Switch Mode

Chapter – 164

မဟာ နိဗ္ဗာန လက်သီး

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၄ မဟာနိဗ္ဗာန လက်သီး။

ပရိနိဗ္ဗာန်စံသွားပြီဖြစ်သည့် ရဟန်းကိုကြည့်ပြီး ယဲ့ရှောင်က တစ်ဖက်သူသည် ထိုသွေးအိုင်ကို ရှာတွေ့ခဲ့သော်ငြား သူက တထဂတာ လက်ဝါးသိုင်းကိုသာ ကျင့်ကြံခဲ့သောကြောင့် သူတို့ကို သူ မသတ်နိုင်ကြောင်း ဝေဝေဝါးဝါး ခန့်မှန်းမိသည်။
ရွေးချယ်စရာမရှိပဲ သူ၏ ကိုယ်ပိုင်ကျင့်စဥ်ကို သုံးခဲ့ရ၏။ ဤနေရာ၌ ဆုံးပါးသွားပြီး သူက အငြိုးကြီးဝိညာဥ်ကို ဖိနှိပ့်ရန်အတွက် တထဂတာ နတ်လက်ဝါးကို အသုံးပြုခဲ့သည်။
တစ်ချိန်တည်းတွင် သူက တောင်ကိုလည်း ထောက်ပံ့ပေးထား၏။ အကြောင်းမှာ အငြိုးကြီးဝိညာဥ်၏ စွမ်းအင်ကြောင့် ယိုယွင်းနေပြီဖြစ်သောကြောင့်ဖြစ်သည်။ သူ၏ ထောက်ပံ့မှုမရှိပဲ ယင်းက အချိန်မရွေး ပြိုလဲသွားနိုင်၏။ သူက လေးစားရန် ထိုက်တန်သည့် အကြီးတစ်ယောက် ဖြစ်သည်။
ရှောင်လင်က ပျောက်ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ တထဂတာ နတ်လက်ဝါးကို ထိုလူသိနေရသည့် အကြောင်းအရင်းကိုမူ ယဲ့ရှောင် မသိပေ။
ပြီးနောက် ယဲ့ရှောင်သည် မြေကြီးပေါ်ရှိ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီး ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို တစ်ချက်သုံးပြီး သူက လက်စွပ်ပေါ်ရှိ အစီအရင်ကို ဖျက်လိုက်၏။ ဒီတော့မှ လက်စွပ်အတွင်းရှိ ပစ္စည်းများကို တွေ့ရတော့သည်။
ဆေးလုံးအချို့၊ ထူးခြားသည့် ကောင်းကင်နှင့် မြေကြီးရတနာအချို့၊ ကြယ်တာရာသားရဲအမြုတေနှင့် ကျင့်စဥ်အချို့ ရှိနေလေ၏။ မြေပုံတစ်ခြမ်းနှင့် စာနှစ်စောင်လည်း ရှိသည်။
တစ်စောင်က သူ ချစ်လှစွာသော လင်းဝမ်ကို ရေးထားပြီး တစ်စောင်ကမူ လက်စွပ်လက်ခံရထားသည့် သူက ရေးတာပဲဖြစ်သည်။
ယဲ့ရှောင်က စာကို ဖွင့်ဖတ်လိုက်လေရာ အရာအားလုံးအတွက် ယုတ္တိရှိကြောင်း သိလိုက်ရသည်။
