Switch Mode

Chapter – 159

လက်နက် သန့်စင်ခြင်း အစဥ်အလာ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၉ လက်နက်သန့်စင်ခြင်း အစဥ်အလာ။

ဓါးဆန္ဒကိုယ်ခွဲတစ်ခုတည်းဖြင့် သူသည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲလေးကောင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ မဟုတ်လျှင် သူက ဒုတိယ အကောင်သတ်နေပြီးလောက်ပြီ ဖြစ်သည်။ ထိုနည်းလမ်းက ကောင်းကင်ကို တုန်လှုပ်စေနိုင်သည့် ကံကောင်းမှုကြီးသာ ဖြစ်သည်။
ထို့အပြင် အစောတုန်းက ဓါးရောင်ခြည်ထဲတွင် ပါဝင်သည့် ဓါးဆန္ဒက သာမန်မဟုတ်တာ သေချာ၏။ စီရင်စု၉ခုထဲတွင် ထိုအဆင့်သို့ရောက်နိုင်ရန် ဓါးဆန္ဒကို လေ့ကျင့်ထားသည့် တစ်ယောက်တစ်ယောက် ရှိမည်လော။ ထိုနှစ်ယောက်ထဲမှတစ်ယောက် ဖြစ်နိုင်မည်လော။
သူ၏ ဘဝတွင် ယဲ့ရှောင်က ထိပ်တန်းအဆင့် သိုင်းပညာရှင်ကို တွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူက သိပ်ကို သန်မာလွန်းတယ်။ ကိုယ်ခွဲက ဒီလောက်သန်မာနေပြီဆိုရင် ပင်မခန္ဓာက ဘယ်လောက်သန်မာလိမ့်မလဲ။ ကောင်းကင်ကို ဖီဆန်နေတာ မဟုတ်ဘူးလား။
တကယ်ပဲ စီရင်စု၉ခုမှာ ပါရမီရှင်တွေများတာကိုး။ သူက နည်းနည်းချို့တဲ့နေသေးတယ်။ ကြည့်ရတာ ပြန်ရောက်ပြီးရင် နေ့တိုင်း စာအုပ်တွေ ပိုဖတ်မှနဲ့တူတယ်။ နေ့တိုင်း တစ်နာရီထပ်တိုးပြီးတော့ပေါ့။
သူက နှစ်ဝက်အတွင်း ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်ရန် စိတ်ဆန္ဒပြင်းပြခဲ့သည်။ ပြီးနောက် သူက ဘုရင်နယ်ပယ်သို့ အဆင့်တက်နိုင်ပြီဟု သတ်မှတ်၍ ရသည်။
” မင်းရဲ့ ဓါးသိုင်းက တကယ်မင်သက်လောက်စရာပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ရောက်နိုင်တာ။ လုမျိုးနွယ်က တကယ်လေးစားမိပါရဲ့ ”
ယင်းက ဓါးသူတော်စင် လုချင်ရှန်းပင် ဖြစ်၏။ တကယ်ပဲ ဓါးသူတော်စင် လုချင်ရှန်းကိုး။
ယဲ့ရှောင်က သူ့ဘာ့သာသူ တွေးလိုက်သည်။
လုမျိုးရိုးဖြင့် အမည်သည် ဓါးသိုင်းကျင့်ကြံသူ တစ်ဦးဖြစ်ပြီး အလွန်သန်မာ၏။ လုချင်ရှန်းမှအပ ကျန်သည့်သူ မရှိနိုင်ပေ။ သို့သော် ယင်းက ကိစ္စမရှိပေ။ သူက ရုပ်ဖျက်ထားသောကြောင့် သူမည်သူမည်ဝါမှန်း တစ်ဖက်လူ သိမှာမဟုတ်ပေ။ ကျန်းဟိုင်မြို့သို့ ပြန်ရောက်ပြီးနောက် မူလရုပ်သွင်အတိုင်းနေကာ စာကြည့်တိုက်ထဲတွင် စာအုပ်များကို ငြိမ်းငြိမ်းချမ်းချမ်း ဖတ်နိုင်၏။ သူ့ကို ပြဿနာလာရှာမှာကို စိုးရိမ်ပူပန်စရာ မလိုပေ။
” ဓါးသူတော်စင် လု ကျွန်တော့်ကို ချီးကျူးရာရောက်နေပါပြီ ”
” မင်း ငါ့ကို သိတယ်လား ”
လုချင်ရှန်းက အနည်းငယ် အံ့သြနေ၏။
” ဓါးသူတော်စင် လုချင်ရှန်းက နဂါးစာရင်းမှာ နံပါတ် ၉ရထားတာပဲ။ ကျုပ်သိတာပေါ့ ”
လုချင်ရှန်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် အနည်းငယ် အနေခက်သွားသည်။
” နံပါတ် ၉ရထားတဲ့သူက ငါ့ရဲ့ မိတ်ဆွေကောင်း ဓါးမော့နတ်ဘုရားပဲ။ ငါက အဆင့်၁၀ပဲ ရထားတာ ”
” ”
အနေခက်လိုက်လေခြင်း။ သူတို့က ပထမဆုံး စတွေ့တဲ့အချိန်မှာ တစ်ဖက်သူရဲ့ အဆင့်သတ်မှတ်ချက်ကို မှားမှတ်မိထားတာ။
” အဟမ်း … ဟုတ်ပါပြီ။ တစ်ဆင့်ပဲ ကွာရုံလေးပါ ”
လုချင်ရှန်းက ခေါင်းညိတ်လိုက်ပြီး နှိုင်းနှိုင်းချွတ်ချွတ် မေးမနေတော့ပေ။ သူက ပါးစပ်ထပ်ဟပြီး ပြောလိုက်လေ၏။
” မင်းကလူသား ဓါးသိုင်းပညာရှင်ဖြစ်တယ်ဆိုမှတော့ ခုနတုန်းက အဲ့ဒီကြယ်တာရာသားရဲကို သတ်တာကို ဘာကြောင့် တားလိုက်ရတာလဲ ”
ယဲ့ရှောင်က ငုံ့ကြည့်လိုက်၏။
” ဒီဂျူနီယာက ဆေးလုံးတချို့ သန့်စင်ဖို့လိုတာပါ။ ပါဝင်ပစ္စည်းအပြင် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်ကို လိုအပ်တာကြောင့် စီနီယာ သတ်ဖြတ်မှာကို တားလိုက်တာပါ။ စော်ကားခံရတယ်လို့ မမှတ်ဖို့ မျှော်လင့်ပါတယ် ”
” ငါသိပြီ။ ရတယ်။ စီရင်စု၉ခုကို ခြိမ်းခြောက်တဲ့ အန္တရာယ်တွေ ဖယ်ရှားနိုင်သရွေ့ ဘယ်သူလှုပ်ရှားလှုပ်ရှား ကိစ္စမရှိဘူး ”
” ကျေးဇူးပါပဲ ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်သည် သူတို့နှစ်ယောက် ပြောတာကို ကြားသည့်အချိန်၌ ပြိုလဲလုနီးပါး ဖြစ်သွား၏။ အစက သူတို့၏ ကယ်တင်ရှင်ကို တွေ့ပြီဟု ထင်ခဲ့သည်။ သို့သော် သူတို့ ဝံပုလွေ၏ သားရဲတွင်းမှာ မထွက်ရသေးခင် မျက်တောင်တစ်ခတ်အတွင်း ကျားဂူထဲရောက်သွားပြီဖြစ်သည်။
” ဒီလူက အင်မတန် အစွမ်းထက်တာ။ လုချင်ရှန်းရဲ့ ကိုယ်ခွဲထက်တောင် သန်မာတယ်။ ဒီနေ့ ငါတို့သုံးယောက် မလွတ်မြောက်နိုင်ဘူးနဲ့ တူတယ်။ လူခွဲပြီး ပြေးကြရအောင်။ ငါတို့ ထွက်ပြေးနိုင်မယ်ဆိုရင် အနိုင်ရလိမ့်မယ် ”
” သွားကြရအောင် ”
