အခန်း ၄၆။ ငါ့ကို ဒုက္ခပေးဖို့ လူတစ်ယောက်တော့ အမြဲရှိနေတာဘဲ
“အရှင်မင်းကြီးက လင်းဝူတကို အမိန့်ချမှတ်လိုက်တယ်။ သူက နတ်ဆိုးနဲ့ ငရဲနတ်ဆိုးဂိုဏ်းရဲ့ လူတွေကို ကွပ်မျက်နိုင်ခဲ့တယ်။ လီမင်းဆက်နဲ့ ပြည်သူပြည်သားတို့အပေါ် အကျိုးကြီးစွာ ပြုခဲ့တယ်။ သူက တိုင်းပြည်ရဲ့ မဏ္ဍိုင်တစ်ခုဘဲ။ သူရဲ့ အကျိုးဆောင်မှုအတွက် ယွမ်ပြည်နယ် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရဲ့ လက်ထောက်ဘုရင်ခံရာထူးကို တိုးမြှင့်ခံရမယ်”
နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်း၏ အဓိကခန်းမထဲတွင် ကြေငြာချက်တစ်ခု ထွက်ပေါ်လာသည်။
ဘုရင်ခံကျောက်ရွှမ်ရှောင်၊ လီပင်းထျန်းနှင့် လင်းဝူတတို့ ဦးဆောင်သော အရာရှိများသည် လီမင်းဆက်နန်းမြို့တော်မှ အမိန့်အားနားထောင်ရန်စုဝေးနေကြသည်။
အမိန့်ကြေညာသူသည် မူထျန်းရှန့် ဟုအမည်ရှိသော မိန်းမစိုးအိုကြီးတစ်ယောက်ဖြစ်သည်။
လင်းဝူတစုဆောင်းထားသောသတင်းအချက်အလက်များအရ ထိုလူသည် လီမင်းဆက်၏ အင်ပါယာအစောင့်တပ်ဖွဲ့ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ ရာထူးသည်မမြင့်မားသော်လည်း နတ်အသွင်ပြောင်းလဲခြင်းအဆင့်တွင်ရှိပေသည်။
“ဂုဏ်ယူပါတယ်…ဘုရင်ခံလင်း။ ထျန်းယွမ်မြို့မှာ ဘုရင်ခံလင်းရဲ့ လုပ်ဆောင်မှုတွေကို ကြားပြီး အရှင်မင်းကြီးက လီမင်းဆက်ရဲ့ မဏ္ဍိုင်လို့တောင် ချီးကျူးနေတာ။ ဘုရင်ခံလင်းရဲ့ အနာဂတ်ကအကန့်အသတ်မဲ့ဘဲ။ အခုအချိန်ကစပြီး ဘုရင်ခံလင်းက အရှင်မင်းကြီးအရှက်ရစေမဲ့ ကစ္စတွေမလုပ်မိဖို့ မျှော်လင့်ပါတယ်…” မူထျန်းရှန့်သည် ပြုံးလျက်ပြောလိုက်သည်။
သူသည် စကားပြောနေစဉ် သူ၏မှန်းဆ၍မရသောမျက်လုံးများဖြင့် လင်းဝူတအား ကြည့်နေခဲ့သည်။
သို့သော်လည်း သူသည် မည်မျှပင်ကြိုးစားပါစေ လင်းဝူတဆီမှ အသုံးဝင်သောသတင်းအချက်အလက်တစ်ခုကိုမှ မရရှိခဲ့ချေ။
ထိုရလဒ်သည် သူ့အားတိတ်တဆိတ်မျက်မှောင်ကြုတ်သွားစေသည်။
သူသည် ဤနေရာသို့ လာပြီး ရာထူးတိုးခြင်းအမိန့်ကို ကြေညာချင်သည်ထက် နတ်ဆိုးအမဲလိုက်ခန်းမ၏ အရှင်သခင်သည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို ပို၍သိချင်နေမိသည်။
အစတုန်းက သူသည် လင်းဝူတအား ဖောက်ထွင်းမြင်နိုင်မည်ဟုတွေးထားခဲ့သည်။ သို့သော်လည်း တွေ့ဆုံသည့်အခါ ထင်ထားသည်နှင့် လွဲနေခဲ့သည်။
လင်းဝူတသည် သူထင်ထားသည်ထက် သာလွန်နေခဲ့သည်။
“အရှင်မင်းကြီးကို ကျေးဇူးအများကြီးတင်ပါတယ်” လင်းဝူတသည် အရိုအသေပြုလျက်ပြောလိုက်သည်။
သူသည် မူထျန်းရှန့်၏ လေ့လာမှုကို ဂရုမစိုက်ဘဲမနေဝံ့ချေ။
“ဘုရင်ခံ…ခင်ဗျာနဲ့ နောက်ဆုံးတွေ့ခဲ့တာ အတော်ကြာပြီ။ ယွမ်ပြည်နယ်ရဲ့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းမှာ ပါရမီရှင်တစ်ယောက်ရလိုက်တာဘဲ။ ဘုရင်ခံလင်းနဲ့ဆိုရင် ကျုပ်ထင်တယ် ခင်ဗျာတော့ နေ့ရက်ကောင်းတွေရောက်လာဝောာ့မယ်။ အရှင်မင်းကြီးက ဘုရင်ခံကို သတင်းမေးလိုက်ပါတယ်…” မူထျန်းရှန့်သည် အဓိပ္ပာယ်ရှိစွာပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ ကျောက်ရွှမ်ရှောင်သည် ခေါင်းညိတ်လိုက်သော်လည်း ဘာမှ မပြောချေ။
သူ၏ အမူအရာအရ အင်ပါယာအစောင့်တပ်ဖွဲ့မှ မူထျန်းရှန့်အပေါ် အမြင်ကောင်းရှိပုံမရချေ။
လေထုသည် အနည်းငယ်ကသိကအောက်ဖြစ်လာသည်ကိုမြင်သောအခါ ဘေးမှတိတ်တဆိတ်ရပ်ကြည့်နေသော မင်းသားလီယန်သည် ရှေ့ထွက်လိုက်သည်။
“ဂုဏ်ယူပါတယ်…ဘုရင်ခံလင်း။ ဘုရင်ခံလင်းက လက်ထောက်ဘုရင်ခံရာထူးကို တိုးမြှင့်ခံရတဲ့အတွက် ကျုပ်ရဲ့ လင်ယွင်စံအိမ်မှာ ဂုဏ်ပြုစားသောက်ပွဲတစ်ခုစီစဉ်ပေးထားပါတယ်။ အထောက်တော်မူက အခုမှ နန်းမြို့တော်ကနေရောက်ရှိလာတာ။ အထောက်တော်မူကို ကြိုဆိုကြစို့” မင်းသားလီယန်သည် ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
ငါ့အတွက် ဂုဏ်ပြုပွဲလား။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် မင်းသားလီယန်အား ထူးဆန်းစွာကြည့်လိုက်သည်။
သူ့မျက်နှာတွင် မည်သည့်သံသယဖြစ်ဖွယ်အမူအရာမှ မတွေ့ရချေ။
“ဘုရင်ခံလင်း…လင်ယွင်စံအိမ်ရဲ့ အစားအသောက်တွေက ယွမ်ပြည်နယ်နဲ့ တခြားဒေသတွေမှာပါကျော်ကြားတယ်။ လူတစ်ယောက်ရဲ့ ကြွက်သားနဲ့ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးတဲ့ ဝူကျိစွပ်ပြုတ်၊ ဝိညာဉ်ကို သန့်စင်ပေးတဲ့ ဝိညာဉ်သန့်စင်လက်ဖက်ရည်၊ စိတ်စွမ်းအားကို သန့်စင်ပေးတဲ့ စိတ်ဝိညာဉ်စင်ကြည်ခြင်းရေ၊ ထိုးထွင်းသိမြင်နိုင်စွမ်းကောင်းစေနိုင်တဲ့ ဝိညာဉ်အစားအစာတွေနဲ့ တခြားကောင်းတဲ့ အစားအစာတွေအများကြီးရှိတယ်။ ဘုရင်ခံလင်း ထျန်းယွမ်ရှေးဟောင်းမြို့မှာရှိနေတုန်း လင်ယွင်စံအိမ်ကို လျစ်လျူရှုမထားသင့်ဘူး။ လင်ယွင်စံအိမ်ကို သွားရောက်လည်ပတ်နေသ၍ ဘုရင်ခံလင်းက ကံကောင်းခြင်းတွေရနိုင်တယ်။ ဘာလို့ တစ်ချက်လောက် မသွားကြည့်တာလဲ”
လင်းဝူတသည် မလှုပ်မရှားရှိနေဆဲပင်။
မင်းသားလီယန်သည် တခဏလောက်တိတ်ဆိတ်သွားပြီးနောက် ထပ်မံဖိတ်ခေါ်လိုက်သည်။
လင်ယွင်စံအိမ်လား။
လင်းဝူတ၏ မျက်ခုံးများမြင့်တက်သွားသည်။
သူသည် အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။
“ဘုရင်ခံလင်း… မင်းသားလီယန်က ဖိတ်ခေါ်နေမှတော့ တချက်လောက်သွားကြည့်ကြတာပေါ့။ ပြီးတော့ အရှင်မင်းကြီးက ဒီတစ်ကြိမ် စိတ်ရွှင်လန်းနေတယ်…” မူထျန်းရှန့်သည် ပြောလိုက်သည်။
“ကောင်းပါပြီ” လင်းဝူတသည် သူ့တို့နှစ်ယောက်ကိုကြည့်လျက်ခေါင်းညိတ်လိုက်သည်။
ထိုသို့ကြားသည့်အခါ မင်းသားလီယန်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။
“ကျုပ်ဘဲ ဦးဆောင်ပါရစေ”
သူတို့သည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းမှ ချက်ချင်းထွက်ခွာလာကြသည်။
ဘုရင်ခံကျောက်ရွှမ်ရှောင်သည် တစ်ခုခုပြောချင်သော်လည်း တိတ်ဆိတ်နေလိုက်သည်။
…
လင်ယွင်စံအိမ်သည် ထျန်းယွမ်မြို့၏ လူစည်ကားသောအရပ်တွင် တည်ရှိသည်။
၎င်းသည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းနှင့် မဝေးပေ။
တခဏကြာပြီးနောက် သူတို့သည် ဦးတည်ရာသို့ရောက်ရှိလာခဲ့သည်။ သူသည် ထိုစံအိမ်သို့ ကြည့်လိုက်သည့်အခါ ရှေးဟောင်းဆန်းပြီး ကြီးကျယ်ခမ်းနားသော သုံးထပ်အဆောက်အအုံတစ်ခုကိုတွေ့လိုက်ရသည်။
“ဒီနေရာက မဆိုးဘူး” လင်းဝူတသည် ချီးမွမ်းလိုက်သည်။
သူ့နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အမြင်အရ လင်ယွင်စံအိမ်သည် အလွန် အစီစဉ်တကျတည်ဆောက်ထားခြင်းဖြစ်ပေသည်။ ထိုနေရာရှိ ရာသီဥတုနှင့် မြေစွမ်းအားတို့သည် ကိုက်ညီစွာရောနှောနေခဲ့သည်။
ထို့အပြင် လင်ယွင်စံအိမ်အထဲတွင် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများဖြင့် ပြည့်နေသည်။ ဤနေရာတွင်ကျင့်ကြံလျှင် အင်အားတဝက်စိုက်ရုံဖြင့် အကျိုးအမြတ်နှစ်ဆရရှိနိုင်သည်။
ဤစံအိမ်အား ကျွမ်းကျင်သူတစ်ယောက်မှ တည်ဆောက်ထားခြင်းဖြစ်ပေမည်။
“ဘုရင်ခံလင်း…ကြွပါ”
လင်ယွင်စံအိမ်ထဲသို့ဝင်ပြီးနောက် မင်းသားလီယန်သည် သူတို့အား အဓိကခန်းမဆီသို့ ခေါ်ဆောင်သွားလိုက်သည်။
ထိုနေရာတွင် ခမ်းနားသော စားသောက်ပွဲတစ်ခုကို စီစဉ်ထားခဲ့သည်။
ပတ်ဝန်းကျင်တွင် တခြားဧည့်သည်များပါရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ချမ်းသာသောလူများ၊ စွမ်းအားကြီး ကျင့်ကြံသူများဖြစ်သည်ကို သိနိုင်သည်။
လူတိုင်းသည် အဓိကခန်းမတွင် စုစည်းနေကြပြီး လေထုသည် အသက်ဝင်လှသည်။
“တော်ဝင်မင်းသား…လင်ယွင်စံအိမ်မှာ သီးသန့်အခန်းတွေရှိတယ်မလား။ ဘာလို့ အဓိကခန်းမကို ရွေးရတာလဲ” လီပင်းထျန်းသည် မေးမြန်းလိုက်သည်။
ဤသို့ဆူညံနေသော ပတ်ဝန်းကျင်နှင့်ယှဉ်လျင် တိတ်ဆိတ်သောနေရာကို ပို၍ကြိုက်ပေသည်။
ထိုမေးခွန်းကိုကြားသည့်အခါ မင်းသားလီယန်သည် ဘာမှမပြောချေ။ ဤဂုဏ်ပြုစားသောက်ပွဲသည် လင်းဝူတအား သတ်ရန် အကြံအစည်သာဖြစ်သည်။ ဆူညံနေသော ပတ်ဝန်းကျင်က သူတို့၏ အကြံအစည်အား ပို၍ အဆင်ပြေချောမွေ့စေသည်။
“ဘုရင်ခံလီ… အဓိကခန်းမကအဆင်ပြေပါတယ်။ တခြားလူတွေနဲ့ ပိုပြီး ရင်းနီးစေတာပေါ့…” သူသည် ရယ်မောကာပြောလိုက်သည်။
လင်းဝူတနှင့် တခြားသူများထိုင်လိုက်ကြသည့်အခါ မင်းသားလီယန်သည် ဝိုင်တစ်ခွက်အား ငှဲ့လျက် လင်းဝူတအားပေးလိုက်သည်။
ဤအစီအစဉ်အား အလွန်စိတ်အားထက်သန်နေပုံရသည်။
“ဒီဝိုင်က… အရမ်းကောင်းတဲ့ဝိုင်ဘဲ”
လီပင်းထျန်း၏ မျက်လုံးများတွင် အံ့ဩသင့်သည့် အရိပ်အယောင်များဖြတ်ပြေးသွားသည်။
သူ့ရှေ့ရှိဝိုင်သည် သွေးကဲ့သို့နီရဲနေပြီး အလွန်ပြည့်ဝသော စွမ်းအားများအား ထုတ်လွှတ်နေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀လောက်က အင်ပါယာအစောင့်အရှောက်တပ်ဖွဲ့ရဲ့ အုပ်ချုပ်သူက နှစ်၉၀၀၀သက်တမ်းရှိတဲ့ နတ်ဆိုးနဂါးကိုသုတ်သင်ခဲ့တယ်။ နဂါးသွေးကို အဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုပြီး အဖိုးတန်ဝိုင်ကို ပြုလုပ်ခဲ့တယ်လို့ ကျုပ်ကြားဖူးတယ်။ အဲဒီဝိုင်က ကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိတယ်တဲ့။ ဒါက ဒဏ္ဍာရီလာနဂါးသွေးဝိုင် ဖြစ်နေမလား” လီပင်းထျန်းသည် အံ့ဩသင့်စွာကြည့်လျက်ပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ မင်းသားလီယန်သည် သဘောတူသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဘုရင်ထံလီက ပစ္စည်းကောင်းတွေကို မြင်တတ်တာဘဲ။ အမှန်ဘဲ…ဒါက ဒဏ္ဍာရီလာ နဂါးသွေးဝိုင်ဘဲ။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ်ရဲ့အကို ကျုပ်ကိုပေးခဲ့ပေမဲ့ ကျုပ်က မသောက်ဝံ့ခဲ့ဘူး။ ဒီနေ့အရမ်းပျော်နေတဲ့အတွက် အရှင်လင်းရဲ့ ဂုဏ်ပြုပစ္စည်းအဖြစ် အသုံးပြုလိုက်တာ…”
သူသည် ချက်ချင်းထရပ်လိုက်ကာ လင်းဝူတနှင့် ခွက်ချင်းတိုက် ဂုဏ်ပြုပေးလိုက်သည်။
“အရှင်လင်း…နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရဲ့ လက်ထောက်ဘုရင်ခံရာထူးကို တိုးမြှင့်ခံရတဲ့အတွက် ဂုဏ်ပြုပါတယ်။ အရှင့်ရဲ့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုတို့က ကောင်းကင်မှာ ပျံတက်သလို ကျော်ကြားပါစေ”
ထိုသို့ပြောပြီးသည်နှင့် သူသည် ဝိုင်တစ်ခွက်သောက်လိုက်သည်။
လင်းဝူတသည် ဝိုင်ခွက်ကိုမြှောက်လျက် သူ့အားတည်ငြိမ်စွာကြည့်လိုက်သည်။
“ဟမ်”
သို့သော်လည်း သူ့အကြည့်များသည် နဂါးသွေးဝိုင်အပေါ်သို့ ရောက်ရှိသွားသည့်အခါ သူ၏ မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်။
[အမည် : နဂါးသွေးဝိုင်]
[အဆင့် : အဆင့်မြင့်အဆင့်]
[ဖော်ပြချက် : နှစ်၉၀၀၀သက်တမ်းရှိသည့် နတ်ဆိုးနဂါးသွေးနှင့် တခြားအဖိုးတန်ဆေးပင်များအားအသုံးပြုပြီး ချက်လုပ်ထားသည်။ ကောင်းကင်အဆင့်အောက်ရှိ ကျင့်ကြံသူများကို သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားတို့အား သန်မာစေသည်]
[သတိပြုရန် : ဤဝိုင်ခွက်တွင် ကျင့်ကြံခြင်းဖျက်ဆီးဆေးရည်များပါဝင်နေသည်။ သောက်သုံးလျှင် ကျင့်ကြံခြင်းအခြေခံ ချက်ချင်းဖျက်စီးခံရမည်]
…
ကျင့်ကြံခြင်းဖျက်စီးဆေးရည်လား။
လင်းဝူတ၏ မျက်လုံးများသည် အချက်အလက်များကိုဖတ်ရှုပြီးနောက် စူးရှသောအလင်းများဖြင့် တောက်ပသွားသည်။
“ငါ့ကို ဒုက္ခပေးဖို့ လူတစ်ယောက်တော့ အမြဲရှိနေတာဘဲ…” သူသည် သက်ပြင်းချလိုက်သည်။
ထို့နောက်သူသည် ဖြေးညင်းစွာထရပ်လိုက်သည်။