ထိုရဟန်းအိုသည် ဖာ့ရှင်းဟု ခေါ်ပြီး လွန်ခဲ့တဲ့အနှစ်၄၀တုန်းက ရှောင်လင်ကျောင်းထိုင်၏ အမိန့်အရ ရှောင်လင်ဂိုဏ်းခွဲတစ်ခု ဖွင့်လှစ်ရန် ရှောင်လင်သိုင်းကျောင်းတော်သို့ ရောက်လာခဲ့သည်။ သို့သော် ဤနေရာသို့ လာသည့်လမ်း၌ သူက လှိုဏ်ဂူတစ်ခုကို တွေ့သွားပြီး တထဂတာ နတ်လက်ဝါးကို သင်ယူခဲ့၏။ ပြီးနောက် သူက လင်းမြို့သို့သွားကာ တထဂတာ နတ်လက်ဝါးကို တိတ်တဆိတ် သင်ယူနေစဥ် သင်ကြားပြသပေးခဲ့၏။ တစ်ချိန်တည်းတွင် သူက လင်းမြို့၏ မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင် လင်းဝမ်နှင့် ချစ်ကျွမ်းဝင်ခဲ့သည်။
အစောတုန်းက တောင်တန်းတောအုပ်ထဲ၌ တွေ့ခဲ့သည့် သက်လတ်ပိုင်းအရွယ် အစ်မကြီးကို ယဲ့ရှောင် တွေးမိသွားသည်။ မထင်ထားပဲ ယင်းက အတော်လေး တိုက်ဆိုင်နေလေ၏။
ယဲ့ရှောင်သည် ဖာ့ရှင်း ချစ်ကျွမ်းဝင်သည့် ကိစ္စကို မသိချင်ပေ။ ယနေ့ခေတ်၌ ရဟန်းများသည်လည်း အိမ်ထောင်ပြုပြီး ချစ်ကြိုက်ခွင့်ရှိနေပြီဖြစ်သည်။
ထို့အပြင် သူက အနည်းငယ် သိချင်စိတ် ဖြစ်နေလေ၏။ တစ်ဖက်သူ၏ အမည်က ဖာ့ရှင်းဖြစ်လေရာ ဖာ့ကျန်းနှင့် သက်တူရွယ်တူရှိလောက်သည်။ သူတို့ ဆွေမျိုးတော်စပ်နိုင်သည်လော။
သူက ဆက်ဖတ်လိုက်သည်။ လင်းဝမ်ကို လက်ထပ်ရန်အတွက် ဖာ့ရှင်းသည် ကုန်ကြမ်းများ စုဆောင်းပြီး သူ ချစ်ရသူကို ကူညီပေးရန် ဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ ပြင်ဆင်ထားခဲ့သည်။ သူက သူမ၏ ​ချီသွေးကြောများနှင့် ရိုးတွင်းချဥ်ဆီကို သန့်ရှင်းပေးချင်၏။ သို့မှသာ သူမသည် ပိုတောင် သန်မာအောင် ကျင့်ကြံနိုင်ပြီး သူနှင့် တစ်သက်လုံး ရှိနိုင်မှာပဲဖြစ်သည်။
သူသည် တထဂတာ နတ်လက်ဝါးကို ကျင့်ကြံခဲ့၏။ ထို့ကြောင့် သူ၏ ခွန်အားသည် အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ လင်းဝမ်ကမူ ရှန်းထျန်းပထမအဆင့်သို့ ခြေချခါစ ချီရှန်းတစ်ဦးသာ ရှိသေးသည်။
နှစ်ယောက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းပြီး သူတို့သက်တမ်းက နောင်၌ သေချာပေါက် ကြီးမှာမဟုတ်ပေ။ သို့သော် မထင်ထားသည်က တောင်ပေါ်၌ တောအုပ်၏ မြို့သူမြို့သားများကို သတ်ဖြတ်နေသည့် သားရဲတစ်ဒါဇင်ကို တွေ့ကြုံမိမှာကိုပဲ ဖြစ်သည်။ သူတို့က တောအုပ်မြို့၏ မြို့သူမြို့သားများ၏ သွေးနှင့် အငြိုးအတေးတို့ကို အသုံးချပြီး မိစ္ဆာကျင့်စဥ်များ ကျင့်ကြံခဲ့သည်။
သူတို့နှင့် အတော်ကြာ တိုက်ခိုက်ပြီးနောက် သူက သူတို့ကို မသတ်နိုင်ပဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်။ သူတို့ မိစ္ဆာအသံများ အောင်မြင်စွာ မကျင့်ကြံနိုင်ရန် တောအုပ်မြို့ကို မထိခိုက်စေရန်နှင့် လင်းဝမ် ထိခိုက်မှာကိုလည်း သူ စိုးရိမ်ပူပန်နေသောကြောင့် တထဂတာ နတ်လက်ဝါးကို သုံးရန် သူ့ခွန်အားအားလုံး အသုံးပြုလိုက်ရသည်။ ချိတ်ပိတ်မှုတစ်ခုကို ဖွဲ့တည်ကာ ဤနေရာ၌ အငြိုးကြီးဝိညာဥ်များကို ပိတ်ထားလိုက်၏။
ထိုစာထဲ၌ အငြိုးကြီးဝိညာဥ်များကို ဖြေရှင်းပုံအား သူ ရေးထားပြီး လူတစ်ယောက်သည် …ပြင်းသည့် သိုင်းပညာရပ်တစ်ခုကို ကျင့်ကြံရန်သာ လိုအပ်သည်။ တစ်ချိန်တည်း၌ စိတ်စွမ်းအားကျင့်စဥ်ကိုပါ ကျင့်ကြံရမည်။
နောက်ထပ် စာတစ်စောင်က လက်စွပ်ထဲရှိ ကုန်ကြမ်းများနှင့် ဆေးလုံးများက လင်းဝမ်အတွက် ဖြစ်သည်။
မြေပုံကမူ ဂူ၏ မြေပုံဖြစ်သည်။
ထို့အပြင် ဂူထဲ၌ နောက်ထပ် ဗုဒ္ဓသိုင်းကျမ်းများ ရှိသည်။ သို့သော် သူ၏ သဘောထား အရည်အချင်းက မလုံလောက်သောကြောင့် တထဂတာ နတ်လက်ဝါး၏ တစ်ဝက်သာ သင်ယူနိုင်ခဲ့သည်။ ကျန်သည့် ကျင့်စဥ်များအတွက်မူ သူက သူ၏ စိတ်နှလုံးထဲတွင်သာ မှတ်သားထားပြီး သူတို့ကို မသင်ယူနိုင်ပေ။
ယဲ့ရှောင်၏ အကြည့်က အနည်းငယ် လှုပ်ရှားသွားလေ၏။
ထိုကဲ့သို့အရာမျိုး ဖြစ်ပျက်လိမ့်မည်ဟု သူ မထင်ထားပေ။
ဖာ့ရှင်း၏ အရည်အချင်းဖြင့်ဆို သူသည် အစောတည်းက တထဂတာ နတ်လက်ဝါး၏ တစ်ဝက်ကို သင်ယူပြီးဖြစ်သောကြောင့် ကျန်သည့်သိုင်းပညာရပ်များကို နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဆိုလိုသည်က ကျန်သည့် သိုင်းပညာရပ်များက သေချာပေါက် သာမန် သိုင်းကျမ်းများ မဟုတ်ပေ။
သူတို့ကရော တော်ဝင်ကျင့်စဥ်တွေပဲလား။ ဒီလိုဆိုရင် ယဲ့ရှောင်အတွက် သတင်းကောင်းပဲ။
သို့သော်ငြား မြေပုံဆွဲထားပုံက နားလည်ရမလွယ်ကူပေ။ ဖာ့ရှင်းသည် မသေခင်က သူ၏ မှတ်ဉာဏ်များအတိုင်း ဆွဲထားပုံရသည်။
သူပြန်လာပြီးနောက် ရှေးဟောင်းမှတ်တမ်းတွင် မြေပုံကို ကြည့်ပြီး တည်နေရာကို အတည်ပြုမည်။ သူ ပြန်သွားပြီး တစ်ချက်ကြည့်ရပေမည်။
ယဲ့ရှောင်သည် တစ်ချက်ကြည့်ရန်အတွက် ဖာ့ရှင်း၏ သိုလှောင်လက်စွပ်ထဲရှိ ကျန်သည့် ကျင့်စဥ်များကို ထုတ်လိုက်၏။ သူတို့က ရှောင်လင် ချီရှန်းအဆင့် ကျင့်စဥ်များ ဖြစ်ကြသည်။ သူတို့ထဲ၌ ဓါးမော့ကျင့်စဥ်နှစ်မျိုး၊ ထိုးနှက်ချက်ကျင့်စဥ်တစ်မျိုးနှင့် ခြေသိုင်းတစ်မျိုး ရှိနေသည်။
ယဲ့ရှောင်က သူတို့ကို တစ်ချက်သာ ကြည့်လိုက်၏။ ဓါးမော့ကျင့်စဥ်နှစ်မျိုးက အသုံးမဝင်ပေ။ ယဲ့ရှောင်သည် အခြေခံဓါးမော့ကျင့်စဥ်အားလုံးကို စုစည်းထားပြီး ဖြစ်နေ၏။ ယင်းက တော်ဝင်အဆင့် ဓါးမော့ကျင့်စဥ် မဟုတ်သရွေ့ သူ၏ အံ့ဖွယ်ဝိညာဥ်က ၄င်းကို သိမ်းမှာ မဟုတ်ပေ။
ကံကောင်းသည်မှာ ထိုထိုးနှက်ချက်ကျင့်စဥ်နှင့် ခြေသိုင်းတို့က ယဲ့ရှောင်၏ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ၌ မပါဝင်သည့် အခြေခံကျင့်စဥ်နှစ်မျိုး ဖြစ်နေသည်။
အနိုင်ရလိုက်တာပဲ။
ယဲ့ရှောင်သည် ထိုးနှက်ချက်ကျင့်စဥ်နှင့် ခြေသိုင်းတို့ကို သူ၏ အံ့ဖွယ်ဝိညာဥ်ထဲ သိမ်းလိုက်၏။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က ချက်ချင်းပင် စတင်ကျင့်ကြံတော့သည်။
နှစ်နာရီခန့်ကြာပြီးနောက် ကျင့်စဥ်နှစ်မျိုးကို ပြီးပြည့်စုံသည့် နယ်ပယ်သို့ရောက်အာင် ကျင့်ကြံခဲ့၏။ ချက်ချင်းပင် ရွှေရောင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ထိုးနှက်ချက်ကျင့်စဥ်များက လင်းထိန်လာ၏။ ဆိုလိုသည်က သူတို့ပေါင်းစည်းရန် အသင့်ဖြစ်နေပြီပင်။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးတက်သွားလျက် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်သည် ပိုကြီးမားသည့် ထိုးနှက်ချက်ကျင့်စဥ်ကို စတင်ပေါင်းစည်းနေပြီ ဖြစ်သည်။
ရွှေစာအုပ်သည် ရွှေရောင်အလင်းဖြင့် တလက်လက် တောက်ပလာပြီး ထိုးနှက်ချက်ကျင့်စဥ်ပါဝင်သည့် စာရွက်တိုင်းက အက္ခရာကြီးတစ်လုံး ဖွဲ့တည်လာ၏။
မြောင်။
ရောင်။
စ။
မော့။
ဘန်း။
သေစမ်း။ သူ အထက်တန်းကျောင်းမှာ ရထားပါရဲ့ ဒါတောင် တစ်ခုမှ နားမလည်ဘူးလေ။ လွန်လွန်းအားကြီးတာပဲ။
ကံဆိုးသည်မှာ ရွှေရောင်စာအုပ်က အံ့ဖွယ်ဝိညာဥ်ဖြစ်ပြီး လူတစ်ယောက် မဟုတ်ပေ။ မဟုတ်ပါက သူက ၄င်းကို သေချာပေါက် ဆွဲထုတ်ပြီး ရိုက်နှက်မှာပဲ ဖြစ်သည်။ မကြာမီ၌ စာမျက်နှာများအားလုံးက အတူတကွ ပေါင်းစည်းသွားပြီး မဟာနိဗ္ဗာနလက်သီးဟု ခေါ်သည့် တော်ဝင်ကျင့်စဥ်အသစ် ပေါ်ထွက်လာ၏။
မဟာနိဗ္ဗာနလက်သီးသည် လက်သီးတစ်ချက်တည်းဖြင့် အရာအားလုံးက်ု ဖျက်ဆီးနိုင်ပြီး ပြိုင်ဘက်ကင်းသည်။
အစွမ်းထက်လိုက်တာ။
တော်ဝင်ကျင့်စဥ်ဆိုတော့ ထင်တဲ့အတိုင်းပဲ။ တစ်ခုချင်းစီက အစွမ်းထက်လွန်းတာ။ လူတစ်ယောက်ရဲ့ စိတ်ကို တုန်လှုပ်ခြောက်ခြားစေတယ်။
ကံကောင်းသည်မှာ ထိုထိုးနှက်ချက်ကျင့်စဥ်က သူ့အပိုင်ဖြစ်သည်။ ထို့ကြောင့် ပြဿနာ မရှိပေ။ အခြားတစ်ယောက်၏ အပိုင်။ အထူးသဖြင့် ရန်သူတစ်ယောက်သာ ထိုသိုင်းတတ်သွားလျှင် တစ်နေ့ကြ သူ ငိုရလောက်သည်။
ပြီးနောက် ယဲ့ရှောင်သည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို အသက်သွင်းပြီး မဟာနိဗ္ဗာနလက်သီးကို စတင်ကျင့်ကြံတော့၏။
တောင်အပြင်ဘက် တောအုပ်မြို့ မြို့စောင့်တပ်ဖွဲ့သည် နှစ်ရက်တစ်ည အတွေ့အကြုံ ရခဲ့သည်။ ကြယ်တာရာသားရဲများ၏ တိုက်ခိုက်မှုက နောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်၏။
ခေါင်းဆောင် လင်းဝမ်သည် တောင်ပေါ်ကနေ အဖွဲ့သားများ ဆုဆ်ခွာနိုင်ရန် စီစဥ်ပေးပြီး တောင်ခြေ၌ ခုခံမှုများ တည်ဆောက်ခဲ့၏။
လွန်ခဲ့သည့်နှစ်ရက်၌ ညတိုင်းတွင် လင်းဝမ်သည် အဖွဲ့သားများကို နောက်ဆုတ်ခိုင်းမှာပဲ ဖြစ်သည်။ ညတိုင်း၌ တောအုပ်ထဲရှိ အလင်းရောင်က မကောင်း။ အဖွဲ့ဝင်များက ကြယ်တာရာသားရဲများ အလွယ်တကူ ချုံခိုတိုက်ခိုက်တာ ခံရနိုင်သည်။
” ဒီနေ့ တာဝန်တွေ ဒီမှာပြီးပြီ။ ငါတို့ မနက်ဖြန်မှ ဆက်လုပ်ကြမယ် ”
” ပြီးတော့ အဖွဲ့သားအားလုံး နားနားနေနေ မနေကြနဲ့။ ဒီကြယ်တာရာသားရဲတွေက ငါတို့အင်အားကြောင့် အတော်လေး ထိန်းထားနိုင်တာ။ သူတို့ ညအချိန် လဲ့စားချေနိုင်ချေမြင့်တယ်။ ဒါကြောင့် လူတိုင်းပဲ ကြယ်တာရာသားရဲတွေ တောင်ခြေဆင်းလာမှာကို ဟန့်တားဖို့ အာရုံစိုက်ထား။ တောအုပ်မြို့ထဲကို ဝင်ပြီး မြို့သူမြို့သားတွေကို တိုက်ခိုက်မှာကို ဂရုစိုက် ”
” ဟုတ်ကဲ့ ”
” ကောင်းပြီ။ ထုပ်ပိုးလိုက်ကြရအောင် ”
လင်းဝမ်က ထုပ်ပိုးရန် ကြေညာပြီးနောက် လူတိုင်းကို မြို့ဆီသို့ ကားဖြင့် ခေါ်သွားသည်။ ပြီးနောက် သူမကမူ တောအုပ်မြို့ထဲ တစ်ယောက်တည်း လျှောက်လာ၏။
နှစ်ပေါင်းများစွာကြာအောင် သူမကိုသူမ တိုးတက်စေရန် အလုပ်ကြိုးစားခဲ့သည်။ သူမသည် တစ်နေ့လုံး အလုပ်ကြိုးစားပြီးဖြစ်သော်ငြား ကားစီးပြန်ရမည့်အစား ပြေးနေရသေးသည်။ ယင်းက သူမ၏ ခန္ဓာသည် အသက်ကြီးတော့မှာ မဟုတ်ပဲ တစ်သတ်လုံး ငယ်ရွယ်နေမည်ဖြစ်သည်။ သူမက အသက်ရှည်ရှည် နေချင်ပြီး ဘယ်တော့မှ ပြန်မလာရသည့် အကြောင်းအရင်းကို နှလုံးသားမဲ့သည့်လူအား မေးရန် စောင့်ဆိုင်းနေတာပဲ ဖြစ်သည်။
မြို့စောင့်တပ်ဖွဲ့ဝင်များက ကားယူပြီး ဆက်သွားကြ၏။ ကားပြတင်းပေါက်ကနေ လင်းဝမ်တစ်ယောက်တည်း လမ်းလျှောက်နေတာကို ကြည့်ပြီး သူတို့က အနည်းငယ် ရင်နာမိသည်။
” ခေါင်းဆောင် လင်းက သိပ်သနားဖို့ကောင်းတာပဲ။ တစ်နေကုန် အလုပ်ကြိုးစားပြီးတော့ သူ့ဘာ့သာသူ လမ်းလျှောက်သေးတယ်လား ”
” မင်းတို့တွေ မသိဘူး။ ဒါက ခေါင်းဆောင် လင်းရဲ့ အကျင့်ပဲ။ သူမရဲ့ ကျင့်ကြံမှုကို တစ်ချိန်လုံး ခက်ခက်ခဲခဲ ကြိုးစားထားရတာ ”
” ခေါင်းဆောင်လင်းက ဘာကြောင့် ဒီလောက်စိတ်တက်ကြွရတာလဲ။ ပြောရရင် သူက အမျိုးသမီးတစ်ယောက်ပဲလေ။ သူ့ယောင်္ကျားက သူ့ကို အလုပ်ကြိုးစားခွင့် ပေးလို့လား ”
” ငါကြားတာတော့ အဲ့ဒီတုန်းက ခေါင်းဆောင်လင်းက သစ္စာမရှိတဲ့လူပစ်တာ ခံလိုက်ရတယ်တဲ့။ သူက တစ်ကိုယ်တည်း ရှိနေသေးတုန်းပဲ။ သူ့ကို ချစ်မြတ်နိုးတဲ့ ခင်ပွန်း မရှိဘူး ”
” ထားလိုက်တော့။ မင်းတို့ အသံတွေတိုး။ ခေါင်းဆောင်လင်းက ရှန်းထျန်းဒုတိယအဆင့် ချီရှန်းတစ်ယောက်ပဲ။ သူ့ရဲ့အာရုံက ငါတို့ထက်ပိုပြီး စူးရှတယ်။ ငါတို့ပြောတာ ကြားသွားရင် မကောင်းဘူး ”
လူတိုင်းက ကားက ဖြည်းဖြည်းချင်း ရှေ့ဆက်မောင်းသွားပြီး တောင်တက်လမ်းနှင့် ဝေးသည်ထက် ဝေးသွား၏။ လင်းဝမ်က တောင်ပေါ်၌ တစ်ယောက်တည်း လျှောက်နေပြီး ကြယ်ရောင်အောက်၌ အထီးကျန်မှုကို ခံစားမိသည်။
သို့သော် မကြာမီ၌ သူမက လမ်းထိပ်၌ အိတ်ကပ်ထဲ လက်ထည့်ထားကာ သူမကို စောင့်ကြိုနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ရပ်တန့်လိုက်၏။
” ရှင် .. ရှင်က ……က …… ”
လင်းဝမ်က ဤနေရာ၌ ယဲ့ရှောင် ရုတ်တရက် ပေါ်လာသေးမည်ဟု မထင်ထားသောကြောင့် အနည်းငယ် အံ့သြသွား၏။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” ဒီမှာ ဘာလုပ်နေတာလဲ ”
လင်းဝမ်၏ အကြည့်က အတော်သတိထားနေ၏။ ယဲ့ရှောင်က အလွန်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲသည့် ခံစားချက်မျိုး သူမအား ပေးစွမ်းသည်။
ထို့အပြင် သန်းခေါင်ယံအချိန်၌ သူတစ်ယောက်တည်း ဤနေရာတွင် ပေါ်လာတာ ဖြစ်သည်။ တိုက်ဆိုင်မှုဟု ပြောမည်ဆိုလျှင် အတုအယောင် ဆန်လွန်းနေသည်။
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။
” ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်က ခေါင်းဆောင်လင်းဆီကို စာပို့ခိုင်းလိုက်လို့ ”
” စာပို့တာလား။ ဘာစာလဲ။ ရှင့်ကို ဘယ်သူက အဲ့ဒီစာပို့ခိုင်းတာလဲ ”
” ဒီစာကိုဖတ်ပြီးရင် နားလည်သွားလိမ့်မယ် ”
ယဲ့ရှောင်သည် သိုလှောင်လက်စွပ်ထဲမှ စာကို သူမအား ပေးလိုက်၏။ လက်စွပ်နှင့် ပထမဆုံးစာကို သူ ယူသွားပြီးဖြစ်၏။ နောက်တစ်ခုက လင်းဝမ်အတွက် ချန်ထားပေးသည်။ သူက လောဘမကြီးပေ။ လင်းဝမ်က သိုလှောင်လက်စွပ်ကို ရသည်နှင့် သူမ၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့သွားသည်။ လက်စွပ်၏ အထောက်အထားကို သူမ မှတ်မိပြီဖြစ်သည်။
နောက်တစ်စက္ကန့်၌ သူမက လက်စွပ်ထဲကို အသိစိတ်ထည့်ကြည့်လိုက်ပြီး သူ၏ စာကို ထုတ်ယူလိုက်၏။ စာအိတ်ကို ဖွင့်ပြီး စာထဲတွင်ပါသည့် အကြောင်းအရာများကို ဖတ်ကာ မျက်ရည်များ ဖြေမဆယ်နိုင်အောင် ကျလာ၏။
” ဝမ် ငါတောင်းပန်ပါတယ်။ ဒီစာကို မင်းတွေ့နေတဲ့အချိန်ကြ ဒီရဟန်းအိုက သေချာပေါက် သွားနှင့်ပြီ။ ဒီပုံစံနဲ့ မင်းကို နှုတ်ဆက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒီစာကို မြင်တဲ့အချိန်ကြ မင်း လက်ထပ်ပြီးလောက်ပြီလားဆိုတာ ငါ မသိဘူး။ ဒါမှာမဟုတ် ဒီရဟန်းလေးကို မင်း မေ့နေလောက်ရောပေါ့။ ဗုဒ္ဓကို ပထမနှစ်ဝက်မှ ယုံကြည်သက်ဝင်ခဲ့ပြီး ငါ့ရဲ့ ဒုတိယဘဝမှာ မင်းနဲ့ အတူရှိချင်ခဲ့တာ။ အဆုံးထိ မင်းနဲ့ အတူရှိမပေးနိုင်တာတော့ နှမြောစရာ ကောင်းလှတယ် ”
စာကို ဖတ်ပြီးနောက် လင်းဝမ်သည် ယူကြုံးမရ ငိုရှိုက်မိတော့သည်။ သူမသည် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့၏။ အဆုံးတွင်မူ ဤရလဒ်ဖြင့် အဆုံးသတ်သွားသည်။
အချိန်ကျလာသည့်အခါ သူမက ဖာ့ရှင်းကို အချိန်ကသာ နောက်ပြန်လှည့်မည်ဆိူလျှင် ဖာ့ရှင်းကို သူမအတွက် ဆေးလုံးသန့်စင်ခိုင်းတော့မှာ မဟုတ်တာ သေချာ၏။
” သူ အခု ဘယ်မှာလဲ။ သူ ဘယ်မှာလဲ ”
လင်းဝမ်က ယဲ့ရှောင်ကို အော်လိုက်၏။ ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်သည်။
” သူက ဒီတောင်ထဲမှာပဲ။ တောင်က အခေါင်းပေါက်ဖြစ်နေပြီး သူ့ကိုသူ ပံ့ပိုးဖို့ သူ ကိုယ်ပိုင်ကျင့်စဥ်ကို အားထားခဲ့ရတာ။ နောက်ဆုံး ကျင့်စဥ် ကုန်ခမ်းသွားတဲ့အချိန် ဒီတောင်လည်း ပြိုလဲသွားလိမ့်မယ် ”
လင်းဝမ်သည်း ပိန်းပိတ်အောင် နက်မှောင်သည့် အနက်ရောင်တောင်ကို လှည့်ကြည့်လိုက်၏။ ညအမှောင်ယံတွင် ယင်းက လူသားစား မကောင်းဆိုးဝါးတစ်ကောင်နှင့် တူညီတော့၏။
သူမက မြေပြင်ပေါ်တွင် ထိုင်ချကာ ကျယ်လောင်စွာ အော်ငိုလိုက်၏။
” ရှင် ဘာကြောင့် ပြန်မလာရတာလဲ။ ဘာကြောင့် ပြန်မလာရတာလဲ။ ကျွန်မကို ဘယ်လိုများ တစ်ယောက်တည်း ထားရက်ခဲ့ရတာလဲ ”
ယဲ့ရှောင်က ထပ်ပြောလိုက်သည်။
” သူက တောအုပ်မြို့ရဲ့ လူတွေအတွက် ပြီးတော့ မင်းအတွက်လည်း လုပ်ပေးခဲ့တာ။ ဒီတောင်ပေါ်မှာ သားရဲလူသားတွေက မိစ္ဆာအတတ်တွေကို ကျင့်ကြံနေကြတယ်။ သူတို့ လွှတ်သွားခဲ့မယ်ဆိုရင် တောအုပ်မြို့တစ်မြို့လုံး မွှေနှောက်ခံရပြီး မင်းလည်း လွတ်မြောက်မှာ မဟုတ်ဘူး ”
” သူက မင်းအတွက် သူ့ရဲ့ ချစ်ခြင်းတရားတွေအားလုံး ချန်ထားပေးခဲ့တာကြောင့် သန်သန်မာမာနဲ့ ရှင်သန်နေထိုင်သင့်တယ် ”
လင်းဝမ်က ဖာ့ရှင်း၏ လက်စွပ်ကို တင်းကြပ်စွာ ကိုင်ထားပြီး ကြေကွဲနေလေ၏။
ယဲ့ရှောင်က သူမ ခံစားချက်ကို မစာနာနိုင်သော်ငြား သူသည်လည်း စိတ်ထဲ နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
တစ်ခါတစ်ရံတွင် ချစ်ခြင်းတရား မိသားစု မိတ်ဆွေ ထိုစွမ်းအားများသည် သာမန်လူသားများ မှန်းဆမှုထက် ကျော်လွန်ပြီး အမှန်တကယ် အစွမ်းထက်၏။
ဖာ့ရှင်း၏ စိတ်ဝိညာဥ်က ကုန်ခမ်းသွားတာ နှမြောစရာကောင်းလှ၏။ သူ ကုသခြင်းကျင့်စဥ် အသုံးမပြုနိုင်တော့ပေ။ မဟုတ်လျှင် သူ့ကို ကယ်ပေးမှာပဲ ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံက လင်းဝမ်ကို ကြေကွဲရန် အချိန် ပြင်ဆင်ပေးပုံ မရ။ ယဲ့ရှောင် လှုပ်ရှားရန်အချိန်လည်း မပေးခဲ့ပေ။ ထိုစဥ် မြေပြင်က ရုတ်တရက် တုန်ယင်လာတော့၏။

အပိုင်း ၁၆၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset