိပတိ”
…
အရိုအသေပေးသံသည် ကောင်းကင်ကိုပင် တုန်လှုပ်စေသည်။
ကောင်းကင်ဘုံကိုးခု ကုန်သည်အဖွဲ့အစည်း၏ နံပါတ်တစ်နတ်ဘုရားမဖြစ်သော ကျီရူယွဲ့သည်ပင် အဓိပတိအဆောင်အား မြင်သောအခါ အံ့ဩတုန်လှုပ်သွားခဲ့သည်။
ဤအချိန်တွင် သူမဦးဆောင်လျက် ကောင်းကင်ဘုံကိုးခုမျှော်စင်၏ လူတိုင်းသည် ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
အဓိပတိသည် အားလုံး၏ အထက်တွင်ရှိပေသည်။
အဓိပတိတိုကင်သည် ကောင်းကင်ဘုံမြို့တော်တွင် အကောင်းဆုံးအရောင်းအဝယ်နှင့် အခွင့်ထူးများကို ခံစားခွင့်ရှိရုံသာမက အပြင်ဘက် ကမ္ဘာတွင် အထွဋ်အထိပ်စွမ်းအားကိုလည်း ကိုယ်စားပြုသည်ကို လူတိုင်းသိရှိပေသည်။
မိမိ၏ တာအိုကို ထာဝရတည်မြဲကြောင်း သက်သေပြနိုင်သူများသည်သာလျှင် အဓိပတိတိုကင်အားရရှိနိုင်ပေသည်။
ထိုကဲ့သို့သောလူများသည် ရှေးခေတ်မှ ယခုအချိန်အထိ ၉ယောက်သာရှိခဲ့ပေသည်။
“အဓိ… အဓိ… အဓိပတိလား”
တဖက်တွင် ရုတ်တရက်အပြောင်းအလဲကြောင်း မူထျန်းရှန့်၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့သည်။ သူသည် ယခုမြင်နေရသော ကိစ္စအား မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
လင်းဝူတ၏ နည်းလမ်းသည် ဤသို့နည်းလမ်းဖြစ်မည်ဟု သူ မမျှော်လင့်ထားချေ။
အဓိပတိတိုကင်ဖြင့်ဆိုလျှင် ဤနေရာရှိ အရာရာတိုင်းကို ဝယ်ယူသည့်အခါ ၉၀% လျော့ဈေးရပေမည်။
စကြာဝဠာမူလသစ်သီးအား သူသည် အထွဋ်အထိပ်နတ်အရင်းအမြစ် ၁၀၀ဘီလီယန်ကတ်တီဖြင့် လေလံအောင်ခဲ့လေသည်။ ၉၀%လျော့ဈေးဖြင့်ဆိုလျှင် သူသည် ၁၀ဘီလီယန် ကတ်တီသာပေးရပေမည်။
ထို့ကြောင့် သူ့၏ လက်ရှိကြွယ်ဝမှုဖြင့် ကျသင့်ငွေပမာဏကို ပေးချေနိုင်ပေမည်။
သို့သော်လည်း ဤကိစ္စသည် ထိတ်လန့်ဖွယ်ကောင်းလွန်းပေသည်။
အစက လင်းဝူတသည် လျော့ဈေးအကြောင်းကိုပြောသည့်အခါ သံအဆင့်တိုကင်ဟုသာထင်ထားခဲ့သည်။ ထို့ကြောင့် ၁၀%သည် အကန့်အသတ်ပင်။
သူ့တွင် အမြင့်ဆုံးအဆင့် အဓိပတိတိုကင်ရှိမည်ဟူ မည်သူထင်ထားမည်နည်း။
ရလဒ်သည် မူထျန်းရှန့်တွေးထားသည်ထက်ကျော်လွန်နေခဲ့သည်။
ဘေးမှရပ်နေသော ချမ်ရူမင်သည်ပင် ချွေးများစိုရွှဲသွားသည့်အထိ ကြောက်ရွံ့သွားခဲ့သည်။
“သူ… သူက တကယ်… သူကတကယ်ကို အဓိပတိတစ်ယောက်လား။ အသင်္ချေရတနာမျှော်စင်မှာ သူကို ရိုင်းရိုင်းစိုင်းစိုင်မဆက်ဆံမိခဲ့တဲ့အတွက် နတ်ဘုရားတွေကိုကျေးဇူးတင်ပါတယ်၊ မဟုတ်ရင်…”
