Chapter – 15
” ဘာဖြစ်တာလဲ။”
ရုတ်တရက် ယဲ့ဖန်း၏ နားထဲသို့ ဖန်းပေါ်၏ ရယ်သံက ထွက်လာပြီး သူ၏ ပခုံးကို လာလှုပ်သည်။ ထိုအခါမှသာ ယဲ့ဖန်းက အိမ်မက်က နှိုးထလာသလိုဖြစ်သည်။ မည်သည့် ဗုဒ္ဓကမှ ကျမ်းစာမရွတ်ဖတ် နေသလို ဗုဒ္ဓ၏ ဘုရားစာ ရွတ်ဖတ်နေသော အသံများကလည်း မရှိချေ။ ရှေးဟောင်း ဂူဘုရားကျောင်းက ယခင်ကအတိုင်း ဖုန်အပြည့် ရှိနေသေးသည်။ အခြားသူများကလည်း ဘာမှမကြားသလိုသာ ရှိနေသည်။
” ဒါက တကယ်ဘဲ မဟာ မိုးသောက်မုန်တိုင်း ဂူ ဘုရား ကျောင်းလား။”
ယဲ့ဖန်းက တွေးလိုက်သည်။ သူ ယခု ကြားလိုက်ရပြီး မြင်ရသမျှကို သက်သေအဖြစ် ဆိုနိုင်သော်လည်း အစစ်အမှန်ဆန်လွန်းသလို ခံစားနေရပြန်သည်။ ထိုအချက်ကတင် သူ့ကို မှင်သက်သွားစေပြီး ဂရုတစိုက် တွေးတောမိစေသည်။
ယဲ့ဖန်းက လက်ထဲမှ ကြေးနီရောင်မီးအိမ်ကို ကြည့်ပြီးနောက် ဘာမှ ထူးခြားမှု မရှိကြောင်း သိလိုက်ရပြန်သည်။ အချို့သော သင်္ကေတ အချို့ကို ထွင်းထုထားသော်လည်း ဘာမှ ပုံမှန်မဟုတ်ပြန်ချေ။
” ဆုတောင်းဖျာ ..။ ”
ကျောင်းသားတစ်ယောက်က ပြာပုံထဲမှ ဆုတောင်းဖျာတစ်ချပ်ကို ထုတ်ယူလာသည်။ အချိန်၏ တိုက်စားမှုက ဆုတောင်းဖျာကို ပျက်စီးစေခဲ့သည်။
သိပ်မကြာခင် အခြားသော ကျောင်းသူတစ်ယောက်ကလည်း စန္ဒာကူးသား ဆုတောင်းပုတီးတစ်ခုကို တွေ့ပြန်သည်။ အပေါ်တွင် ဖုန်က အပြည့် ရှိနေပြန်သည်။ အချိန်၏ တိုက်စားမှု ဒဏ်ကြောင့်လည်း ပုတီးက မပျက်စီးပြန်ချေ။ ဖုန်များကို မှုတ်လိုက်ပြီးနောက် ခပ်ပျော့ပျော့ အလင်းက ထွက်ပေါ်လာသည်။
တစ်ချိန်ထဲတွင်ပင် ခါသဲ့က ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်၏ ရှေ့က ဖုန်မှုန့်ထဲမှ တစ်ဝက်သာလျှင် ရှိတော့သော သစ်သားငါးရုပ် အပဲ့ကလေးကို တွေ့သည်။ အပေါ်တွင်လည်း ဗုဒ္ဓရုပ်ပွားတော် သုံးခု၏ ပုံစံကို ထွင်းထုထားပြီး တည်ငြိမ်ကာ သနားညာတာမှု အပြည့်ပေးစွမ်းမည်ဆိုသော ခံစားချက်မျိုးကို ရသည်။
ထိုအချိန်တွင် ယဲ့ဖန်းက အတွေးနက် သွားသည်။ ဤနေရာကသာ ဒဏ္ဍာရီလာ မိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်း ဆိုလျှင် နတ်ဘုရားများက စွန့်ပစ်ခဲ့သော နေရာပင် ဖြစ်လောက်သည်။ ထို့ကြောင့် ဤနေရာရှိ ပစ္စည်းများက အလွန်ထူးခြားနေတာ ဖြစ်နိုင်၏။
” ဒန်း …. ။ ”
ဝမ်ကျစ်ဝမ်က တစ်စုံတစ်ရာကို ကန်လိုက်သောအခါ သတ္ထုသံက ထွက်လာသည်။ သူက ချက်ချင်းလိုလို ဖုန်မှုန့်များကို ဖယ်လိုက်သောအခါ လက်တစ်ဝါးခန့် အရွယ်စာရှိမည့် ပျက်စီးနေသော ကြေးနီခေါင်းလောင်း တစ်ခုကို တွေ့ရသည်။
ခေါင်းလောင်းဘေးမှ အကာတစ်ခုက ကျိုးပဲ့နေသော်လည်း ရှေးဟောင်းလက်ရာ ဖြစ်ကြောင်း သိနိုင်သည်။
” ဒန် … ”
သူက ခေါင်းလောင်းကို ခါလိုက်သောအခါ သာယာသော အသံက ထွက်လာသည်။ ဗုဒ္ဓ၏ ရွတ်ဖတ်ပူဇော်သော အသံကဲ့သို့ လူ၏ စိတ်ကို ငြိမ်းချမ်းစေသည်။
ယဲ့ဖန်း၏ အတွေးက တစ်ဖန် နှောက်ယှက်ခံရပြန်သည်။ သူက ကြေးနီရောင်ခေါင်းလောင်းကို ကြည့်လိုက်မိပြန်သည်။ အပေါ်တွင် တိမ်လို သင်္ကေတများကို ထွင်းထုထားသေးသော်လည်း ကျန်း၏ သင်္ကေတနှင့် ဗုဒ္ဓ၏ အရှိန်အဝါများကို ပိုင်ဆိုင်ထားသေးသည်။
ဖန်းပေါ်က ခပ်တိုးတိုး ရေရွတ်သည်။ သူက ဦးဆုံးဝင်လာခဲ့သူ ဖြစ်သော်လည်း ဘာမှ ရှာမတွေ့ ခဲ့ချေ။ သူက ကံဆိုးလွန်းသည်ဟုသာ ပြောရလောက်သည်။
တစ်ချိန်ထဲလိုလို လီရှောင်းမန်က ဗုဒ္ဓရုပ်ပွားတော်၏ ခြေရင်းတွင် ကျောက်စိမ်း ယွီယီ တစ်ဝက်ကို ရှာတွေ့လိုက်သည်။ သူမက ချက်ချင်းလိုလို ဖုန်များကို သုတ်ကာ ကြည်လင်သော ကျောက်စိမ်းတုံးကို မြင်လိုက်ရသည်။
ရှေးဟောင်း ဂူဘုရားကျောင်းက ရှင်းလင်းနေသည်နှင့်တူသော်လည်း လူအချို့ကမူ ဖုန်ထဲမှပင် ပစ္စည်းအချို့ကို ရှာတွေ့လိုက်ကြသည်။ အခြားသူများကမူ ခပ်သွက်သွက် အမြန်လိုက်ရှာကြသေးပြန်သည်။ ယဲ့ဖန်းကလည်း ထိုပစ္စည်းများကို အာရုံမစိုက်တော့ချေ။ သူတို့၏ လက်ထဲတွင် ဖုန်တစက်မှ မထင်။ မီးရောင်လည်း မငြိမ်းတော့သည့် ထာဝရ တည်မြဲသွားမည့် ကြေးနီရောင် မီးအိမ် ရှိနေသည်။ အခြားသော ပစ္စည်းများက ရှင်သန်နိုင်မည် မဟုတ်ချေ။
” ငါ ဘာမှ မရှာနိုင်ဘူးလို့ မယုံဘူး။”
ဖန်းပေါ်က ရေရွတ်သည်။
” ဂရုတစိုက် ရှာ …။ မင်း ဘာဘဲ ရှာတွေ့ရှာတွေ့ ရအောင်ယူရမယ် ။”
ယဲ့ဖန်းက မီးအိမ်ကို ဖန်းပေါ်အား ပေးလိုက်ပြီးနောက် မီးအလင်းရောင်ဖြင့် ရှာခိုင်းလိုက်သည်။ ထိုလက်နက်အကျိုးများက ဘာအသုံးဝင်ကြောင်း မသိသော်လည်း ဒီလောကတွင် နတ်ဘုရားများသာ တကယ်ရှိလျှင် ထိုပစ္စည်းများက ထူးခြားနေပေလိမ့်မည်။
ယဲ့ဖန်းလည်း မီးအိမ်ကို ဖန်းပေါ်ကို ယာယီပေးထားလိုက်ပြီး သူက ဂူဘုရားကျောင်းမှ ထွက်ပြီး အရှေ့ရှိဗောဓိပင်သို့ သွားသည်။
ထိုအချိန်တွင် သူ၏ မူလတွေးတောစဥ်ခြင်နိုင်စွမ်းဖြင့် အရာအားလုံးကို ပယ်ဖျက်ပြီး သူက နတ်ဘုရားများ သို့မဟုတ် ဘုရားက တကယ်ရှိကြောင်း ယုံကြည်သွားသည်။
ထိုရှေးဟောင်း ဂူဘုရားကျောင်းကြီးက မိုးသောက်မုန်တိုင်း ဘုရားကျောင်းဟု ဆိုလိုက်တည်းက အတူအဖော်ပြုနေသော နေရာက ဗောဓိပင် ဖြစ်ပေလိမ့်မည်။ ဒီလောကတွင် ဗုဒ္ဓက အမှန်တကယ် တည်ရှိနေလျှင် ထိုညိုးနွမ်းနေပြီဖြစ်သော ရှေးဟောင်းသစ်ပင်ကြီးက ထူးခြားနေပေလိမ့်မည်။
ဗောဓိသစ်ပင်က ဗုဒ္ဓဘာသာ၏ အထွတ်အမြတ်သစ်ပင် ဖြစ်သည်။ အနောက်ပိုင်းနယ်မြေ ထန်မင်းဆက်၏ မှတ်တမ်းမှတ်ရာအရ ဗုဒ္ဓက အာနန္ဒာကို ဤလောကတွင် ကိုးကွယ်ပူဇော်သင့်သော အရာ သုံးမျိုးအကြောင်း ပြောခဲ့သည်။
ဗုဒ္ဓ၏ အရိုး ဓာတ်တော် ၊ ဗုဒ္ဓ၏ ရုပ်ပွားတော်နှင့် ဗောဓိသစ်ပင်တို့ ဖြစ်သည်။
ဗုဒ္ဓက ဗောဓိသစ်ပင်အောက်တွင် ဉာဏ်အလင်း ပွင့်ခဲ့သောကြောင့် ဗောဓိပင်ကို မြင်လိုက်ခြင်းက ဗုဒ္ဓကို ဖူးမြော်ရခြင်းနှင့် တူညီသည်။
အရှေ့မှ ညိုးနွမ်းခြောက်သွေ့နေသော သစ်ပင်က ဦးချိုပါ နဂါးတစ်ကောင်ကဲ့သို့ အင်အားအရှိန်အဝါ အပြည့် ရှိနေသေးသည်။ လူခြောက်ယောက် ခုနှစ်ယောက်ခန့်က ပတ်လိုက်မည်ဆိုလျှင်ပင် သစ်ပင်၏ ပင်စည်ကို ပတ်နိုင်ဦးမည် မဟုတ်ချေ။
ပင်စည်က ဟောင်းလောက်ပေါက်ဖြစ်ပြီး မြေပြင်နှင့် နှစ်မီတာ သုံးမီတာခန့် အကွာတွင် ညိုးနွမ်းနေသော သစ်ကိုင်းများက အောက်သို့ကျနေပြီး အရွက်ခြောက်ရွက်ကသာ ရှိတော့သည်။ အရွက်များကလည်း သလင်းကဲ့သို့ ကြည်လင်ပြီး စိန်ကဲ့သို့ တောက်ပနေသည်။
ထို့အပြင် ထိုရှေးဟောင်းသစ်ပင်က ဗုဒ္ဓနှင့် မည်သည့်နည်းနှင့်မှ မသက်ဆိုင်နိုင်ချေ။ သို့သော် ကျောက်စိမ်းလို သစ်ရွက်ခြောက်က ထူးခြားမှုကို ဖော်ပြနေလေသည်။
ယဲ့ဖန်းက သစ်ပင်ရှေ့သို့ ရောက်သောအခါ ရှေးဟောင်း ဗောဓိပင်ကြီးကို စိုက်ကြည့်လိုက်သည်။ ကြီးမားသော သစ်ကိုင်းကြီးများက ရှေးဟောင်းဂူဘုရားကျောင်း တစ်ခုလုံးကို အုပ်မိုးလုနီးပါး ဖြစ်နေခဲ့သည်။ သစ်ကိုင်းများတွင် သစ်ရွက်အပြည့်သာ ဖြစ်နေလျှင် ကောင်းကင်တစ်ခုလုံးကိုပင် အုပ်မိုးလိုက်နိုင်သည်ဟုပင် တွေးမိလိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။ ကြည်လင်သော သစ်ရွက် ခြောက်ရွက်တွင် မမြင်ရသော အစိမ်းရောင်တိမ်စိုင်များ ရှိနေသလို အမျှင်များက ထနေသည်။ သူတို့၏ သေးငယ်သောအပိုင်းက အဝေးရှိ ငါးရောင်ခြယ် ယဇ်ပုလ္လင်ထံ ညွှန်ပြနေခြင်းဖြစ်ပြီး အများစုကမူ သစ်ပင်၏ အမြစ်ထဲသို့ ညွှန်ပြနေခြင်းဖြစ်သည်။
အစိမ်းရောင်တိမ်များက အပ်မျှင်များ ပုံသဏ္ဌာန်မျိုးနှင့်သာ ရှိနေပြီး အရွက်ခြောက်ရွက်က အောက်သို့ တောက်လျှောက် စီးဝင်နေသော ပုံစံရှိနေခြင်းမျိုး ဖြစ်သည်။ ၄င်းက လူအများကို အသက်ရှူနေသမျှ ဘဝက ရှင်သန်နိုင်မည်ဖြစ်ပြီး အဆုံးအစမဲ့သော အသက်ဓာတ်များ စီးဆင်းနေမည် ဖြစ်ကြောင်း သတိပေးနေသလို ခံစားရစေသည်။
ယဲ့ဖန်းက ထိုနေရာတွင့် ဒူးတုတ် ထိုင်လိုက်ပြီးနောက် အမြစ်နေရာကို တူးလိုက်သည်။ အောက်တွင် မည်သည့်အရာ ရှိ မရှိ သိလိုသည်။ မည်သို့ပင်ဆိုစေ ဗောဓိအရွက်များမှ စီးဆင်းလာသော အစိမ်းရောင် တိမ်စိုင်များက အောက်ဘက်သို့ ညွှန်ပြသွားခြင်း ဖြစ်သည်။
မြေဆီလွှာ၏ အောက်ခြေတွင် မည်သည့်ထူးဆန်းသည့် အရာကိုမှ မမြင်ရချေ။ သို့သော် ဗောဓိမျိုးစေ့တစ်ခုကို တွေ့လိုက်ရသည်။ မည်သည့်အလင်းမှ မရသလို တောက်ပမှုလည်း မရှိပေ။ တိမ်စိုင်များလည်း မရှိသလို အရောင်များကလည်း သာမန်ဖြစ်ပြီး မီးခိုးရောင် သန်းနေသည်။ ဂရုတစိုက် မကြည့်လျှင် မြေဆီလွှာဟုပင် ထင်မှတ်မှားနိုင်သည်။
တစ်ခုထဲသော ထူးခြားသော အချက်က အရွယ်အစားဖြစ်သည်။ သာမန် ဗောဓိပင်၏ အစေ့က လက်သည်းခွန်လောက် ရှိသည်။ သို့သော် ထိုအစေ့ကမူ သစ်ကြားသီးလောက် ရှိနေသည်။ ယဲ့ဖန်းက အံ့ဩသွားသည်။ ဗောဓိသစ်ရွက်များမှ စီးဆင်းနေသော အစိမ်းရောင် တိမ်စိုင်များကို ထိုအရာက စိမ့်ဝင်သွားခြင်း ဖြစ်နိုင်သည်။ ဂရုတစိုက် လေ့လာကြည့်ပြီးနောက် အစိမ်းရောင်တိမ်စိုင်များက ဗောဓိအစေ့၏ သုံးလက်မခန့် အကွာတွင် ပျောက်ကွယ်သွားကြောင်းကို မြင်လိုက်ရသည်။ သူက ဗောဓိအရွက်ကို စုပ်ယူသွားခြင်းအား မြင်လျှင် ထိုသို့သာ ထင်မိနိုင်ပေသည်။
ယဲ့ဖန်းက သူ၏လက်ဝါးပေါ်တွင် ထိုဗောဓိစေ့ကို ကိုင်ကာ ဂရုတစိုက် လေ့လာပြီးနောက် အံ့ဩသွားသည်။ မီးခိုးရောင် သာမန်ဗောဓိ မျိုးစေ့ပေါ်တွင် သင်္ကေတအရေးအကြောင်းများက သနားညှာတာစိတ် အပြည့်ရှိသော ငြိမ်းချမ်းသည့် ဗုဒ္ဓရုပ်ပွားတော် ပုံသဏ္ဌာန် ပေါ်နေသည်။
ထိုဗုဒ္ဓက သဘာဝ အလျှောက် ပေါ်နေခြင်း ဖြစ်သည်။ သဘာဝအလျှောက် ဖြစ်ပေါ်နေသည့် အပေါ်မှ ရှုပ်ထွေးသော သင်္ကေတများမှ ဖြစ်တည်လာခြင်း ဖြစ်ပြီး ဂရုတစိုက် ထွင်းထုထားသလိုလည်း ထင်ရပြန်သည်။ ထိုဗုဒ္ဓရုပ်ပွားတော်က ရိုးရှင်းပြီး သဘာဝဆန်ကာ ဖျော့တော့သော မြင့်မြတ်သည့် အရှိန်အဝါကို ထုတ်လွှင့်နေသည်။
” သဘာဝ ဗုဒ္ဓပုံစံက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က ဂေါတမဗုဒ္ဓက ဒီဗောဓိပင်ကြောင့် ဉာဏ်အလင်း ပွင့်ခဲ့တာများလား။ ”
ဤဗောဓိပင်နှင့်အတူ အခြားသော ဖြစ်တည်မှုတစ်ခုလည်း ရှိသည်။ ထိုအရာက ဉာဏ်အလင်းပွင့် သစ်ပင်ဖြစ်သည်။ ဉာဏ်ပညာ သစ်ပင်၊ ဉာဏ်အလင်းပွင့်သစ်ပင်၊ တွေးတောဆင်ခြင် စဥ်းစားနိုင်စွမ်းအား မြင့်မားသော သစ်ပင် စသဖြင့် ခေါ်ဝေါ်ကြသည်။ ဒဏ္ဍာရီအရဆိုလျှင် ယင်းသစ်ပင်ကိုယ်တိုင်ကပင် ဉာဏ်အလင်းပွင့်အောင် လုပ်ပေးနိုင်ပြီး အသိဉာဏ်ကို လှုပ်နှိုးပေးနိုင်သည်။
ယဲ့ဖန်းက ဗောဓိမျိုးစေ့ကို ခေါင်းအထက်ကျော်အောင် မြှောက်လိုက်ပြီးနောက် အရွက်ခြောက်ရွက်အား မျက်နှာမူလိုက်သည်။ ထိုမျိုးစေ့ပေါ်သို့ စီးဆင်းသော အစိမ်းရောင် မြူများက ပို၍ သိပ်သည်းလာပြီး တဖြည်းဖြည်းချင်း အရှိန်အဝါက သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ အရာအားလုံးက ဗောဓိမျိုးစေ့ပေါ်တွင်သာ စူးစိုက်ကျရောက်လာသည်။ သို့သော် ထိုအလင်းများက ဗောဓိမျိုးစေ့နှင့် သုံးလက်မခန့် အကွာတွင် ပျောက်ကွယ်သွားပြန်သည်။
ရုတ်တရက် ခပ်ပျော့ပျော့ အသံက ထွက်လာသည်။ တလက်လက်တောက်ပသော ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသည့် ဗောဓိသစ်ရွက်များက နောက်ဆုံးသော အစိမ်းရောင် အလင်းကို လွှင့်ထုတ်ပေးပြီး ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားကာ ပြာဖြစ်သွားသည်။
ထိုအချိန်တွင် ယဲ့ဖန်းက ဗောဓိမျိုးစေ့က သာမန် မဖြစ်သွားကြောင်း မြင်လိုက်ရပြီး အလွန်ထူးခြားနေကြောင်း သိလိုက်ရသည်။ သူက ချက်ချင်းပင် ဂရုစိုက်လိုက်သည်။
ထိုအချိန်တွင် မြေပြင်တွင် အမှုန့်ဖြစ်နေသည့် ပြာပုံ အများအပြားရှိနေကြောင်း တွေ့လိုက်ရသည်။ ၄င်းက ဗောဓိအရွက်များမှ ပြာနှင့်တူသည်။ ဖြစ်နိုင်သည်မှာ ဒီသစ်ပင်ပေါ်မှ အရွက်များ အားလုံးက ထိုသို့ ပျောက်ကွယ်သွားခြင်းပင် ဖြစ်နိုင်သည်။ ထိုအချက်က ယဲ့ဖန်းကို အံ့ဩစေသည်။
ဗောဓိမျိုးစေ့က သဘာဝ ဗုဒ္ဓ ပုံစံပါပြီး အလွန်ထူးခြားသည်။ ထိုအရာက ဗုဒ္ဓကျောက်သားရုပ်ပွားတော်ကို အဖော်ပြုနေသော ကြေးနီရောင် မီးအိမ်ထက်ပင် အရေးကြီးသည်ဟု ခံစားလိုက်ရသည်။
ရှေးဟောင်းဗုဒ္ဓ သစ်ပင်ပေါ်ရှိ အရွက်ငါးရွက်သာလျှင် ကျန်နေတော့သည်။ သို့ရာတွင် ယခင်ကကဲ့သို့ ကြည်လင်ခြင်း မရှိတော့ချေ။ ယဲ့ဖန်းက မနှုတ်လိုက်ချေ။ ဗောဓိမျိုးစေ့က လုံလောက်နေသည်။ သူက အာရုံအများအပြား အစိုက်ခံရအောင် မလုပ်သင့်ချေ။ ထိုအချိန်တွင် မည်သူကမှ ဂူ ဘုရားကျောင်းထဲမှ မထွက်လာသေးချေ။ ယဲ့ဖန်းက ဗောဓိသစ်ပင်ကို ချန်ထားခဲ့ပြီး အထဲသို့ ပြန်ဝင်လာသည်။
ထိုအချိန်တွင် နောက်ထပ် ခုနစ်ယောက် ရှစ်ယောက်ခန့်က အမျိုးမျိုးသော ပစ္စည်းများကို ရထားကြသည်။ လျိုယွမ်ကျစ်က ရွှေရောင် ငရုတ်ကျည်ပွေ့ တစ်ခုကို ရလိုက်သည်။ ဖုန်မှုန့်များ ရှိနေသော်လည်း သပ်ချလိုက်ပြီးနောက် တောက်ပစွာ ထိန်လင်းလာလေသည်။ ထိုသို့ဖြင့် လေးလံသော ခံစားချက်မျိုးကို ပေးစွမ်းနေရာ ပျက်စီးနေသော အခြားတစ်ဖက်ကြောင့်သာ မဟုတ်လျှင် လက်ရာမြောက်သော အရာတစ်ခုဟု ဆိုရပေမည်။
ဘာသာရေး ရုပ်ပွားတော်ပုံစံ ငရုပ်ကျည်ပွေ့က ဗုဒ္ဓဘာသာတွင် အလွန် အင်အားကြီးမားသော နာမည်ရှိသည့် ဗာဂျာရာ ငရုတ်ကျည်ပွေ့ဟု အမည်ရှိသည်။ ယင်းက ရန်သူကို ဖျက်ဆီးခြင်း ဟုလည်း သွယ်ဝိုက်၍ အဓိပ္ပါယ် သတ်ရောက်ပြီး ပြိုင်ဘက်ကင်းသော အရာကို ကိုယ်စားပြုသည်။ ဗုဒ္ဓရုပ်ပွားတော်ကို အစစ်မှန် တွေ့ကြုံရစေသော ပုံစံမျိုးဖြစ်သည်။ ထိုအရာကို ပြိုင်ဘက်ကင်း သူတော်စင်များက ကိုင်ဆောင်ခဲ့သည်။
ဗုဒ္ဓက ဤလောကတွင် အမှန်တကယ် တည်ရှိလျှင် ဗာဂျာရာ ငရုတ်ကျည်ပွေ့က ကြီးမြတ်သော ပစ္စည်း ဖြစ်ပေလိမ့်မည်။ ထို့ပြင် အလွန်အမင်း ထူးခြားပေလိမ့်မည်။ အံ့အားသင့်စရာကောင်းလောက်အောင် လျှို့ဝှက်ဆန်းကျယ်သော ထိုအရာ၏ စွမ်းအားဖြင့် တောင်တန်းများကို အက်ကွဲစေသည်။
မြစ်ပြင်များကို ပြောင်းပြန်လှန် စေနိုင်လောက်သည်။ ထို့ပြင် ယခုအခါတွင် ဘယ်သူကမှ အံ့အားသင့်စရာကောင်းသော အချက်များကို မမြင်နိုင်သေးချေ။
လျိုယွမ်ကျစ်က ခပ်ကြမ်းကြမ်း ရမ်းလိုက်သောအခါ ဗာဂျာရာ ငရုတ်ကျည်ပွေ့၏ တစ်ဝက်က ရွှေရောင်အလင်းဖြင့် လင်းလက်လာပြီး အလွန်အမင်း တောက်ပကာ ခမ်းနားလွန်းလှသည်။
” ပြောပါဦး။ ဒီပစ္စည်းတွေကိုသာ နတ်ဘုရားနဲ့ ဘုရားတွေက အသုံးပြုခဲ့တာဆိုရင် … ။ ငါတို့က ဘယ်လို အသုံးပြုရမလဲဆိုတာကိုသာ ရှာတွေ့လိုက်ရင် ဘယ်လောက်တောင် မြေကမ္ဘာ တုန်လှုပ်စေလောက်တဲ့ မြင်ကွင်းမျိုး ပေါက်ကွဲထွက်လာလိုက်မလဲ။ ”
လျိုယွမ်ကျစ်၏ စကားကို ကြာသောအခါ ထိုနေရာမှ ပစ္စည်းများကို ရှာတွေ့ထားသော သူများအားလုံးက စိတ်ကူးယဥ် ကြတော့သည်။
အပိုင်း ၁၅ ပြီး၏။