အပိုင်း (၂၄) စကားကြီးသုံးခွန်း
လူတိုင်း အသက်ပြင်းပြင်း ရှိုက်လိုက်ကြသည်။
“သူတစ်ကယ်ပဲ လက်သီးတစ်ချက် လက်ဝါးတစ်ချက်တည်း သုံးသွားတာဟ”
“ကျန်းဖေး အတွက် တကယ် စိတ်မကောင်းဘူး။ အစပိုင်းတော့ သူလည်း ပေါတောတော နဲ့ ရယ်ရပေမယ့်ကွာ။ ထိပ်သီး (၆၄) ထဲ၀င်လာပြီးမှ… ဟင်း”
“ရယ်ရတာတော့မှန်တယ်။ မငြင်းဘူး။ ဒါပေမယ့် စုရှောင်ရှန် နည်းနည်းလေးများ ကြမ်းလွန်းမနေဘူးလားလို့။ ထိပ်သီးအဆင့် (၁) နဲ့ (၂) နီးနီးလောက်တောင် ကြမ်းနေပြီ”
“မင်းတို့ ဒါတွေ မြင်ပြီးတာတောင်မှ သူ့ မှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိတာဆိုတာ မတွေ့ကြဘူးလား”
“စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ဟုတ်လား”
“ငါလည်း သေချာမသိဘူး။ အရင် ရက်အနည်းငယ်လောက်က တစ်ယောက်ယောက် ပြောတာကို ကြားလိုက်ရတာ။ သူပြောသလိုဆို အရင်တုန်းကတောင် (၇၀) ရာခိုင်နှုန်းသေချာတယ်တဲ့။ အခု ဒီလက်သီး လက်ဝါး နောက်က အဖျက်စွမ်းအားကိုကြည့်လိုက်ရင် (၉၀) ရာခိုင်နှုန်းလောက်တော့ သေချာသွားပြီ”
ဤသည်ကိုကြားသော် လူတိုင်း တိတ်ဆိတ်သွား၏။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်မှာ ကျင့်ကြံရန် အင်မတန်ခဲရင်းလေသည်။ အားစိုက်ထုတ်လိုက်သည့်တိုင် ဘာမှ ပြန်မရသည်ရနှင့်သာ ကြုံကြရသည်။ သို့သော် ယခု လူတစ်ယောက် ဤစစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်အား ကျင့်ကြံနိုင်သွားသည်လော။
“စုရှောင်ရှန် ဆေးတွေ စားထားလို့လဲ ဖြစ်နိုင်တာပဲ။ သူ့ခန္ဓာကိုယ်ကနေ ထွက်လာနေတဲ့ အပူစွမ်းအင်တွေကို ကြည့်ပါလား။ ပြိုင်ပွဲကနေတောင် ထုတ်ပယ်ပေးဖို့တောင်ဆိုထားတာကို ဘာလို့ ကြီးကြပ်သူတွေ ဘာမှ မလုပ်ကြသေးတာလဲ” အချို့လူများ မနာလို ၀န်တိုမှုများကြောင့် အပုတ်လေလွင့်ပြောလိုက်ကြသည်။ သူတို့၏ စကားများက ရှောင်ချိစွေ၏ နားထဲရောက်သွားသည်။
သို့သော်၎င်းတို့ကို သူ လစ်လျူရှုလိုက်သည်။ သူ့ကိုယ်သူပင် ဖြေရှင်းချက်မပေးချင်ရာ အခြားသူများအား အဘယ်ကြောင့် ဂရုပြုနေရမည်နည်း။
လူတိုင်းတွင် သူတို့၏ အခွင့်အရေးနှင့် သူတို့ရှိကြသည်။ ပြိုင်ပွဲမစတင်ခင် စွမ်းအားကြီးသည့် နည်းစနစ်များကို မကျင့်ကြံကြဖို့ တားမြစ်ထားသည့် စည်းကမ်းမရှိပေ။
အကယ်၍ ထိုသို့သော စည်းကမ်းမျိုးရှိပါက ပြိုင်ပွဲမစခင် တစ်စုံတစ်ဦး၏ လေ့ကျင့်စဉ်ကို သွား ပိတ်ပင်ရမည်လော။ နောက်မှ ပြိုင်ပွဲအတွင်း၌ အလိုလို ချိုးဖောက်သွား၍ သော်လည်းကောင်း ပြိုင်ပွဲပြီးမှ ပြန်လည်ဆင်ခြင်၍သော်လည်းကောင်း ပြန်လည်ခွင့်ပြုပေးရမည်လော။
စုရှောင်ရှန်၏ အရေးကိစ္စလည်း ဤသို့ပင်ဖြစ်သည်။ အကြီးအကဲစန်းပေးလိုက်သော ငရဲမီးတောက်အစေ့မှာ သူ့အတွက် အခွင့်အရေး တစ်ခုဟုပင်မဆိုနိုင်ချေ။ မတော်လို့ တစ်ခုခုမှားသွားပါက သူ့ခန္ဓာကိုယ်ကိုပင် ဖျက်ဆီးလိုက်နိုင်သည်။
စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်အား သင့်တွင် ပါရမီရှိလျှင် ကျင့်ကြံနိုင်ပေသည်။ သို့သော် တစ်စုံတစ်ယောက်က သင့်အားဖမ်း၍ စမ်းသပ်မှုပြုလုပ်မည်လားကိုတော့ မပြောနိုင်ချေ။
စုရှောင်ရှန် သူ၏ ပတ်၀န်းကျင်ကို လစ်လျူရှုပြီး နားနေဆောင်သို့ ပြန်သွားလိုက်သည်။ ပြိုင်ပွဲဆက်ဖြစ်၍ (၆၄) ဦးမှ (၃၂) ဦးသာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားသည်။ တိုက်ပွဲများဆက်ရန် လိုသေးရာ အပြည့်အ၀ အနားယူလိုက်သည်။
ရွှေနီဆေးလုံးအား ရှူရင်း အသိပေးချက် ဖန်သားပြင်ကို ကြည့်လိုက်ရာ သူမြင်လိုက်ရသော အရာကြောင့် စုရှောင်ရှန် ပီတိရွှင်သွား၏။
[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် + ၁၄၂]
[မနာလို သ၀န်တို ခံရပါသည်။ ပင်ကိုယ်မှတ် + ၈၇၄]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၁၃]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
အသိပေးချက်များက ပင်ကိုယ်မှတ်များထက် သူ့ကြောင့်ဖြစ်ပေါ်လာသော ခံစားချက်များကို အမျိုးအမည် အမျိုးမျိုးဖြင့် ဖော်ပြနေသည်။
‘ကြည့်ရတာ ပွဲကြည့်စင်က လူတော်တော်များများ ငါ့ ကောင်းကြောင်းတွေ ပြောနေကြတာထင်တယ်’ သူတွေးလိုက်သည်။ ‘ကြည့်ပါဦး ငါ့ကို တိတ်တိတ်လေး မနာလိုဖြစ်နေတဲ့ လူတွေ အများကြီးပဲ ကျစ် ကျစ်”
ထို့နောက် အသိပေးချက်များ၏ အခြေကို ကြည့်လိုက်သည်။
[ပင်ကိုယ်မှတ် : ၄၂၈၈၈]
ဘုန်း …။
လက်ကိုင်တန်းလျားကို ခေါင်းဖြင့်ဆောင့်လိုက်ရာ ကြည့်ရှူသူများထံမှ ကဲ့ရဲ့သည့် ရယ်သံများထွက်ပေါ်လာ တော့၏။ ချက်ခြင်းသူ၏ ပင်ကိုယ်မှတ်များ [၄၃၀၀၃] သို့ ထိုးတက်သွားသည်။
“ငါ့မှာ ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီးရှိနေတာလဲဟ”
စုရှောင်ရှန် မှင်သက်သွားသည်။ ယခင် အလှည့်ကျ ထုတ်ပယ်ပွဲ (၃) ပွဲလုံး၌ ပင်ကိုယ်မှတ် (၁၀၀၀၀) ကျော် စွန်းစွန်းလောက်သာ ရှိမှန်းကို သူသတိရလိုက် လေသည်။ တစ်မနက်တည်းဖြင့် သူ၏ ပင်ကိုယ်မှတ်များ မည်သို့ ဤမျှ များပြားလာရသနည်း။
အကောင်းဆုံးစဉ်းစားလိုက်သော်လည်း ထွက်မလာပေ။ လူတိုင်းအား ဒေါသထွက်အောင်လည်း သူမလုပ်မိထားပါပေ။
“၀မ်ချောင်ကို သတ်လိုက်တုန်းကလား”
“မဖြစ်နိုင်ဘူး”
ထိုစဉ်က အစီအရင်အတွင်း၌ သာသူရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပင်ကိုယ်မှတ်များ မရလိုက်ပါပေ။ အကယ်၍ ရခဲ့လျှင်တောင် အနည်းဆုံး ရာဂဏာန်းအနည်းငယ်နှင့် အများဆုံး တစ်ထောင် စွန်းစွန်းလောက်သာ ဖြစ်ပေမည်။
‘ဘယ်လိုလုပ် (၃၀၀၀၀) ကျော်တောင် တိုးသွားတာလည်းဟ’
ယခင်က သူမကြည့်ခဲ့ရသော အသိပေးချက်များကို ပြန်ရစ်ကြည့်လိုက်သည်။ ထိုအသိပေးချက်အားလုံးမှာ သာမန်ပင်ဖြစ်ကာ ထူးဆန်းတာ တစ်ခုမှ မပါချေ။ သူတို့အားလုံးက ပင်ကိုယ်မှတ် ဒါဇင်အနည်းငယ် (သို့) ရာဂဏာန်းခန့်လောက်သာပင်။ ထို့ထက်ပိုသော အသိပေးချက်များမရှိပေ။
“စနစ် အမှားလုပ်မိလိုက်တာများလား” အတွေး၀င်လာခဲ့သည်။ သို့သော် ချက်ခြင်း ခေါင်းရမ်းလိုက်သည်။ ထိုအစား ကောင်းကင်ပေါ်မှ ဥက္ကာခဲကျလာသည်ကိုသာ ယုံလိုက်ပေမည်။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
…
မှင်သက်နေသည့် သူ၏ မျက်လုံးများအောက်၌ အသိပေးချက် ဖန်သားပြင်တွင် စက္ကန့်နဲ့အမျှ အသိပေးချက်အသစ်များ အဆက်မပြတ်ကျလာနေခဲ့သည်။ စုရှောင်ရှန် ၎င်းကို မျက်မှောင်ကုပ်ပြီး ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားရာ သူ့ခေါင်းအားသူ ရိုက်လိုက်၏။
“ငရဲမီးတောက် အစေ့” ဘာဖြစ်နေသည်ကို သူနားလည်သွားသည်။
မနက်အာရုံတက်ချိန်မှ ထိုအစေ့ကိုစားလိုက် ကတည်းက သူ၏ ခန္ဓာကိုယ် လောင်ကျွမ်း နေခဲ့ခြင်းဖြစ်သည်။ စနစ်က ထိုလောင်ကျွမ်းနေခြင်းကို စက္ကန့်တိုင်း အတိုက်ခိုက်ခံနေရသည်ဟု ယူဆ ခြင်းပင်ဖြစ်ရမည်။
ဆိုလိုသည်မှာ တစ်စက္ကန့်ကို ပင်ကိုယ်မှတ် တစ်မှတ် သူရနေခဲ့ခြင်းဖြစ်သည်။
တစ်စက္ကန့်ကို ပင်ကိုယ်မှတ် တစ်မှတ်ရခြင်းမှာ အထင်ကရ မဖြစ်သည့်အတွက် စုရှောင်ရှန် လည်း အရေးမပေးပေ။
သို့သော် ရေစက်များပေါင်း၍ ပင်လယ်ကြီးပင် ဖြစ်နိုင်၏။
