အပိုင်း (၃၀) အသက်ရှူခြင်းနည်းစနစ်အား ပြောင်းပြန်အသုံးပြုခြင်း
ငန်းရေကန် ၌ဖြစ်သည်။
မိုးမခပင်များက ဤနေရာတစ်ဝိုက်ကို ၀န်းရံထားပြီး လေထဲ၌ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် ပြည့်နေလေ၏။
ဤတစ်က်ြိမ်တော့ စုရှောင်ရှန် မျက်စိလည်လမ်းမှားရင်း ငန်းရေကန်သို့ ရောက်လာခြင်းမဟုတ်ပေ။ သူ့လက်ထဲ၌ ဓားနက်ကိုကိုင်ထားပြီး ပတ်၀န်းကျင်ကို အသေအချာ လိုက်ကြည့်လိုက်သည်။ ကောက်ရိုးခမောက်နှင့် မျက်ကွင်းညိုနေသော အဖိုးကြီးရှိမည်လားဟု လိုက်ရှာနေခြင်းဖြစ်သည်။
ထိုအဖိုးကြီးအားထပ်တွေ့ပါက သူယခင်တစ်ခေါက်က ပြောထားသည့်အတိုင်း ဓားဖြင့်တန်းခုတ်လိုက်မည်ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့် ညရောက်သည်ထိတောင် ထိုအဖိုးကြီးအား သူမတွေ့ရပါချေ။
ငန်းရေကန်မှာ တိတ်ဆိတ်သည့်အတွက် လေ့ကျင့်ရန် နေရာကောင်းတစ်ခုဖြစ်သည်။ သူစောင့်ဆိုင်းနေရင်း နေ့လယ်မှ ဓားနည်းစနစ်နှင့်သက်ဆိုင်သော အတွေးအမြင်သစ်များကို ဆင်ခြင်ကြည့်လိုက်သည်။
ဓားထိပ်သီးပေါ်လာပြီးနောက် သူ၏ ဓားလမ်းစဉ်ကျင့်ကြံရာရှိ ပါရမီနှင့် နားလည်နိုင်စွမ်းတို့ကို အဆပေါင်းများစွာ အဆင့်အတင်း မြှင့်တင်လိုက်၏။ သူ၏ ပင်ကိုယ်စွမ်းရည်အဆင့်မြင့်သည်နှင့် သူ၏ ဓားနည်းစနစ်၏ အလားအလာများလည်း မြင့်တက်လာကြောင်းကိုသိလိုက်ရသည်။
သူသွေးအေးသွားသည်နှင့် အရာများစွာ ခေါင်းထဲ၀င်လာခဲ့၏။
ဥပမာအားဖြင့် တိရှင်းအယ်နှင့် တိုက်ပွဲအတွင်း သူမ၏ ဓားနည်းစနစ်မှ ချို့ယွင်းချက်များကို သတိပြုမိခြင်းမျိုးဖြစ်သည်။ ထိုစဉ်က တိရှင်းအယ် ဓားအသုံးပြုရာတွင် မကျွမ်းကျင်ဟုသာ ထင်ခဲ့သည်။ သို့သော်ယခု သူသေချာပြန်စဉ်းစားကြည့်သော် သာမန်လူတစ်ယောက်၏ အတိုင်းအတာထက် ပိုလွန်သွားသည့် သူကိုယ်တိုင်ကြောင့် ဖြစ်မှန်းသိလိုက်ရလေသည်။
ထိုတစ်ဖက်ပိတ်အမြင်နှင့် စတင်ခြင်းနယ်ပယ်တစ်ဖက်သွားဓားဆန္ဒကို ကျွမ်းကျင်သော ကျိုးထျန်းရှန်သာ ဤနယ်ပယ်၌ သူ့အား ဖိအားပေးနိုင်လေသည်။
စုရှောင်ရှန်ထံတွင် သင်ကြားပြသပေးမည့် ဆရာမရှိချေ။ သို့ကြောင့် သူ၏ယခင်က လေ့ကျင့်ခဲ့သော နည်းစနစ်များမှ အတွေ့အကြုံများကို ပေါင်းပြီးသာ ဓားဆန္ဒကို နားလည်သဘောပေါက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူပို၍ ပို၍ နက်နက်ရှိုင်းရှိုင်းတွေးလေလေ ဓားဆန္ဒ တစ်ခု သက်သက်ဖြင့် တိုက်ခိုက်ခြင်းက စိတ်ဝိညာဉ်နည်းစနစ်များပေါင်းထည့်၍ တိုက်ခိုက်ခြင်းထက် ပို၍ သဘာ၀ကျသည်ဟု ခံစားရလေလေ ဖြစ်သည်။
စုရှောင်ရှန် မေးစေ့ကိုပွတ်လိုက်ရင်း အတွေးထဲ နစ်၀င်သွားခဲ့၏။
“ဆိုတော့… ငါအထင်မှားနေတာလည်းဖြစ်မှာပါ။ ငါက အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်တစ်ခုတည်းပဲသိတော့ ဆိုတော့ ဘယ်လမ်းစဉ်က ပိုပြီး သန်မာတယ်ဆိုတာ သေချာမပြောနိုင်ဘူး”
ထိုသို့ ဓားဆန္ဒတစ်ခုတည်းဖြင့် တိုက်ခိုက်ခြင်းမှာ အလားအလာပိုကောင်းသော်လည်း ဤအတွေးများအား ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ တကယ်သန်မာသည့် ဓားသမားတစ်ယောက်ယောက်နှင့်တွေ့ပြီး သူ၏ သံသယများအားရှင်းလင်းပြီးမှသာ ဤလေ့လာချက်ကို ဆက်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် သူ့တွင် ထိုသို့သော ဓားသမားနှင့်တွေ့ရန် အခွင့်အရေးမရှိပေါပေ။
သူ၏ ဒန်ထျန် ထဲရှိ ငရဲမီးတောက်အစေ့မှာ နေအသေးလေးအလား သူ၏ဒန်ထျန်ထဲကိုလောင်ကျွမ်းနေရာ ၎င်းပင်ရဲရဲနီနေချေလေပြီ။ တစ်ရက်အတွင်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ လျော့ကျလာနေသည်ကို စုရှောင်ရှန် ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရသည်။
စိတ်ဝိညာဉ်စွမ်းအင်များကိုလည်ပတ်ရန်ကြိုးစားလိုက်သည်နှင့် အပူစွမ်းအင်များက သူ၏ သွေးကြောများကို ဖြတ်တောက်သွားနေသည်။
သို့တောင် သူ့တွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိ၍ပင်။ သာမန်လူဆိုပါက ငရဲမီးတောက်အစေ့ကို စားလိုက်သည့် စက္ကန့်ပိုင်းအတွင်း သေဆုံးသွားနိုင်သည်။
ထို့အတူ သူ၏ တိုက်ခိုက်စွမ်းရည်များလည်း ပို၍ သန်မာလာခဲ့သည်။ သို့သော် ချို့ယွင်းချက်မှာ ရန်သူကို ဒဏ်ရာရအောင်လုပ်ရန် သူ့ကိုယ်သူ အရင်ဒဏ်ရာရအောင် လုပ်ဖို့ လိုသည်လေးတစ်ခုပင်။
“ငါ ဒီပစ္စည်းကို လုံး၀သန့်စင် ပစ်ရမယ်။ မဟုတ်ရင် ထာ၀ရအသက်စွမ်းအင်ကြောင့် ငါ့ခန္ဓာကိုယ် အဆင်ပြေရင်တောင် ငါ့ကျင့်ကြံခြင်းက ဖျက်ဆီးခံရတော့မှာ”
သူ့စိတ်ထဲမှ ဖန်သားပြင်ကိုကြည့်လိုက်သည်။ [ပင်ကိုယ်မှတ် : ၂၇၈၉၉]
ကျိုးထျန်းရှန်နှင့်တိုက်ပွဲအတွင်းသူ၏ ဓားထိပ်သီး ပင်ကိုယ်စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ပင်ကိုယ်မှတ် (၅၀၀၀) အသုံးပြုခဲ့သည်။
သို့သော် မီးအကင်ခံနေရသည့် (၃) နာရီအတွင်း သူ၏ ပင်ကိုယ်မှတ်များ တဖန် (၂၀၀၀၀) ပြန်ကျော်လာခဲ့သည်။ ထိုထဲတွင် စိတ်ဓာတ်ပြင်းပြနေသည့် ပုရိသတ်ကြီး၏ အကျိုးကျေးဇူးများကြောင့်လည်းပါ ပေသည်။
ပင်ကိုယ်မှတ်များ တိုးလာခြင်းမှာ သူ့အတွက် ကောင်းမွန်သော အရာဖြစ်သည်။ သို့သော် ကိုယ်အတွင်းထဲမှ အကင်ခံနေရသည့် ခံစားချက်က ငရဲအလားပင်။ စုရှောင်ရှန်တစ်ယောက် ဤသို့ခံစားနေရခြင်းထက် ပြိုင်ကွင်းထဲသို့၀င်ပြီး လူအယောက်(၁၀၀) ရ်ိုက်နှက်တာသာ ခံလိုက်ချင်သည်။
ထို့ပြင် ယခု သူ၏ ဒန်ထျန်အထက်၌ ၎င်း ရှိနေသော်လည်း ရုတ်တရက် မည်သို့ အန္တရာယ်ဖြစ်လာမည်ကိုလည်း သူမသိချေ။
“ဒီလူယုတ်မာအဖိုးကြီးကတော့ကွာ…”
သူဆုံးဖြတ်လိုက်သည်။ ယနေ့ညဤအရာကို သူလုံးလုံးသန့်စင်တော့မည်ဖြစ်သည်။
စုရှောင်ရှန်ရွှေနီဆေးလုံး (၂) လုံးကိုထုတ်ယူလိုက်ပြီး လက်ထဲ၌ ချေမွလိုက်သည်။ တခဏတာတွေဝေသွားပြီးနောက် စွမ်းရည်မှတ်(၅) မှတ်ကို ၀ယ်ယူကာ အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မြှင့်လိုက်၏။
[အသက်ရှူခြင်းနည်းစနစ်(အဆင့်-၆)]
စုရှောင်ရှန် အသက်ရှူခြင်းနည်းစနစ်ကို (၅) ကြိမ်တိတိ အဆင့်မြှင့်ပြီးသည့်တိုင် မည်သည့် ပြောင်းလဲမှုကိုမှ မခံစားလိုက်ရချေ။
ဤပင်ကိုယ်စွမ်းရည်တစ်ခုတည်းကသာ အဆင့်မြှင့်ပြီးသည် ပြောင်းလဲမှု မပြသည့် စွမ်းရည်ဖြစ်ပေမည်။
သို့ရာတွင် အသိပေးချက်ဖန်သာပြင်ကိုကြည့်နေရင်း သူအလိုလို ကြက်သီးဖျင်းဖျင်းထသွားခဲ့သည်။ ပင်ကိုယ်စွမ်းရည်များထဲတွင် အသက်ရှူခြင်းနည်းစနစ်အား သူအကြောက်ဆုံးဖြစ်သည်။
နဂိုမူလက ဤနည်းစနစ်ကို စစ်မှန်ခြင်းနယ်ပယ်သို့ မရောက်မချင်း အဆင့်မမြှင့်တင်ရန် အစီအစဉ်ဆွဲထားခဲ့သည်။ သို့သော် ယခုသူကြံရာမရဖြစ်နေ၏။ ရွှေနီဆေးလုံးများက ငရဲမီးတောက်အစေ့ကို သန့်စင်ရာတွင် မလုံလောက်ပါက ပြီးမှ ဒုက္ခရောက်ချေမည်။
ထို့ပြင် ဤရွှေနီဆေးလုံးများကို မကြာခဏသုံးဆွဲခဲ့ရာ သူ၏ခန္ဓာကိုယ်က ၎င်းအပေါ် ခုခံနိုင်စွမ်း မြင့်မားလာခဲ့သည်။ ဤသို့ကြောင့် အသက်ရှူနည်းစနစ်ကို အဆင့်(၅)ဆင့်တစ်ခါတည်း မြှင့်တင်ရဲခြင်းဖြစ်သည်။
သို့ဖြင့် ပြင်ဆင်မှုများလုပ်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စုရှောင်ရှန် စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ငရဲမီးတောက်အစေ့ကို ထိတွေ့ရန် လုပ်လိုက်သည်။
ရှူးးး
သူ၏စိတ်ဝိညာဉ်စွမ်းအင်များမှာ လှိုင်းလုံးများကဲ့သို့ ငရဲမီးတောက်အစေ့ကို သွားရိုက်ခတ်သည်။ သို့သော် အလွန်ပူပြင်းသော အပူချိန်ကြောင့် ထိုစိတ်ဝိညာဉ်လှိုင်းများ လောင်ကျွမ်းခြင်းခံလိုက်ရ၏။ ၎င်းနှင့်ထိတွေ့ပြီးသည်နှင့် အကျွင်းအကျန် အနည်းငယ်သာ ကျန်တော့သည်။ ဤအခွင့်ရေးကိုအမိအရဆုပ်ကိုင်လိုက်ပြီး ထိုအကျွင်းအကျန်စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အစေ့ထဲ၌ ကိန်းအောင်းနေသော အပူစွမ်းအင်များကို ဆွဲထုတ်လိုက်တော့သည်။
အလွန်ပူပြင်းသော စွမ်းအင်စီးကြောင်းတစ်ခု သူ့ခန္ဓာကိုယ်အား ရုတ်တရက် ဖြတ်သန်းစီးဆင်းသွားရာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား စုရှောင်ရှန်ခံစားလိုက်ရသည်။ တစ်မိနစ်စာခန့်လောက်သာ အပူစွမ်းအင်များအား ထုတ်ရသေးသော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ အကြောများ၊ အရွတ်များ ပုံပျက်စင်းပျက် လောင်ကျွမ်းပြာကျသွားခဲ့၏။
ထာ၀ရအသက်စွမ်းအင် ၎င်း၏ စွမ်းပကားကို ထပ်ပြလိုက်သည်။ သူပြင်ဆင်ထားခဲ့သည့် ရွှေနီဆေးလုံးကိုပင် မသုံးလိုက်ရဘဲ စုရှောင်ရှန်၏ ဒဏ်ရာများချက်ချင်းပျောက်ကင်းသွားခဲ့သည်။
အလွန်ပြင်းထန်သော နာကျင်မှုကို သူခံစားလ်ိုက်ရပြီး သူ၏ ဒွာရ(၆) ပါးစလုံးမှလည်း သွေးများအဆက်မပြတ်စီးကျလာခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိ အင်္ဂါများအား အပျက်စီးခံပြီး ထိုအစေ့အတွင်းမှ ဆွဲထုတ်လိုက်သော အပူစွမ်းအင်များကို သူသန့်စင်လိုက်သည်။ ထို့နောက် ထိုသန့်စင်ပြီးစွမ်းအင်များကို သူ၏ ဒန်ထျန်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ရောလိုက်သည်။ ချက်ခြင်းသူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ပို၍ သန့်စင် လာကြောင်းကိုတွေ့လိုက်ရ၏။
ယခုသူ၏ စိတ်ဝိညာဉ်စွမ်းအင်များ၌ မီးသတ္တိ စွန်းစွန်းပင် ပါရှိနေ၏။
စတင်ခြင်းအဆင့်၌သာ ရှိနေသေးသော်လည်း စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတို့၏ ထူးခြားချက်ဖြစ်သော ဓာတ်ကြီးငါးပါးထဲမှ မီးသတ္တိစွမ်းအင် သူ့တွင်ရှိသွားသည်။ ဤအစေ့အား အပြည့်အ၀ သန့်စင်ပြီးသော် စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်နှင့် သူနှင့် ဘာခြားတော့မည်နည်း။
စုရှောင်ရှန် အတွေးနက်သွားသည်။
ကြည့်ရသည်မှာ ထိုလူယုတ်မာအဖိုးကြီး သူ့အား ကောင်းသောလာခြင်းဖြင့် ဤအစေ့ကို စားခိုင်ခဲ့သည့်ဟန်ရသည်။ ဤငရဲမီးတောက်အစေ့အား သန့်စင်လိုက်နိုင်ပါက သူ့စွမ်းရည်များ ကြီးကြီးမားမား တိုးတက်သွားပေမည်။
စုရှောင်ရှန်စိတ်လျော့လိုက်သည်။ ယခု အစေ့ကိုသန့်စင်သည့် လုပ်ငန်းမှာ အလွန်နှေးကွေးလေသည်။
ဤနှုန်းဖြင့်ဆိုပါက ငရဲမီးတောက်အစေ့အား အပြည့်အ၀ သန့်စင်ရန် (၂) ပါတ်တိတိ အချိန်ကြာမြင့်ပေလိမ့်မည်။
နေ့တစ်၀က်စာလောက်ဤအရာ၏ ညှင်းပန်းနှိပ်စက်ခြင်းကိုသူခံခဲ့ရရာ ယခု ထိုအရာအား အပြည့်အ၀သန့်စင်နိုင်သည်ဟု သိလိုက်သည်နှင့် နှေးကွေးသည့်နှုန်းနှင့် နာကျင်မှုများကြားမှ အံကြိတ်ရင်း ၎င်းကို စုရှောင်ရှန် သန့်စင်လိုက်သည်။
စုရှောင်ရှန်တကယ် သတ္တိရှိလေသည်။
သန့်စင်နေသည့် အချိန်အတွင်း အလွန်ပြင်းထန်သည့်နာကျင်မှုကို ခံစားနေရသော်ငြား စုရှောင်ရှန် အသံတစ်ချက်မထွက်ဘဲ ကြိတ်၍ခံနေခဲ့၏။ ဤသည်မှာ သာမန်လူတစ်ယောက်မည်သို့မျှ လုပ်နိုင်မည့် အရာမဟုတ်ပေ။ အံကိုတင်းတင်းကြိတ်ရင်း နာကျင်မှုကို လစ်လျူရှူပြီး စုရှောင်ရှန်ဆက်၍ သန့်စင်နေလိုက်သည်။
“ငါဘယ်လို သန့်စင်တဲ့ အရှိုန်ကိုမြင့်လို့ရမလဲ စဉ်းစားစမ်း…”
သူ့မျက်နှာစီးကျလာသော သွေးများကိုသုတ်လိုက်ပြီး ရေကစားနေသည့် ငန်းများကိုကြည့်လိုက်သည်။ ထို့နောက် သန့်စင်နှုန်းမြှင့်တင်ရန် နည်းလမ်းရှာလိုက်၏။
သူ့တွင် ယခု ငရဲမီးတောက်အစေ့အား သန့်စင်ရန် နည်းလမ်းတစ်ခုတည်းသာရှိသည်။ ၎င်းမှာ ပုံမှန် ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြု၍ သန့်စင်ခြင်းပင်ဖြစ်သည်။ သို့သော် ၎င်းက အလွန်နာကျင်ရကာ သန့်စင်နှုန်းကလည်း အလွန်အမင်းနှေးကွေးလေသည်။
သာမန်အားဖြင့် ပုံမှန်ကျင့်ကြံခြင်းနည်းစနစ်အစား အသက်ရှူခြင်းနည်းစနစ်ကိုအသုံးပြု၍ စုရှောင်ရှန် ကျင့်ကြံခြင်းဖြစ်သည်။
သို့ဆိုလျှင် အသက်ရှူခြင်းနည်းစနစ်အားအသုံးပြု၍ ငရဲမီးတောက်အစေ့အား သန့်စင်ကြည့်လျှင်လော။
“အသက်ရှူခြင်းနည်းစနစ်…” စုရှောင်ရှန် ညှင်ညှင်သာသာ ရေရွတ်နေရင်း အတွေးတစ်ခုရသွားသည်။
အခြေခံပင်ကိုယ်စွမ်းရည်များအား ကျင့်ကြံရာတွင်လည်းကောင်း ဒဏ်ရာများအား ကုသရာတွင်လည်းကောင်း သူအသုံးပြုခြင်းဖြစ်သည်။ ထို့ပြင် အသက်ရှူခြင်းနည်းစနစ်အား ကျင့်ကြံခြင်းနည်းစနစ်ဟု စနစ်မှ မဖော်ပြပဲ အခြေခံပင်ကိုယ်စွမ်းရည်ဟုသာ ဖော်ပြထားသည်။
သို့ကြောင့် အဆိုပါ အသက်ရှူခြင်းနည်းစနစ်တွင် အခြား အသုံးများရှိသေးလောက်သည်။
“အသက်ရှူခြင်း နည်းစနစ်…”
“အသက်ရှူခြင်း…”
“အသက်…”
စုရှောင်ရှန်ရုတ်တရက် သူ့ခေါင်းသူရိုက်လိုက်သည်။ အကယ်၍ အသက်ရှူခြင်းနည်းစနစ်၏ အမည်အတိုင်းယူရသော် ၀င်သက်နှင့်ထွက်သက်ရှိပေမည်။ ကျင့်ကြံဖို့နဲ့ ဒဏ်ရာကုသဖို့ကို သူ “၀င်သက်” ဖြင့်သာ လုပ်ဆောင်နေရာ ထိုပင်ကိုယ်စွမ်းရည်မှ “ထွက်သက်” ကိုမေ့နေခဲ့၏။
“ဆေးရဲ့ အာနိသင်ကို အသက်ရှိုက်ပြီး ငါ့ဒန်ထျန်ထဲကိုထည့်နိုင်တယ်ဆိုရင် ငါ့ဒန်ထျန်ထဲက ငရဲနီးတောက်အစေ့ရဲ့ အပူစွမ်းအင်ကိုရော ရှိုက်ထုတ်လိုက်လို့မရဘူးလား”
သူ့အတွေးနှင့်သူ စုရှောင်ရှန် မှက်သက်သွားသည်။ သို့သော်လည်း ၎င်းမှာ ဖြစ်နိုင်ချေများသည်ဟု သူခံစားလိုက်ရသည်။
သူစမ်းကြည့်ရပေမည်။
၀င်သက်ထွက်သက်ကို ချက်ခြင်း ညှိလိုက်သည်။ အသက်ကို တစ်၀ကြီးရှိုက်လိုက်ပြီးနောက် သူ့ကိုယ်တွင်းရှိ ငရဲမီးတောက်အစေ့အပေါ်၌ အာရုံစိုက်လိုက်သည်။ ပြီးလျှင် ငရဲမီးတောက်အစေ့ကို ခန္ဓာကိုယ်ထဲမှ ဖယ်ထုတ်လိုက်သည်ဟု စုရှောင်ရှန် စိတ်ကူးယဉ်ရင်း ညှင်ညှင်သာသာ အသက်ရှိုက်ထုတ်လိုက်သည်။
ရှူး ရှူး ရှူး
အင်မတန်ပူပြင်းသော အပူစွမ်းအင်များ ငရဲမီးတောက်အစေ့မှ ဆွဲထုတ်ခြင်းခံလိုက်ရပြီး သူ၏ အသက်ရှူလမ်းကြောင်းရော ပါးစပ်စီပါ စီးဆင်းလာခဲ့သည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ဖြတ်သန်းလာရာလမ်းတစ်လျှောက်၌ ချော်ရည်စီးကြောင်းတစ်ခုထွက်လာနေသည့်အလားသူခံစားလိုက်ရသည်။
စုရှောင်ရှန်ချက်ခြင်း သွေးတစ်လုတ်အန်ထုတ်လိုက်ရာ ကျစ်ကျစ်တောက်ပူနေသာ စွမ်းအင်များ ပါစပ်ရော နှာခေါင်းမှပါ ထွက်သွားခဲ့သည်။ ဤဖြစ်စဉ်အတွင်း သူ့လည်ချောင်းအရည်ပျော်သွားသည်ဟု ခံစားလိုက်ရပြီး နေရာမှာတွင် ပွဲချင်းပြီး သေလုနီးပါးဖြစ်သွား၏။
သို့သော် သူ၏ ထာ၀ရ အသက်စွမ်းအင်ကြောင့် အနည်းငယ် နေသာသွားသည်။ ချက်ခြင်း ရွှေနီဆေးတစ်လုံးကိုထုတ်ပြီး အားပြင်းပြင်း ရှိုက်ကာ အသက်ရှူငြိမ်သွားစေရန်ကြိုးပမ်းလိုက်သည်။
“ဟ လခွမ်း”
စုရှောင်ရှန်ဆေးလုံးအားတစ်ချက်ရှိုက်ပြီးသော် ရုတ်တရက် ဦးနှောက်ကို သွေးတက်စောင့်သွားသလို ခံစားလိုက်ရသည်။
သူ၏ လက်အတွင်းရှိ ရွှေနီဆေးလုံးမှာ အငွေ့ပျံသွားခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် သူအသက်ကို ရှိုက်လိုက်သောအခါ ယခုမှ ထုတ်လွှတ်လိုက်သော အပူစွမ်းအင်များကို ပြန်ရှိုက်လိုက်သကဲ့သို့ သူ့နှာခေါင်းမှတစ်ဆင့် ကိုယ်ထဲပြန်ဝင်သွား၏။
လရောင်အောက်၌ တောက်ပနေသည့် ငန်းရေကန်တစ်ဘက်ခြမ်းရှိ မိုးမခပင်များအကြား အေးဆေးစွာထိုင်နေသော အဖိုးကြီးတစ်ယောက် ဤအချင်းအရာကိုမြင်သော် အကိုင်းပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွားလေသည်။
“ဒီကောင်လေး သေချင်နေတာလားဟ”