အပိုင်း (၂၆) မင်းတို့ အကုန် ယူကြကွာ
စုရှောင်ရှန်ဤ အပိုင်းကို ၀င်မကြည့်သည်မှာ အလွန်ကြာမြင့်ခဲ့ချေပြီ။
[အမှတ်စဉ်တစ် – အခြေခံ ပင်ကိုယ်စွမ်းရည်များ:
အသက်ရှူခြင်းနည်းစနစ် (စတင်ခြင်းအဆင့်-၁)
ထာ၀ရ အသက်စွမ်းအင် (စတင်ခြင်းအဆင့်-၁)]
သူအသစ်ရလိုက်သောပင်ကိုယ်စွမ်းရည်မှာ အခြေခံ ပင်ကိုယ်စွမ်းရည်အပိုင်းမှ ဖြစ်သည့်အတွက် သူအနည်းငယ် အံ့အားသင့်သွားသည်။
စနစ်အကြောင်းနားမလည်သည့် လူသစ်တစ်ယောက် မဟုတ်တော့ရာ အခြေခံ ပင်ကိုယ်စွမ်းရည်အကြောင်းကို သူနားလည်ထားသည်။ ၎င်းမှာ တိုးချဲ့ စွမ်းရည်ကဲ့သို့ လုပ်ဆောင်ရည် မမြင့်မားသော်လည်း အထောက်အပံ့ပေးနိုင်သည့် စွမ်းရည်များ၌ ပြိုင်စံရှားဖြစ်၏။
ထိုစွမ်းရည်အမျိုးအစားတစ်ခုဖြစ်သော သူ၏ အသက်ရှူခြင်းနည်းစနစ်ကို ကြည့်ခြင်းဖြင့်သိနိုင်သည်။
စုရှောင်ရှန်အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မမြှင့်တင်ခြင်းမှာ ထိုစွမ်းရည်က အသုံးမကျ၍ မဟုတ်ချေ။ ၎င်းနှင့် ဆန့်ကျင်ဘက် အလွန် အသုံးဝင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထိုသို့ အသုံး၀င်လွန်း၍လည်း အတူပါလာသည့် ဆိုးကျိုးမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ စုရှောင်ရှန်ပင် ၎င်းအားကြောက်ရ၏။
“ဆိုတော့ ဒီ [ထာ၀ရအသက်စွမ်းအင်] လည်း အစွမ်းထက်လောက်လား”
“ဆိုလိုတာက ငါ့အသက်စွမ်းအင်တွေက ထာ၀ရ စီးဆင်းနေမယ်ဆိုတဲ့သဘောလား” နာမည်ကို ဖတ်ကြည့်ပြီး စုရှောင်ရှန် ၎င်း၏ အသုံး၀င်ပုံကို စဉ်းစားလိုက်သည်။
“အဲ့လိုဆိုရင်တော့ အရမ်း အစွမ်းထက်မနေဘူးလား”
သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ပင်လယ်ကိုကြည့်လိုက်သည်။ ပြီးနောက် အဆက်မပြတ်သန့်စင်ခံနေသည့် ငရဲမီးတောက် အစေ့ ထံ အကြည့်ရောက်သွားတော့သည်။
အစေ့မှာ လက်သည်းခန့်အရွယ်အစားသာရှိသော်လည်း တိုင်းတာ၍ပင်မရအောင် အလွန်များပြားသည့် စွမ်းအင်ပမာဏပါရှိ၏။
ထိုပစ္စည်းသူ့ခန္ဓာကိုယ်အတွင်းဆက်ရှိနေပါက အချိန်နဲ့အမျှ ညှင်းပန်းနှိပ်ဆက်ခြင်းကို သူခံနေရပေမည်။ ၎င်းက အပူစွမ်းအင်များကို ဆက်တိုက်ထုတ်လွှတ်နေပြီး သူ့အတွင်းအင်္ဂါများကို ဖျက်ဆီးနေလေသည်။
သူ၏ အတွေး၊ အကြော၊ အရိုး စသဖြင့်…
အလွန်သေးငယ်သည့် ဆဲလ်ပါမချန် အပူစွမ်းအင်များအောက်၌ လောင်ကျွမ်းနေကြသည်။
သူ့အပြင်ပန်း ခန္ဓာကိုယ်မှာ သွေးနီရောင်သန်းနေသည်။ သို့သော် တကယ် အဖြစ်ဆိုးသည်က သူ့ခန္ဓာကိုယ်အတွင်းပိုင်းဖြစ်သည်။ လူတစ်ယောက်သာ သူ့ခန္ဓာကိုယ်အတွင်းပိုင်းအားကြည့်နိုင်ပါက နေရာတိုင်းမှ မီးလောင်းကျွမ်းမှတ်များကို တွေ့ရချေမည်။
သူ၏ ကြွက်သားများ တစ်လက်မစီတိုင်းက မဲတူနေအောင်ကင်ထားသကဲ့သို့ဖြစ်နေပြီး သွေးကြောများသည်လည်း မီးအကင်ခံရလွန်းလို့ ပြတ်တောက်သွားကြပြီးဖြစ်၏။
သို့သော် အသက်ရှူခြင်းနည်းစနစ်ဖြင့် ရွှေနီဆေးလုံးကို ရှိုက်လိုက်ရာ ဤဒဏ်ရာများအားလုံး ပြန်ပျောက်သွားပြီး သူ့အသက်ကိုဆန့်ထားပေးလိုက်သည်။
ယခု ရှိုက်စရာမရှိတော့အောင် သူ့တွင်ရှိသော ရွှေနီဆေးလုံးများအားလုံး ကုန်ဆုံးသွားခဲ့သည်။ သို့သော် ယခု သေချာ ဆန်းစစ်ကြည့်မည်ဆိုလျှင် သူ၏ အကြောများနှင့် အရိုးများ တဖြေးဖြေး သူ့အလိုလို ပြန်ကောင်းလာနေသည်ကို တွေ့နိုင်၏။
သူတို့ ပြန်ကောင်းလာသည့်နှုန်းမှာ ပြန်လည် ဖျက်ဆီးခံနေရသညိ့နှုန်းနှင့်မယှဉ်နိုင်ပေ။ သာမန်လူတစ်ယောက်ထက် အနည်းငယ် ပိုသော ဒဏ်ရာပြန်ကောင်းနိုင်စွမ်းဟု ပြောနိုင်သည်။
[ထာ၀ရ အသက်စွမ်းအင်] ၏ အသုံး၀င်ပုံကို စုရှောင်ရှန် ချက်ချင်း သိသွား၏။
“ဆိုတော့ ငါ့ပင်ကိုယ်စွမ်းရည်အသစ်က ငါ့ဒဏ်ရာပျောက်ကင်းနှုန်းကို အရှိန်မြှင့်ပေးတာပေါ့”
၎င်းမှာ သူနှင့် အလိုက်ဖက်ဆုံး စွမ်းရည်ဟုပြောလည်း မမှားချေ။
စုရှောင်ရှန် တုန့်ဆိုင်းမနေပေ။ သူ့တွင် ကံစမ်းမဲ အခေါက်(၂၀) စာ နှိုက်နိုင်သည့် အမှတ် (၂၀၀၀၀) လောက်ကျန်ရှိသေးသည်။ သို့ဖြင့် စွမ်းရည်မှတ် (၅) မှတ်ကို ၀ယ်ယူကာ ပင်ကိုယ်စွမ်းရည်အသစ်ထဲ အကုန်ထည့်လိုက်သည်။
[ထာ၀ရ အသက်စွမ်းအင် (စတင်ခြင်းအဆင့်-၆)]
စုရှောင်ရှန် သက်တောင့်သက်သာရှိသွားသည်။ အသက်စွမ်းအင်များက သူ့တစ်ကိုယ်လုံးသို့စီးဆင်းသွားပြီး ချက်ခြင်း ဒဏ်ရာများစွာကို ပြန်ကောင်းသွားစေခဲ့သည်။
“ထင်တဲ့အတိုင်းပဲ” စုရှောင်ရှန် မှင်သက်နေသည့်ပုံပေါက်သည်။ မည်မျှ ဆန်းကြယ်လိုက်သည့် စွမ်းရည်ပေနည်း။
နောက်တစ်ကြိမ် စွမ်းရည်မှတ် (၅) မှတ်ကို ၀ယ်ယူကာ [ထာ၀ရ အသက်စွမ်းအင်] ကို အဆင့်ထပ်မြှင့်လိုက်သည်။
[ထာ၀ရ အသက်စွမ်းအင် (စစ်မှန်ခြင်းအဆင့်-၁)]
သိပ်သည်းသော အသက်စွမ်းအင်တစ်ခု ပတ်၀န်းကျင်သို့ ပိုးအိမ်အလား ပြန့်ကျက်သွားသည်။ ၎င်းက စုရှောင်ရှန်အားကြည့်နေသော ဆေးအကူလေးကို ပို၍ တက်တက်ကြွကြွရှိသွားစေလိုက်၏။
ထိတ်လန့်သွားပြီး ချက်ခြင်း သူ အကြည့်လွှဲလိုက်သည်။ သူ့တွင် မကုန်ဆုံးနိုင်သည့် စွမ်းအင်တို့ဖြင့် ပြည့်နေသည်ဟု ခံစားလိုက်ရပြီး အိမ်ကိုလွမ်းသွား လေသည်။
အပြင်လူအတွက်တောင် ဤမျှ အကျိုးသက်ရောက်မှုရှိလျှင် စုရှောင်ရှန်အတွက် ဆိုလျှင် ပြောနေစရာပင်မလိုတော့ချေ။ ပါးစပ်အဟောင်းသားဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ အခြေအနေကို ဆန်းစစ်လိုက်သည်။
ငရဲမီးတောက်၏ အဖျက်စွမ်းရည်နှင့် ထာ၀ရ အသက်စွမ်းအင်တို့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ သက်ရောက်မှုနှစ်ခုစလုံးညီမျှသွားပြီး တစ်ခုက တစ်ခုကို မဖိနှိပ်နိုင်ဖြစ်နေ၏။
“ဒါ…”
စုရှောင်ရှန် အံ့အားသင့်သွားသည်။ ထိုပြန်လည်ကောင်းမွန်နိုင်စွမ်းက အလွန်ကြောက်မက်ဖွယ်ရာကောင်းအောင် မြန်ဆန်လှ၏။
ရွှေနီဆေးလုံး (၂)ပုလင်းကိုသုံး၏ ငရဲမီးတောက်၏ အဖျက်စွမ်းအားကို သူခုခံခဲ့ရသည်။ ၎င်းမှာ ရွှေနီဆေးလုံး (၁၀) လုံးခန့်ဖြစ်သည်။
ထို့တောင် [ထာ၀ရ အသက်စွမ်းအင်]၏ ဒဏ်ရာပြန်လည်ကုသနိုင်စွမ်းမှာ အစေ့၏ အဖျက်စွမ်းအင်နှင့် တန်းတူညီမျှ အကျိုးသက်ရောက်စေ၏။ ဆိုလိုသည်မှာ အနာဂါတ်၌ ရွှေနီဆေးလုံးများ အသုံးပြု၍ ဒဏ်ရာကုသရန်မလိုတော့ခြင်း မဟုတ်ပေလော။
၎င်းက သူ့ကို အရင်းအမြစ်များစွာ ဖြုန်းတီးရာ မရောက်စေပေတော့ချေ။
စုရှောင်ရှန်အား စူးစမ်းလိုစိတ်ဖြင့် ထိုင်ကြည့်နေသည့် ဆေးအကူတစ်ယောက် စုရှောင်ရှန် အဆင့်(၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းကို ထုတ်ယူပြီး ကိုယ့်လက်ဖဝါးကို ထိုးလိုက်သည်ကိုမြင်လိုက်သော် ခြောက်ခြားသွားသည်။
ဗျစ်…။
ဒဏ်ရာမှ သွေးများ နေရာအနှံ့ပန်းထွက်သွားခဲ့ရာ အခြေအနေအလွန်စိုးရွားသွားပြီဟု ဆေးအကူထင်လိုက်သည်။
ခေါင်းကိုခါရင်း အကြောင်းမရှိ မေ့လဲသွားရုံမက ယခု ကိုယ့်ကိုယ်ကိုယ်ပါ နှိပ်စက်နေပြီလော။
စူရှောင်ရှန် တစ်ခုခုတော့ မှားကို မှားနေရမယ်။
စုရှောင်ရှန် ဆေးအကူလေး၏ အတွေးကို မရုမစိုက်ပေ။ သူ့လက်ဖဝါးပေါ်မှ ဓားးထိုး ဒဏ်ရာကို ကြည့်နေလိုက်သည်။ ချက်ခြင်းလက်ငင်းပဲ အလွန်လျှင်မြန်သည့်နှုန်းဖြင့် ၎င်းပြန်သက်သာသွားသည်ကို တွေ့လိုက်ရသည်။
အမာရွတ်ပင် မချန်ထားခဲ့ချေ။
“အိုး… ချီး”
စုရှောင်ရှန် ဆဲလိုက်သည်။ စစ်မှန်ခြင်းနယ်ပယ် ထာ၀ရအသက်စွမ်းအင်မှာ ရွှေနီဆေးလုံးထက်ပင် ပို၍ ဒဏ်ရာပျောက်ကင်းနိုင်စွမ်း မြန်နေလေသည်။
ရှပ် ရှပ် ရှပ်
အဝေးမှ လာနေသော ခြေသံကို စုရှောင်ရှန်ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်ရာ စောနက ဆေးလုံးများတောင်းရန် လွှတ်လိုက်သော ဆေးအကူဖြစ်ကြောင်း သိလိုက်ရတော့သည်။
မယုံကြည်နိုင်သော အမူအရာဖြင့် ဆေးပုလင်းသုံးပုလင်းကို သူ့လက်ထဲ၌ ကိုင်ထားရင်း လျှောက်လာနေ၏။ စုရှောင်ရှန်ပြောသည့်အတိုင်း အကြီးအကဲရှောင်အားသွားပြောလိုက်ရာ ရွှေနီဆေးလုံးများကို သူတကယ်ရလိုက်သည်။ ထို့ပင် (၁၀) ပုလင်းတောင် ရလိုက်ခြင်းဖြစ်သည်။ ၎င်းက အိပ်မက်တစ်ခုအလား သူ့အတွက် မယုံကြည်နိုင်ဖွယ်ရာဖြစ်နေ၏။
ထို့အပြင် ပို၍ အရေးကြီးသည်မှာ ဤဆေးပုလင်းများအား အလကားပေးလိုက်ခြင်းဖြစ်သည်။
စုရှောင်ရှန် နားရွက်တက်ချိတ်မတတ် ပြုံးလိုက်ရင်း “မင်း(၁၀) ပုလင်းတောင်ရအောင် လုပ်လာနိုင်တယ်ပေါ့” ဟုဆိုလိုက်သည်။
အိပ်မက်မှ နိုးထလာသည့်အလား ကြက်အစာကောက်သကဲ့သို့ ဆေးအကူ ခေါင်းငြိမ့်လိုက်သည်။
“ခံစားလို့ကောင်းလား” စုရှောင်ရှန်မေးလိုက်သည်။
“စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ထိပ်ခေါင်အကြီးအကဲတစ်ယောက်ကို အဲ့လို ပြောလိုက်ရတာ။ ဒါမင်းဘ၀ရဲ့ ဂုဏ်ယူစရာအကောင်းဆုံး အရာလည်း ဖြစ်သွားမှာပေါ့”
ဆေးအကူလေး ခေါင်းဆက်ငြိမ့်ပြလိုက်၏။
“မင်းပျော်နေရင်ပြီးတာပါပဲ။ ဒါနဲ့ အဲ့ထက် ပိုပျော်ရမယ့် အရာတစ်ခု ပြောရဦးမယ်” စုရှောင်ရှန်လက်ပြလိုက်ပြီး “မင်းအဲ့ဒီပုလင်းတွေအကုန် ယူလိုက်”
ဆေးအကူလေးမှင်သက်သွားပြီး “မဟုတ်တာပဲ။ ဒါ ခင်ဗျားရဲ့ ပစ္စည်းတွေပါ။ ကျွန်တော် မယူနိုင်ပါဘူး” ဟုဆိုလိုက်သည်။
သူအသိစိတ်ကောင်းကောင်းရသေးသည် မဟုတ်ချေ။ စုရှောင်ရှန်မည်သည် ဖြစ်နေသနည်းကိုမသိသော်လည်း သူ့တွင် ကိုယ်ပိုင် စည်းဘောင်တစ်ခုရှိသည်။ မည်သည့် လာဘ်ထိုးခြင်းကိုမှ သူလက်ခံလိမ့်မည်မဟုတ်ချေ။
စုရှောင်ရယ် ခပ်သဲ့သဲ့ရယ်လိုက်သည်။ “ဟုတ်တယ်လေ။ ငါမင်းကို ပေးချင်လို့ပေးတာ။ ယူလိုက်”
ဆေးအကူလေး ခေါင်းဆက်ရမ်းလိုက်သည်။
“မင်းတကယ်မလိုချင်ဘူးလား”
“မလိုချင်ဘူး” စုရှောင်ရှန်သူ့လက်ထဲမှ ဆေးပုလင်းများကို လုယူလိုက်ပြီး သူတို့ကို မနာလိုစွာ ကြည့်နေသည့် နောက်ထပ် ဆေးအကူကောင်လေးကို လက်ပြ ခေါ်လိုက်သည်။ “လာ။ သူဒါတွေမလိုချင်ဘူးတဲ့။ မင်းယူလိုက်”
ဆေးအကူ ကောင်လေး နံပါတ် (၁) စွံ့အသွားသည်။
အနီးသို့ရောက်လာသော ဆေးအကူ ကောင်လေး နံပါတ် (၂)လည်း စွံ့အသွားသည်။
သူတို့နှစ်ယောက်လုံးမည်သည်မျှမပြောဘဲ တိတ်ဆိတ်သွားကြသည်။ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရာ သူတို့၏ လောဘများကို အတင်းဖိနှိပ်ထားကြောင်းတွေ့လိုက်ရ၏။
ရယ်ချင်သည့်စိတ်ကို အတင်း ထိန်းချုပ်လိုက်ရင်း “ငါပြောတာ နားထောင်။ ဒီမှာမင်းတို့ (၂) ယောက်ပဲရှိတာ။ တစ်ယောက်တစ်၀က်ခွဲလိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး”
သူတို့နှစ်ဦးစလုံး ခေါင်းရမ်းလိုက်သည်။
စုရှောင်ရှန် စိတ်ဆိုးမာန်ဆိုးဖြင့် “ငါစိတ်ကလေးရွှင်နေတာကို မင်းတို့က လာဖျက်ဆီး နေကြတာလား” ဟုငေါက်လိုက်သည်။ “မလိုချင်ဘူး။ မင်းတို့နှစ်ယောက် တစ်ယောက်ကို (၂) ပုလင်းစီယူရမယ်။ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”
ဆေးအကူများ ဆက်၍ ငြင်းရန်ပြင်လိုက်သည်။ သို့သော် စုရှောင်ရှန်တိတ်တခိုးနာကျင်ခြင်းကို ချက်ခြင်းထုတ်ပြီး မြေပြင်၌ စိုက်လိုက်၏။
“ယူမှာလား မယူဘူးလား”
“ယူပါမယ်”
“အဲ့လိုမှပေါ့”
သူရရှိသည့် (၁၀) ပုလင်းထဲမှ (၄) ပုလင်းကို လက်ဆောင်ပေးလိုက်သည်။
သူလည်း မတတ်သာ၍သာ ဤသို့ ကြောက်အောင် ခြောက်လှန့်ပြရခြင်းဖြစ်သည်။ သူတို့က လက်ခံရန် အတင်း ငြင်းဆန်နေကြသည် မဟုတ်ပါလား။ ကံကောင်းထောက်မစွာဖြင့် အားအနည်းငယ်သုံးပြီး အကျပ်ကိုင်လိုက်မှ သူ၏ အပျော်ကို သူများနှင့် ဝေမျှသွားနိုင်လိုက်၏။
ဆိုရသော် ၎င်းတို့မှာ ရွေနီဆေးလုံးများဖြစ်ကြသည်။ ဤအရာများအား လိုချင်လွန်းလို့ ဆိုလျှင်တောင် လွယ်လွယ်နဲ့ မရနိုင်ချေ။ ထို့ကြောင့် ဆေးအကူနှစ်ယောက် ဤတစ်ကြိမ်တော့ သူတို့စည်းဘောင်ကို ပျော်ပျော်ကြီး ကျော်လိုက်ကြသည်။
သာမန်အခြေအနေ၌ဆိုပါက မည်မျှပင်ဆိုစေကာမူ သူတို့ လှည့်၍ပင်ကြည့်မည်မဟုတ်ချေ။ စုရှောင်ရှန်သူတို့အတွက် သက်သေခံပေးနိုင်လေသည်။
ညနေခင်းသို့ ရောက်လာခဲ့သည်။ နောက်တစ်ဆင့်ကို တက်လှမ်းသွားသည့် (၃၂) ဦးကို ရွေးချယ်ပြီးဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ ယနေ့ (၁၆) ယောက်အထိ သူတို့ ရွေးချယ်သွားဖို့ရှိလေသည်။
စုရှောင်ရှန် ဆေးလုံးများရ၍ ပျော်၍ပင်မဆုံးသေး ရှောင်ချိစွေ၏ ခေါ်သံကိုကြားလိုက်ရသည်။ နားနေဆောင်မှ ပြိုင်ကွင်းစီသို့ သူချက်ခြင်း သွားလိုက်၏။
ညနေစောင်း၏ အလင်းရောက်အောက်၌ သူ၏ အရိပ်က ကြီးမားခန့်ထယ်နေလေသည်။
ရွှေနီဆေးပုလင်းများကို လက်တစ်ဖက်တစ်ချက်စီ၌ ကိုင်ထားသော ဆေးအကူနှစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေဟန်တူသည့် ပုံရိပ် ပြိုင်ကွင်းစီသို့ ထွက်သွားသည်မှာ အလွန် ဆွဲဆောင်ဖွယ် ကောင်းနေသည်ဟု ခံစားလိုက်ရသည်။
“စုရှောင်ရှန်ဒီလို လူတစ်ယောက်ဆိုတာ ငါ အရင်က မထင်ထားခဲ့ဘူး”
“ဟုတ်တယ် ဟုတ်တယ်”
“အပေးအကမ်းရက်ရောတယ်၊ နူးညံ့တယ်၊ လူတိုင်းကိုလည်း ဂရုစိုက်တတ်တယ်”
“ဟုတ်တယ် ဟုတ်တယ်”
“တစ်ချက် တစ်ချက် ထ ထဖောက်သွားတတ်ပေမယ့်လည်း အဲ့တာလေးကိုက ချစ်စရာကောင်းနေတာ”
“ဟုတ်တယ် ဟုတ်တယ်”
“အဲ… မဟုတ်ပါဘူး… ငါ…”
“မင်း ‘ဟုတ်တယ် ဟုတ်တယ်’လို့ သဘောတူလိုက်တာလား”