ချမ်ရူမင်သည် နောက်ထပ်မတွေးတောဝံ့တော့ချေ။
ဤအချိန်တွင် အဆုံးမဲ့ ထိတ်လန့်တုန်လှုပ်မှုများသာရှိနေခဲ့သည်။
…
“ဒါဆို ဒါက အဓိပတိတိုကင်ရဲ့ အကျိုးကျေးဇူးပေါ့။ တကယ်ကို ထိတ်လန့်ဖို့ ကောင်းတာဘဲ” သူ့ခြေရင်းတွင် ခေါင်းမဖော်ဝံ့ဘဲ ဒူးထောက်နေကြသော် ကျီရူယွဲ့နှင့် တခြားသူများအားကြည့်လျက် လင်းဝူတသည် အကူအညီမဲ့စွာသက်ပြင်းချလိုက်သည်။
သူသည် ယခုအချိန်မှသာ အဓိပတိတိုကင်၏ အကျိုးသက်ရောက်မှုကို ခံစားဖူးခြင်းဖြစ်ပေသည်။
ရိုးရှင်းစွာဖြင့် တွေးတော၍မရနိုင်ချေ။
မြင့်မြတ်သော အစစ်အမှန်အာကာသအဆင့်တစ်ယောက်သည်ပင် သူ့ရှေ့၌ ရိုသေစွာ ဒူးထောက်နေရခြင်းသည် ဤအဓိပတိတိုကင်ကြောင့်သာဖြစ်ပေသည်။
…
“အရောင်းအဝယ် ဆက်လုပ်ကြတာပေါ့” သူ၏ တည်ငြိမ်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ကောင်းပါပြီ… ကောင်းပါပြီ” အနီရောင်ဝတ်အကြီးအကဲသည် လင်းဝူတအား ခေါင်းဖော်မကြည့်ဝံ့ဘဲ ရိုသေစွာပြောလိုက်သည်။
တချိန်တည်းတွင် သူသည် တိုကင်အားထပ်မံ၍ စစ်ဆေးခြင်းမပြုဝံ့တော့ချေ။ မည်သို့ပင်ဆိုပါစေ အဓိပတိတိုကင်အား မည်သူမှအတုပြုလုပ်ဝံမည်မဟုတ်ပေ။
“အဓိပတိ… ကောင်းကင်ဘုံမြို့တော်ရဲ့ စည်းမျဉ်းအရ အဓိပတိအဆောင်နဲ့ ဝယ်ယူတိုင်း ၉၀%လျော့ဈေးရပါမယ်။ စကြာဝဠာမူလသစ်သီးအတွက် အထွဋ်အထိပ် နတ်အရင်းအမြစ် ၁၀ဘီလီယန်ကတ်တီဘဲ ကျသင့်ပါတယ်” အနီရောင်ဝတ်အကြီးသည် တုန်ရင်စွာပြောလိုက်သည်။
ထိုသို့ ကြားသည့်အခါ လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။
“ငွေပေးချေလိုက်ပါ”
“ဟုတ်ကဲ့… ဟုတ်ကဲ့…”
လင်းဝူတ၏ စကားကို ကြားသည့်အခါမှသာ မူထျန်းရှန်သည် သူ၏စိတ်အာရုံအားပြန်လည်ရရှိလာခဲ့သည်။
သူသည် သူ၏ အမြန်ဆုံးနှုန်းထားဖြင့် ၁၀ဘီလီယန် ကတ်တီအား ချက်ချင်းထုတ်ယူလိုက်သည်။
ငွေပေးချေပြီးနောက် သူသည် နောက်တစ်ကြိမ်ဒူးထောက်လိုက်သည်။
“သွားကြစို့” အရောင်းအဝယ်ကိစ္စပြီးဆုံးပြီးနောက် အဓိပတိတိုကင်၏ အထူးအခွင့်အရေးကို သိရှိသွားသော လင်းဝူတသည် ထပ်မံဝယ်ယူရန် စိတ်ဝင်စားမှုကုန်ဆုံးသွားခဲ့သည်။
…
သူသည် သူ့လက်အားနောက်တွင်ထားလျက် ကောင်းကင်ဘုံကိုးခုမျှော်စင်မှ ထွက်ခွာလာခဲ့သည်။
ထိုသို့မြင်သောအခါ မူထျန်းရှန့်သည် သက်ပြင်းချလိုက်ပြီး သူ၏ အံ့ဩသင့်မှုကို ဖိနှိပ်လိုက်သည်။ သူသည် စကြာဝဠာမူလသစ်သီးကို သိမ်းဆည်းပြီး လင်းဝူတနောက်သို့ အလျင်အမြန်လိုက်သွားခဲ့သည်။
“ဟူး”
သူတို့ ထွက်ခွာသွားပြီး တခဏကြာမှ လူတိုင်းသည် ထရပ်လိုက်ကြပြီး စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
“ဝိုး… ဒဏ္ဍာရီလာ အဓိပတိတစ်ယောက်ကို အမှန်တကယ် တွေ့ရမယ်လို့မထင်ထားဘူး”
“ဒါက သူ့ရဲ့ တာအိုကို သက်သေပြထားနိုင်တဲ့ အဓိပတိတစ်ယောက်ဘဲ”
“ကောင်းကင်ဘုံကိုးခုမျှော်စင်ရဲ့ ဂုဏ်သတင်းကတော့ ဒီနေ့ကစပြီး အမြင့်ဆုံးအခြေအနေကိုရောက်တော့မယ်။ ဒါက တစ်သက်လုံးဂုဏ်ယူစရာကောင်းတဲ့ ကိစ္စဘဲ”
“ဟူး… မူထျန်းရှန့်ရဲ့ ကံတရားကတော့ ကောင်းကင်ကိုဖိဆန်လောက်တဲ့အထိကောင်းမွန်နေခဲ့တယ်။ အဓိပတိတစ်ယောက်ရဲ့ လမ်းပြဖြစ်ရတဲ့အထိကို ကံကောင်းနေတာဘဲ။ ဒီလိုကံကောင်းဖို့ ဘယ်လောက်အထိတောင် ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လဲ မသိဘူး”
“ဒီကောင်လေးက ကောင်းကင်ကို ခြေတစ်လှမ်းနဲ့ ရောက်သွားတာဘဲ”
…
မရေမတွက်နိုင်သော ဆွေးနွေးသံများသည် ကောင်းကင်ဘုံကိုးခုမျှော်စင်တွင် ပြည့်နှံ့သွားခဲ့သည်။
လင်းဝူတသည် ထိုအကြောင်းများကို မသိခဲ့ချေ။
“ဝှစ်”
ကောင်းကင်ဘုံကိုးခုမျှော်စင်မှ ထွက်ပြီးနောက် မူထျန်းရှန့်သည် စိတ်ဝိညာဉ်လှေအားမောင်းနှင်လျက် လာလမ်းအတိုင်းပြန်လည် မောင်းနှင်လာခဲ့သည်။
မကြာမီပင် သူတို့သည် ကောင်းကင်ဘုံမြို့တော်၏ အပြင်ဘက်သို့ ရာက်ရှိလာခဲ့သည်။
“ကျုပ်ထွက်သွားတော့မယ်၊ နောက်မှ တွေ့ကြတာပေါ့” လင်းဝူတသည် စကားပြောပြီးနောက် ပြင်းထန်သော အလင်းတန်းတစ်ခုအားပစ်လွှတ်လိုက်သည်။ ချက်ချင်းပင် လေဟာနယ်လမ်းကြောင်းတစ်ခုဖြစ်သွားခဲ့သည်။
“အဓိပတိ… စကြာဝဠာမူလသစ်သီးက ဒီမှာပါ” မူထျန်းရှန့်က ပြောလိုက်သည်။
“ဒါက ခင်ဗျာ့ဟာဘဲ။ ခင်ဗျာပေးတဲ့ ဝတ်ရုံနဲ့ ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးတို့အတွက် ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားလိုက်ပါ” လင်းဝူတ၏ တည်ငြိမ်သောအသံသည် လေဟာနယ်ထဲမှထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
သူစကားပြောပြီးသည်နှင့် လေဟာနယ် ဥမင်သည် ပျောက်ဆုံးသွားခဲ့သည်။
မူထျန်းရှန့်တစ်ယောက်တည်းသာ တွေဝေငေးမောလျက်ကျန်ရစ်ခဲ့သည်။ သူသည် သူ့လက်ထဲရှိ စကြာဝဠာမူလသစ်သီးကို ကြည့်လိုက်ပြီး စိတ်အာရုံများပြန်လည်ရရှိရန် အချိန်အတော်ကြာသွားခဲ့သည်။
ဤအချိန်တွင် သူသည် အိပ်မက်မက်နေသလိုခံစားလိုက်ရသည်။
အချိန်တခဏကြာပြီးနောက် သူ၏ စိတ်အာရုံသည် ပြန်လည်ရရှိလာခဲ့ပြီး သူ့ဘေးတွင် လူများဝိုင်းရံနေသည်ကို သတိထားမိသွားခဲ့သည်။ သူတို့အာလုံးသည် သူ့အားလေးစားအားကျစွာကြည့်လိုက်ကြသည်။ ကျီရူယွဲ့သည်ပင် ပါဝင်ပေသည်။
“မိတ်ဆွေတာအိုပညာရှင်မူ… တွေ့ရတာ ဝမ်းသာပါတယ်” ကျီရူယွဲ့သည် သူ့အားအပြုံးနှင့် နှုတ်ဆက်လိုက်သည်။
ထိုသို့ ကြားသည့်အခါ မူထျန်းရှန့်သည် အလွန် စိတ်ရှုပ်သွားခဲ့သည်။
“ယဉ်ကျေးလွန်းနေပါပြီ…နတ်ဘုရားမကျီ။ ကျုပ်က ကောင်းကင်ဘုံမြို့တော်ရဲ့ လမ်းပြတစ်ယောက်ပါ။ တာအိုပညာရှင်လို့အခေါ်ခံရလောက်အောင် ကျုပ်မခံယူဝံ့ပါဘူး”
သူသည် အတော်လေး စိတ်ရှုပ်နေသည်။
“ကောင်းပါပြီ…တာအိုပညာရှင်မူက ကျွန်မရဲ့လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ အဓိပတိတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တာ တကယ်ကို အားကျစရာပါဘဲ။ ဒီနေ့က စပြီး ကောင်းကင်ဘုံမြို့တော်ရဲ့ လူတိုင်းက ရှင့်ကို မျက်နှာသာပေးလောက်တယ်။ အဓိပတိနဲ့ မိတ်ဆွေဖြစ်သွားတဲ့အတွက် တာအိုပညာရှင်မူရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပါဘဲ” ကျီရူယွဲ့သည် ချီးမွှမ်းပြောဆိုလိုက်သည်။
မူထျန်းရှန့်သည် သူ၏လက်အားဝှေ့ယမ်းလိုက်သည်။ ဤသို့ ဂုဏ်တက်ဖွယ်ကိစ္စကို သူသည် မငြင်းပယ်နိုင်ခဲ့ချေ။
“တာအိုရောင်းရင်…ဒါက ကောင်းကင်ဘုံကိုးခု ကုန်သည်အဖွဲ့အစည်းရဲ့ အမြင့်ဆုံး နတ်ဘုရားအဆင့် ဈေးဝယ်ခြင်းကတ်ပြားပါ။ ဒီကတ်ပြားနဲ့ဆိုရင် ကောင်းကင်ဘုံကိုးခု ကုန်သည်အဖွဲ့အစည်းရဲ့ ဘယ်နေရာမှာမဆို ပစ္စည်းဝယ်တိုင်း တဝက်လျော့ဈေးရနိုင်ပါတယ်။ တာအိုရောင်းရင်မူနဲ့ မိတ်ဆွေဖွဲ့ဖို့ ဒီကတ်ပြားကို ပေးပါမယ်။ စိတ်မရှိဖို့ဘဲမျှော်လင့်ပါတယ်” ထိုသို့ပြောပြီး ကျီရူယွဲ့သည် ရွှေရောင်သတ္တုကတ်ပြားတစ်ခုထုတ်ယူကာ ပေးဘိုက်သည်။
“ဒါက…” ထိုပစ္စည်းကို မြင်သည့်အခါ မူထျန်းရှန့်သည့် အံ့ဩမှင်သက်သွားခဲ့သည်။
ကိစ္စတစ်ခုအတွက် အကျိုးအမြတ်မရရှိလျှင် ကောင်းသည့် ကိစ္စတစ်ခုမဟုတ်ပေ။
ကျီရူယွဲ့နှင့် ကောင်းကင်ဘုံကိုးခု ကုန်သည်အဖွဲ့အစည်း၏ အတွေးများကို သူသိပေသည်။ သူ့ကို အဓိပတိနှင့် အတူတူမြင်လိုက်ရသည့်အတွက် သူနှင်ံ သူမတို့၏ ကြားတွင် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန်ကြိုးစားနေခြင်းပင်။
အဓိပတိ၏ အမည်ကို ငှားယူအသုံးပြုလိုက်သည်နှင့်တူပေသည်။
“နတ်ဘုရားမကျီ… အဓိပတိနဲ့ ကျုပ်က ကံတရားကြောင့် တခဏလောက်ဘဲ တွေ့ကြုံခဲ့ကြတာပါ။ နောက်တစ်ကြိမ် ကောင်းကင်ဘုံမြို့တော်ကိုလာခဲ့ရင် လမ်းပြပေးဖို့ ကျုပ်ကို မလိုအပ်လောက်တော့ဘူး”
“ဟီးဟီး… ကျွန်မအစောပိုင်းကပြောခဲ့သလိုဘဲ ဒီကိစ္စက အဓိပတိနဲ့ မပတ်သတ်ဘူး။ တာအိုရောင်းရင်မူနဲ့ မိတ်ဆွေဖြစ်ချင်ရုံပါ။ ဘာလဲ ရှင်က ငြင်းချင်တယ်ဆိုတော့ ကောင်းကင်ဘုံကိုးခု ကုန်သည်အဖွဲ့အစည်းက ရှင်နဲ့ မိတ်ဆွေဖြစ်ဖို့ မထိုက်တန်လို့လား”
“မဟုတ်ပါဘူး…ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
“ဒါဆိုရင် ကျေးဇူးပြုပြီးလက်ခံပေးပါ”
“ဒါက… ကောင်းပါပြီ” သူသည် ငြင်းပယ်နိုင်ခြင်းမရှိတော့ဘဲ နတ်ဘုရားအဆင့် ဈေးဝယ်ခြင်းကတ်ပြားကို လက်ခံလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရှုနေသူများသည် မနာလိုဖြစ်သွားခဲ့ရသည်။
…
“စကားမစပ် တာအိုရောင်းရင်မူက အဓိပတိကိုအသင်္ချေရတနာမျှော်စင်ဆီ ခေါ်သွားခဲ့တယ်လို့ ကြားတယ်” ထိုအချိန်တွင် ကျီရူယွဲ့၏ ညင်သာသောအသံသည် ထွက်ပေါ်လာခဲ့သည်။
မူထျန်းရှန့်သည် သက်ပြင်းချလိုက်သည်။ သူသည် ကျီရူယွဲ့၏ အစစ်အမှန်ရည်ရွယ်ချက်ကို သိပေသည်။
“အမှန်ပါဘဲ။ အစောပိုင်းတုန်းက အဓိပတိကို ကျုပ်ကိုယ်တိုင် အသင်္ချေရတနာမျှော်စင်သို့ ခေါ်သွားခဲ့တယ်။ အဓိပတိက လူတစ်ယောက်ရဲ့ ပါရမီကိုမြှင့်တင်ပေးနိုင်တဲ့ နတ်ရတနာတွေနဲ့ အထွဋ်အထိပ်ရတနာတွေကို ရှာဖွေခဲ့တယ်။ ဂျူနီယာတစ်ယောက်အတွက် ပြင်ဆင်ပေးနေတာ ဖြစ်နိုင်တယ်။ ရွေးချယ်ပြီးတဲ့အခါ အဓိပတိက ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးကို မျက်စိကျသွားခဲ့သည်။ ကံမကောင်းစွာနဲ့ ထိုဆေးလုံးက အသင်္ချေရတနာမျှော်စင်မှာ နောက်ဆုံးကျန်ရှိတဲ့ ပထမအသွင်ပြောင်းခြင်းဆေးလုံးသာဖြစ်နေတယ်။ ကျန်တာတွေကို ကြိုတင်မှာထားခဲ့တယ်….”
မူထျန်းရှန့်သည် ထိုနေရာတွင် စကားပြောခြင်းကို ရပ်လိုက်သည်။
သူသည် ပြောသင့်သည့်အရာများကို ပြောပြီးနောက် စိတ်ဝိညာဉ်လှေကို မောင်းနှင်လျက် ထွက်ခွာသွားခဲ့သည်။
ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးလား။
ကျီရူယွဲ့၏ မျက်လုံးများသည် တက်ကြွသွားခဲ့သည်။