သားရဲသုံးကောင်က သူတို့၏ စိတ်ဖြင့် ဆက်သွယ်ပြီးနောက် ချက်ချင်းပင် ထွက်ပြေးရန်အတွက် သူတို့၏ ကိုယ်ဖော့သိုင်းများကို အသုံးပြုတော့သည်။
သို့သော်ငြား ထိုအပိုင်းသို့ ယဲ့ရှောင်ရောက်သည့်အချိန်၌ သူက သူတို့ထဲမှ အချို့ကို မြဲမြံစွာ ပိတ်ထားရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုပြီးသား ဖြစ်သည်။ သူတို့ အနည်းငယ် လှုပ်ရှားသရွေ့ သူတို့၏ ဝိညာဥ်စွမ်းအားဖြင့် ဆက်သွယ်လျှင်တောင် သူတို့ကို
ယဲ့ရှောင် ဖမ်းမိမှာပဲ ဖြစ်သည်။ ထို့ကြောင့် သူတို့ထွက်ပြေးရန် ကြိုးစားသည်နှင့် ချက်ချင်းပင် ယဲ့ရှောင်က တိုက်ခိုက်တော့၏။
တိုက်ပွဲရာချီကို ဖြတ်ကျော်ခဲ့ဖူးသည့် ဓါးသူတော်စင်လုချင်ရှန်းသည် ကြယ်တာရာသားရဲအချို့ ထွက်ပြေးချင်နေတာကို အာရုံခံမိသည်။ သူက ယဲ့ရှောင်ကိုသတိပေးချင်ရုံသာ ဖြစ်၏။ သို့သော် သူ ဘာမှမပြောရသေးခင် ယဲ့ရှောင်၏ ခြေထောက်အောက်မှ ဓါးအလင်းထောင်ချီက ပေါ်ထွက်လာပြီး နောက်ထပ်တစ်စက္ကန့်တွင် ဓါးအလင်းသိန်းချီက ဆက်တိုက် ပေါ်ထွက်လာ၏။
ဖုန်း ဖုန်း ဖုန်း ဖုန်း။
လျှပ်စီးနဲ့ မိုးကြိုးမှ ဓါးရောင်ခြည်များက လျင်မြန်စွာ ကျရောက်လာပြီး ကြယ်တာရာသားရဲသုံးကောင်ကို ထိမှန်သွား၏။
” အား အား အား အား ”
အော်သံများ ဆက်တိုက် လိုက်ပါလာပြီးနောက် ကြမ်းတမ်းသည့် ပေါက်ကွဲသံက လိုက်ပါလာပြီး ကြယ်တာရာသားရဲသုံးကောင်က ယဲ့ရှောင် သတ်ဖြတ်တာ ခံလိုက်ရ၏။
” သန်မာလိုက်တာ ”
လုချင်ရှန်း၏ သူငယ်အိမ်က ကျုံ့သွား၏။ သူက ဓါးဆန္ဒကိုယ်ခွဲတစ်ခုသာ ဖြစ်သော်ငြား အနည်းငယ် တုန်ယင်သွားမိသည်။
ယဲ့ရှောင်က သူ့ထက်တစ်လှမ်း သာနေပြီးသား ဖြစ်သည်။ အောက်ရှိ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်၏ လှုပ်ရှားမှုကို သူ ရှာတွေ့ပြီဖြစ်သည်။ ထို့အပြင် တစ်ဖက်က ထွက်ပြေးချင်သည်နှင့် ချက်ချင်း တိုက်ခိုက်လိုက်ရာ တစ်စက္ကန့်အတွင်းတစ်ဖက်သူကိုတောင် သတ်ဖြတ်လိုက်သေးသည်။
မူလခန္ဓာကလည်း ထိုကဲ့သို့ အရာမျိုး ပြုလုပ်နိုင်မည်ဆိုတာ လုချင်ရှန်း ယုံကြည်သည်။ သို့သော် ပြဿနာက သူမူလခန္ဓာ၏ ခွန်အားက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်ပြီးဖြစ်သည်။ ယဲ့ရှောင်ကမူ သူက ရှန်းထျန်းနဝမအဆင့်တွင် မရှိသေးပေ။ သူက အမှန်တကယ် သန်မာလွန်းပေ၏။
ဒီကလေးက ကောင်းကင်ကို တကယ်ဖီဆန်နိုင်တာပဲ။ သန်မာလိုက်တာ။ သူ့ရဲ့ အနာဂတ်အောင်မြင်မှုက သူ့ထက်လျော့မှာ မဟုတ်ဘူး။ မဟုတ်သေးဘူး။ သူက ပိုတောင်မှ မြင့်တက်သွားနိုင်သေးတယ်။
ယခုအချိန်တွင် လုချင်ရှန်းက စိတ်လှုပ်ရှားလွန်းသောကြောင့် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာတော့၏။
စီရင်စု၉ခုထဲ၌ ထိုကဲ့သို့ အစွမ်းထက်သည့် ပါရမီရှင်တစ်ဦး ပေါ်လာခဲ့ချေပြီ။ ယင်းက စိတ်လှုပ်ရှားစရာ ကောင်းလွန်း၏။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ ဓါးဆန္ဒ မပျောက်ကွယ်သွားခင် သူ့ကိုသူမေးရန် ဖိအားပေးလိုက်ရသည်။
” မင်းမှာ ကောင်းမွန်တဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိတယ်။ မင်းရဲ့ နာမည်နဲ့ မင်းရဲ့ ဆရာ ဘယ်သူလဲဆိုတာ မေးပါရစေ ”
ယဲ့ရှောင်က သူ၏ အထောက်အထားကို မထုတ်ဖော်ပေ။ ခဏတာတွေးပြီးနောက် သူ့စိတ်ထဲတွင် မှတ်မိသည့် စကားအချို့ ပေါ်လာလေရာ သူက ထူးမခြားနား ပြောလိုက်၏။
” အေးစက်တဲ့မြစ်ရေနဲ့ အထီးကျန်တဲ့ အရိပ်။ မြစ်ရေနဲ့ ရေအိုင်က အဖိုးအို။ ကျုပ်တို့ အရင်တုန်းက ဘာကြောင့်များ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖူးမှာလဲ ”
ထိုသို့ပြောပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်ကို ထည့်ပြီး လှည့်ထွက်သွားတော့သည်။
လုချင်ရှန်းက ချီးကျူးမိသွားတော့၏။
အပြောကောင်းတဲ့ တုံ့ပြန်မှုပဲ။
သို့သော် မြန်မြန်ဆန်ဆန်ပင် သူက မျက်မှောင်ကျုံ့မိသွား၏။
ဘာကြောင့်လဲ။ သူက အေးစက်တဲ့မြစ်လို့ ဘာကြောင့် ပြောသွားတာလဲ။ ဒီမှာ တောင်တန်းတွေပဲ ရှိတာလေ။ ဖြစ်နိုင်တာက သူက ရေရှိတဲ့နေရာမှာ နေတာများလား။ ဒါဆိုရင်​ မြစ်ဆိုတဲ့ စကားလုံးကို ဒါကြောင့် ပြောလိုက်တာလား။
ကြည့်ရတာ ငါပြန်သွားတဲ့အချိန် မြစ်နားမှာ ဒီလို ဓါးသိုင်းကျွမ်းကျင်တဲ့ ပါရမီရှင်တစ်ယောက် ရှိမရှိ စစ်ဆေးရမယ်။
သူ၏ သမန်ကာလျှံကာ ပြောလိုက်သည့် စကားတစ်ခွန်းက လုချင်ရှန်းကို အတွေးများစေလိမ့်မည်ဟု မထင်ထားပေ။ သိခဲ့လျှင် သူ ပြောမှာ မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူက အလွန်ပျော်နေသေး၏။ သူက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်ကို ဖမ်းမိခဲ့၏။ ပြန်ရောက်ပြီးသည်နှင့် သူတို့ကို အသက်သွင်းကာ ထပ်မံ သတ်ဖြတ်မည်။ နောင်ကြ သူတို့က အသက်ရှည်ရှည် နေနိုင်ပြီး နေ့စဥ်နေ့တိုင်း အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို သူ စားနိုင်လိမ့်မည်။
သူ မထင်ထားသည်က အခြားနေရာတွင်လည်း အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ အကြွင်းအကျန်များ ရှာတွေ့မည်ကိုပဲ ဖြစ်သည်။
ယဲ့ရှောင်အဖို့ စိတ်အပျော်ရွှင်ဆုံးက ကျန်ရှိသည့် အကောင်များထဲတွင် ကျန်သည့် သူ၏ စိတ်ဝိညာဥ်စွမ်းအင်တစ်မျှင် ကျန်နေသေးတာပဲ ဖြစ်သည်။ ဆိုလိုသည်က တစ်ဖက်သူကို သူ အသက်သွင်း၍ ရသည်။ နော့ဖစ်၏ ကိုယ်ခွဲနှင့် ကျိဖုန်းအပါအဝင် သူ့၌ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲခြောက်ကောင် ရှိသွားပြီဖြစ်သည်။
ခုနှစ်ရက်အတွင်း သူက နေ့စဥ်နေ့တိုင်းအသစ်အသစ်သော ခံစားချက်များ ရနိုင်လာသည်။
မိုက်လိုက်တာ။ သိပ်မိုက်တယ်။
နောက်ထပ် သူက လက်နက်သန့်စင်ခြင်းပြပွဲအတွင်း လေဟာနယ် နီလာခရမ်း ရနိုင်မလားဆိုတာ သိရန် ဟူမြို့ကို သွားဦးမည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်း သုံးရက်ကြာသွားသည်။
စီရင်စု၉ခုထဲတွင် နိုင်ရန်လက်နက်သန့်စင်ခြင်းပြိုင်ပွဲကို ယနေ့ကျင်းပမှာပဲ ဖြစ်သည်။ စီရင်စု၉ခုထဲ၌ အအောင်မြင်ဆုံး မြို့သုံးမြို့မှ တစ်မြို့အနေဖြင့် ဟူမြို့သည် ယနေ့တွင် နိုင်ရန် လက်နက်သန့်စင်ခြင်းပြိုင်ပွဲတစ်ခု ကျင်းပမှာပဲ ဖြစ်သည်။ လက်နက်သန့်စင်ခြင်းသည် တစ်မူထူးခြားသော ယဥ်ကျေးမှုမဟုတ်။ စီရင်စု၉ခုက ဖန်တီးတီထွင်ထားတာပဲ ဖြစ်သည်။ ယခင်ကာလတည်းက လူသားဧကရာဇ် က လက်နက်သန့်စင်သည့် ပညာရပ်ကို လူများအား စတင်သင်ကြားပေးခဲ့သည်။
အနှစ် ၅၀၀၀ကျော်ကြာညောင်းပြီးနောက် မရေမတွက်နိုင်သည့် လက်နက်သန့်စင်ခြင်း သခင်များက ထပ်တိုးလာပြီး ထပ်မံဖြည့်သွင်းကာ စီရင်စု၉ခု၏ လက်နက်သန့်စင်သည့် အဆင့်က မြင့်တက်လာတော့သည်။
ယခုဆို စီရင်စု၉ခုထဲတွင် သိုင်းပညာရှင်များ၏ ပြောင်မြောက်သော ယဥ်ကျေးမှု သင်္ကေတများထဲမှ တစ်ခုဖြစ်လာ၏။
ယင်းက စီရင်စု၉ခု၏ သိုင်းပညာ ယဥ်ကျေးမှုအနေဖြင့် ရံဖန်ရံခါ အသုံးပြုပြီး ကျန်သည့် ဒေသများကိုလည်း ပို့ချသည်။
ကမ္ဘာ့ယှဥ်ပြိုင်ပွဲဟု ခေါ်သော နိုင်ငံတကာ လက်နက်သန့်စင်ခြင်း ပြိုင်ပွဲများလည်း ရှိပြီး စီရင်စု၉ခု၏ ယှဥ််ပြိုင်ပွဲကို စီရင်စု၉ခု၏ ပြိုင်ပွဲဟုခေါ်သည်။
ကမ္ဘာ့ယှဥ်ပြိုင်ပွဲ ပါဝင်သည့် အရွယ်အစားက ကြီးမားပြီး လူအရေအတွက်ဖြစ်စေ ပါဝင်သည့် ဒေသအရေအတွက်ဖြစ်စေ စီရင်စု၉ခု ပြိုင်ပွဲထက် ပိုကြီးမားပေ၏။
သို့သော် ကမ္ဘာ့ပြိုင်ပွဲချန်ပီယံတွင် လူအချို့ အနိုင်ရလောက်သော်ငြား သူတို့က စီရင်စု၉ခုပြိုင်ပွဲ ချန်ပီယံဖြစ်ရန် မလိုအပ်ချေ။
တစ်ခါတုန်းက ကမ္ဘာ့ချန်ပီယံကို အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့ဖူးသည့် စီရင်စု၉ခု သန့်စင်ခြင်း သခင်တစ်ဦး ရှိဖူးသည်။ အဆုံးတွင်မူ သတင်းထောက်များက သူ့ကို မေးမြန်းခဲ့ရာ သူ့တွင် တခြားသော ပန်းတိုင်ရှိမရှိ စုံစမ်းသည့်အချိန်၌ သူ၏ အဖြေက စီရင်စု၉ခု ပြိုင်ပွဲကို အနိုင်ရချင်သည်ဟု ဆိုခဲ့သည်။ ထိုအချိန်မှစပြီး စီရင်စု၉ခုပြိုင်ပွဲကြောင့် ဟူမြို့တစ်ခုလုံးက အလွန်စည်းကားနေသည်။ ပုံမှန်ဆို ဟူမြို့သည်လည်း အလွန်စည်ကားနေပြီးသားဖြစ်၏။ ယခုဆို ပါဝင်ယှဥ်ပြိုင်သူများနဲ့ ပွဲကြည့်ပရိသတ်များစွာ ရောက်ရှိလာမှုကြောင့် လူပိုတောင် များလာလေ၏။
လမ်းပေါ်ရှိ အဆင့်အနိမ့်ဆုံး ဟော်တယ်လေးကတောင် ပုံမှန်ငှားရမ်းခထက် သုံးဆလေးဆ မြင့်တက်နေသည်ဟု ဆိုနိုင်သည်။ ကံကောင်းသည်မှာ ဤလောကကြီးထဲ၌ လူအများစုကသာ သိုင်းပညာရှင်များ ဖြစ်သည်။ သိုင်းပညာရှင်တစ်ဦး၏ အရည်အသွေးသည် သူ ယခင်ဘဝရှိ လူများထက် သာလွန်နေ၏။ လူများစွာက ပန်းခြံထဲ၌ အိပ်ယာတောင် လုပ်ထားကြသည်။
ယဲ့ရှောင်နှင့် ဟွမ်လျိုလီ ရောက်သည့်အချိန်၌ သူတို့က ဟူမြို့၌ လူထူထပ်နေသော မြင်ကွင်းကို မြင်သောအခါ ထိတ်လန့်မိသွား၏။
” ဝိုး လူတွေအများကြီးပါလား ”
ဟွမ်လျိုလီက တအံ့တသြ ပြောလိုက်မိတော့သည်။ ယဲ့ရှောင်က သူ့ထက် အနည်းငယ် ပိုသာသော်ငြား သူသည်လည်း အလွန်ထိတ်လန့်နေလေ၏။ ဤလောက၏ လူဦးရေသည် ယခင်ဘဝထက် များနေပြီးသား ဖြစ်၏။ ထို့ကြောင့် ယခင်ဘဝ ရှန်ဟိုင်းထက် ပိုများသည်။ ဟွမ်လျိုလီက နှုတ်ခမ်းသပ်ပြီး ရေရွတ်ပြောလိုက်မိ၏။
” ဒီနေရာက ကျန်းဟိုင်မြို့ထက် ပိုပျော်ဖို့ကောင်းတယ်။ စောစောသိခဲ့ရင် ဒီကိုပဲ လာတယ် ”
” မင်း လေ​ ချွေတာတာ ပိုကောင်းလိမ့်မယ် ”
ယဲ့ရှောင်က ပြန်ဘက်လိုက်၏။
” ဒီနေရာက ကျန်းဟိုင်မြို့ထက် လူဦးရေ ပိုထူးထပ်ရုံတင်မကဘူး စီရင်စု၉ခုက သိုင်းပညာရှင်တွေလည်း ပိုများနေတာ။ ဒီကို လာရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲက တစ်ယောက်ယောက်စားတာ ခံရလောက်ပြီ။ ဟူမြို့ရဲ့ မြစ်ထဲကို ဆွဲသွင်းခံရလောက်ပြီးပြီ ”
” အမ်း ”
ဟွမ်လျိုလီသည်လည်း ထပ်တူညီစွာ ခံစားလိုက်ရသည်။ တစ်ဖန် သူမသာ ဟူမြို့ကို လာမည်ဆိုလျှင် ယဲ့ရှောင်ကဲ့သို့ အစွမ်းထက်သည့် သိုင်းပညာရှင်တစ်ဦးနှင့် တွေ့မှာမဟုတ်ပေ။ သူမက အလွန်ကံကောင်းနေသေးပုံပေါ်၏။
ကောင်းလိုက်တာ။
နောက်ထပ် နှစ်တစ်ရာလောက် ယဲ့ရှောင်ရဲ့ အစေခံအဖြစ် နေလိုက်မယ်။ သူ့ကို နှစ်တစ်ထောင်ကြာပြီးတော့မှ တိုက်ခိုက်တာပေါ့။ နှစ်တစ်ထောင်ကြာသွားပြီးရင် ငါ့ရဲ့ ကျင့်စဥ် အောင်မြင်သွားတဲ့အခါ ငါပြန်ပြီး ထူထောင်မယ်။
တစ်ဖက်တွင်မူ ယဲ့ရှောင်က ဟူမြို့ရှိ စီရင်စု၉ခု ပြိုင်ပွဲခန်းမဆီသို့ သွက်သွက်လေး သွားလိုက်သည်။ ဤနေရာ၌ လေလံပွဲ ကျင်းပမှာပဲ ဖြစ်သည်။
အနည်းငယ် ပြသရုံဖြင့် သူက အထဲဝင်နိုင်ပြီး ဝင်ပြိုင်နိုင်သည်။
စမ်းသပ်သည့် အဆင့်က အလွန်ရိုးရှင်း၏။ သံရိုင်းပေါင်တစ်ထောင်ကို သံမဏိဓါးအဖြစ် သန့်စင်ပေးရန် ဖြစ်သည်။ ထို့အပြင် အဆင့်က အနည်းဆုံးတော့ သာလွန်အဆင့်အောက် ရှိရပေမည်။ အကြောင်းမှာ ပြိုင်ပွဲ၌ ဝင်ပါချင်သည့် ယှဥ်ပြိုင်သူ များလွန်းသောကြောင့် ဖြစ်သည်။
ဤယှဥ်ပြိုင်ပွဲ၌ ကိုယ်တိုင်အတွက် အမည်တစ်ခု တည်ဆောက်နိုင်ခဲ့လျှင် စီရင်စု၉ခု၏ ကျော်ကြားသည့် လက်နက်သန့်စင်ခြင်း လုပ်ငန်းသို့ အလွန်လွယ်ကူသွားလိမ့်မည်။
နိုင်ငံအသိအမှတ်ပြု လုပ်ငန်းသည် ဒုတိယအဆင့် အကဲဖြတ်မှုကို ကျော်ဖြတ်ရန် လိုအပ်နေသေးပြီးအချို့သော ကိုယ်ပိုင် လက်နက်သန့်စင်ခြင်းလုပ်ငန်းများသာဆို ယှဥ်ပြိုင်ပွဲ၏ ရလဒ်များနှင့် ကျောင်း၏ ရလဒ်များကနေ ရမှတ်များပေါ် အခြေခံ၍ အကဲဖြတ်ခြင်းမှ တိုက်ရိုက် ကင်းလွှတ်ခွင့် ရရှိသည်။ လစာအဆင့်ကို ဆုံးဖြတ်ပြီးနောက် သူတို့ရာထူးများကို တန်းယူနိုင်၏။
ယင်းက ယဲ့ရှောင်အတွက်လည်း လွယ်ကူလွန်းသည်။ သူသည် ထိုစဥ်က လေ့ကျင့်ခဲ့၏။ ယခု သူ့၌ နတ်ဘုရားလက်မှုပညာရှိနေပြီဖြစ်ရာ ချီရှန်းအဆင့် ဓါးပျံကိုတောင် သန့်စင်နိုင်ခဲ့သည်။

အပိုင်း ၁၅၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset