စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၅၀) သူငယ်ချင်း ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ မင်းငါ့ကို ကူညီပေးစေချင်တယ်
” ဒါဆိုရင် မီးတောင်ထွတ်ကျောက်နှစ်စီးကို အရင်ဆုံးမှာထားမယ် … ”
” ဟုတ်ပြီ ဟုတ်ပြီ … အခု ငါ့ကိုလိပ်စာပို့ပေး … အခုချက်ချင်းပို့ပေးလိုက်မယ် … ”
ကြယ်ခုနှစ်လုံးတန်းပြီးနောက် မြို့၏ စီးပွားရေးအခြေအနေကလည်း အတော်လေးထိခိုက်သွားခဲ့သည်။ ဝမ်တလုံကလည်း လက်တလော၌ အခြေအနေမကောင်းပေ။
ယခု ယဲ့ရှောင်က မီးတောင်ထွတ်ကျောက်များကို ယူသွားလေရာ ယင်းက အလွယ်တကူမရောင်းချနိုင်သည့် ပစ္စည်းဖြစ်သည်။ သူအတွက် ငွေကြေးအချို့ရရှိလာသောကြောင့် သူက အလွန်ပျော်ရွှင်နေတာ သဘာဝကျ၏။ ထို့ကြောင့် ယဲ့ရှောင်က မီးတောင်ထွတ်ကျောက်လိုချင်နေသည့်အချိန်တွင် သူက နောက်နေ့နံနက်စောစော၌ ယဲ့ရှောင်ဆီသို့ ပို့ပေးလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယင်းက ပိတ်ရက်ဖြစ်နေ၏။ ယဲ့ရှောင်က အိမ်တွင်ရှိနေသည်။ သူက မီးတောက်ထွတ်ကျောက်ထဲရှိ လေဟာနယ်စွမ်းအင်များအားလုံးကို သန့်စင်ခဲ့ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်း သိမ်းလိုက်၏။
သို့သော် ယဲ့ရှောင်မထင်ထားသည်က သိုလှောင်လက်စွပ်သည် မီးတောင်ထွတ်ကျောက် တစ်စီးစာရှိ ဝိညာဥ်စွမ်းအင်ကို စုပ်ယူလိမ့်မည်ဆိုတာပဲ ဖြစ်သည်။ ပြီးနောက် ၎င်းသည် အကန့်အသတ်သို့ရောက်သွားသည့်ပမာ ဝိညာဥ်စွမ်းအင် စုပ်ယူနိုင်ခြင်းမရှိတော့ပေ။
” ကြည့်ရတာ သူ့အကန့်အသတ်ကိုရောက်သွားပြီ တူတယ် … ”
မီးတောင်ထွတ်ကျောက်သည် လေဟာနယ်စွမ်းအင်ပါဝင်သည့် ကုန်ကြမ်းတစ်မျိုးဖြစ်သော်ငြား မည်သို့ပင်ဆိုစေကာမူ လေဟာနယ်စွမ်းအင်သည် ဤလောကကြီးထဲရှိ အသန်မာဆုံးစွမ်းအားလည်း ဖြစ်သည်။ မီးတောင်ထွတ်ကျောက်သည် လေဟာနယ်စွမ်းအင်ပါဝင်သည့် ကုန်ကြမ်းများထဲမှတစ်ခုဖြစ်ပြီး အနည်းဆုံးကုန်ကြမ်းမျိုးလည်း ဖြစ်သည်။ ထို့ကြောင့် လေဟာနယ်စွမ်းအင် ပိုလိုချင်လျှင် ပိုကောင်းသည့်ကုန်ကြမ်းရှာရမည်။
ကုန်းနှီးဖြင့် မြင်းကောင်း။
ထို့အပြင် အခြားနည်းလမ်းလည်း ရှိသေး၏။ ယင်းက သိုလှောင်လက်ကောက်ပဲ ဖြစ်သည်။ ၎င်းကပိုကြီးလေ သိုလှောင်စွမ်းအင်၏ ဝင်ဆန့်နိုင်သည့်အရေအတွက်ကို တိုးချဲ့နိုင်လေဖြစ်သည်။ သို့သော် ယဲ့ရှောင်က အမျိုးသားတစ်ဦးဖြစ်၏။ သူ လက်ကောက်ဝတ်ထားလျှင် မည်သည့်ပုံဖြစ်သွားမည်နည်း။ ထို့ကြောင့် ယဲ့ရှောင်က လက်ကောက်ကို သေချာပေါက်ဝတ်မှာ မဟုတ်ပေ။
သူက သိုလှောင်လက်စွပ်အချို့ကို လုပ်နိုင်လျှင် ယင်းက အလွန်မြင့်မားရာ ရောက်သွားပေလိမ့်မည်။ သို့သော် သိုလှောင်လက်စွပ်ကလည်း လိုအပ်သည့်ပစ္စည်းဖြစ်နေ၏။
ယဲ့ရှောင်သည် အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲများကို ပိုမိုကြုံတွေ့လာရပြီး သူသတ်ဖြတ်လိုက်သည့် ကြယ်တာရာသားရဲများ၏ အရေအတွက်ကလည်း တိုးလာလိမ့်မည်။ သူ့အဖို့ ကြယ်တာရာသားရဲများအားလုံးကို တစ်ခါထဲစားလိုက်ဖို့က မဖြစ်နိုင်ပေ။ တစ်ခါတစ်ရံတွင် အချို့သောအသားများကို အချိန်အတော်ကြာ သိမ်းထားချင်၏။
ထို့အပြင် ကြယ်တာရာသားရဲများက ကျိဖုန်းနှင့် ဘုရင်အေးလောက် မသေးပေ။ ရေဘဝဲနော့ဖစ်ကဲ့သို့ အလွန်အကောင်းကြီးသည့် သားရဲများလည်း ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ လက်တံတစ်ခုကပင် ကြီးလွန်းသောကြောင့် သိုလှောင်လက်စွပ်ထဲတောင် မဆန့်ပေ။
ပင်မခန်းမသည် မည်မျှကြီးမည်ဖြစ်ကြောင်း မှန်းဆနိုင်ပေ၏။
ထို့ကြောင့် ယဲ့ရှောင်သည် သိုလှောင်ခန်းတစ်ခုအတွက် လေဟာနယ်ကုန်ကြမ်းတစ်ချို့ကို ရရန် နည်းလမ်း စဥ်းစားနေသေး၏။
နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်နှင့် ဟွမ်လျို့လီတို့က ကြယ်တောင်ပံ၊ ကြက်ခြေထောက်၊ ကြက်အသည်း၊ ကြက်နှလုံး စသည့် ကျိဖုန်း၏ ခန္ဓာကိုယ်ကနေ ခုတ်ထစ်နိုင်သည့်အရာအားလုံးကို သူတို့ အမြန်စားသောက်လိုက်သည်။
၎င်းက သခင်နှင့်အစေခံ၏ သွေးအဆီအနှစ်နှင့် ကျင့်ကြံဆင့်တို့ကို ကြီးကြီးမားမားတိုးစေ၏။
ဟွမ်လျို့လီ၏ ကျင့်ကြံဆင့်ကလည်း အဆင့်ချိုးဖျက်တက်တော့မည့် အနေအထားထိ တက်လာပြီး မကြာမီ၌ သူမက အဆင့်တက်ပြီး ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်။
သူမက ရှန့်ထျန်း စတုတ္ထအဆင့်ရောက်ပြီ ဖြစ်သည်။ ထိုမျှများပြားသည့် အံ့ဖွယ်အဆင့် ကြယ်တောင်ပံများနှင့် ခြေထောက်များကို စားသုံးပြီးနောက် သူမ၏ ကျင့်ကြံဆင့်တိုးမြင့်မှုက သူမအဆင့်တက်ရန်လိုအပ်သည့် ပမာဏလုံလောက်နေပြီ ဖြစ်သည်။
ယဲ့ရှောင်၏ ကျင့်ကြံခြင်းအတွက်မူ အနည်းငယ်ချို့တဲ့နေသေး၏။ အကြောင်းမှာ ယဲ့ရှောင်သည် ရှန့်ထျန်း သတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်ရှိပြီးသောကြောင့် ဖြစ်သည်။
ချီရှန်းအဆင့်တွင် အံ့ဖွယ်ကြယ်တာရာသားရဲကို စားခြင်းဖြင့်ရရှိသည့် ခွန်အားတိုးမြင့်မှုက သူမအဆင့်အထက် အသားကိုစားသည့် ဟွမ်လျို့လီလောက် မသန်မာတာ သေချာ၏။
သို့သော် သူ ရှန့်ထျန်း အဋ္ဌမအဆင့်သို့ အဆင့်တက်တော့မည်ကိုမြင်သောအခါ ယဲ့ရှောင်က ၎င်းကို ဆွဲမထုတ်ချင်ပေ။ ဆိုရလျှင် သူ့ခွန်အားရှိ တိုးတက်မှုတိုင်းက ဘေးကင်းမှုကို စိတ်ချရစေ၏။
သို့သော် သူ့သိုလှောင်လက်စွပ်ထဲတွင် ကျိဖုန်း၏ ကြက်ခြေထောက်များနှင့် ကြက်တောင်ပံများအားလုံး စားကုန်သွားပြီ ဖြစ်သည်။
ဝိညာဥ်စွမ်းအင် ညွှန်ကြားချက်အရ ကျိဖုန်းသည် ထွက်ပြေးနေသေးဆဲ ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူမက ကျန်သည့်အံ့ဖွယ်ကြယ်တာရာသားရဲများကို ရှာမတွေ့သေးပေ။ ထို့ကြောင့် သူတို့နောက်လိုက်ပြီး အချိန်မဖြုန်းချင်ပေ။
ရှင်းလင်းနေသော သိုလှောင်လက်စွပ်ကိုကြည့်လိုက်ပြီး ယဲ့ရှောင်က အနည်းငယ် ဒွိဟဖြစ်သွား၏။
” အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင်ကို ဘယ်နေရာမှာများ သွားရှာရမလဲ … ”
သူအလုပ်ဆင်းသည့်အချိန်တွင် သူ့အဖိုး၏ ရုပ်ထုကို ယဲ့ရှောင်တွေ့လိုက်ရ၏။ ဒီတော့မှ သူ့မျက်နှာထက်မှ အပြုံးတစ်ပွင့် ပေါ်လာတော့၏။
နော့ဖစ် …။
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သူသည် ကျိဖုန်းနှင့် လျှို့ဝှက်ကြံစည်ခဲ့ပြီး သူ့ကို ပြဿနာရှာရန် ကြိုးပမ်းခဲ့၏။ အဆုံးတွင်မူ သူက လွန်ခဲ့သည့်ရက်ပိုင်းက ကြက်တောင်ပံများကို စားသုံးရတာ စွဲလမ်းနေခဲ့ပြီး နော့ဖစ်အကြောင်း မေ့သွားခဲ့သည်။
ယင်းက အမှားလုပ်မိတာပဲ ဖြစ်သည်။ ထိုကြောင့် ထိုနေ့ သန်းခေါင်ယံ၌ ယဲ့ရှောင်သည် ကျန်းဟိုင်မြို့ထဲရှိ လူအားလုံး အိပ်မောကျနေသည့်အချက်ကို အခွင့်ကောင်းယူပြီး ရုပ်ထုအောက်သို့သွားရန် နတ်ဘုရားအာရုံစူးစိုက်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။
ထိုမတိုင်ခင် နော့ဖစ်၏ လက်တံက မြေပြင်ပေါ်၌ အပေါက်ကြီးတစ်ပေါက်ဖွင့်ခဲ့၏။ သို့သော် နောက်ပိုင်းတွင် စည်ပင်သာယာက ဆောက်လုပ်ရေးကုန်ကြမ်းများဖြင့် ဖြည့်လိုက်၏။
ယဲ့ရှောင်အဖို့ ယင်းက ခက်ခဲသည့်ကိစ္စမဟုတ်ပေ။
သူက ကောင်းကင်ပိုင်းဖြတ်ခြင်းဓားကို အသက်သွင်းခဲ့ပြီး မြေအောက်ဆီသို့ လမ်းကြောင်းတစ်ခုကို ဖျက်တောက်လိုက်၏။ မြေများဖယ်ရှားပြီးနောက် သူက မြေအောက်ဆီသို့ တန်းသွားလိုက်သည်။
မြေအောက်ရောက်ပြီးနောက် အစီအရင်ထဲ၌ နေရာတစ်ခုဖွင့်ပြီးနောက် နော့ဖစ်ကို ချိတ်ပိတ်ထားသည့်နေရာသို့ အလွယ်တကူဝင်သွားသည်။
နော့ဖစ်သည် ယဲ့ရှောင်၏ ခွန်အားကို မျက်မြင်တွေ့ပြီးချိန်မှစပြီး သူက မြေအောက်တွင်ရှိနေခဲ့ကာ အပတ်တကုတ် ကျင့်ကြံနေလေ၏။
ချိတ်ပိတ်ခံရခြင်း၏ အဓိပ္ပါယ်သည် သူက ကျင့်ကြံဆင့်အနည်းငယ်သာ ရနိုင်တာဖြစ်သော်ငြား ခြင်တစ်ကောင်သည် မည်မျှသေးနေစေကာမူ အသားဖြစ်နေသေး၏။ ယခုအချိန်တွင် နော့ဖစ်က ကျင့်ကြံပြီးခါစ ဖြစ်သည်။
ဟူး …
အသက်ရှုထုတ်ပြီး ရေဘဝဲ၏ မျက်နှာ၌ ထူးဆန်းသောအပြုံး ပေါ်လာသည်။
” ဟုတ်ပြီ … ရက်နည်းနည်းလောက်ကျင့်ကြံပြီးနောက် ငါ့ရဲ့ကျင့်ကြံဆင့်က တိုးတက်လာပြီ … သူတို့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားပေမယ့် သွေးမျိုးစိတ်က လုံလောက်အောင်သန်မာပြီးသား … ဒါအပြင် ငါ့ခန္ဓာကိုယ်က ရှန့်ထျန်း နဝမအဆင့်မှာ ရှိနေပြီ … လုံလောက်တဲ့အတွေ့အကြုံရှိတယ် … ဒါကြောင့် အဆင့်တက်ဖို့က အသေးအမွှားဖြစ်နေသေးတုန်းပဲ …
” ဒီနှုန်းနဲ့ဆို ငါ့ရဲ့ကိုယ်ခွဲက နှစ်တစ်ထောင်အတွင်းမှာ ရှန့်ထျန်းအဋ္ဌမအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်လိမ့်မယ် … အဲ့ဒီအချိန်ကြရင် ဒီချိတ်ကို ချိုးဖျက်ဖို့က အသေးအမွှားဖြစ်သွားမှာ … ”
” ဟား ဟား ဟား ဟား ဟား ဟား ဟား … ”
ရယ်မောနေစဥ် လူရိပ်တစ်ရိပ်ကို ရုတ်တရက်မြင်လိုက်သည်။
ထိုထက်ပိုတောင် ကြောက်မက်ဖွယ်ကောင်းသည်က သူ၏ အိပ်မက်ဆိုး ယဲ့ရှောင်ပင် ဖြစ်သည်။
” မင်း ဒီကိုဘာကြောင့် ရောက်နေတာလဲ … ”
နော့ဖစ်က ကျုံ့သွားပြီး နောက်သို့အမြန်ဆုတ်လိုက်၏။ သူက ချိတ်နားသို့နီးကပ်နေလျက် သူနှင့် ယဲ့ရှောင်ကြား အကွာအဝေးကိုထိန်းထားရန် ယူဆခဲ့သည်။
ယဲ့ရှောင်က သူ့စကားကို လျစ်လျူရှု့ထားကာ သူ့ကို ထူးမခြားနားအမူအရာဖြင့် ပြောလိုက်၏။
” လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျိဖုန်းကို မင်းခေါ်လာတာမလား … ”
နော့ဖစ်က အမြန်ပင် သူ၏ လက်တံများကို ရမ်းလိုက်၏။
” ငါ မဟုတ်ဘူး ငါ မဟုတ်ဘူး … အဲ့တာ ငါနဲ့ ဘာမှမသက်ဆိုင်ဘူး … သူလာတာကို ငါမသိခဲ့ဘူး … သူဘာသာသူလာတာ … ဒါ့အပြင် မင်းကို တိုက်ခိုက်ခွင့် ငါ မပေးခဲ့ဘူး … သူဘာသာသူ တိုက်ခိုက်တာ … မင်း ငါးခေါင်းကို မှားယွင်းစွပ်စွဲလို့ မရဘူးလေ … ”
” ခင်ဗျားရဲ့ဝိညာဥ်စိတ်အာရုံက ခေါင်မိုးပေါ်မှာ အဲ့အချိန်တုန်းက ရှိနေတယ်ဆိုတာ ကျုပ်မသိဘူးထင်နေတာလား … ”
” … ”
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … အဲ့ဒီတုန်းက မင်းဘာသာမင်း လဲ့စားချေချင်တဲ့လူနဲ့ ပြဿနာတက်နေတာမဟုတ်ဘူးလား … ”
သူတစ်စုံတစ်ခု ရုတ်တရက်နားလည်သွား၏။
ယဲ့ရှောင်က သူ့ကို ပြဿနာမရှာခြင်း မဟုတ်ပေ။ ယဲ့ရှောင်က သူ့ကို ပစ်မှတ်အနေဖြင့် ထားထားတာပဲ ဖြစ်သည်။ ထိုလူက သူ့ကို ပြဿနာရှာချင်၏။ အချိန်မရွေးပြဿနာရှာချင်လျှင် အချိန်မရွေးပြဿနာရှာနိုင်သည်။ ယင်းက အလွန်ရိုးရှင်းပေသည်။
သူ ဤနေရာသို့လွယ်လင့်တကူရောက်လာ၏။
” သေစမ်း … ”
နော့ဖစ်၏ ရင်ထဲ၌ စွမ်းအင်ဖိနှိပ်မှုတို့က ကင်းမဲ့လာသည်။
” ဟုတ်ပြီ … ဒီ ကြည်ညိုလေးစားဖို့ကောင်းတဲ့သူ ကိုယ်တိုင်က အရှုံးကို ဝန်ခံပါတယ် … မင်း ငါ့ကို သတ်ချင်သတ် ခုတ်ချင်ခုတ် ကြိုက်တာလုပ် … ဒါပေမယ့် ရှောင်လင်အဖို့ ဒီလူကို ငါ့ကို ပို့ပြီး ကျန်းဟိုင်မြို့ရဲ့ ဝိညာဥ်စွမ်းအင်တိုးအောင်လုပ်ဖို့က လွယ်တာမဟုတ်ဘူး … မင်းငါ့ကို သတ်လိုက်မယ်ဆိုရင် ကျန်းဟိုင်မြို့ထဲက ဝိညာဥ်စုစည်းခြင်း အစီအရင်အမြုတေ ရှိတော့မှာမဟုတ်ဘူး … ”
သူက နောက်ဆုံးသော ခေါင်းမာမှုကို ပြုလုပ်ခဲ့၏။
သို့သော် သူအဖို့ အံ့သြသွားရသည်က ယဲ့ရှောင်သည် သူ ပြောတာကို အမှန်တကယ်သဘောတူလိုက်တာပဲ ဖြစ်သည်။
” ခင်ဗျားပြောတာ မှန်တယ် … ဒီတော့ ကျုပ်ခင်ဗျားကို မသတ်ဘူး … ”
နော့ဖစ်က ကြောင်အသွား၏။
” ဒါဆို ဒီကို ဘာကြောင့်လာတာလဲ … ”
သူက ယဲ့ရှောင် သူ့ကို စကားပြောပြီး သတိပေးရုံသက်သက်ဖြင့် လာလိမ့်မည်ဆိုတာ မယုံပေ။
သိုင်းပညာရှင်တွေက ဒီလောက်ထိ ပြင်းမနေလောက်ဘူးမလား။
သို့သော် သူမေးပြီးသည်နှင့် ယဲ့ရှောင်က ဓားအလင်းကို ဝှေ့ရမ်းကာ ထိုနေရာမှာပင် သူ၏ လက်တံနှစ်ခုကို ပိုင်းဖြတ်လိုက်တော့၏။
ရွှီ …
လက်လက်ဆက်ဆက်သွေးများက ပန်းထွက်လာပြီး နော့ဖစ်ကလည်း နာကျင်စွာအော်လိုက်၏။
” အား အား အား … မင်းငါ့ကို မသတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား … ”
ယဲ့ရှောင်သည် လက်တံနှစ်ခုကို သူ၏ သိုလှောင်လက်စွပ်ထဲထည့်လိုက်၏။
” ကျုပ် ခင်ဗျားကို သတ်လို့လား … မသတ်ဘူးမလား … ကျုပ်ကျင့်ကြံဆင့်တိုးမြင့်အောင်လို့ သွေးအဆီအနှစ်အချို့ ထောက်ပံ့ပေးဖို့ပဲ ပြောတာလေ … ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားသည်။
” မင်းဘာသာမင်း ကျင့်ကြံနိုင်တယ်ဆိုတော့ မင်းဘာသာမင်း ကုသနိုင်မှာပဲ … ငါ မကူညီတော့ဘူး … ”
ယဲ့ရှောင်က ချိတ်ကို ပြန်လည်ပြုပြင်ပြီး ထွက်သွားသောအခါ နော့ဖစ်က ဒေါသထွက်လွန်းသောကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။
” အား … ငါးတစ်ကောင်ကို အနိုင်ကျင့်တာ လွန်လွန်းတာပဲ … ငါးကို အနိုင်ကျင့်တာ များလွန်းတယ် … ”
” ဒီလူ ဒီမှာရှိနေတာကြောင့်သာမဟုတ်ရင် သူက အရှက်ကွဲခံမှာမဟုတ်ဘူး … သေသင့်တဲ့လူသား စောင့်နေလိုက်စမ်း … ပင်မခန္ဓာက မင်းကို အနှေးနဲ့အမြန် လာဖြေရှင်းလိမ့်မယ် … အနှစ်ထောင့်ငါးရာပဲ … အနှစ်ထောင့်ငါးရာကြာရင် ပင်မ ခန္ဓာကိုယ်က မင်းကို အရှင်လက်လက်စားပြီး အရှင်လတ်လတ် အရေခွံစုတ်မယ် … မင်းရဲ့ အရွတ်ကြောတွေကို ဆွဲထုတ်မယ် … မင်းကို သံပြားပေါ်မှာကင်တဲ့ လူဖြစ်အောင် လုပ်ပစ်မယ် … ”
သူ၏ အမျက်ဒေါသများကို ဖောက်ထုတ်ပြီးနောက် ဒဏ်ရာရထားသည့် လက်တံကို ကြည့်ပြီး ရင်နာလာ၏။ သူ၏ မျက်နှာထက်၌ မျက်ရည်များကျလာတော့သည်။
” သေစမ်း … ငါကျင့်ကြံဆင့်နည်းနည်းလေးတက်အောင်လုပ်ဖို့ မလွယ်ကူတဲ့ဟာကို ဒီတစ်ခေါက် ထပ်ပြီး ဖြုန်းတီးမိပြန်ပြီမလား … ”
ဝူး ဝူး ဝူး …
” သေသင့်တဲ့လူသား … ”
ရေဘဝဲသားရသွားသည့် ယဲ့ရှောင်ကမူ အိမ်သို့ချက်ချင်းမပြန်ပေ။ ထိုအစား ကျိုးစီရင်စုနှင့် ချင်းစီရင်စုကြား နယ်စပ်နားရှိ တောင်တန်းများဆီ သွားလိုက်သည်။
သူ၏ ကျင့်ကြံဆင့်က အနည်းငယ်ချို့တဲ့နေသေး၏။ သူ ထိုရေဘဝဲအသားကို စားလိုက်သရွေ့ အောင်မြင်စွာ အဆင့်တက်နိုင်မှာ သေချာသည်။ အဆင့်တက်ပြီးနောက် မိုးနှင့်မြေ၏ ဖြစ်စဥ်ကို ဖြစ်ပေါ်စေမှာ သေချာ၏။
ရှန့်ထျန်း ဆဠမအဆင့်သို့ အဆင့်တက်ပြီးနောက် ဖြစ်စဥ်တစ်ခုဖြစ်နေလျှင် အကြိမ်တိုင်း၌ ယင်းက ပိုမိုသန်မာလာလိမ့်မည်။
ကျန်းဟိုင်မြို့၌ ရှန့်ထျန်း အဋ္ဌမအဆင့်သို့ အဆင့်တက်သည့် မူမမှန်သော လက္ခာဏာပေါ်လာခဲ့လျှင် ယင်းက ရုတ်ရုတ်သဲသဲဖြစ်စေလိမ့်မည်။
ယဲ့ရှောင်က မီးမွှေးပြီးနောက် ဧရာမအနက်ရောင်ကြေးခွံမြွေနှစ်ကောင်နှင့် ယှဥ်နိုင်စွမ်းရှိသည့် လက်တံများကို ကင်လျက် ငရုတ်ကောင်းမှုန့်၊ ဇီယာနှင့် ငရုတ်မှုန့်တို့ကို ဖြူးလိုက်၏။
လုပ်ငန်းဆောင်တာများပြီးနောက် မွှေးပြန့်သည့် ရေဘဝဲသားက ချက်ပြုတ်ပြီးပြီ ဖြစ်သည်။ သူက ရေဘဝဲလက်တံကို စားသုံးပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနှစ်က ရူးသွပ်စွာ ပြန့်ကားလာ၏။ ထိုစဥ် နတ်ဘုရားလျှပ်စီးတန်းကလည်း ကောင်းကင်ကနေ ရုတ်တရက်ကျလာသည်။
ဗန်း …
ဧရာမနတ်လျှပ်စီးသည် ယဲ့ရှောင်ဘေးရှိ ဧရာမသစ်ပင်ကြီးကို ပြာဖြစ်သွားစေ၏။
” … ”
အခြေအနေက ဘာလဲ။
ရှန့်ထျန်း အဋ္ဌမအဆင့်ကို အဆင့်တက်ပြီးတဲ့နောက် သူက ကျင့်ကြံခြင်းဝတ္ထုတွေထဲကလိုမျိုး မိုးကြိုးပစ်ခံရတော့မှာလား။
အချိန်အတော်ကြာလေ့လာပြီးနောက် ယဲ့ရှောင်က သဘောပေါက်သွားသည်။ အစောတုန်းက မိုးကြိုးတိမ်တိုက်သည် သူ့ကို ပစ်ချတာမဟုတ်ပေ။ နောက်အဆင့်တွင် ပစ်ချလောက်၏။ ယခုမူ သူ့ကို မှတ်သားရုံသာ ဖြစ်ပုံပေါ်သည်။
ရှန့်ထျန်း နဝမအဆင့်သို့ အဆင့်တက်ပြီးရင် သူက အံ့ဖွယ်ဂိုဏ်းကို တက်သွားချင်ပြီး ဘုရင်အဆင့်ကို အဆင့်တက်ချင်တယ်ဆိုရင် မိုးကြိုးပစ်ခံရမှာလား။
အပိုင်း (၁၅၀) ပြီး၏။