Switch Mode

Chapter – 156

ပျော်ရွှင်ဖွယ် ဆောင်းဦးအလယ် ပွဲတော်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၆ ပျော်ရွှင်ဖွယ် ဆောင်းဦးအလယ် ပွဲတော်။

တစ်စက္ကန့်။
နောက်တစ်စက္ကန့်။
လမ်းမတစ်ခုလုံးပေါ်၌ ကြယ်တာရာသားရဲရာချီ ရှိနေလေ၏။ သူတို့အားလုံးက တစ်ကောင်တစ်မြီးမှ မကျန်ပဲ အသတ်ခံလိုက်ရသည်။ ယခုအချိန်တွင် တစ်လမ်းလုံးက သေလုနီးပါး တိတ်ဆိတ်နေလေ၏။
လူတိုင်းက ယဲ့ရှောင်ကို ကြည့်လိုက်ကြသည်။ ယခုအချိန်တွင် သူ့နောက်၌ ရွှေရောင်အလင်း မရှိတော့သည့်တိုင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားပြီး သူ၏ ဂုဏ်ယူဝင့်ကြွားသော ပုံရိပ်ကလည်း လူအုပ်ကြီးထဲရှိ ကြက်များကြားထဲမှ ကြိုးကြာတစ်ကောင်ပမာ နတ်ဘုရားတစ်ပါးသဖွယ် ဝင့်ကြွားစွာရပ်နေလေ၏။ ယင်းက လူအများကို မယှဥ်သာအောင် ကြည်ညိုမှု ဖြစ်စေတော့သည်။ ယင်းက အခြားသော အကြောင်းပြချက်ကြောင့် မဟုတ်ပေ။
သူက သိုင်းပညာရှင်တစ်ဦးဖြစ်မှန်း လူတိုင်း သိသွားပြီးသောကြောင့်သာ ဖြစ်သည်။ သူက သူတို့ သူ့ကို နတ်ဘုရားတစ်ပါးသဖွယ် ကိုးကွယ်ယုံကြည်လာအောင် ပြုလုပ်နိုင်ရန် လုံလောက်အောင် သန်မာပြီး သူတို့ မော့ကြည့်ရသည့် တည်ရှိမှုဖြစ်သည်။
” ဦးဦး။ အဲ့ဒါ ဦးဦးပဲ မာမီ။ မြန်မြန် ကြည့်ကြည့်။ အဲ့ဒါ ဦးဦးပဲ ”
လူအုပ်ကြီးထဲကနေ ရင်းနှီးနေသော အသံတစ်သံ ပေါ်ထွက်လာ၏။ အစောတုန်းက ယဲ့ရှောင်နှင့် ပန်းခြံထဲတွင် ကစားခဲ့သည့် ကလေးမလေး
ရှောင်ရီပဲ ဖြစ်သည်။ ယခုအချိန်တွင် သူမက
ယဲ့ရှောင်ကို မှတ်မိပြီးဖြစ်ကာ စိတ်လှုပ်ရှားလျက် သူ့ကို စိတ်လှုပ်ရှားစွာ လက်ညိုးထိုးပြီး သူ့မိခင်ကို ရှင်းပြနေသည်။ ရှောင်ရီ၏ မိခင်က စိတ်လွတ်သွား၏။ သူမမျက်လုံး အပြူးသားဖြစ်နေကာ ယဲ့ရှောင်ကို အံ့သြဆွံ့အစွာ ကြည့်နေလေ၏။
အစောတုန်းက ပန်းခြံထဲရှိ အလွန်သိမ်မွေ့သော လူငယ်က မမှန်းဆနိုင်အောင် အစွမ်းထက်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့မိချေ။ သူမ ကြက်သေ သေနေစဥ် သူမ သမီးလေး ရှောင်ရီက လက်တွဲဖြုတ်ပြီး ယဲ့ရှောင်ရှေ့သို့ ချက်ချင်း ပြေးသွားလေ၏။
” ဦးဦး။ ဦးဦးက နတ်ဘုရားတစ်ပါးလား ”
ရှောင်ရီက မျက်လုံးပြူးကျယ်နေအောင် ဖွင့်ထားလျက် အပြစ်ကင်းသော အကြည့်ဖြင့် မေးလိုက်သည်။
ယဲ့ရှောင်က အံ့သြသွားပြီးနောက် ရှောင်ရီ၏ ခေါင်းကို ပွတ်သပ်ပေးရန် ဆောင့်ကြောင့်ထိုင်ချလိုက်၏။
” ဦးလေးက နတ်ဘုရားတစ်ပါး မဟုတ်ဘူး။ ဦးလေးက သိုင်းပညာရှင်တစ်ယောက်ပဲ ”
” ဒါဆို သမီးလည်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ချင်တယ်။ သင်ပေးနိုင်မလား ”
ရှောင်ရီ၏ မိခင်က တုံ့ပြန်ပြီး သူမသမီးကို အမြန်ဆွဲရန် ရှေ့တက်သွားလိုက်၏။
” ရှောင်ရီ မရှုပ်နဲ့။ ဦးဦး စီနီယာက သိုင်းပညာရှင်တစ်ယောက်ပဲ။ သူ့ရှေ့မှာ သမီး ရိုင်းလို့မရဘူး ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်ကို အမြန်အရိုအသေပေးကာ တောင်းပန်လိုက်၏။
” စီနီယာ ကျွန်မ တောင်းပန်ပါတယ်။ ရှောင်ရီက မသိတတ်ဘူး။ ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့ စီနီယာ ”
ယဲ့ရှောင်က ပြုံးလိုက်လေ၏။
” ရပါတယ်။ သူက အတော်ချစ်ဖို့ကောင်းတာပဲ ”
ခဏတာရပ်တန့်ပြီးနောက် မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး ထပ်ပြောလိုက်၏။
” ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့တွေ ဒီနေရာက အခု ထွက်သွားသင့်ပြီ ”
” အား .. ဟုတ်ပြီလေ ”
ရှောင်ရီ၏ မိခင်က ချက်ချင်းပင် သူမကို ခေါ်သွားလျက် လိမ်လိမ်မာမာ ထွက်သွားတော့သည်။
ကျန်သည့်သူများက စကားသိပ်မပြောရဲပဲ ထွက်သွားသည်နှင့် သူမ မိခင်နောက်လိုက်သွားကြသည်။ သို့သော် ယဲ့ရှောင်ဘေး၌ လူတိုင်းထွက်သွားချိန်၌ သူတို့အားလုံးက သူ့ကို အရိုအသေ ပေးသွားကြ၏။ ယဲ့ရှောင်ကြောင့်သာ မဟုတ်လျှင် လူအများစု သေနေလောက်ပြီ ဖြစ်သည်။
ယဲ့ရှောင်၏ အမူအယာက အေးအေးလူလူပဲ ရှိနေ၏။ သူက ရင်ထဲမခံစားရသလို အပြစ်မကင်းတာမျိုးလည်း မဖြစ်ပေ။ ကြွေလွင့်ဖီးနစ်မြို့သည် သူ ကျိဖုန်းကို လွှတ်လိုက်သောကြောင့် ဤအတိုင်း ဖြစ်လာရတာ မှန်သည်။ သို့သော် သူ့အတွက်ကြောင့်သာ မဟုတ်လျှင် နော့ဖစ်သည် အစောတည်းက ကယ်တင်ခံရပြီး ဖြစ်နေလောက်၏။ ကျိဖုန်းက ကျန်းဟိုင်မြို့တစ်ခုတည်းကိုသာ သွားမှာ မဟုတ်ပေ။ ထိုအစား ကြွေလွင့်ဖီးနစ်မြို့သို့ တန်းသွားနိုင်လောက်၏။
ထိုသို့ဆိုလျှင် ကြွေလွင့်ဖီးနစ်မြို့ကလည်း ကြယ်တာရာသားရဲများ တိုက်ခိုက်ခံရသည့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။ ထို့အပြင် မည်သူကမှ သူတို့ကို အသက်သွင်းပေးနိုင်မှာမဟုတ်။ ယခု သူက ရောက်လာပြီး ကျိဖုန်းကို ဖြေရှင်းပေးကာ လူတိုင်းကို ကယ်တင်ပေးနိုင်သေး၏။ တိတိကျကျဆိုရလျှင် ယဲ့ရှောင်က ထိုအချက်ကြောင့် ကြွေလွင့်ဖီးနစ်မြို့ကို အကြွေးတစ်ခု တင်သွားပြီဖြစ်သည်။ သူက သူတို့အားလုံး အရိုအသေပေးတာ ခံရန် ထိုက်တန်၏။ ရှင်းလင်းနေပြီး ကျယ်ဝန်းသော လမ်းကိုကြည့်ပြီး ယဲ့ရှောင်က အသက်ရှူထုတ်လိုက်တော့၏။ အကြည့်က ပိုစူးရှလာသည်။
ပြီးနောက် အတွေးတစ်ချက်ဖြင့် ချက်ချင်းပင် ပေတစ်ထောင်ခန့်ရှည်သည့် ဓါးမော့ရောင်ခြည်က သူ့ခေါင်းအထက်၌ ဖွဲ့တည်နေတော့၏။
” ဖွင့်စမ်း ”
မှိန်ဖျော့ဖျော့ စကားလုံးတစ်လုံးဖြင့် ဓါးရောင်ခြည်သည် အမိန့်ကို ကြားသည့် စစ်သားတစ်ယောက်ပမာ မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ထိုးစိုက်လာ၏။
ဖုန်း။
မြေကမ္ဘာတုန်လှုပ်ဖွယ် အသံကြီးတစ်သံ လိုက်ပါလာပြီး တစ်လမ်းလုံးသည် ယဲ့ရှောင်ကြောင့် ချက်ချင်း ကွဲထွက်သွား၏။
ပေတစ်သောင်းကျော်ခန့်ရှည်သည့် ဧရာမ ဓါးမော့ရာသည် ပေ၆၀ကျော်ခန့် ကျယ်ပြီး ပေ၃၀၀ကျော်ထက် နက်ကာ ယဲ့ရှောင်ရှေ့၌ ပေါ်လေ၏။ မြေအောက် ပေတစ်ထောင်၌ ပူလောင်သော ချော်ရည်ရှိသည်။
အောက်၌ ကမ္ဘာမြေကြီး၏ မီးတောင်ချော်ရည်အလွှာ ရှိတာ မဟုတ်ပဲ မီးဖီးနစ် ပြုတ်ကျသွားသည့် နေရာပဲ ဖြစ်သည်။ မီးဖီးနစ်၏ ဝိညာဥ်စွမ်းအင်ဖြင့် အချိန်အတော်ကြာ လောင်ကျွမ်းခံထားရသောကြောင့် ကျောက်တုံးများအားလုံးက ချော်ရည်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ထိုကြီးမားသည့် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်သည် ကြွေလွင့်ဖီးနစ်မြို့၏ သိုင်းပညာရှင်များစွာ၏ အာရုံစိုက်မှုကို ရသွား၏။ သို့သော် အားလုံးက ကြယ်တာရာသားရဲများကြောင့် ရုန်းကန်နေရသောကြောင့် မပြေးလာနိုင်ခဲ့ပေ။
” ဒါဆို ဘယ်သူ လုပ်သွားတာလဲ ”
” ငါ့ရဲ့ ကြွေလွင့်ဖီးနစ်မြို့ကို ဒီလိုအစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ဘယ်ကနေ ရောက်လာတာလဲ ”
” အစွမ်းထက်လိုက်တဲ့ ဓါးမော့ဆန္ဒပဲ။ ဒီဓါးမော့တိုက်ခိုက်မှုက အဓိကဂိုဏ်းရဲ့ ခွန်အားမပါပဲ သုံးလို့ မရလောက်ဘူး ”
” နတ်ဘုရား။ တကယ် နတ်ဘုရားပဲ ”
ယဲ့ရှောင်သည် ချီးကျူးမှုများအကြောင်းကို ဂရုမစိုက်ပေ။ သူက ၄င်းကို အသားကျနေပြီးသား ဖြစ်၏။ ထို့ကြောင့် သူ စိတ်မဝင်စားခဲ့ပေ။ သူ စိတ်ဝင်စားသည်က မီးတောင်ချော်ရည်ထဲရှိ သွေးအဆီအနစ်လုံး ဖြစ်သည်။ ထိုသွေးအဆီအနစ်က ငှက်ပုံသဏ္ဍန်နားတစ်ဝိုက်၌ ရွေ့လျားနေလေ၏။ ယခုအချိန်တွင် သွေးအဆီအနစ်ထဲရှိ စွမ်းအင်ကို ၄င်းက လျင်မြန်စွာ စုပ်ယူနေပြီး ကုန်ခါနီးပြီ ဖြစ်သည်။ ယဲ့ရှောင်သည် အားလုံးကို မဖျက်ဆီးခဲ့ပေ။ သူက အောက်ရှိ ကျိဖုန်းကို စိတ်ဝင်တစားကြည့်ရုံသာ ကြည့်နေပြီး သူ့ရင်ထဲ၏ ဆန္ဒအရ မီးဖီးနစ် သွေးစက်ကို စုပ်ယူနေ၏။ အရည်အသွေးမြင့်သည့် စားကောင်းသောက်ဖွယ်များသည် အဆင့်မြင့်သည့် ပါဝင်ပစ္စည်းများ လိုအပ်သည်။ ပါဝင်ပစ္စည်းများ၏ အဆင့်က ပိုမြင့်လေ အသားက ပိုလတ်ဆတ်ပြီး နူးညံ့လေ ဖြစ်၏။ အသား၏ အထိအတွေ့က ပိုပြီး ချောမွေ့နူးညံ့ အရသာရှိနေလိမ့်မည်။
ကျိဖုန်းသည် နဂါးအမျိုးအစားအောက် သွေးမျိုးဆက်သာ ဖြစ်ပြီး ကျင့်ကြံဆင့်အတွက် အချို့သော အရာများကို မှီခိုအားထားရကာ အံ့ဖွယ်ဂိုဏ်း၏ နယ်ပယ် ရှန်းထျန်းဆဌမအဆင့်သို့သာ အဆင့်တက်နိုင်၏။ ထို့ကြောင့် သူမအသားက မက်မောစရာ သိပ်မကောင်းပေ။ မီးဖီးနစ် သွေးမျိုးဆက်ကို စုပ်ယူပြီးနောက် သူမ၏ အသားက နောက်တစ်ဆင့်သို့ တက်သွားမှာ မလွှဲမသွေပဲ ဖြစ်၏။ ကြက်သားဆာသည့်အခါတွင် ကြက်သားကောင်းကို စားရပေမည်။
၁၀၊ ၉ ၊ ၈၊ ၇။
ယဲ့ရှောင်သည် နောက်ဆုံးစက္ကန့်အထိ တိတ်တဆိတ် ရေတွက်နေချိန်၌ သွေးအဆီအနစ်က ရုတ်တရက် ပေါက်ကွဲသွားလေ၏။
ဖုန်း။
သွေးအဆီအနစ်ပေါက်ကွဲမှုနှင့်အတူ မီးဖီးနစ်အော်သံက ကောင်းကင်ထဲ ပေါ်ထွက်လာ၏။
ထျန်း။
စူးရှသည့် အသံက လျင်မြန်စွာ ပြန့်ကားသွား၏။ မျက်တောင်တစ်ခတ်အတွင်းတွင် ၄င်းက မရေမတွက်နိုင်သည့် လူများနှင့် ကြယ်တာရာသားရဲများ၏ နားစည်ကို ထိုးဖောက်သွားလျက် သူတို့ခေါင်းထဲ စူးရှသည့် နာကျင်မှု ဖြစ်စေကာ တိုက်ခိုက်နေသူများကို ဆက်၍ တိုက်ခိုက်မရ ဖြစ်စေ၏။
ယင်းက စွမ်းအား ရှေးအသွင်တစ်မျိုး၏ အရိပ်အယောင်ပါဝင်သော မီးဖီးနစ်သွေးမျိုးဆက်က ချန်ထားရစ်ခဲ့သည့် ခမ်းနားမှုပင် ဖြစ်သည်။
ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုးက အရာအားလုံးကို ဖိနှိပ့်နိုင်သော ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုးက ရှေးအသွင်သာ ပိုင်ဆိုင်နိုင်၏။ ကြွေလွင့်ဖီးနစ်တစ်မြို့လုံးက သက်ရောက်ခံလိုက်ရသည်။ ကောင်းကင်ထဲသို့ တက်လာသည့် ကျိဖုန်းကို ကြည့်နေစဥ် ယဲ့ရှောင်၏ မျက်လုံးသာလျှင် လက်လာနေ၏။ ယခုအချိန်၌ ကျိဖုန်းက အပြည့်အဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူမ ကိုယ်ပေါ်ရှိ ကြက်မွေးများအားလုံးက မရှိတော့ပေ။ အားလုံးက ရွှေရောင်ငှက်မွေးများဖြင့် အစားထိုးခံလိုက်ရ၏။
ဒါက ဒဏ္ဍာရီလာ ကြက်လား။
ယဲ့ရှောင်သည် သူမ၏ ယခင် ကြက်မွေးများနှင့်ယှဥ်ကြည့်နေ၏။ ယခင် ကြက်မွေး၏ ကုန်ကြမ်းများသည် အနက်ရောင်ကြေးခွံမြွေအရေခွံထက် အနည်းငယ် ပိုသာသည်ဟုသာ ဆိုနိုင်ပေ၏။ ကြက်မွေးတစ်ချောင်းကို ချီရှန်းအဆင့် အဆင့်မြင့်လက်နက်တစ်ခု ဖန်တီးရန် ပြဿနာတစ်ရပ် မဟုတ်ပေ။ ယခု သူမ၏ ကြက်မွေးများက တော်ဝင်လက်နက်တစ်ခု ဖန်တီးရန် အသုံးပြုနိုင်နေပြီ ဖြစ်၏။ ထိုသွင်ပြင်အရ သူမ၏ ရုပ်ခန္ဓာသည် မီးဖီးနစ်၏ သွေးအဆီအနစ်ကို စုပ်ယူပြီးနောက် ကြီးကြီးမားမား တိုးတက်မှု ရသွားတာကို မြင်နိုင်ပေ၏။
ပြီးနောက် သူမ၏ အသားများက နောက်တစ်ဆင့်တက်သွားမှာ သေချာသည်။
ကျိဖုန်းသည် ယဲ့ရှောင် ပစ်မှတ်ထားတာ ခံရမည်မှန်း မသိခဲ့ပေ။ မီးဖီးနစ် ထားခဲ့သည့် သွေးအဆီအနစ်ကို ရယူခဲ့သောကြောင့် သူမ၏ သွေးစက်ကို သန့်စင်လိုက်သည်။ နဂါးအမျိုးအစား သွေးမျိုးဆက်အဖြစ်သို့ အပြည့်အဝ အဆင့်မြင့်တင်ပြီးနောက် သူမကိုသူမ မေ့လျော့သွားသည့်အထိ စိတ်လှုပ်ရှားသွား၏။
” ကျွိ ကျွိ ကျွိ ကျွိ ကျွိ ကျွိ ကျွိ ကျွိ ”
” အခုကစပြီး ဒီအဖွားအိုက စစ်မှန်တဲ့ နဂါးအမျိုးအစား သွေးမျိုးဆက် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်လာပြီ။ ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းတော့မှာ။ ကျန်းဟိုင်မြို့က ညစ်ပတ်တဲ့ကောင်နှင့်နော့ဖစ် စောင့်နေလိုက်စမ်း။ ဒီအဖွားကြီးက မင်းတို့ကို သေချာပေါက် ပေးဆပ်ရစေမယ် ”
သို့သော် ထိုစကားများကို ပြောပြီးသည်နှင့် မြေပြင်ပေါ်ရှိ ကြီးမားသည့် ဓါးမော့ရာကို အလိုလို ကြည့်မိသွား၏။
သူမသည် ခုနက စိတ်လှုပ်ရှားလွန်းနေခဲ့ပြီးကောင်းကင်ထဲ တက်လာရန်သာ ဂရုစိုက်ခဲ့သည်။ မြေပြင်ပေါ်တွင် ပေါ်နေသော ဓါးမော့ရာကြီးကို သတိမပြုခဲ့မိပေ။
” ဒီဓါးမော့ရာက ဘာလဲ ”
သူမက ဓါးမော့ရာနောက်လိုက်ပြီး စမှတ်သို့ ရောက်သွား၏။ နောက်တစ်စက္ကန့်တွင် ကြက်က အံ့သြဆွံ့အသွားတော့သည်။ သူမ၏ တောင်ပံများဖြင့် မျက်လုံးကို ကြမ်းတမ်းစွာ ပွတ်လိုက်၏။ သူမက လည်ဆန့်ကာ အနီးကပ်ကြည့်လိုက်တော့သည်။
” ဒါ ဒါ … သူ ဒီကို ဘာကြောင့် ရောက်နေတာလဲ။ ဒီအဖွားကြီးရဲ့ အစွဲအလန်းက နက်ရှိုင်းလွန်းလို့ထင်ယောင်ထင်မှားတွေ ဖြစ်နေတာများလား ”
ထိုသို့ပြောပြီးနောက် သူမကိုသူမ ပြင်းထန်စွာ ရိုက်လိုက်၏။
” ဟ … နာလိုက်တာ ”
မီးဖီးနစ်သွေးမျိုးဆက်ကို ရခါစဖြစ်ရာ သူမ ခွန်အားကလည်း အတော်တိုးလာ၏။ အချိန်အတိုင်းအတာတစ်ခုအတွက် သူမသည် ၄င်းကို မဖမ်းဆုပ်နိုင်ဖြစ်နေသည်။ သို့သော် ခေါင်းခါပြီး ထပ်ပြီး ကြည့်လိုက်သည့်အချိန်၌ ယဲ့ရှောင်က အောက်တွင် ရှိနေသေးတာကိုသာ မြင်လိုက်ရသောကြောင့် သူမ အပြည့်အဝ ကြောက်လန့်သွားတော့၏။
” ကတော် ကတော် ကတော် ကတော် ကတော် ”
ဘာသာစကားသည် သူ၏ သိမြင်နားလည်မှုအတွေ့ အကြုံ မရှိသည့်တိုင် ယဲ့ရှောင်က ယခုအချိန်တွင် ကျိဖုန်းပြောတာကို ခန့်မှန်းနိုင်ပေ၏။
” အိုး ရှစ် ရှစ် ရှစ် ရှစ် ဘာလား။ ဟိုလီရှစ် ”
” ပြေး ”
ဆူညံသောင်းကြမ်းမနေတော့ပဲ ကျိဖုန်းက သူ၏ တောင်ပံကို တဖျတ်ဖျတ် ခတ်လျက် လှည့်ပြေးတော့၏။ အဲ့ဒီလူ သူက အိမ်မက်ဆိုးပဲ။
သူမသည် ထိုညက ခက်ခဲသည့် စမ်းသပ်ဖွယ်ကို မမေ့သေးပေ။ ထိုည၌ သူက သူမကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့၏။ ထိုည၌ သူက သူမ သိက္ခာကို ချေမှုန်းပစ်ခဲ့သည်။ ထိုည၌ သူမကို မမေ့ရက်နိုင်စရာ ပြုလုပ်ခဲ့၏။ ကျန်းဟိုင်မြို့ကနေ ထွက်ပြေးလာစဥ် ညများအတွင်း ညရောက်ပြီး အနားတွင် မည်သူမှ မရှိချိန်၌ သူ သူမကို ပြုလုပ်ခဲ့သည့်အရာများကို အမြဲတမ်း တွေးမိသည်။ ယင်းက တိရစ္ဆာန်များကို ဒဏ်ခတ်သည်ထက် ပိုဆိုးပြီး လူမဆန်ပေ။ သူမ ထိုအကြောင်းကို တွေးလိုက်ချိန်၌ သူ့ကို အပိုင်းတစ်ထောင် ခုတ်ပိုင်းပြီး အရှင်လတ်လတ် စားပစ်ချင်၏။
သို့သော် သူမသည် သူ့ကို သတ်ချင်လျှင်တောင် ဤအခြေအနေ၌ မလုပ်နိုင်မှန်း သိနေပေ၏။ သူမသည် မီးဖီးနစ်သွေးအဆီအနစ်ကို ရထားပြီးဖြစ်ကာ သွေးမျိုးဆက် အရည်အသွေးတိုးတက်လာ၏။ နောင်တွင် သူမက သူ့ကို ဖြေရှင်းနိုင်လောက်သည့်အထိ ကျင့်ကြံဆင့် တိုးတက်လာမှာ သေချာ၏။ ယခုအချိန်တွင် သူဖမ်းတာ ခံလိုက်ရမည်ဆိုလျှင် သေမှာ သေချာနေသည်။ ထို့ကြောင့် သူမ ထွက်ပြေးချင်သည်။ ဝေးလေ ကောင်းလေပဲ ဖြစ်၏။
သူမ အရှိန်က ပိုတောင်မြန်ဆန်လာသည်။ ​၆မိုင်အကွာအဝေးကို ချက်ချင်းနီးပါး ရောက်နိုင်၏။
၁၀မိုင်ကျော် ထွက်ပြေးပြီးနောက် သူမက လှည့်ကြည့်လိုက်သည်။ ကံကောင်းသည်မှာ ယဲ့ရှောင်က သူမနောက် လိုက်မလာခဲ့ပေ။ သူ၏ အရှိန်က သူ့ကို လိုက်မမှီတာကြောင့် ဟုတ်လောက်မယ်မလား။
ဆိုရလျှင် ကျင့်ကြံခြင်းက အရှိန်နှင့် မတူညီပေ။ ကျိဖုန်းကဲ့သို့ ငှက်အမျိုးအစား ကြယ်တာရာသားရဲတစ်ကောင်အတွက် သူမ၏ သွေးမျိုးဆက်က ကိုယ်ပိုင် လှုပ်ရှားမှု နည်းစနစ် ရှိသည်။ သူမအရှိန်က အဆင့်တူ လူသားသိုင်းပညာရှင်တစ်ယောက်ထက် ပိုမြန်ဆန်၏။
ဟီး ဟီး ဟီး။ နောက်ဆုံးတော့ သူ လွတ်မြောက်ပြီ။
ကျင့်ကြံဆင့်၌ အောင်မြင်သွားချိန်၌ သူမ ကျန်းဟိုင်မြို့သို့ ပြန်သွားပြီး ထိုအရှက်ကွဲမှုအတွက် ကလဲ့စားချေရန် သူ့ကိုရှာမည်။
” ပြီးပြည့်စုံတယ် ”
သို့သော် သူမ ထိုစကားကို ပြောပြီးသည်နှင့် ကောင်းကင်ထဲ၌ ဓါးမော့အလင်း ဖျတ်ခနဲ ပေါ်လာ၏။
ဝေ့။
သူမ၏ ခေါင်းက ချက်ချင်း လွှင့်ထွက်သွားသည်။ ခေါင်းက ကောင်းကင်ထဲ လည်ထွက်သွားသည့်အချိန် သူမရှေ့ရှိ ကြယ်ဆုံကောင်းကင်ထဲ၌ ယဲ့ရှောင် ဝင့်ကြွားစွာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူက သူမကို ပြုံးလျက် ကြည့်နေပြီး သူ့လက်များက ဓါးမော့ကို လွှဲရမ်းနေသေးဆဲ ဖြစ်သည်။
ဘယ် ဘယ်လိုလုပ် သူ ဘာကြောင့်များ ဒီလောက် မြန်ရတာလဲ။ သူ ဘယ်လို လုပ်လိုက်တာလဲ။ ထိုမေးခွန်းများဖြင့် ကျိဖုန်း၏ အသိစိတ်တို့က မှောင်မည်းသွားသည်။ ထိုစဥ် ယဲ့ရှောင်၏ အိတ်ထဲရှိ ဖုန်းက မြည်လာ၏။ ယဲ့ရှောင်က ဖုန်းဖွင့်ကြည့်လိုက်ရာ ကုဟိုင်ဆီမှ ခေါ်တာ ဖြစ်နေသည်။
” ဟယ်လို ”
” ဟယ်လို လောင်ယဲ့။ မင်း နိုင်ငံခြားသွားမယ်လို့
ခွင့်တင်သွားတာ ငါ့ကို ဘာကြောင့် မပြောတာလဲ ”
” ကိစ္စပေါ်လာလို့လေ။ ဘာလို့ ရုတ်တရက်ကြီး ဖုန်းခေါ်တာလဲ ”
” ငါ ဂျူတီပြီးမှပဲ ရှာတွေ့တာကွာ။ ဒီနေ့က ဆောင်းဦးအလယ်ပွဲတော်လေ။ ညစာအတွက် ငါတို့အိမ်ကို မင်းလာချင်လား မေးမလို့။ ဆောင်းဦးအလယ်ပွဲတော်ဆိုတော့ မင်းတစ်ယောက်တည်း နေခွင့်မပေးနိုင်ဘူးလေ။ တခြားတစ်နေရာကို သွားနေမယ်ဆိုတာ ဘယ်သူက သိမှာလဲ ”
ယဲ့ရှောင်က မင်သက်သွား၏။ ဆောင်းဦးအလယ်ပွဲတော်က ဒီနေ့လား။
သူက တစ်ကိုယ်တည်းနေတာ ကြာလွန်းသောကြောင့် ယနေ့သည် ဆောင်းဦးအလယ်ပွဲတော်ဆိုတာ မေ့လုနီးပါး ဖြစ်နေ၏။ ထူးခြားသော မှတ်ဉာဏ်များဖြင့် ရပ်ဝေးရှိ ဆွေမျိုးများ အဆင်ပြေနေရဲ့ဆိုတာ သူ သိချင်သွား၏။
” ကျေးဇူးပဲ။ မင်းသာ မပြောရင် ငါမေ့တော့မှာ။ ပျော်ရွှင်ဖွယ် ဆောင်းဦးအလယ်ပွဲတော်ပါ ”
” ပျော်ရွှင်ဖွယ် ဆောင်းဦးအလယ်ပွဲတော်ပါ ”
” ဒါနဲ့ မင်းက ငါ့ကို မင်းရဲ့သမီးအတွက် ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုစေချင်တယ်လို့ ပြောထားတယ်။ ဒါ ထည့်တွက်သေးလား ”
” ဟား ဟား။ မင်းကလွှဲရင် ဘယ်သူကများ ငါ့ကလေးရဲ့ ခေါင်းကိုင်ဖခင် ဖြစ်နိုင်မှာလဲ ”
” ဟုတ်ပြီလေ။ ဒါဆို အဲ့ဒီ့ရက် သမီးလေးကို လက်ခံလိုက်မယ် ”
” သေစမ်း။ သေချာပေါက် ငါ သားတစ်ယောက်ရမှာကွ ”

အပိုင်း ၁၅၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset