အပိုင်း (၂၅) ကံစမ်းမဲလှည့်ခြင်း
ဆေးအကူထွက်သွားသည်နှင့် စုရှောင်ရှန် ချက်ခြင်း အနီရောင် ဖန်သားပြင်အား ကလိလိုက်သည်။
[ချွန်ထက်ခြင်း(စတင်ခြင်းအဆင့်-၉)]
[ချွန်ထက်ခြင်း(စတင်ခြင်းအဆင့်-၁၀)]
[ချွန်ထက်ခြင်း(စစ်မှန်ခြင်း-၁)]
သူ့ပါးစပ်ဖြင့် စိတ်ဝိညာဉ်သလင်းကျောက်တုံးကို ကိုက်ထားရင်း အဆက်မပြတ် ရှိုက်သွင်းလိုက်၏။ သူ့ မျက်လုံးများက အာရုံမဲ့နေသည်။ သူ့မျက်နှာ ပေါ်တွင် ပီတိရွှင်နေသည့် ကြောင်တောင်တောင် အပြုံးတစ်ခုရှိနေတော့သည်။
သူဆင်းရဲသည့်အချိန်တုန်းက ပိုက်ဆံဖြင့် ပျော်ရွှင်မှုကို ၀ယ်လို့ မရဟုထင်ထားခဲ့သည်။
ယခုသူ့တွင် ပင်ကိုယ်မှတ် အများကြီးရှိနေရာ သူ့တွင်ရှိသော စွမ်းရည်များကို အဆင့်မြှင့်လိုက်သည်။ သို့သော် သေချာစဉ်းစားဆုံးဖြတ်ပြီးနောက် [ချွန်ထက်ခြင်း] ကိုသာ စစ်မှန်ခြင်းနယ်ပယ်သို့ အဆင့်မြှင့်လိုက်၏။ ထို့အတွက် သူ့တွင်ရှိသော ပင်ကိုယ်မှတ် (၄၀၀၀၀) ထဲမှ (၃၀၀၀) ကို အသုံးပြုလိုက်သည်။
စုရှောင်ရှန်နောက်ဆုံးတော့ [ခွန်အား] အပြင် ဒုတိယ စစ်မှန်ခြင်းနယ်ပယ် ပင်ကိုယ်စွမ်းရည် ရှိလာခဲ့ပြီဖြစ်သည်။
[ချွန်ထက်ခြင်း] စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွန်ထက်သည့် ဓားတစ်ချောင်းကဲ့သို့ ထွင်းဖောက်မြင်နိုင်သည့် အလင်းအရောင်များ လက်လာခဲ့သည်။ ၎င်းကိုကြည့်ရသည်မှာ အရာအားလုံးကို ပိုင်းဖြတ်နိုင်သည့်ဟန် ပေါက်နေသည်။ အဖိုးတန်သော ရတနာကဲ့သို့ အလွန်အမင်း ကြည့်၍ ကောင်းနေ၏။
စုရှောင်၏ ခေါင်းထဲ အတွေးတစ်ခု ၀င်လာခဲ့သည်။ သူ့စိတ်ဖြင့် ထိုအလင်းရောင်များကို သူ့လက်ဖျံတွင်စုစည်းစေလိုက်ရာ တစ်ဖက်သွား ဓားတစ်ချောင်းနှင့် ဆင်တူသွား၏။ ထို့နောက် သူ၏ လက်ဖြင့် ကြမ်းပြင်ကို ခုတ်ချလိုက်သည်။
ခရက်…။
ချွန်ထက်သည့်ဓားနှင့် ပိုင်းလိုက်သကဲ့သို့ ကြမ်းပြင်၌ ဓားဖြတ်ရာ ပေါ်လာခဲ့သည်။
စုရှောင်ရှန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် သူ့ခြေချောင်းများတွင် ထိုအလင်းရောင်များကိုစုပြီး ကြမ်းပြင်ကို ထိုးချလိုက်၏။
ဂျစ်
သူ့ဖိနပ်များ ပေါက်ပြဲသွားသည်။
စုရှောင်ရှန် စွံ့အသွား၏။
သို့သော် သူ့ခြေထောက်အောက်၌ ဓားရာကဲ့သို့ အမှတ်များကို မြင်လိုက်ရာ အလွန်စိတ်လှုပ်ရှားသွားသည်။
“ထင်တဲ့အတိုင်းပဲ။ ပင်ကိုယ်စွမ်းရည်တစ်ခုချင်းစီက စစ်မှန်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ လုံး၀ကို ပြောင်းလဲသွားတော့တာပဲ”
[ခွန်အား] ကို သူ အမှတ်ရလိုက်သည်။ ထို ပင်ကိုယ်စွမ်းရည်လည်း စစ်မှန်ခြင်းအဆင့်သို့ ရောက်သောအခါ သူ့ခန္ဓာကိုယ်ကို စစ်မှန်ခြင်းနယ်ပယ် ဖြစ်သွားစေခဲ့သည်။ ယခု သူ၏ [ချွန်ထက်ခြင်း] စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သော် ထွင်းဖောက်မြင်နိုင်သည့် အရာအားလုံးကို ပိုင်းဖြတ်န်ိုင်သော အလင်းရောင်များပေါ်လာခဲ့၏။
၎င်းက လုပ်ကြံသတ်ဖြတ်သူများအတွက်တော့ အကောင်းဆုံးလက်နက်ပင်။ လုံး၀ ခုခံကာကွယ်နိုင်မည် မဟုတ်သည့် လက်နက်ဖြစ်သည်။
ပြိုင်ပွဲအတွင်း၌ သူ၏ ပြိုင်ဘက်ကိုပင် နှစ်ခြမ်းကွဲသွားအောင် ကန်လိုက်နိုင်သည်။
ထိုသို့ တွေးမိရာ စုရှောင်ရှန်ပင် မနေနိုင်ဘဲ တုန်လှုပ်သွားသည်။ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းပေ၏။
၎င်းမှာ ပင်ကိုယ်စွမ်းရည်ဖြစ်သောကြောင့် မန္တာန် ရွတ်ဖတ်ရန်လည်းမလို၊ ဖုန်းကွယ်ထားစရာလည်း အကြောင်းမရှိပေ။ သို့ဆိုလျှင် တိုက်ခိုက်နေရင်းမှ သူ့ထံမှ ဤသို့ တိုက်ကွက်များကို မည်သူက မျှော်မှန်းထားပါမည်နည်း။ သူတို့ ခုလည်း ခုခံနိုင်မည်လော။
သူတို့ မလုပ်နိုင်ဘူး။
“မင်းတို့ အောက်ပိုင်းအဓိကနေရာကို ငါကန်လိုက်တာကို ကာကွယ်နိုင်တယ်ပဲထား ကျန်တဲ့ ငါ့ တိုက်ကွက်အားလုံးကိုရော မင်းတို့ ကာကွယ်နိုင်မှာတဲ့လား”
စုရှောင်ရှန် သူ၏ မြင်းမြှီးသဏ္ဌာန် ဆံပင်များတွင် ထွင်းဖောက်မြင်နိုင်သော အလင်းရောင်များကိုစုလိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်သလင်းကျောက်တစ်တုံးကိုထုတ်ကာ လေထဲသို့ ပစ်လိုက်၏။
ဖက်…။
သူ၏ ဆံပင်ဖြင့် သံမဏိကဲ့သို့ မာကျောသော စိတ်ဝိညာဉ်သလင်းကျောက်ကို ပိုင်းဖြတ်လိုက်ရာ အပိုင်းပိုင်း အစစ ဖြစ်သွား၏။ ထို့နောက် ထိုအပိုင်းအစများ ကြမ်းပြင်နှင့်ထိ၍ အသံ ဆက်တိုက်ထွက်ပေါ်သွားသည်။
စုရှောင်ရှန် မှင်သက်သွားသည်။ “ဒီ ပေါတောတော အကြံက တကယ်အလုပ်ဖြစ်သွားတယ်လား”
ကြမ်းပြင်ပေါ်မှ စိတ်ဝိညာဉ်သလင်းကျောက်တုံး အပိုင်းအစများကို နှမျောတသစွာကြည့်လိုက်သည်။ “နှမျောစရာကြီးကွာ”
“နောက်ဆို ပင်ကိုယ်စွမ်းရည်တွေနဲ့ စမ်းသပ်မှုတစ်ခုခုလုပ်ရင် ကျောက်ခဲ နဲ့လုပ်ရမယ်”
စုရှောင်ရှန် သူ၏ ပင်ကိုယ်စွမ်းရည်များ မည်မျှ စွမ်းအားကြီးကြောင်းကို သိလိုက်ရသည်။ သူ၏ ပင်ကိုယ်စွမ်းရည်တိုင်းမှာ အဆင့်မြှင့်နိုင်သော စိတ်ဝိညာဉ်နည်းစနစ်များနှင့် ဆင်တူသည်။ ထို့ပြင် ၎င်းတို့အား လေ့ကျင့်စရာပင်မလိုပဲ အဆင့်မြှင့်တင်နိုင်၏။
ယခုသူ့တွင် စစ်မှန်ခြင်းနယ်ပယ် ပင်ကိုယ်စွမ်းရည်နှစ်ခုနှင့် စစ်မှန်ခြင်းနယ်ပယ်သို့ အဆင့်မြှင့်နိုင်သည့် စွမ်းရည်နှစ်ခု ရှိနေသည်။
သို့သော် ၎င်းက အဓိက အရေးပါသည့် အချက်မဟုတ်ပေ။ ထိုပင်ကိုယ်စွမ်းရည်များအား အဓိကျစေသည့်အချက်မှာ ကောင်းကောင်းမွန်မွန်အသုံးပြုတတ်ပါက မန္တန်ရွတ်ရန်လိုပဲ သုံးနိုင်သည့် ဆောင်ရွက် စွမ်းရည်များ ဖြစ်လာနိုင်ခြင်းပေ။
“ကြောက်ဖို့ကောင်းလိုက်တာ…”
စုရှောင်ရှန် ရယ်လိုက်ရင်း ပင်ကိုယ်သော့ (၁၀) ချောင်းကို ပင်ကိုယ်မှတ် (၁၀၀၀၀) သုံးပြီး ၀ယ်လိုက်သည်။ အခုတော့ ပင်ကိုယ်မှတ် (၁၀၀၀၀) ပဲသုံးဦးမယ်။ အဲ့တာ မလောက်မှ ဆက်သုံးမယ်ကွာ။
မူလပထမက လေလွင့်တိမ်တိုက်မှာ သူ၏ ဝှက်ဖဲဖြစ်၏။ သို့သော် ၀မ်ချောင်ကြောင့် ၎င်းကို လူအများရှေ့၌ သူထုတ်ဖော်ပြသလိုက်ရသည်။ ထို့ကြောင့် သူ့လက်ထဲတွင် တခြား ဝှက်ဖဲမရှိတော့ပေ။
ဝှက်ဖဲမရှိသည့်အဖြစ်က သူ့ကို ကျောချမ်းနေစေသည်။
အဖျက်စွမ်းအားကြီးသည့် ပင်ကိုယ်စွမ်းရည် တစ်ခုခုကို သူရထားဖို့လိုသည်။ မဟုတ်လျှင် လာမည့် တိုက်ပွဲများ၌ မိုမိုနှင့် ကျောက်ချင်းထန်ကဲ့သို့ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် တွေ့လျှင် သူရှူံးနိမ့်သွားနိုင်၏။
စုရှောင်ရှန်အနည်းငယ် မာန်တက်သွားသည်။ အနည်းဆုံးတော့ ထိုစစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူ နှစ်ဦးသာ အပြင်စည်း၌ သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်၏။
၎င်းမှာ အမှန်တရားလည်းဖြစ်သည်။ ၀မ်ချောင်၊ လျှိုကျန်း၊ ကျန်းဖေးကဲ့သို့ သန်မာသည့် သူများကိုပင် သူ အနိုင်ယူနိုင်ခဲ့၏။ လူအုပ်ကြီး၏ အမြင်တွင်လည်း ပြိုင်ပွဲ၌ ထိပ်သီး နေရာကို ယှဉ်ပြိုင်နိုင်သည့် အလားအလာရှိနေလေသည်။
စုရှောင်ရှန် လှည်းဘီးအောက်ခြေရှိ သော့ပေါက်ထဲသို့ သော့များ တစ်ချောင်းပြီး တစ်ချောင်းထည့်လိုက်သည်။ အမဲရောင်ဖန်သားပြင်ကဲ့သို့ အဖြစ်မျိုးထပ်ဖြစ်လျှင် သူပို၍ ပျော်ရချေမည်။
[ဓားထိပ်သီး] မှ ပေးလိုက်သည့် အဖြူရောင်တိမ်တိုက် ပုံရိပ်ယောင်မှာ သူ၏ ခွန်အားကို နှစ်ဆဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် ပို၍ လောဘတက်မိ၏။
နောက်ဆုံးသော့ပျောက်သွားသောအခါ စုရှောင်ရှန် ပုံမှန်လုပ်နေကြအတိုင်း စိတ်ထဲမှ အော်လိုက်သည်။ “ဟားးးး။ အာအန်ဂျီးဆက် မစပါ”။ ထို့နောက် အသိပေးချက်ဖန်သားပြင်အား မျှော်လင့်ချက်ကြီးကြီးဖြင့် ကြည့်လိုက်သည်။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
ဒါ.. ဒါ…။
ဘုတ်…။
စုရှောင်ရှန်မေ့လဲသွားသည်။ မျက်ဖြူလှန်ပြီး ကြမ်းပြင်ပေါ်သို့ မျက်နှာဖြင့် ကျသွား၏။
နားနေဆောင်ရှိ အခြား ဆေးအကူ ကောင်လေး တစ်ခုခု ပြုတ်ကျသံကြားလိုက်ရသည်ဟု ခံစားလိုက်ရသည်။ စုရှောင်ရှန်၏ ထူးထူးဆန်းဆန်း လုပ်ရပ်များကို သူစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။။ စုရှောင်ရှန် ကြမ်းပြင်ကို ပိုင်းဖြတ်ရုံမက သူတို့၏ မျိုးနွယ်စုမှ ကလေးတစ်ယောက်လိုဆံပင်ကိုပါ လေထဲ၌ လှုပ်ရင်းကရင်း ကစားနေတာကို တွေ့လိုက်ရသည်။
သို့သော် ယခု အဘယ်ကြောင့် လဲကျသွားသနည်း။
၎င်းမှာ အလွန် အရေးကြီးသည့် ကိစ္စဖြစ်သည်။
သူချက်ခြင်း ပြေးသွားလိုက်ပြီး စုရှောင်ရှန်ကို လှုပ်ရမ်းလိုက်သည်။ စုရှောင်ရှန် ပြန်သတိရလာခဲ့ရာ အနည်းငယ်မှင်သက်နေ၏။ သို့သော် အသိပေးချက်ဖန်သားပြင်ကို မြင်ရာ ပြန်မေ့လဲသွားသည်။
“လခွမ်း”
“ကြီးကြပ်သူဒိုင်တွေမှန်တယ်ဟ။ ဒီစုရှောင်ရှန် ငါးပြားပါ မပြည့်တာ”
အရည်အချင်းမှီသည့် ဆေးအကူတစ်ယောက်အနေနှင့် အတွေ့အကြုံမရှားချေ။ စုရှောင်ရှန်တစ်ယောက် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှု အကြီးကြီးရပြီး မေ့လဲသွားကြောင်း သူပြောနိုင်သည်။
သို့သော်…။
တစ်စုံတစ်ယောက်သူတို့၏ ဆံပင်များအား ဝှေ့ရမ်းဆော့နေရင်းမှ မေ့လဲသွားသည့်အဖြစ်ကို ပထမဦးဆုံး မြင်တွေ့ရခြင်းဖြစ်၏။
ဖြောင်း ဖြောင်း ဖြောင်း…။
ဆေးအကူလေး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကိုသုံးပြီး စုရှောင်ရှန်ကို အဆက်မပြတ် ရိုက်လိုက်သည်။ နောက်ဆုံး၌ စုရှောင်ရှန် သတိပြန်ရလာခဲ့၏။ သို့သော် သတိပြန်ရလာသော စုရှောင်ရှန်၏ နီရဲနေသော ပါးပြင်ထက်၌ မျက်ရည်နှစ်စက်ကျလာခဲ့သည်။ ဤသို့ဖြင့် မျက်ရည် စဲလဲဖြင့် ဆေးအကူကို သူကြည့်လိုက်၏။
ဆေးအကူလည်း လန့်ဖျပ်သွားသည်။ ‘ဘာလဲဟ’
‘ခင်ဗျား မေ့နေတုန်း ကျုပ် ခင်ဗျားကို ဘာမှ ထူးထူးဆန်းဆန်း မလုပ်ထားဘူးနော်’
“ထွက်သွား။ ငါမင်းကို မကြည့်ချင်ဘူး။ သွား။ ငါ့ကို တစ်ယောက်တည်းထားခဲ့” စုရှောင်ရှန်ငိုလိုက်သည်။
ဆေးအကူကြောင်သွားသော်လည်း နောက်လှည့်ကာ ထွက်သွားလိုက်သည်။
စုရှောင်ရှန် အလွန် ခါးခါးသီးသီး ခံစားနေရသည်။ အဆိုးဆုံးအခြေအနေအား သူ ထည့်တွက်ထားပြီးဖြစ်သော်လည်း ထို အခြေအနေ အလျှင်အမြန်ဖြစ်ပျက်လာမည်ဟု မထင်ထားချေ။
“ပင်ကိုယ်မှတ် (၁၀၀၀၀) တောင်ကွာ”
“ဒီတိုင်း ဘာမှ မရလိုက်ဘဲ ကုန်သွားတယ်။ ငါ့ကိုလာနောက်နေတာလား”
“ငါ့ကို သော့အပိုလေးတစ်ချောင်းတောင် မပေးသွားဘူး။ ရက်စက်လိုက်တာ။ ညှာတာမှုလည်းမရှိဘူး။ တော်တော် စိတ်ပုတ်တာပဲ”
သူ့ခန္ဓာကိုယ်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသည်ဟု စုရှောင်ရှန်ခံစားလိုက်ရသည်။ ထရပ်ရန်ပင် သူ့တွင် အားမရှိတော့ချေ။ ထို့နောက် သူ့တွင်ကျန်သော အမှတ် (၃၀၀၀၀) နှင့် ဘာလုပ်ရမလဲ စဉ်းစားလိုက်သည်။
“အသက်ရှူခြင်းနည်းစနစ်ကိုပဲ အဆင့်မြှင့်လိုက်ရမလား ဓားထိပ်သီးကိုပဲ အဆင့်မြှင့်လိုက်ရမလား”
“မဟုတ်ဘူး။ ငါမကျေနပ်ဘူး။ နောက် (၁၀) ခါထပ်လှည့်တယ်ကွာ”
စုရှောင်ရှန်မှာ အရှုံးကိုလက်ခံမည့်သူမဟုတ်ချေ။ အနည်းဆုံးတော့ သူ့ကိုယ်သူ ထိုသို့ တွေးထား၏။ သို့ဖြင့် နောက် သော့(၁၀) ချောင်းကို အမှတ်များဖြင့် လဲလိုက်သည်။
“ဒီတစ်လို့မှ ဘာမှ ထပ်မရရင်။ ငါ…”
“ငါ…”
“ငိုလိုက်မှာ” အသက်ကို ရှိုက်ထုတ်လိုက်ပြီး သူ၏ အကြောက်တရားကို ၀န်ခံလိုက်သည်။ ထို့နောက် သော့များ တစ်ချောင်းပြီးတစ်ချောင်း နောက်ဆုံးသော့ပျောက်သွားသည် အထိ ထည့်လိုက်၏။
“ဟိုး။ အာအန်…” စုရှောင်ရှန် အကျင့်အရ အော်လိုက်သည်။ သို့သော် တစ်၀က်ခန့်တွင်သူ၏ အသံ ပျောက်သွား၏။ ထို့နောက် မည်သည်ကိုမျှ မပြောတော့ဘဲ ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။
“ထားလိုက်ပါတော့။ ငါ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်” သူတွေးလိုက်သည်။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[အခြေခံပင်ကိုယ်စွမ်းရည် : ထာ၀ရ အသက်စွမ်းအင် ကိုရရှိပါသည်]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
စုရှောင်ရှန်၏ မျက်လုံးများလောဘဖြင့်တောက်ပသွားပြီး စိတ်လှုပ်တရှား ထခုန်လိုက်သည်။
“ခွဲထွက်ပြီး ပိုရှည်နေတဲ့ အဲ့ဒီ စာကြောင်းကိုကြည့်လိုက်ပါဦး”
“ငါ… တစ်ခုခု… ရသွားတယ်”
“ဟားဟားဟား”
ကောင်းကင်သို့ မော့ကြည့်ကာ အားရပါးရ ရယ်လိုက်သည်။ သူ၀ယ်လိုက်သော ပင်ကိုယ် သော့(၂၀) ပမာဏမှာ စွမ်းရည်နှစ်ခုကို စစ်မှန်ခြင်းနယ်ပယ်သို့ မြှင့်တင်ပေးလိုက်နိုင်လေသည်။ သို့သော် အဆုံး၌ ပင်ကိုယ်စွမ်းရည်တစ်ခုသာ ရလိုက်၏။ ၎င်းမှာ တန်သည်လော။
တန်ပေသည်။
၎င်းမှာ အလွန် တန်သည်ဟု စုရှောင်ရှန်ခံစားလိုက်ရသည်။
သူ့တွင်စွမ်းရည်များမရှိလျှင် အဆင့်မြှင်တင်စရာလည်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် စွမ်းရည်များကို အနာဂါတ်၌ တဖြေးဖြေးချင်း အမှတ်စုပြီး အဆင့်မြှင့်နိုင်သည်။
စုရှောင်ရှန် နားနေဆောင်အတွင်းရှိ အိမ်တိုင်ကိုဖက်ကာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ခုန်စွ ခုန်စွ ဆော့လိုက်၏။ ထို့နောက် ခေါင်းကိုလည်း နောက်သို့လှန်ကာ နတ်ဆိုးသဖွယ်ရယ်လိုက်သေးသည်။
“ရူးနေပြီ။ သူရူးသွားပြီ”
သူ့အတွက် ကမ္ဘာသစ်ကြီးကို တံခါးဖွင့်ကြည့်လိုက်သည့်အလား ဆေးအကူတစ်ယောက် အိမ်တိုင်ကို အဆက်မပြတ် ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်ရင်း ခုန်နေသည့် စုရှောင်ရှန်ကို မြင်လိုက်ရသည်။
သူတို့ကိုယ် သူတို့ တစ်ယောက်တည်း ကစားရင်း လူတစ်ယောက် ဤမျှ ပျော်နိုင်သည်လော။
“ငါတစ်ယောက်ပဲ ခေတ်နောက်ကျနေတာလား”
တိုင်ကိုဖက်၍ ခုန်ပေါက်နေသော စုရှောင်ရှန်ကို ကြည့်ရင်း သူသက်ပြင်းချလိုက်သည်။ ထို့နောက် သူခုန်လေလေ [ချွန်ထက်ခြင်း]ကြောင့် ပါးလာလေလေဖြစ်သည့် တိုင်ကိုမြင်ရာ ပိုလို့ စိုးရိမ်သွား၏။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သည့် အခြေအနေဖြစ်ပါသနည်း။