အခန်း ၄၃။ ရှေးဟောင်း စိတ်ဝိညာဉ် အစေ့
[ ဒင် ]
[ သင်သည် ယင်ထျန်းကြွယ်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် ကောင်းကင်နှင့်မြေကြီး၏ အံဖွယ်ရတနာ ဝိညာဉ်အစေ့အားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ကောင်းကင်နှင့်မြေကြီး၏ နတ်ရတနာ ရှေးဟောင်းစိတ်ဝိညာဥ်အစေ့အားရရှိပါမည် ]
[သင်သည် ရှေးဟောင်းယစ်ပလ္လင်အားလဲလှယ်ခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၁၀၀၀၀၀ကိုရရှိပါမည် ]
…
သတိပေးသံနှစ်ခုသည် သူ၏ စိတ်ထဲတွင် မြည်ဟိန်းလာခဲ့သည်။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် အလွန်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ရှေးဟောင်းစိတ်ဝိညာဉ်အစေ့ကဘာလဲ။
“ဝှစ်”
သိလိုစိတ်ဖြင့် သူသည် ၎င်း၏ သတင်းအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
[အမည် : ရှေးဟောင်းစိတ်ဝိညာဉ်အစေ့ ]
[အဆင့် : ကောင်းကင်နှင့်မြေကြီး၏ နတ်ရတနာ ]
[တန်ဖိုး : အလွယ်တကူရှာမတွေ့နိုင်သည့် ပစ္စည်း ]
[ဖော်ပြချက် ( ၁ ) : ရှေးဟောင်းစိတ်ဝိညာဉ်အစေ့သည် ဝိညာဉ်အစေ့အား စနစ်မှ ဆယ်ဆမြှင့်တင်ထားခြင်းဖြစ်သည်။ ၎င်းသည် အံ့ဩဖွယ်အစွမ်းရှိသောအစေ့ဖြစ်သည်။ သင်၏ ဝိညာဉ်ထဲတွင် စိုက်ပျိုးထားပါက ဝိညာဉ်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည်။]
[ဖော်ပြချက် ( ၂ ) : ရှေးဟောင်းစိတ်ဝိညာဉ်အစေ့အား အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့လျှင် သင်၏ဝိညာဉ်စွမ်းအားသည် သင့်ထက်အဆင့်ကြီးသုံးဆင်မြင့်သောကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့်ယှဉ်နိုင်သည် ]
[ဖော်ပြချက် ( ၃ ) : ရှေးဟောင်းစိတ်ဝိညာဉ်အစေ့သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုအား ပိတ်ဆို့နိုင်သည် ]
[ဖော်ပြချက် ( ၄ ) : စိတ်ဝိညာဉ်စွမ်းအားဖြင့် ပြုစုပျိုးထောင်ပေးလျှင် ရှေးဟောင်းစိတ်ဝိညာဉ်အစေ့သည် တဖြည်းဖြည်းအညှောက်ထွက်လာခြင်း၊ အပွင့်ပွင့်ခြင်းနှင့် အသီးသီးခြင်းတို့ကို အောင်မြင်စွာလုပ်ဆောက်နိုင်သည်။ ရှေးဟောင်းစိတ်ဝိညာဉ်သစ်ပင်အထိစိုက်ပျိုးနိုင်ခဲ့လျှင် သင်၏ စိတ်ဝိညာဉ်သည် ဖျက်စီး၍မရနိုင်တော့ချေ ]
…
“ရတနာတစ်ခုဘဲ”
အချက်အလက်များကို ဖတ်ရှုပြီးသောအခါ လင်းဝူတ၏ မျက်လုံးများသည် လင်းလက်တောက်ပသွားခဲ့သည်။
ဤပစ္စည်းသည် သူ့အတွက် အသုံးဝင်လွန်းပေသည်။
မူလကျောက်တုံ၏စွမ်းရည်ဖြင့်ဆိုလျှင် သူ၏ခန္တာကိုယ်သည် ဖျက်စီး၍မရနိုင်ချေ။ သူ၏ရုပ်ခန္တာအားမည်သူမှ ချိုးဖျက်နိုင်မည်မဟုတ်ချေ။ သို့သော်လည်း သူ၏စိတ်ဝိညာဉ်သည် အလွန်အားနည်းပေသည်။
ထို့ကြောင့် တစ်နေ့နေ့တွင် သူသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြင့်ကြုံတွေ့ကပြီး သူ၏စိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်နေခဲ့ရသည်။
အကယ်၍ စိတ်ဝိညာဉ်သာ ထိခိုက်ဒဏ်ရာရသွားလျှင် ပြန်လည်ကုစားရန်အလွန်ခက်ခဲပေသည်။
ရှေးဟောင်းစိတ်ဝိညာဉ်အစေ့သည် အချိန်ကိုက်ရောက်ရှိလာခြင်းပင်။
၎င်းကို သူ၏စိတ်ဝိညာဉ်ထဲတွင်စိုက်ပျိုးနိုင်ခဲ့လျှင် စိတ်ဝိညာဉ်အားပို၍သန်မာလာစေရုံသာမက ဝိညာဉ်တိုက်ခိုက်မှုများကိုပါ ခုခံနိုင်လာပေမည်။
သူ၏ပြဿနာကိုဖြေရှင်းလိုက်နိုင်ခြင်းပင်။
သူ၏ ချို့ယွင်းချက်ကို ပြင်ဆင်ပေးလိုက်ခြင်းပင်။
ဤကိစ္စကြောင့် လင်းဝူတသည် အလွန်ပျော်ရွှင်သွားခဲ့သည်။
[ ဒင် ]
[ ပိုင်ရှင်သည် ကောင်းကင်နှင့် မြေကြီး၏ ရှေးဟောင်းစိတ်ဝိညာဉ်အစေ့အား ရှာတွေ့ခဲ့ပါသည်။ သင်၏ စိတ်ဝိညာဉ်တွင် စိုက်ပျိုးရန် ကံစွမ်းအားအမှတ် ၁၀၀၀၀၀ကို အသုံးပြုမည်လား ]
“ဟမ်”
ကံစွမ်းအားအမှတ် ၁၀၀၀၀၀လား။
ထိုသို့ကြားသည့်အခါ လင်းဝူတ၏ အမူအရာသည် မဲမှောင်သွားခဲ့သည်။
သူသည် ရှေးဟောင်းယစ်ပလ္လင်အားလဲလှယ်ထားသည့်အတွက် ကံစွမ်းအားအမှတ် ၁၀၀၀၀၀ရရှိခဲ့သည်။ ရှေးဟောင်းစိတ်ဝိညာဉ်အစေ့ကို စိုက်ပျိုးရန် ကံစွမ်းအားအမှတ် ၁၀၀၀၀၀လိုအပ်သည်လား။
ဒီကိစ္စက တိုက်ဆိုင်းလွန်းမနေဘူးလား။
“စိုက်ပျိုးမယ်”
သူသည် ဘာမှမတတ်နိုင်ချေ။ အနာဂတ်တွင် ဘေးကင်းလုံခြုံရေးအတွက် သူ့တွင် ရွေးချယ်စရာမရှိချေ။
သူက စကားပြောပြီးသည်နှင့် သူ့လက်ထဲရှိ ရှေးဟောင်းစိတ်ဝိညာဉ်အစေ့သည် ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာသည် သူ့ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ထို့အပြင့် ၎င်း၏ ပုံသဏ္ဍာန်သည် အသစ်အဆန်းဖြစ်နေခဲ့သည်။
“ဝှစ်”
ဤအချိန်တွင် ရှေးဟောင်းစိတ်ဝိညာဉ်အစေ့သည် သူ၏စိတ်ဝိညာဉ်ထဲတွင် လွင့်မျောနေခဲ့သည်။ ၎င်းသည် လင်းဝူတ၏ စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေသော အလွန်တောက်ပသည့် အလင်းများကို ထုတ်လွှတ်နေခဲ့သည်။
ရှေးဟောင်းစိတ်ဝိညာဉ်အစေ့ကို စိုက်ပျိုးပြီးနောက် သူ၏ စိတ်ဝိညာဉ်သည် ပို၍သန်မာလာသည်ကို ခံစားမိလိုက်သည်။
“စနစ်… အခု ငါ့ရဲ့ စိတ်ဝိညာဉ်က ဘယ်အဆင့်မှာလဲ”
[မဟာကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်ပါတယ် ]
မဟာကပ်ဘေးအဆင့်လား။
လင်းဝူတသည် နှလုံးခုန်မြန်သွားသည်။
သူသည် ယခုအချိန်တွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သာရှိသေးသည်။ ၎င်းအဆင့်အထက်တွင် ကောင်းကင်အဆင့်၊ မူလပြန်အဆင့်၊ မဟာကပ်ဘေးအဆင့်နှင့် မဟာယနအဆင့်တို့ရှိပေသည်။ ယခုသူ၏ စိတ်ဝိညာဉ်သည် မဟာကပ်ဘေးအဆင့်သို့ရောက်ရှိသွားသည့်အတွက် ကျွမ်းကျင်သူတစ်ယောက်အဖြစ်သတ်မှတ်၍ရပေပြီ။
“ကောင်းကင်နဲ့မြေကြီးရဲ့ နတ်ရတနာက မျှော်လင့်ထားတဲ့အတိုင်းဘဲ မှော်ဆန်လွန်းတယ်” လင်းဝူတသည် ချီးကျူးလိုက်သည်။
“အို…ဟုတ်သားဘဲ။ လီလုံရှန်းနဲ့ လီထျန်းတုတို့ရဲ့ အလောင်းကို သိမ်းဆည်းရအုံးမယ်။ ပစ္စည်းကောင်းလေးတွေရမလားကြည့်ရအောင်…”
သူသည် တီးတိုးရေရွတ်လိုက်ပြီးနောက် အလောင်းနှစ်လောင်းကို ထုတ်ယူကာ ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားတွင် သိမ်းဆည်းလိုက်သည်။
[ ဒင် ]
[သင်သည် လီလုံရှန်း၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၃သန်းအား ရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး သန်း ၃၀ အားရရှိပါမည် ]
[သင်သည် လီထျန်းတု၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၂၀၀၀ အားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ကံစွမ်းအားအမှတ် ၂၀၀၀၀ အားရရှိပါမည် ]
…
လီလုံရှန်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းမှ တပည့်များသည် ကြွယ်ဝလွန်းပေသည်။
လင်းဝူတသည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး သန်း ၃၀ကို စိတ်ဝင်စားမှုကင်းမဲ့စွာကြည့်လိုက်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ယှဉ်လျှင် ကံစွမ်းအားအမှတ် ၂၀၀၀၀သည် သူ့အား ပို၍ကျေနပ်စေသည်။
မည်သို့ပင်ဆိုပါစေ လက်ရှိရရှိခြင်းသည် အကျိုးအမြတ်ပင်။
[အမည် : လင်းဝူတ ]
[ကျင့်ကြံခြင်းအဆင့် : နတ်အသွင်ပြောင်းလဲခြင်းနောက်ဆုံးအဆင့် ]
[ကံစွမ်းအားအမှတ် : ၃၁၀၀၀ ]
…
“ငါက ကံစွမ်းအားအမှတ်တွေကို မြန်မြန်ဆန်ဆန်ရနေပေမဲ့ အသုံးပြုရတဲ့နှုန်းက ပိုမြင့်နေတယ်။ မျက်စိတစ်မှိတ်စာ အချိန်အတွင်းမှာပင် ထပ်ရပြန်ပြီ။ ကြိုးစားဖို့လိုနေတုန်းဘဲ…” စနစ်၏ အချက်အလက်များကို ကြည့်လျက် လင်းဝူတသည် သက်ပြင်းချလိုက်သည်။
“ဘုန်း”
ထိုအချိန်တွင် အပြင်ဘက်မှ နားအူမတတ်ဆူညံသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
“ဟမ်… ထိုက်ယွမ်ဂိုဏ်းရဲ့ ဘိုးဘေးရောက်လာတာလား”
လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
သူ၏ သတင်းအချက်အလက်များအရ ထိုက်ယွမ်ဂိုဏ်း၏ မဟာအကြီးအကဲ ဝမ်ကျန့်ရှန့်သည် နတ်အသွင်ပြောင်းလဲခြင်းပြီးပြည့်စုံသောအဆင့်သို့ရောက်ရှိနေကြောင်း သိရှိခဲ့ရသည်။
“ခင်ဗျာက လာဝံ့မှတော့ ခင်ဗျာ့ရဲ့ အလောင်းကို ကောင်းကောင်းမွန်မွန်စုဆောင်းပေးရတာပေါ့”
ရေခဲကဲ့သို့ အေးစက်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် လင်းဝူတ၏ ခန္တာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
လင်းဝူတသည် ကိုယ်ပွားအား လျှို့ဝှက်အခန်းထဲမှ ထွက်ခွာလာစေခဲ့သည်။
“ဘန်း”
သူထွက်လာသည်နှင့် သူ့မူလခန္တာကိုယ်သည်ဝမ်ကျန့်ရှန့်၏ လက်ဝါးကြောင့် ပေ၁၀၀၀လောက်အထိ လွှင့်စင်သွားသည်ကိုတွေ့လိုက်ရသည်။
ကံကောင်းစွာပင် သူ၏ မူလခန္တာကိုယ်သည် ချိုးဖျက်၍မရနိုင်လောက်သည့်အထိ ပြိုင်ဘက်ကင်းပေသည်။
မဟုတ်လျှင် ဤသို့ ပြင်းထန်သည့်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
ယခုသူ၏ စိတ်အာရုံသည် မူလခန္တာကိုယ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည့်အတွက် အခြေအနေက ပြောင်းလဲသွားပေပြီ။
“ရဲတင်းတဲ့ သူခိုးကောင်…ငရဲသွားလိုက်တော့”
“ဘုန်း”
သူသည် နားအူမတတ်အော်ဟစ်လိုက်သော်လည်း လင်းဝူတသည် မည်သည့်ဒဏ်ရာမှ မရသည်ကိုမြင်တွေ့လိုက်ရသည်။ သူသည် ဒေါသတကြီးဖြင့် သူ၏လက်ဝါးကိုဖြန့်လိုက်သည်။
ချက်ချင်းပင် ရှေးဟောင်းအနက်ရောင်ဒယ်စောက်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
စွမ်းအားမြင့်အင်ပါယာတာအို၏ ဝိညာဉ်လှိုင်းများသည် မြစ်တစ်ခုသဖွယ်ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပေါ်ရှိ တိမ်များကိုပင် ပြန့်ကြဲသွားစေသည်။
၎င်းသည် အင်ပါယာတာအိုကန့်သတ်ချက် ၈၁ခုဖြင့် သွန်းလုပ်ထားသည့် အင်ပါယာတာအိုစိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။ အင်ပါယာတာအိုစိတ်ဝိညာဉ်လက်နက်များထဲတွင်ပင် အထွဋ်အထိပ်အဆင့်ရှိပြီး လင်းဝူတ၏ ရွှမ်ထျန်းရှေးဟောင်းဓားထက်သန်မာပေသည်။
သို့သော်လည်း အနက်ရောင်ဒယ်စောက်သည် ထိခိုက်ပျက်စီးနေသည်။
၎င်း၏ အထွဋ်အထိပ်စွမ်းအားကို မထုတ်လွှတ်နိုင်တော့ချေ။ သို့သော်လည်း အလွန်သန်မာနေဆဲပင်။ လူသားတာအိုစိတ်ဝိညာဉ်လက်နက်တစ်ခုက ယှဉ်နိုင်သည့်အရာမဟုတ်ပေ။
“နက်နဲမူလဒယ်စောက်လား”
လင်းဝူတ၏ မျက်လုံးများသည် မြင့်တက်သွားခဲ့သည်။
အင်ပါယာတာအိုစိတ်ဝိညာဉ်လက်နက်သည် ထိခိုက်ပျက်စီးနေသော်လည်း အလွန်စွမ်းအားကြီးနေဆဲပင်။ သူ၏သဘာဝအရ ၎င်းကို လက်လွတ်ခံရန်မဖြစ်နိုင်ချေ။
“ဘုန်း”
ဝမ်ကျန့်ရှန့်သည် သူ့အားဖိနှိပ်ရန် နက်နဲမူလဒယ်စောက်အား အသုံးပြုသည်ကိုမြင်သောအခါ လင်းဝူတသည် မူလကျောက်တုံး၏ မလွှမ်းမိုးနိုင်ခြင်းစွမ်းရည်ကို တုန့်ဆိုင်းမနေဘဲ အသုံးပြုလိုက်သည်။
ချက်ချင်းပင် သူ၏ တိုက်ခိုက်ခြင်းစွမ်းရည်သည် အဆင့်ကြီးတစ်ဆင့်ခုန်တက်သွားခဲ့သည်။ နတ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်မှ ကောင်းကင်အဆင့် နှောင်းပိုင်းသို့ ခုန်တက်သွားခဲ့ခြင်းပင်။
“ဒုန်း”
မွန်းစတာဆန်သောစွမ်းအားသည် ကောင်းကင်ကိုပင်ဖုံးလွှမ်းနိုင်သည့် လက်ကြီးတစ်ချောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။ နက်နဲမူလဒယ်စောက်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီး ၎င်းကို ခိုင်မာစွာဖမ်းဆုပ်လိုက်သည်။
ထိုသို့မြင်သောအခါ ဝမ်ကျန့်ရှန့်၏ အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
“မင်းက ဘယ်လိုလုပ်ပြီး… ကောင်းကင်… ကောင်းကင်အဆင့်…”
ချက်ချင်းပင် မျှော်လင့်မထားသော ကြောက်လန့်မှုတစ်ခုသည် သူ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
ဝမ်ကျန့်ရှန့်သည် ထိုကြီးမားသောလက်အားထိတ်လန့်ကြောက်ရွံ့နေစဉ် ရှေးခေတ်အကြင်အနာမဲ့နဂါးအကောင်၂၀၏ ခွန်အားသည် သူ့ခန္တာကိုယ်အားတန်းမတ်စွာဆင်းသက်လာခဲ့သည်။
“မဟုတ်ဘူး”
ကြီးမားသောလက်သည် သူ့အပေါ်သို့ ဆင်းသက်လာသည်ကိုမြင်သောအခါ အလွန်ကြောက်လန့်သွားခဲ့သည်။
သူသည် လွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြုရန်ကာကွယ်ထားသော်လည်း မှော်ဆန်သောစွမ်းအားတစ်ခုက သူ့အားမလှုပ်နိုင်အောင်ဖိနှိပ်ထားသည်။
“အား”
ကြောက်လန့်တကြားအော်ဟစ်သံနှင့်အတူ ထိုက်ယွမ်ဂိုဏ်း၏ နံပါတ်တစ်ကျင့်ကြံသူဖြစ်သော ဝမ်ကျန့်ရှန့်၏ ခန္တာကိုယ်တစ်ခြမ်းသည် ပေါက်ကွဲထွက်သွားခဲ့သည်။ သူ၏ အသက်မီးသည် ငြိမ်းသက်သွားခဲ့သည်။
ထိုသို့မြင်တွေ့လိုက်ရသည့် ထိုက်ယွမ်ဂိုဏ်း၏ တပည့်များအားလုံးသည် ထိတ်လန့်သွားကြသည်။
“မဟာအကြီးအကဲ… သူ… သူ သေသွားပြီလား” တစ်ယောက်ယောက်သည် မယုံကြည်နိုင်စွာပြောလိုက်သည်။
သူ၏အမူအရာသည် အလွန်ထိတ်လန့်တုန်လှုပ်နေသည်။
“သူက နတ်အသွင်ပြောင်းလဲခြင်းအဆင့်ဘဲ၊ အနက်ရောင်ရှေးဟောင်းဒယ်စောက်ကိုပါအသုံးပြုထားသေးတယ်။ လက်ဝါးတစ်ချက်တည်းနဲ့ အသတ်ခံရတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
“ကြောက်ဖို့ကောင်းလွန်းတယ်”
“ဟူး…ကောင်းကင်ဘုံက ထိုက်ယွမ်ဂိုဏ်းပျက်စီးတာမြင်ချင်တဲ့ပုံဘဲ ”
..
ထိုအချိန်တွင် လူအုပ်သည် ဆူညံစွာအော်ဟစ်လိုက်ကြသည်။
သူတို့သည် အလွန်ကြောက်လန့်နေကြသည်။
“ဟမ်း”
လင်းဝူတသည် သူတို့၏ ထိတ်လန့်တုန်လှုပ်မှုကို ဂရုပင်မစိုက်ချေ။
အေးစက်စွာကြည့်ပြီးနောက် လင်းဝူတသည် ထိုက်ယွမ်ဂိုဏ်း၏ ရတနာခန်းမဆီသို့သွားလိုက်သည်။ ပစ္စည်းများကို ခွဲခြမ်းပြီးနောက် အသုံးမလိုသည့်အရာများကို ကံစွမ်းအားအမှတ်နှင့် လဲလှယ်လိုက်သည်။
အဆုံးတွင် သူသည် ကံစွမ်းအားအမှတ် ၃၀၀၀၀၀အထိ ရရှိသွားခဲ့သည်။