အပိုင်း (၂၇) စုရှောင်ရှန် ချက်ပြုတ်ပြီ
ချု့ယွင်ကွင်းပြင် အဓိက ပြိုင်ကွင်း၌ ဖြစ်သည်။
“စုရှောင်ရှန်”
“ကျိုးထျန်းရှန်”
အရပ်ရှည်ရှည်ပိန်ပိန်ပါ လူငယ်နှစ်ယောက် ညနေခင်း၏ အရောင်အောက်တွင် လျှောက်လာလိုက်ကြသည်။ ကျိုးထျန်းရှန်၏ နားနေဆောင်မှာ စုရှောင်ရှန်၏နားနေဆောင်နှင့် သိပ်မဝေးကွာပါချေ။ သို့ကြောင့် နားနေဆောင်မှထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ အကြည့်များဆုံသွားကြသည်။
သူ၏ ပြိုင်ဘက် သူ့ထက်ပိုကြီးသော တစ်ဖက်သွားဓားကို ကိုင်ဆောင်လာသည်ကို စုရှောင်ရှန်တွေ့လိုက်ရသည်။ သူ့ပြိုင်ဘက်၏မျက်လုံးများမှ တိုက်ပွဲဆာလောင်မှုကြောင့် သူ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေသည်။
ကြည့်ရသည်မှာ သူ၏ ပြိုင်ဘက် အရှုံးပေးမည့်ဟန် မရချေ။
၎င်းမှာသာမန်ဖြစ်သည်။ ဤပွဲအားနိုင်သည့် မည်သူမဆို ထိပ်သီး (၁၆ ) ယောက်ထဲသို့ တက်လှမ်းသွားမည်ဖြစ်၏။ အဘယ်မှာ အရှုံးပေးချင်ပါမည်နည်း။
ကျိုးထျန်းရှန်တွင် ခန့်ညားသော မျက်နှာမျိုး ရှိသည်။ ရွှေလွှမ်းမိုးခြင်းဓားနည်းစနစ်ကို သူကျင့်ကြံခဲ့သည်မှာ နှစ်ချို့နေပြီဖြစ်၏။ ငယ်ရွယ်သူတို့တွင်ရှိသော မိုက်ရူးရဲဆန်မှုမျိုး သူ၏ မျက်နှာထက်၌ ရှိနေရာ တစ်မျိုးကြည့်၍ ကောင်းနေလေချေသည်။ သူထွက်ပေါ်လာသည်နှင့် ဂိုဏ်းသူတစ်ချို့ အော်ဟစ်အားပေးလိုက်ကြသည်။
ပြိုင်ကွင်းပေါ်သို့ တက်သွားလိုက်ပြီး သူ၏ ရှည်လျား၊ ကြီးမားသော ရွှေရောင် တစ်ဖက်သွားဓားကြီးကို ကြမ်းပြင်၌ အသာအယာ စိုက်လိုက်သည်။ ထို့နောက် ဓားလက်ကိုင်နှစ်ဖက်ပေါ်သို့ သူ၏ လက်များကိုတင်ပြီး စုရှောင်ရှန်အား အကဲခတ်လိုက်၏။
“စတင်ခြင်းအဆင့်ဓားစိတ်ဆန္ဒ။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်…”
“စုရှောင်ရှန်… မင်းက တကယ်သန်မာတဲ့ ပြိုင်ဘက်တစ်ယောက်ဆိုတာ ငါကျိုးထျန်းရှန် ၀န်ခံတယ်”
“အပြင်စည်းတစ်ခုလုံးက မိုးတိမ်လေ ပြိုင်ပွဲ ထိပ်သီး အဆင့်ထဲမှာ ငါ့အောက်က အဆင့်(၅) ရဖို့ မင်းအထိုက်တန်ဆုံးပဲ”
ပုရိသတ်များ ပေါက်ကွဲထွက်သွားသည်။ လူတော်တော်များများပင် ကျိုးထျန်းရှန်၏ အေးစက်စက်၊ မောက်မာသည့် အရှိန်အဝါအောက်၌ လွှမ်းမိုးခြင်းခံလိုက်ရတော့သည်။
ကျိုးထျန်းရှန်စကားကို ခပ်မြင့်မြင့်မှနေ၍ ပြောလိုက်သည်။ သူ၏ တိုက်ခိုက်စွမ်းရည်နှင့် မိုးတိမ်လေ အဆင့်တို့ကြောင့် ဩဇာသက်ရောက်မှုက ပို၍ သက်ရောက်မှုရှိသွားလေသည်။
စုရှောင်ရှန် တည်တည်ငြိမ်ငြိမ် ပြုံးပြလိုက်ပါသည်။
ပထမဦးဆုံးအနေဖြင့် သူ့အား ပြိုင်ပွဲမစခင် အရင်ဦးဆုံး ရန်စလာသည့်သူကို တွေ့ရချေပြီ။ ၎င်းက သူ့ကို ပျော်သွားစေသည်။
စုရှောင်ရှန်ကိုပင် စကားပြောခွင့်မပေးဘဲ ကျိုးထျန်းရှန်က ဆက်၍ ဆိုလိုက်သည်။ “ဒါပေမယ့် ဒီတစ်ကြိမ် ငါ့ပစ်မှတ်က အဆင့် (၁) ပဲ”
“ဒါကြောင့် ငါ့ဓားအောက်မှာ မင်း အရှုံးပေးသွားစေရမယ်”
ထိုသို့ပြောပြီး ကြမ်းပြင်မှ ဓားကို ကျိုးထျန်းရှန် ပြန်နှုတ်လိုက်ပြီး စုရှောင်ရှန်အား ၎င်းဖြင့် ထိုးလိုက်သည်။ သူ၏တစ်ဖက်ဓားသွားမှ တစ်ဖက်သွားဓားဆန္ဒ မဆုံးနိုင်သည့်အလား ထွက်လာခဲ့၏။
ခရက် ခရက်..။
တစ်ဖက်သွားဓားဆန္ဒက ပတ်၀န်ကျန်တစ်ခုလုံးကို သိမ်းကြုံး တိုက်ခိုက်လိုက်ရာ ပြိုင်ကွင်း၀န်းကျင်ရှိ နေရာတစ်ခုလုံး အက်ရာများထလာခဲ့သည်။ သို့နောက် ပြိုင်ကွင်းနှင့် အပြင်ဘက်ကို ခြားနားလိုက်သည်။
“တစ်ဖက်သွားဓားဆန္ဒ”
ပွဲကြည့်စင်မှလူတိုင်းတုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာများ၌ မယုံကြည်နိုင်မှုတို့ ၀င်ရောက်လာခဲ့၏။
“ဘုရားရေ။ ဘယ်တုန်းက ကျိုးထျန်းရှန် စတင်ခြင်းအဆင့် တစ်ဖက်သွားဓားဆန္ဒကို ကျွမ်းကျင်သွားတာလဲ”
“သူအဲ့တာကို စိတ်ရှိသလိုထိန်းချုပ်နိုင်တာကိုကြည့်ရင် အရင်(၁) နှစ်လောက်ကတည်းက ကျွမ်းကျင်ပြီးဖြစ်ရမယ်။ စုရှောင်ရှန်တော့ ဒီတစ်ခါ တကယ် ပြဿနာတက်ပြီ”
“စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို သူ့ တစ်ဖက်သွားဓားဆန္ဒ တစ်ခုတည်းနဲ့တောင် ယှဉ်ချနေလို့ရနေပြီ။ အရင်က ပထမနေရာကို သူယူမယ်ပြောတုန်းက သူကြွားနေတယ်ပဲ ငါမှတ်နေတာ။ ကြည့်ရတာ အခုတော့ သူတကယ်လုပ်နိုင်လောက်တယ်…”
ရှောင်ချိစွေလည်း မှင်သက်သွားသည်။ ဤကျိုးထျန်းရှန် သူ၏ စွမ်းရည်များအား ကောင်းကောင်းဖုန်းကွယ်ထားနိုင်ခဲ့၏။ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အလှည့်ကျ ထုတ်ပယ်ပွဲတွင် သူ၏အစွမ်းကုန် ထုတ်သုံးဖို့ မည်သူမှ ဖိအားမပေးနိုင်ခဲ့သည်လော။
အကယ်၍ စုရှောင်ရှန်သာ သူ၏ ပြိုင်ဘက်မဟုတ်ပါက ဤစတင်ခြင်းအဆင့် တစ်ဖက်သွားဓားဆန္ဒအား နောက်ဆုံးပြိုင်ပွဲအထိ ဖုန်းကွယ်သွားနိုင်လောက်ချေသည်။
စုရှောင်ရှန်၏ တည်တည်ငြိမ်ငြိမ်ဖြင့်အပြုံး တောင့်တောင့်ကြီးဖြစ်သွားသည်။ ဘာလဲဟ။
စတင်ခြင်းအဆင့် တစ်ဖက်သွားဓားဆန္ဒဆိုပါလား။
ပြီးတော့ စိတ်ရှိသလို ထိန်းချုပ်နိုင်တယ်တဲ့လား။
လေလွင့်တိမ်တိုက်အားသုံးသည့်အခါတိုင်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ကုန်ဆုံးသွားသည်ကို အမှတ်ရသွားသည်။ သူ၏ပြိုင်ဘက်သည်တော့ စတင်ခြင်းအဆင့် တစ်ဖက်သွားဓားဆန္ဒအားစိတ်ရှိသလိုသုံးပြသွား၏။
ဘယ်လိုဖြစ်နိုင်မှာလဲ။
စိတ်ပိုင်းဆိုင်ရာတွင် သူရှုံး၍မဖြစ်သောကြောင့် စုရှောင်ရှောင်၏ နှုတ်ခမ်းများ ကွေးသွားပြီး “ဂိုဏ်းတူညီလေးကျိုး။ ယုံကြည်ချက်လွန်ကဲလှချီလား။ ဒါမကောင်းဘူးနော်”
ကျိုးထျန်းရှန်၏ တစ်ဖက်သွားဓားဆန္ဒ ရပ်တန့်သွားသည်။။ လူတိုင်း ထရယ်လိုက်ကြ၏။
“ဟားဟားဟား။ ကြည့်ရတာ စုရှောင်ရှန်က အပြင်စည်းမှာ အသက်အကြီးဆုံး တွေထဲက တစ်ယောက်ထင်တယ်”
“အသက်ကြီးဆုံးတွေထဲက တစ်ယောက်ဟုတ်လား။ ငါပြောပြမယ်။ သူက သူတို့အသုတ်ထဲက နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်ပဲ။ သူတို့ထဲက အတွေ့အကြုံရှိတဲ့ သူတွေက အတွင်းစည်းထဲကို ရောက်သွားတာကြာလှပြီ။ အဲ အားနည်းတဲ့သူတွေကြတော့လည်း အဆင့်တက်ပြိုင်ပွဲထိ ရောက်မလာနိုင်ကြဘူးပေါ့ကွာ။ ရှေ့က ပွဲနှစ်ပွဲမှာတင် ပြုတ်ကုန်ကျတာပေါ့”
“ဟုတ်တယ်။ ပြောရရင် အပြင်စည်းမှာ ဝါအကြီးဆုံး ဂိုဏ်းသားက စုရှောင်ရှန်လို့ပြောလို့ရတယ်”
“အေးပေါ့။ စာတွေ့ဆိုရင်တော့ အဲ့လိုပေါ့ကွာ။ တစ်ကယ်ကြတော့ အပြင်စည်းမှာ (၃) နှစ်လုံးလုံး စုရှောင်ရှန်တစ်ခါမှ သူ့စွမ်းရည်တွေကို မပြခဲ့ဖူးဘူးကွ။ စိတ်ဝိညာဉ်နန်းတော်ကနေတောင် ကန်အထုတ်ခံရတော့မလို ဖြစ်သွားသေးတယ်”
“ဘာလို့ ရုတ်တရက်ကြီး ခုမှလာပြီး တစ်ကိုယ်တော် တောက်ပနေတာလဲမသိဘူး။ မသိရင် သူ့ခန္ဓာကိုယ်ကိုယ် တစ်ယောက်ယောက်ကပဲ အစားထိုးယူသွားသလိုလိုနဲ့”
“ဟားဟား တော်တော် ရယ်စရာပြောတာပဲ။ သူများ ခန္ဓာကိုယ်ကို ယူတယ်တဲ့ ဟုတ်လား”
“ဒီလိုစဉ်းစားကြည့်မယ်ဆိုရင် မိုမိုရော ကျောက်ချင်းထန်ရောက သူ့ရှေ့မှာဆို ဂိုဏ်းတူ ညီငယ် ညီမငယ်တွေမဖြစ်သွားဘူးလား။ ဟားဟား။ သေချာစဉ်းစားကြည့်ရင် ရယ်ရတယ်ဟ။ ဟိုမှာ ကျိုးရှင်းထန်ကိုပဲကြည့်လိုက်ဦး။ အရုပ်ဆိုးနေပြီ သူ့မျက်နှာထားက”
ကျိုးရှင်းထန်၏ မျက်နှာအမှန်အကန် အရုပ်ဆိုးသွားခဲ့သည်။ ထို့နောက် သူ၏ တစ်ဖက်သွားဓားဆန္ဒက ပို၍ ထက်ရှလာခဲ့သည်။ ဤအခြေအနေအားမြင်သော် အခွင့်ကောင်းကိုစောင့်ဆိုင်းနေသော ရှောင်ချိစွေ သူ့လက်ကိုပြရင်း ကြေငြာလိုက်သည်။
“ပြိုင်ပွဲ… စ”
“နေဦး” ကျိုးရှင်းထန် သူ၏ဓားကို အလျားလိုက်ကိုင်ထားရင်း အေးစက်စက်ပြောလိုက်သည်။ ၎င်းက ရှောင်ချိစွေ၏ မြင့်တက်နေသော စိတ်အားထက်သန်မှုတို့ကို ရေအေးနှင့်လောင်းချသလို ဖြစ်သွားစေလိုက်၏။
လူတိုင်းတံတွေးသီးသွားကြသည်။ ‘ဒီပြိုင်ပွဲ၀င်တွေ စုရှောင်ရှန်စီက မကောင်းတဲ့ လွှမ်းမိုးမှုတွေ တွေခံလိုက်ရတာလား’
‘ဘာလို့ သူတို့ ထူးထူးဆန်းဆန်းတွေ ပြုမူနေကြတာလဲ’
‘လေပေါမနေဘဲ တန်းချကြလို့မရဘူးလား’
“တိုက်ပွဲမစခင် သေချာအောင် လုပ်ချင်တာလေးတစ်ခုရှိတယ်” ကျိုးထျန်းရှန်ဆိုလိုက်သည်။ နောက် ဆက်၍ “အလစ်တိုက်တဲ့ ၀မ်ချောင်က မှားတယ်၊ ယုတ်မာတယ်ဆိုတာ မှန်ပေမယ့် မင်းမနေ့က သူ့အသက်ကိုတော့ ချမ်းသာပေးလိုက်သင့်တယ်။ သူ့ကို ဒီလိုရက်ရက်စက်စက် သတ်လိုက်မယ့်အစား တခြား နည်းနည်းပေါ့လျော့တဲ့ ဟာတစ်ခုခု လုပ်လို့ရသားနဲ့ မလုပ်ခဲ့ဘူး”
စုရှောင်ရှန်အား ဓားဖြင့် ထိုးပြလိုက်ရင်း “ငါ့မျက်လုံးထဲမှာတော့ မင်းက ဘယ်တော့မှ ကြီးမားတဲ့အရာတွေကို အောင်မြင်နိုင်မှာ မဟုတ်တဲ့ ရွံစရာကောင်းတဲ့ လူယုတ်မာတစ်ယောက်ပဲ” ဆိုလိုက်သည်။ သူမျက်လုံးများက တရားမျှတမှုတို့ဖြင့် တောက်ပနေလေသည်။
ကျိုးထျန်းရှန်အား သူနှိမ်ချပေးဖို့လိုကြောင်း စုရှောင်ရှန်သိလိုက်ရသည်။ သို့ဖြင့် ကျိုးထျန်းရှန်၏ စကားကို အရေးမပြုသည့်အလား စုရှောင်ရှန်က “ဒါဆိုမင်းက တိုက်ပွဲမစခင် ငါ့ကို ကဲ့ရဲ့အပြစ်တင်ဝေဖန်ပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလုပ်လိုက်တာပေါ့လေ”
ကျိုးထျန်းရှန် အံ့အားသင့်သွားသည်။ ထို့နောက် သူ၏အပြုအမူမှာ ထိုသို့ ပြုလုပ်ဟန်ရနေရာ စကားများလည်ချောင်း၌ တစ်သွားရင်း “အဲ့လိုမဟုတ်ဘူး။ ငါအဲ့လိုသဘောနဲ့ ပြောလိုက်တာမဟုတ်ဘူး။ ငါ အမှန်တရားတွေကို ပြောပြလိုက်တာ” ဟုဆိုလိုက်သည်။
“ဟီးဟီး အဲ့လိုပေါ့လေ။ ဒါဆို အဲ့နေ့က ပြိုင်ကွင်းမှာ မင်းရှိနေတယ်ပေါ့။ အဲ့အဖြစ်အပျက်ကို မင်းမျက်စိနဲ့ ကိုယ်တိုင်မြင်လိုက်ရတယ်ပေါ့”
“မင်းဘာမှ မသိဘူးမလား” စုရှောင်ရှန် မရပ်မနား ဆက်၍ “ဒါတောင် ပြိုင်ကွင်းထဲ ခြေချလိုက်တာနဲ့ အရည်မရအဖက်မရတွေနဲ့ ငါ့ကိုလာပြီး အပုတ်လေလွင့်ပြောနေသေးတယ်။ ဘာလဲ ငါ၀မ်ချောင်ကို တမင်တကာ သတ်လိုက်တာလို့ပြောရင် မင်းက ငါ့ကို တရားမျှတမှုအတွက်ဆိုပြီး ပြန်သတ်မလို့လား”
“မဟုတ်ဘူး။ ငါမလုပ်ပါဘူး”
ကျိုးထျန်းရှန် လန့်ဖြန့်သွားသည်။ သူ့လက်ထဲမှ ဓားကို ချထားရမလော မြှောက်ထားရမည်လော မသိဖြစ်သွား၏။ သူ၏ မျက်နှာကြီးလည်း နီရဲသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
“တော်လောက်ပြီ” စုရှောင်ရှန် အော်ပြီးနောက် ခေါင်းရမ်းလိုက်သည်။ သူ၏ အရှိန်အဝါမှာ ဆက်၍ အားကြီးလာခဲ့ပြီး “ဘာလဲ ငါလိပ်ပြာကို လိပ်ဖြစ်အောင်ပြောတယ်လို့ မင်းဆက်ပြောဦးမလို့မလား။ ငါသိပါတယ်”
“မဟုတ်ဘူး။ မပြောပါဘူး”
“ဟီးဟီး။ ဒါပေါ့ ဒါပေါ့။ မင်းတို့လို လူတွေပဲ ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီးလိုလို ဘာလိုလိုနဲ့ လူတွေကို အပြစ်တင်ဝေဖန်နေကြတာ။ ဒါပေမယ့် မင်းတို့ ပါးစပ်က ထွက်လာနေတဲ့ တရားမျှတမှုဆိုတာ တကယ်က တစ်ခြားသူရဲ့ နှလုံးသားကို သွားထိုးစိုက်တဲ့ ဓားတွေဖြစ်နေတယ်ဆိုတာရော တစ်ခါမှ မတွေးမိဘူးမလား”
ကျိုးထျန်းရှန်နောက်သို့ ခြေလှမ်း အတော်များများဆုတ်လိုက်သည်။ သူ၏ မျက်လုံးများ အရောင်မှိန်သွားခဲ့၏။ သူ၏ တစ်ဖက်သွားသဓားဆန္ဒလည်း စုရှောင်ရှန်၏ အရှိန်အဝါအောက်၌ ပြားပြား၀ပ်နေချေသည်။ ထို့နောက် သူ့ဓားကို မြှောက်လိုက်ပြီး မတ်မတ်ရပ်လိုက်သည်။ သူ့ကြည့်ရသည်မှာ စကားထပ်ပြောတော့မည်ဟန်မရချေ။
“ဘာလဲ” စုရှောင်ရှန် အခြေအနေအား ပြောင်းပြန်လှန်ပြီး မေးလိုက်သည်။ “မင်းပြောချင်တာတွေကို အမှန်တရားလို့ ခေါင်းစဉ်တပ်ပြီး ပြောချင်ရာပြောပြီး တော့ အခုမှ ငါပြောတာ မှန်နေတဲ့အတွက် ပြန်မငြင်းနိုင်တော့လို့ လက်ပါတော့မယ်ပေါ့လေ”
လက်ထဲ၌ ဓားကိုင်ထားသော ကျိုးထျန်းရှန် စုရှောင်ရှန်အား တိုက်ခိုက်ရမည်လော ဘာလော တွေဝေသွားသည်။ ဘာပြန်ပြောရမှန်းမသိ သူအလွန်အမင်း အရှက်ရနေသည်။
စုရှောင်ရှန်အပြင်ပိုင်း၌သာ တည်ငြိမ်နေခြင်းဖြစ်သည်။ စိတ်ထဲတွင်တော့ နတ်ဆိုးသဖွယ် ရယ်မောလိုက်သည်။ ကျိုးထျန်းရှန်မှာ ရိုးရှင်းသော လူရိုးလူအတစ်ယောက်ဖြစ်သည်။
သူသည် တရားမျှတမှုကို ယုံကြည်ပြီး ၎င်းကို ဆောင်ရွက်ဖို့ စိတ်အားထက်သန်သည့် လူငယ်တစ်ယောက်သာဖြစ်ချေသည်။ များသောအားဖြင့် အပေါ်ယံကိုသာကြည့်တတ်ရာ လူအများ၏ အသုံးချခြင်းကိုလည်း အခံရဆုံးသောလူမျိုးဖြစ်သည်။ ချစ်စရာကောင်းလောက်အောင် တုံးအခြင်းဖြစ်၏။
ပွဲကြည့်စင်မှ လူတိုင်း မှင်သက်သွားကြသည်။ စုရှောင်ရှန်၏ စကားများက ယမန်နေ့မှ အဖြစ်အပျက်အတွက် အကောင်းဆုံး ပြန်လည် ချေပချက်ဖြစ် လေသည်။ ၎င်းကသူ့ကို သံသယရှိနေသေးသူတို့အား ကြောင်သွားစေလိုက်၏။
“ဝူးဝူး… စုရှောင်ရှန်က သနားစရာကောင်းလိုက်တာ။ ငါတို့သူ့ကို အထင်လွဲခဲ့ကြတာ”
“အဲ့ဒီ ယုတ်မာတဲ့ ကျိုးထျန်းရှန်က အမှိုက်လို လူပဲ။ အရှက်လည်းမရှိဘူး။ စုရှောင်ရှန်ကို မချခင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးလုပ်တယ်”
“ဟမ်… လခွမ်း။ မင်းတို့ကောင်တွေ မှားနေကြပြီဟ။ အခု စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုလုပ်နေတာ ကျိုးထျန်းရှန်မဟုတ်ဘူး။ စုရှောင်ရှန်ဟ”
“ဘုရား ဘုရား။ ဟုတ်သားပဲ။ ငါသူ့လှည့်ကွက်အောက်မှာ ကျသွားတော့မလို့။ ကျိုးထျန်းရှန် တောင့်ထား။ အဲ့ဒီကောင် အရူးလုပ်တာမခံနဲ့။ ဓားနဲ့ သူ့ကို ခုတ်ပစ်လိုက်”
ပြိုင်ကွင်းအတွင်း၌ သူ၏ ပြိုင်ဘက် အရှုံးပေးလိုက်ရမလား ဟူသောအတွေးဖြင့် တုန့်ဆိုင်းနေသည်ကိုတွေ့သော် သူလုပ်တာ လက်လွန်သွားပြီဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့် အလျှင်အမြန် ဆက်၍ပြောလိုက်၏။
“ဂိုဏ်းတူညီလေးကျိုး။ ငါတို့ လူတွေကို အပေါ်ယံပဲကြည့်ပြီးတော့ ဘယ်တော့ ဆုံးဖြတ်လို့မရသလို ကျင့်ကြံသူတစ်ယောက်ကလည်း ပြိုင်ကွင်းထဲကိုရောက်သွားတာနဲ့ ဘယ်တော့မှ အရှုံးမပေးသင့်ဘူး”
“မင်းသိထားရမှာက ပြိုင်ပွဲမစခင် အရှုံးပေးလိုက်တာက မင်းရဲ့ ပြိုင်ဘက်ကို မလေးစားရာ ကျတယ်ဆိုတာပဲ။ ပြီးတော့ မချဘဲ ထွက်ပြေးတာကလည်း ကျင့်ကြံသူတွေအားလုံးကို စော်ကားလိုက်သလိုပဲ။ လက်မြှောက်ပြီး အရှုံးပေးတာကလည်း မင်းရဲ့ ဘ၀ကို အမဲစက်ကြီး စွန်းထင်းသွားစေလိုက်တာပဲ”
သူ့အင်္ကျီလက်စများကိုခေါက်၍ပြောလိုက်သည်မှာ အလွန် ဆွဲဆောင်မှုရှိနေလေသည်။ သူ၏ စကားများမှာ အားတက်ဖွယ်ဖြစ်ချေသည်။
အခြားတစ်ဘက်ရှိ ကျိုးထျန်းရှန်၏ ရင်ဘက်ထဲမှ အလုံးကြီးကျသွားသည်။ သူ၏ ရွှေဓားကို တင်းတင်းက်ိုင်ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများ တိုက်ခိုက်လိုစိတ်များဖြင့် တဖန် ပြန်ပြည့်လာခဲ့သည်။ လက်နှစ်ဖက်ကို ရိုရိုသေသေဆုပ်လိုက်ရင်း “ဂိုဏ်းတူအကိုစု ပြောပြလို့ ကျွန်တော်သိလိုက်ပါပြီ။ ခုလို သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
စုရှောင်ရှန်အသာအယာခေါင်းငြိမ့်ပြလိုက်သည်။ ကျိုးထျန်းရှန်ကို သင်ပေးရင် တတ်သော တပြည့်တစ်ယောက်ကဲ့သို့ ကြည့်လိုက်၏။
ရှောင်ချိစွေ စွန့်အသွား၏။