စုရှောင်သူ့စိတ်ထဲမှ ရေတွက်ကြည့်လိုက်သည်။ ထိုလူယုတ်မာ အဖိုးကြီးကို တွေ့သည်မှာ ဤမနက်(၇)နာရီလောက်ကတည်းဖြစ်ရာ ယခုအချိန်ထိဆို ကာလသုံးပါးခန့်ကြာမြင့်သွားချေပြီ။
ကာလ တစ်ပါးတွင် (၂) နာရီခန့်ရှိသည်။ တစ်နာရီတွင် (၆၀) မိနစ်၊ တစ်မိနစ်ကို (၆၀) စက္ကန့်… စုရှောင်ရှန် လက်ချောင်းများထောင်၍ ရေတွက်ကြည့်လိုက်သည်။ ထို့နောက် ခြေချောင်းများဖြင့်ပါ ထည့်တွက်လိုက်၏။
စက္ကန့် (၂၀၀၀၀) ကျော်။
ပင်ကိုယ်မှတ် (၂၀၀၀၀) ကျော်။
ရှူးးးး…။
စုရှောင်ရှန် လေပူများကို ရှူထုတ်လိုက်သည်။ မသိစိတ်က သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်မိရာ အပူစွမ်းအင်များထွက်လာပြီး သူထိုင်နေသည့်ခုံကို အရည်ပျော်သွားစေလိုက်သည်။
ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျသွား၏။
ဆေးအကူကောင်လေး ချက်ခြင်းသူ့ထံပြေးလာပြီး အကျိုးအကြောင်းမေးလိုက်သည်။
မှင်သက်နေရင်းမှ စုရှောင်ရှန် အဆင်ပြေကြောင်း လက်ပြလိုက်သည်။ ဆေးအကူ ပြန်တော့မည်လုပ်သည့်အချိန်မှ စုရှောင်ရှန် အလျှင်အမြန် ထမေးလိုက်သည်။ “နေဦး။ တစ်ရက်မှာ ဘယ်နှစ်စက္ကန့်ရှိလဲ တွက်ပေးကြည့်”
“တစ်ရက်မှာလား”
ဆေးအကူ တဒင်္ဂခန့် စဉ်းစားလိုက်ပြီးသော် “(၈၆၄၀၀) စက္ကန့်နီးနီးလောက်ရှိမယ်ထင်တယ်”
ခလက်…။
စုရှောင်ရှန် သူ့လက်ထဲမှ ခွက်ကို ဆုပ်ခွဲလိုက်မိသည်။ သူထရပ်ရန်ကြိုးစားလိုက်သည်။ သို့သော် ဒူးမခိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ပြန်ထိုင်ကျသွား၏။ “ဘာပြောလိုက်တယ်” သူအော်မေးလိုက်သည်။ “ပြန်ပြောကြည့်စမ်း”
ဆေးအကူ စုရှောင်ရှောင်၏ အငွေ့များအဆက်မပြတ်ထွက်နေသည့် ခန္ဓာကိုယ်ကို ကြည့်ပြီး သွားထူပေးရမလော ဘာလော တွေဝေသွားသည်။ နောက်ဆုံး၌ သူပြန်ပြောလိုက်၏။ “ရှစ်သောင်းခြောက်ထောင့်လေးရာ”
ဂလု…။
စုရှောင်ရှန် တံတွေး မျိုချလိုက်သည်။ ၈၀၀၀၀ ကျော်တောင်။
သူ၏ မျက်နှာ အမူအရာမှာ စိတ်၀င်စားဖို့ကောင်းနေသည်။ ဦးစွာ နာကျင်မှုပေါ်လာသည်။ ထို့နောက် ပျော်ရွှင်မှု၊ အံ့အားသင့်မှုတို့ဖြင့် နောက်ဆုံး ရူးကြောင်ကြောင် အပြုံးတစ်ခုဖြစ်သွားခဲ့၏။
စုရှောင်ရှန် ၀က်ရူးပြန်နေသည်လော ဘာလော ဆေးအကူ ထိတ်လန့်သွားသည်။ သို့သော် ဒိုင်ဝိုင်းမှ ညွှန်ကြားချက်များကို ပြန်သတိရသွား၏။ ၎င်းတို့အဆိုအရ စုရှောင်ရှန် မည်သည့်အခြေအနေပင် ဖြစ်နေစေကာမှု သူ့ကို အရူးတစ်ယောက်ဟုသာ သတ်မှတ်ကာ သူ၏ တောင်းဆိုချက်များကို လစ်လျူရှူလိုက်ရန်ဖြစ်သည်။
နားနေဆောင်မှ တိတ်တိတ်လေး ထွက်သွားလိုက်သည်။ စိတ်ထဲမှလည်း ထိပ်ခေါင်အကြီးအကဲမှာ နာမည်နှင့်လိုက်အောင် အထင်ကြီးဖွယ်ရာကောင်းသည်ဟု တွေးလိုက်သည်။ သူအားလုံးကို ကြိုတွက်ထားတာပဲ။
ရွှေနီဆေးလုံးအား ကိုင်ပြီး စုရှောင်ရှန် ခပ်ပြင်းပြင်း ရှိုက်လိုက်သည်။ သူ့ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွား၏။ ထို့နောက် သူ့တွင် ရွှေနီဆေးလုံးများ ကုန်ဆုံးတော့မည်ဖြစ်ကြောင်းကို သတိထားမိသွားတော့သည်။
နေ့တစ်၀က်အတွင်း အကြီးအကဲကျောက်နှင့် ယခင် ဒိုင်တို့ပေးထားခဲ့သည့် ပုလင်းနှစ်လုံးစလုံးအား သူ အသုံးပြု၍ ကုန်ချေတော့မည်။
စုရှောင်ရှန်သက်ပြင်းချလိုက်သည်။ ၎င်းတို့မှာ သူ့အသက်ကို ကယ်နိုင်သော ပစ္စည်းများဖြစ်ကြပေသည်။
ဤသည်က ငရဲမီးတောက် အစေ့ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကို ပြသနေ၏။
သို့သော် ငရဲမီးတောက်ဆေးလုံး၏ တန်ဖိုးကို သိသွားရာ သူခံစားနေရသော နာကျင်မှုများက ပြောပလောက်စရာ မဟုတ်တော့ပေ။ ထိုအစား အနည်းငယ်ပင် ပျော်သွားသည်။
“နာကျင်မှု ဟုတ်လား”
“အနာမခံရင် အသာမစံရဘူးကွ”
“ဘယ် အောင်မြင်တဲ့လူတိုင်းက သူတို့ အောင်မြင်မှုလမ်းကြောင်းမှာ ကြီးမားတဲ့ဒုက္ခကို မခံခဲ့ရလို့လဲ။ ဒီဒုက္ခအပေါ်ပဲသွားပြီး အာရုံရောက်နေရင် ပြီးရင်လာမယ့် ပျော်ရွှင်မှုကို ခံစားရမှာ မဟုတ်ဘူး”
လက်ပြပြီး ဆေးအကူကို သူထပ် ခေါ်လိုက်သည်။ “ပြိုင်ကွင်းထဲက အကြီးအကဲရှောင်စီကိုသွား” သူညွှန်ကြားလိုက်သည်။ “သူ့စီက ရွှေနီဆေးလုံးတွေ သွားတောင်လိုက်”
ဆေးအကူက စုရှောင်ရှန်ကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။
‘ရူးနေတာလား’ တွေးလိုက်သည်။
စုရှောင်ရှန်၏ မျက်နှာမှာ အပူကြောင့် ရဲရဲနေပြီးဖြစ်ကာ သူ့အတွက် ရှက်စရာ အကြောင်းမရှိတော့ပေ။ သို့ဖြင့် ဆက်၍ “ငါမင်းကို စကားကြီးသုံးခွန်းသင်ပေးလိုက်မယ်။ သေချာမှတ်ထား”
“ပထမတစ်ချက်။ သူ သဘောမတူရင် ‘ခင်ဗျားပဲ ကျုပ်ကို ဆေးကုသမှုခံယူခွင့် မပေးတာလေ။ ကျုပ်လည်း ပြိုင်ပွဲ၀င်တစ်ယောက်ပါ။ ဒါကြောင့် ရွှေနီဆေးလုံးတော့ နည်းနည်းတော့ပေး။ မဟုတ်ရင် ကျုပ် သည်းခံမှာ မဟုတ်ဘူး’ လို့ပြောလိုက်”
ဆေးအကူမှာ သူ့ စကားကြောင့်မှင်သက်သွားရသည်။ ‘ငါအကြီးအကဲရှောင် ကို ဒီလိုသွားပြောရဲမယ်လို့ ထင်လို့လားဟ’ တွေးလိုက်သည်။ ‘သူက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ထိပ်ခေါင် အကြီးအကဲဟ။ လမ်းဘေးဈေးသည်မဟုတ်ဘူး’
‘ပြီးတော့ အလကားသွားတောင်းခိုင်းတာလား’
‘ရမယ် အားကြီးကြီး’
“ဒုတိယအချက်” စုရှောင်ရှန်က ဆက်၍ “သူဒါတောင်ငြင်းနေသေးရင် ‘ဟီးဟီး ကျုပ်ခင်ဗျားတို့ အကြောင်းတွေမသိဘူး မထင်နဲ့။ လူတွေအပေါ်မှာ စမ်းသပ်မှုပြုလုပ်နေတာကျုပ်သိတယ်’လို့ မင်းပြောလို့ရတယ်။ ဒါပေမယ့် မှတ်ထား။ မင်းရဲ့ အသံက တည်ငြိမ်နေရမယ်။ သေချာနေရမယ်။ ပြီးတော့ ခက်ထန်တဲ့ မျက်နှာထားနဲ့နော်”
ဆေးအကူလေး ခေါင်းကိုက်သွားသည်။ ‘ဒီစုရှောင်ရှန်တကယ် လက်ရဲဇက်ရဲရှိတာပဲ’
‘ခက်ထန်ရမယ်၊ တည်ငြိမ်သေချာရမယ် ဟုတ်လား။ ဘာလို့ သွားမသေလိုက်တာလဲ’
“နောက်ဆုံး တတိယအချက် အနေနဲ့ … အာ… ဒီအချိန်လောက်ဆို သူလည်း ငါ့တောင်းဆိုချက်ကို သဘောတူနေလောက်ပါပြီ။ ဒါပေမယ့် ‘ခင်ဗျား ဆေးလုံးတွေပေးဖို့ သဘောတူမှတော့ နည်းနည်းလေးပဲပေးတာ မရှက်ဘူလား။ ခင်ဗျားပေးတဲ့ ပမာဏ နောက်မှာ သုည တစ်လုံးထည့်လိုက်’ လို့ ဖြည့်လိုက်ဦး”
“ကိုယ့်ဘာကိုယ်သွား” ဆေးအကူက ခက်ဆတ်ဆတ်ရယ်လိုက်သည်။
“ငါ့ဟာငါသွားရမယ်ဟုတ်လား” စုရှောင်ရှန် မပျော်မရွှင်ဖြစ်သွားသည်။ “ငါက ပြိုင်ပွဲဝင်တစ်ယောက်။ ပြီးတော့ မင်းက ငါ့ဆေးအကူ။ ကိုယ့်တာ၀န်နဲ့ကိုယ်ပဲ”
“ပြီးတော့ ငါခဏနေကြရင် ထပ်ချရဦးမှာ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးအခြေအနေ ရောက်အောင်လုပ်ထားဖို့လိုတယ်။ ကဲပါ ကြာတယ် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့”
“အကောင်းဆုံးလုပ်ခဲ့နော်။ အဓိကက မကြောက်နဲ့။ သူက ထင်သလိုကြောက်စရာမကောင်းဘူး။ သူ့လို အဆင့်မြင့်မြင့်က လူတွေက သူတို့ နာမည် ထိခိုက်မှာ ဆို တအားကြောက်ကြတာ။ အကြောင်းမရှိဘဲ မင်းကို မတိုက်ခိုက်ဘူး မပူနဲ့”
ဆေးအကူလေး လဲကျမတတ်ဖြစ်သွားသည်။ ‘ဒီလိုသွားပြောတာကိုက ငါ့ကို တိုက်ခိုက်ဖို့ လုံလောက်နေပြီမဟုတ်ဘူးလား ပြော’ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“သွား”
စုရှောင်ရှန် သူ့ကို လက်ပြလိုက်သည်။ ဆေးအကူ မည်သို့ ပြန်ပြောရမှန်းမသိဖြစ်သွားသည်။ သို့သော် နောက်ဆုံး၌ ခါးသီးသီး အမူအရာဖြင့် ထွက်သွားလိုက်ရ၏။
“ဒီအလုပ်က ပင်ပန်းလွန်းတယ်”
“ငါအလုပ်ပြောင်းချင်တယ်”