Switch Mode

Chapter – 23

လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်

အပိုင်း (၂၃) လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်

ပြိုင်ကွင်းအပေါ်၌ စုရှောင်ရှန် အလွန် ကြမ်းတမ်းသည့် ဟန်ပေါက်နေသည်။

သူ၏မျက်လုံးများမှာ ရူးသွပ်ဟန်များပေါ်နေသည်။ အပေါ်ပိုင်းဗလာဖြင့် ရဲရဲနီနေသော သူ့ခန္ဓာကိုယ်ကိုပြသ‌ထားသည်။ ၎င်းမှ အခိုးအငွေ့များ ဆက်တိုက်ထွက်လာနေ၏။ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ‌ပုံပေါက်နေသည်။

“ကျန်းဖေး မင်းဘယ်မှာလဲ။ ငါနဲ့ လာချစမ်း” စုရှောင်ရှန် အော်ဟစ်လိုက်သည်။ ကျန်းဖေးအား စိတ်တိုအောင်လုပ်ပြီး သူ့ကို တိုက်ခိုက်လာစေရေးကို ကြိုးပမ်းလိုက်သည်။ ဤသို့ဖြင့် သူ၏ သနားဖွယ်အခြေအနေကိုမြင်သော် ရှောင်ချိစွေ ကယ်ကို ကယ်ရလိမ့်ပေမည်။

အရေးကြီးဆုံးမှာ သူ့ခန္ဓာကိုယ်ထဲမှ ငရဲမီးတောက်စေ့ကို ဖယ်ရှားဖြစ်ရန်ဖြစ်သည်။

နားနေဆောင်၌…။

ကျန်ဖေးနှင့် သူ၏ သူငယ်ချင်၏ မျက်နှာထက်တွင် စိုးရိမ်မှုများ အထင်းသားပေါ်လွင်နေ၏။

“ငါအကြံပေးတာပါ။ မင်း အပေါ်ရောက်သွားရင် အရှုံးပေးသင့်တယ်။ သူက စုရှောင်ရှန်နော်။ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေပြီးရင် သူက နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မြင်းနက်တစ်ကောင်ပဲ”

ကျန်းဖေး အနည်းငယ် တုန့်ဆိုင်းနေဟန်ရသည်။ “ဒါပေမယ့်…”

“ဒါပေမယ့်လုပ်မနေနဲ့။ သူ့ကိုကြည့်လိုက်ဦး။ အဲ့ကောင် ဆေးတွေစားထားတာနော်။ သူ၀မ်ချောင်ကိုဘယ်လို သတ်လိုက်လဲမင်းမမြင်ဘူးလား”

“အဲ့အချိန်တုန်းကတောင် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ရှိမနေဘူး။ မင်းစင်ပေါ်တက်သွားရင် သေရင်သေ။ မသေရင် ဒုက္ခိတဖြစ်မှာပဲ”

ကျန်းဖေးကြက်သီးဖျင်းဖျင်းထသွားသည်။ သူ၏ သူငယ်ချင်းပြောသောအရာများမှာ အဓိပ္ပာယ်ရှိ၏။

ဒါပေမယ့်…။

သူ့လက်ကိုမြှောက်ပြီး ကိုက်ရာ တစ်ခုကို သူကြည့်လိုက်သည်။ မျက်ခုံးများကုပ်လိုက်ပြီးသော် “ဒါပေမယ့် မနေ့ကမှ ငါသူ့ကို အပုတ်လေလွင့်ပြောထားတာ။ ဒီနေ့ကြ‌တော့ စင်ပေါ်တက်တာနဲ့ ချက်ခြင်း အရှုံးပေးလိုက်တာက ရှက်စရာမကောင်းဘူးလား”ဟု ဆို၏။

“ဟ မင့်အရှက်က မင်းရဲ့အသက်လောက် အရေးကြီးလို့လား”

ကျန်းဖေး‌ တွေဝေသွားသည်။ သို့သော် ခေါင်းပြန်ခါရမ်းလိုက်ပြီး “သူငါ့ ခံစစ်ကို မဖောက်နိုင်လောက်ပါဘူး”

ထို့နောက် သူ့သူငယ်ချင်း၏ လက်ကို ပုတ်ထုတ်ကာ ပြိုင်ကွင်းစီသို့ အလျှင်အမြန် ပြေသွားလိုက်သည်။

“ဟူး… ငတုံးပဲ” ကျန်းဖေး၏အနောက်ကို ကြည့်နေရင်း သနားသဖြင့် သက်ပြင်းချလိုက်၏။

“မင်းက ကျန်းဖေးလား”

စုရှောင်ရှန် လက်သီးတစ်လုံးကို သူ့ခေါင်းတစ်လုံးလောက်ရှိသည့် လူထွားကြီးကိုကြည့်ရင်းမေးလိုက်သည်။

ကောင်းတယ်။ ဒီကောင်ထိုးတာခံရရင် ငါတော်တော် သနားစရာကောင်းတဲ့ ရုပ်ပေါက်မှာပဲ။

ငါလိုချင်တဲ့အတိုင်ပဲ။

ထို့နောက် ရှောင်ချိစွေကို ခပ်ဖွဖွပြုံးပြလိုက်သည်။ ပွဲကြည့်သူများ၏ ဝေဖန်ခြင်းကို ခံရသော် ရှောင်ချိစွေ သူ့အား မကယ်ဘဲ နေနိုင်မည်လော။

ရှောင်ချိစွေသူ့အား ကယ်သည့်အခါ ထိုအစေ့ကို သူ့ကိုယ်ထဲမှ မထုတ်နိုင်ဘဲ ရှိလိမ့်မည်နည်း။

ကျန်းဖေးသူ့လက်များကို ဆုပ်လိုက်ရင်း “မင်္ဂလာပါ ဂိုဏ်းတူအကိုစု။ ကျွန်တော် သတ္တုကြေးနီ ခန္ဓာကိုယ်လို့ခေါ်တဲ့ နည်းစနစ်တစ်ခုကိုကျင့်ထားတာ။ ကျွန်တော့်ရဲ့ ခံစစ်က ပြောစရာမလိုဘူး။ ဒါကြောင့် မထိန်ချန်ထားပါနဲ့ အားကုန်သုံးလို့ရတယ်”

သတ္တုကြေးနီ ခန္ဓာကိုယ် ဟုတ်လား။

စုရှောင်ရှန် လဲကျလုမတတ်ဖြစ်သည်။ ‘အဲ့တာ ခုခံခြင်းစိတ်ဝိညာဉ်နည်းစနစ်မလား’ သူတွေးလိုက်သည်။ ‘မင်းကငါ့ကို လာထိုးရမှာလေ။ ပြီးတော့ မင့် ခန္ဓာကိုယ်ကြီးနဲ့မှ မလိုက် ဘာလို့ ဒီလို နည်းစနစ်တစ်ခုကို လေ့ကျင့်ရတာလဲ’

ရှောင်ချိစွေ နှားခေါင်းရှုံ့လိုက်သည်။ စုရှောင်ရှန်၏ အကြံအား သူမသိဘဲ အဘယ်သို့နေမည်နည်း။

လက်ပြ အချက်ပေးလိုက်သည်။ “အသင့်ပြင်… စ”

ဤအခြေအနေက သူ့အား မျက်နှာသာမပေးဟု စုရှောင်ရှန်ခံစားလိုက်ရသည်။ အခြားသူအား သူ့ကို အရင်တိုက်ခိုက်လာအောင်လုပ်ရမည်။ မဟုတ်လျှင် သူ့အစီအစဉ်များပျက်သွားနိုင်သည်။

ကျန်းဖေထံသို့ ရန်စသည့် အပြုအမျိုး သူလုပ်ပြလိုက်သည်။ ထို့နောက် ခုခံသည့် တိုက်ခိုက်ပုံဖြင့် ရပ်လိုက်၏။ သူ့ပြိုင်ဘက်‌မရွေ့လျှင် သူလည်း ရွေ့မည်မဟုတ်ချေ။

ဤအချင်းအရာကို မြင်သော် ကျန်းဖေး ပြုံးလိုက်သည်။ သူလည်း ‌ညာသံပေးလိုက်ပြီး ခုခံစစ်ပြောင်းလိုက်၏။ သူ့တစ်ကိုယ်လုံးသို့ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားပြီး သူ၏ အရည်ပြားများ ကြေးနီရောင်သန်းလာခဲ့တော့သည်။

တိုက်ပွဲက မျှနေ၏။

ဤအချင်းအရာကြောင့် လူအုပ်ကြီး ပွဲကျသွားသည်။

“ဟားဟားဟား။ သူတို့နှစ်ယောက် တစ်ကယ့် ဆရာကြီးတွေပဲ။ ပြိုင်ပွဲမှာ ဘာလာလုပ်နေတာလဲမသိဘူး။ မ‌လေးစားလို့ကို မနေနိုင်တော့တာ”

“ကျန်းဖေးရဲ့ သတ္တာကြေးနီ နည်းစနစ်က နောက်ဆုံးမှ ပြန်တိုက်တဲ့ အကွက် တစ်ကွက်တည်းရှိတာ။ စုရှောင်ရှန်ဘာလုပ်နေတာလဲ။ သူ့မှာ ထိုးစစ် မရှိဘူးလား။ သွားချလေ”

“မင်းမို့လို့ သဲအိတ်စုကို ချခိုင်းတယ်။ စုရှောင်ရှန်က ထမင်းမစားဘဲနေလိုက်မယ်။ အရိုက်တော့ မခံဘဲမနေနိုင်ဘူး။ မဟုတ်ရင် ယားကျိကျိခံစားနေရတဲ့ကောင်”

“ဟားဟားဟားးးး။ ငါမခံစားနိုင်တော့ဘူး။ ဒီတိုင်းဆက်သွားနေရင် ညရောက်သွားလိမ့်မယ် ပြီးမှာ မဟုတ်တော့ဘူး”

ရှောင်ချိစွေ စင်ပေါ်မှ ခံစစ်ထိုးနေသည့် နှစ်ယောက်ကို မှုန်ကုတ်ကုတ်ကြည့်လိုက်သည်။ တစ်နှစ်လုံးစာတောင် ဤမျှလောက် ‌ဒေါသမထွက်ရချေ။

ဒီကောင်တွေ ဘာလုပ်နေကြတာလဲဟ။

ဒါပြိုင်ပွဲကွ ပြိုင်ပွဲ။

“ပြိုင်ပွဲ၀င်တွေ သိထားပါ။ တိုက်ပွဲက အချိန် (၃၀) မိနစ်ပဲရမယ်”

စုရှောင်ရှန် မျက်မှောင်ကျုံ့လိုက်သည်။ ‘ဒီကျန်းဖေးကိုကြည့်ရတာ ခံစစ်ကို လုံး၀လက်လျော့မဲ့ပုံမပေါက်ဘူး။ ငါ့အစီအစဉ်တွေ ပျက်တော့မှာလား’

‘သူ့ကိုချပြီးမှ အပူစွမ်းအင်တွေ တကယ်ထုတ်ရတော့မှာလား’

သူတိုက်ခိုက်လိုက်နိုင်သည်။ သို့သော် သူ၏ ပြိုင်ဘက် ဒဏ်ရာအပြင်းအထန်ရ သွားမည်ကို စိုးရွံ့မိ၏။

စုရှောင်ရှန် ရှောင်ချိစွေဘက်လှည့်ပြီး မေးလိုက်သည်။ “ခင်ဗျားကျုပ်ကို တကယ် ဆေးကုသမှု မပေးဘူးလား”

“ဟမ့်။ ဘယ်လိုထင်လဲ” ရှောင်ချိစွေ နှာခေါင်းတစ်ချက်ရှုံ့ရင်း ပြန်ဖြေလိုက်သည်။

“ကျုပ်တကယ် ထိုးလိုက်ရင် သူသေသွားနိုင်တယ်နော်” စုရှောင်ရှန် ကျန်းဖေးကို လက်ညှိုးထိုးပြလိုက်၏။

ကျန်းဖေး၏ မျက်နှာ အစိမ်းရောင်ပြောင်းသွားသည်။ သူ့ခြေထောက်များ ပျော့သွားသည်ဟု ခံစားလိုက်ပြီး ပြိုင်ကွင်းပေါ်မှ ခုန်ချလိုက်ချင်သည့် ဆန္ဒအား အတင်း ချုပ်တည်းလိုက်၏။

‘မင်းကိစ္စက ကြီးကြပ်သူရှောင်နဲ့လေ။ ငါနဲ့ဘာဆိုင်လို့လဲ’

‘ငါ့ကို ဆွဲမထည့်ပါနဲ့လား’

ရှောင်ချိစွေ စုရှောင်ရှန်အား အေးတိအေးစက် ကြည့်လိုက်သည်။ ‘ဒီကောင်လေး ငါ့ကို လာခြိမ်းခြောက်နေတာလား’ တွေးလိုက်သည်။

“လုပ်ချင်လုပ်လေ” ထို့နောက် ဆက်၍ “ကျန်းဖေး သေရင် ငါအရှုံးပေးတယ်” ဆိုလိုက်သည်။

ကျန်းဖေး၏ ခြေထောက်များ တုန်တုန်ရီရီဖြစ်သွားသည်။ ‘လခွမ်း။ ငါ့ကို မင်းတို့ကြားက မြေစာပင်လေးလို သဘောမထားပါနဲ့ဟ။ ငါလည်း လူတစ်ယောက်ပါ’

ဒိုင်ဝိုင်းလည် ပါးစပ်အဟောင်းသားများဖြစ်သွားကြ လေသည်။

“ခေါင်း‌ဆောင်ရှောင် တကယ် ဒေါသထွက်သွားတယ်ဟ”

“ချီး။ ဒီစုရှောင်ရှန်တော်လိုက်တာ။ ခေါင်းဆောင်ရှောင်ကိုတောင် ဒီလို စကားတွေထွက်လာအောင် လုပ်နိုင်တယ်။ မလေးစားဘဲကို မနေနိုင်တော့ဘူး”

“ဟီးဟီး။ ငါပြောသားပဲ။ စုရှောင်ရှန်က ပေါ့သေးသေးမဟုတ်ပါဘူးလို့။ ဟူး။ ဟို ကျန်းဖေးဆိုတဲ့ လူငယ်လေးကတော့ သနားစရာပဲ”

“အဆင့် (၉) ဆိုတော့… ငါချရင် သူခံနိုင်လောက်မှာပါနော်…”

ရှောင်ချိစွေ၏ စကားကြောင့် စုရှောင်ရှန် မျက်ခုံးပင့်လိုက်သည်။ သူကျန်းဖေးကိုပင်ကြည့်မနေချေ။ ရှောင်ချိစွေအား စိုက်ကြည့်နေခြင်းဖြစ်သည်။

“သေချာပြီလား”

သူ့ခန္ဓာကိုယ်အတွင်းရှိ ငရဲမီးတောက်အစေ့ကို လှုန့်ဆော်၍ ကြမ်းပြင်ကို အားပြင်းပြင်း ထိုးချလိုက်သည်။

ဘုန်း…။

ပြိုင်ကွင်းကြမ်းပြင် ချိုင့်၀င်သွားပြီး ၎င်းကို ဗဟိုပြု၍ အဘက်ဘက်သို့ အက်ရာများ ပေါ်လာခဲ့သည်။ ၎င်းမှလည်း အင်မတန် ပူပြင်းသော အပူစွမ်းအင်များကို လေးဘက် လေးရံ ထုတ်လွှင့်လိုက်သေးသည်။ ထိုချိုင့်ကို ဗဟိုပြု၍ မီတာအနည်းငယ်ခန့်ပင် မဲနက်သွားအောင် လောင်ကျွမ်းသွား၏။

“ကျုပ်တကယ်ဆေးတွေစားထားတယ်လို့ ပြောတယ်နော်။ ကျုပ်ရဲ့ လက်သီးချက်ကို အခု ဘယ်သူမှ ခံနိုင်မှာမဟုတ်ဘူ။ ပြီးမှ လာ‌မပြောနဲ့” စုရှောင်ရှန် လက်သီးလက်မောင်း ပြရင်း ပြောလိုက်သည်။

ဒီလောက်လေးနဲ့ လေကြီးနေတယ်။

ရှောင်ချိစွေကိုကြည့်ရသည်မှာ အထင်သေးသည့်ဟန် ပေါ်လွင်နေသည်။

ဤကိစ္စအား အသေးအဖွဲ့အလားပြောနေသော စုရှောင်ရှန်နှင့် ဂရုစိုက်ပုံမရသည့် ရှောင်ချိစွေတို့ကို မြင်သော် သူ့ကံကြမ္မာကို မြင်လိုက်ရသည့်အလား ကျန်းဖေး ပင်ပန်း နွမ်းနယ်သွား၏။

‘ကယ်ကြပါ။ ဒီမှာ ဆက်မနေချင်တော့ဘူး”

စုရှောင်ရှန်၏ လက်သီးချက်က သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေခဲ့ပြီး လူတိုင်း၏ မျက်လုံးများကိုလည်း လှုပ်သွားစေခဲ့၏။

“ဘုရား ဘုရား။ အဲ့လောက်ကြီးကြ…”

“ကျန်းဖေးက တကယ်သနားစရာကောင်းတယ်။ အလှည့်ကျထုတ်ပယ်ပွဲမှာ (၃) ကြိမ်တိတိ သူ့နေရာကို ခုခံလာနိုင်ပြီးမှ ဒီအဆင့်တက်ပွဲမှာ စုရှောင်ရှန်နဲ့ လာတိုးရတယ်လိူ့”

“မင်းတို့ ဆက်မပြောခင် ကျန်းဖေးကို ကြည့်လိုက်ကြဦး။ သူ့ခြေထောက်တွေ တုန်နေတာ ဟိုမှာ မရပ်မနားဘဲ”

ကျန်းဖေး၏ခြေထောက်များတုန်ရင်နေခဲ့သည်။ သို့သော် သူ့ခြေထောက်များသာမကဘဲ သူ့အသံလည်း တုန်ရင်နေ၏။ သို့ဖြင့် “ဂိုဏ်း… ဂိုဏ်းတူအကိုစု။ ကျွန်တော့်ကို ချမ်း… ချမ်းသာပေးပါဗျာ။ စောနက ပြောလိုက်တဲ့စကားကို ဗွေမယူပါနဲ့။ ကျေး… ကျေးဇူးပြုပြီး ညင်ညင်သာသာ ပဲလုပ်ပါ”

သူရေရွတ်လိုက်သည်။ “ကျေးဇူးပြုပြီး ကျုပ်ရဲ့ သိက္ခာလေးကိုတော့ ဆယ်ပရစေ”

ကြည့်ရှူနေသူများ ထရယ်လိုက်ကြသည်။ ရှောင်ချိစွေ ဆက်လက်၍ တိတ်ဆိတ်နေသည်ကို မြင်သော် စုရှောင်ရှန် ရှေ့သို့ တဟုန်ထိုး ပြေး၀င်လိုက်၏။ ထို့ပြင် “မင်းရဲ့ နောက်ဆုံးထွက်သက်လေးကို ငါထုတ်ပေးမယ်”

ရှောင်ချိစွေ စုရှောင်ရှန်အား စိုက်ကြည့်လိုက်သည်။ စုရှောင်ရှန်သူ့အား နောက်နေသည်ဟု ခံစားနေရ၏။ သို့သော် ထိုကောင်လေးမှာ အမြဲ ခန့်မှန်းရခက်သည့်အတွက် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားလိုက်သည်။

ဘုန်း

စုရှောင်ရှန်၏ လက်သီးချက် ကျန်းဖေး၏ ရင်ဘက်နှင့် မိတ်ဆက်သွားသည်။ သူ့လက်မှတစ်ဆင့် အပူစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ အပူစွမ်းအင်အနည်းငယ် ထွက်သွားသည့်အတွက် စုရှောင်ရှန် နေလို့ကောင်းသွား၏။

ကျန်းဖေး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များထောင်ထသွားသည်။ သူ့အ၀တ်အစားများလည်း မီးကျွမ်းသွား၏။ သို့သော် သူနောက်သို့ တစ်စက်မှ ဆုတ်မသွားပါချေ။

စုရှောင်ရှန် အံ့အားသင့်သွားသည်။ ‘ငါ့ ခွန်အား တစ်၀က်ကို သူခံနိုင်လိမ့်မယ်လို့မထင်ထားဘူး’ တွေးလိုက်သည်။ ‘မဆိုးဘူး တော်သားပဲ’

ကျန်းဖေးထံတွင် ခိုင်မာသည့် ခုခံစစ်ရှိရာ သူ့စိတ်ရှိသလို ထိုးလိုက်ခြင်း က ထင်သလောက်ဆိုးလိမ့်မည် မဟုတ်ဟုခံစားလိုက်ရသည်။ ရှောင်ချိစွေသူ့ကို မကယ်ချင်မှတော့ ကျန်းဖေးအားကယ်ရအောင် သူလုပ်လိုက်ချေမည်။

ဟူးးး

အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ယခုတစ်ကြိမ်သာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်ပေသည်။

မျက်စိဖြင့်အထင်းသားမြင်နိုင်သော အပူစွမ်းအင်များသူ၏ ဘယ်ဘက်လက်တွင် စုစည်းလာခဲ့သည်။ သူ၏ လက်အား သဏ္ဌာန်မဲ့သည် မီးလျံတို့ဖြင့် လောင်ကျွမ်းနေသည့်အလား အနီးအနားရှိ လေထုကိုပင် တုန်ခါသွားစေ၏။

ကျန်းဖေး၏ မျက်ဆံများ ကျုံ့သွားသည်။

‘ခုခံရမယ်။ ငါ ဒီတစ်ချက်ကိုခုခံရမယ်’ တွေးလိုက်သည်။ ‘ဒီတစ်ချက်ကိုခံပြီးမှ အရှုံးပေးလိုက်ရင် အဲ့လောက်ကြီး ရှက်စရာ‌ကောင်းတော့မှာ မဟုတ်ဘူး’

စုရှောင်ရှန် တည်ငြိမ်စွာပြောလိုက်သည်။ “လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်’

ကျန်းဖေးလန့်ဖြန့်သွားပြီး ချက်ခြင်းစိတ်ပြောင်းသွားသည်။ “ကျွန်တော် အရှုံး…”

ဘုန်း

အလင်းတန်းတစ်ခု လျှပ်ပြက်သကဲ့သို့ စုရှောင်ရှန်၏ ထိုးချက် ကျန်းဖေး၏ ရင်ဘက်ပေါ်ကျသွားသည်။ ထိုအခိုက်အတန့်အတွင်း လက်သီးမှ လက်ဖဝါးအဖြစ်သို့ပြောင်းလိုက်ရာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး လေးဘက်လေးလံလုံးကို အပူလှိုင်းများ ပြန့်ကျက်သွားစေလိုက်သည်။ ကြမ်းပြင်မှ အုတ်အကျိုးအစများလည်း အနက်ရောင်ပြောင်းသွားပြီး လွင့်စင်ထွက်သွား၏။

သို့‌သော် ဤလက်သီးထိုးလက်၀ါး တိုက်ကွက်နောက်မှ စုရှောင်ရှန် တစ်ယောက် ခြင်တစ်ကောင်ကို ရိုက်လိုက်သည့်အလားသာ ခံစားလိုက်ရသည်။ ကျန်းဖေးချက်ခြင်း လွင့်ထွက်သွားလေသည်။

သူ၏စကားပင်မဆုံးလိုက်သေးပဲ ထိုလက်သီးချက်ကြောင့် ကမ္ဘာကြီးနှင့် အဆက်ပြတ်သွား၏။ ပြိုင်ကွင်းပေါ်မှ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ နောက်ပြန် ကျသည့်တိုင် အရှိန်မ‌သေသေးဘဲ ‌ကြမ်းပြင်ကို ပွတ်တိုက်သွားရာ ရှည်လျားနက်ရှိုင်းသော လျှိုတစ်ခုပေါ်လာခဲ့တော့သည်။

ဂျစ် ဂျစ်…။

သူ၏ ခနွဓာကိုယ်ရပ်တန့်သွားသည့်အခိုက်အတန့်၌ မီးလျံ မီးစများ တစ်ကိုယ်လုံး၌ ပေါ်လာခဲ့သည်။

“သူ့ကို ကယ်ကြ” ‌ရှောင်ချိစွေ အော်လိုက်သည်။

အဖြူရောင်၀တ် ဆေးအကူများ ကျန်းဖေး လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူထွက်သွားရာဘက်သို့ ပြေးလိုက်သွားကြပြီးဖြစ်သည်။ ကျန်းဖေး၏ ကိုယ်ပေါ်ရှိ မီးကို ငြိမ်းသူကငြိမ်း ဒဏ်ရာကို ဆေးထည့်ပေးသူက ပေးနှင့် အလုပ်ကို အညီအမျှ ခွဲလိုက်ကြ၏။

“ကောင်းလိုက်တာ”

စုရှောင်ရှန် ရွှေနီဆေးတစ်လုံးကို ထုတ်ယူပြီး ရှိုက်လိုက်သည်။

ဤထိုးချက်ဖြင့် သူ့ကိုယ်တွင်းရှိ အပူစွမ်းအင် ပမာဏ အနည်းအကျဉ်းကို ထုတ်နိုင်လိုက်သည်။ သူဆက်၍ ခံစားနေဆဲဖြစ်သော်လည်း မောင်းလွှတ်လိုက်ခြင်းက တကယ် အကျိုးသက်ရောက်မှုရှိပေသည်။

ထို့နောက် သူ့ကို စိုက်ကြည့်နေသည့် ရှောင်ချိစွေအား တစ်ချက်ကြည့်ပြီး ရိုးရိုးသားသား ပြောလိုက်သည်။ “ကျုပ် ထိန်းထားလို့နော်”

“မဟုတ်ရင် သူ သေသွားလောက်ပြီ”

ရှောင်ချိစွေ စွံ့အသွားသည်။

လူအုပ်ကြီးလည်း စွံ့အသွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset