အပိုင်း (၂၂) အကူအညီ တောင်းခြင်း
ကြည့်ရှူနေကြသူများအားလုံး စွံ့အသွားကြသည်။ ယနေ့ခေတ်ကြီး၌ ပြိုင်ပွဲမှ ထုတ်ပယ်ပေးရန် တောင်းဆိုသည့် သူရှိသည်လော။
ရှောင်ချိစွေလည်း မှုန်ကုပ်ကုပ်ဖြင့် စုရှောင်ကို ကြည့်လိုက်သည်။ အလွန် အရေးကြီးသည့်အကြောင်းဖြစ်ရမည်ဟု သူထင်ထားခြင်းဖြစ်သည်။
ဆေးစားတယ်ဟုတ်လား။
မည်သည့် ပြိုင်ပွဲ၀င်များက ပွဲမစခင် သူတို့၏ စွမ်းရည်ကိုမြှင့်ဖို့ ဆေးလုံးအချို့မစားသည်ရှိသနည်း။ ပြိုင်ပွဲ၀င်များအား စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်ဖြိုးအောင်ပင် ဆေးလုံးများစားခိုင်းသေး၏။
“အရည်မအရ အဖက်မရတွေ”
“ခုချက်ခြင်း ပြိုင်ကွင်းပေါ်ကနေ ဆင်းစမ်း”
ရှောင်ချိစွေ ဒေါသထွက်နေသည်။ သူ့ဓားကိုပင် ဆွဲထုတ်ပြီး စုရှောင်ရှန်အား ထိုးမိတော့မလို ဖြစ်သွားသည်။
စုရှောင်ရှန်၏ မျက်နှာထက်၌ ခါးသီး သောအမူအရာပေါ်လာခဲ့သည်။ သူက ဆက်၍ “ကျုပ် ဆေးတွေအများကြီးမစားခဲ့ရင် လာပြီး အကူအညီတောင်းမှာ မဟုတ်ဘူး။ အခုဟာက တကယ် အကူအညီလိုအပ်နေလို့ပါ။ လုပ်ပါ”
သူ့နောက်ကိုကြည့်လိုက်တိုင်း အဖြူရောင်၀တ်စုံဖြင့် နတ်သား နတ်သမီးများအား မြင်နေရသည်ဟု ထင်ယောင်ထင်မှားပင်ဖြစ်နေသည်။
ရှောင်ချိစွေ မျက်မှောင်ကုတ်လိုက်သည်။ စုရှောင်ရှန်အားကြည့်ရသည်မှာ အလွန် အလျင်လိုနေဟန်ရ၏။ ထို့နောက် သူ၏ တစ်ကိုယ်လုံးလဲ နီရဲနေသည်။
ဘာဖြစ်နေတာလဲ။
စုရှောင်ရှန်ထံတွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ရှိကြောင်းကို သူသိသည်။ သို့ဆိုလျှင် ထိုသို့သော သူကိုပင် ဤမျှ အခြေအနေ ဆိုးရွားအောင် လုပ်နိုင်သည့် အရာမှာ မည်သည်ဖြစ်သနည်း။
“ဒီနား လာခဲ့” ရှောင်ချိစွေ ခေါ်လိုက်ပြီး စုရှောင်ရှန်၏ ရင်ဘက် ပေါ်သို့ လက်တင်ကြည့်လိုက်သည်။ ချက်ခြင်း ကျစ်ကျစ်တောက်ပူသော စွမ်းအင်တို့က သူ့အား တိုက်ခိုက်လိုက်ကြသည်။
ရှဲ…။
သူ၏ အသားလောင်ကျွမ်းသွားသည်ကို ခံစားလိုက်ရသောအခါ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့တွင် စစ်မှန်ခြင်းနယ်ပယ် ကိုယ်ခန္ဓာမရှိပေ။
ပွဲကြည့်စင်မှ လူအုပ်ကြီး ဤအချင်းအရာကို မြင်သော် ပါးစပ်များ အဟောင်းသားဖြစ်သွားကြသည်။
“လခွမ်း။ စုရှောင်ရှန် ဘယ်လို ဆေးမျိုးစားလာတာလဲဟ။ အကြီးအကဲရှောင်ကိုတောင် ဒဏ်ရာ ရသွားအောင်လုပ်နိုင်တယ်”
“စောက်ရမ်းကြမ်းတယ်ဟ။ ဒီလိုဆေးမျိုးကို စားရဲတာ အံ့ဩလို့မဆုံးဘူး။ ပြီးတော့ ပြိုင်ပွဲကိုပါ လာရဲသေးတယ်”
“သူပြောသလိုဆိုရင် တခြားရွေးချယ်စရာမှ မရှိတော့ဘဲ။ ဟားဟား။ ရယ်ရတယ်ဟေ့”
ရှောင်ချိစွေပင်လျှင် အံ့အားသင့်နေခဲ့သည်။ ထို့နောက် ထိုကျစ်ကျစ်တောက်ပူနေသည့် စွမ်းအင်တို့ကို ဖယ်ထုတ်ရန် သူ၏ လက်ဖဝါးကို စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်သည်။ သို့သော် သူ့လက်ဖဝါးသည်တော့ လောင်ကျွမ်းသွားပြီးဖြစ်ရာ အရာထင်ကျန်နေခဲ့သည်။
စုရှောင်ရှန်၏ အခြေအနေကို လစ်လျူရှူပြီး စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်ပဲ စုရှောင်ရှန်ကို ထိခဲ့ခြင်းဖြစ်သည်။ ထို့အတွက် သူ့လက်လောင်ကျွမ်းသွားရသည်။
“ငရဲမီးတောက်စေ့ ပါလား”
“အကြီးအကဲစန်းရူးသွားပြီထင်တယ်” သူရေရွတ်လိုက်သည်။ “ဒီငရဲမီးတောက်အစေ့က တစ်ခါက စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ကို ဒုက္ခိတ ဖြစ်သွားအောင် လုပ်ဖူးတယ်မလား”
ရှောင်ချိစွေ၏ စကားကြောင့် စုရှောင်ရှန် သေးထွက်လုမတတ် လန့်ဖျပ်သွားသည်။ ရှောင်ချိစွေအား ထိတ်လန့်တုန်လှုပ်စွာသူကြည့်လိုက်သည်။ သူ၏ မျက်လုံးများက မေးခွန်းထုတ်နေဟန်ဖြင့် ပြည့်နေ၏။
ရှောင်ချိစွေ စုရှောင်ရှန်သူရေရွတ်နေတာကို ကြားသွားကြောင်းသိသော် ရှက်ကိုးရှက်ကန်းဖြင့် လောင်ကျွမ်းသွားသော သူ့လက်ဖ၀ါးကို ပွတ်လိုက်သည်။ အလျှင်အမြန်ထပ်လောင်း၍ “ဒီပစ္စည်းက မင်းအတွက်ကောင်းတယ်”
“ပြောရရင် မင်းအတွက် အခွင့်အရေးပဲ။ ဘာမှ ပြဿနာ မရှိဘူး… ဟုတ်တယ် ပြဿနာမရှိဘူး”
‘ဘာမှ ပြဿနာ မရှိဘူး ဆိုတာ ခင်ဗျားဘာပြောချင်တာလဲ’ သူတွေးလိုက်သည်။ “ခင်ဗျားပဲပြောတော့ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ကျင့်ကြံသူကိုတောင် ဒုက္ခိတ ဖြစ်သွားစေတယ်ဆို”
“ကျုပ်အကုန်ကြားလိုက်တယ်” သူ ဖြေးညှင်းစွာပြောလိုက်သည်။
“မင်းနားကြားမှားတာ နေမှာပါ”
“ဟီးဟီး”
“ဟူးးး” ရှောင်ချိစွေ သက်ပြင်းချလိုက်သည်။ စုရှောင်ရှန်၏ ပုခုံးအား ပုတ်လိုက်ရင်း “စိတ်မပူနဲ့။ ခဏအနာခံပြီးရင် အဆင်ပြေသွားမှာပါ”
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
စုရှောင်ရှန် နဖူးကို ရိုက်လိုက်မိသည်။
‘ဒါကျုပ်လိုချင်တဲ့ အဖြေမဟုတ်ဘူးဗျ။ ကျုပ်က ဆေးကုသမှုခံယူချင်တာ’
‘ဒုက္ခိတ မဖြစ်သွားချင်ဘူး။ အီးဟီးဟီး’
ရှောင်ချိစွေ စုရှောင်ရှန်ကို လစ်လျူရှူထားလိုက်သည်။ သူ့ကိုထောင့်တစ်နေရာ၌ သွားထိုင်ခိုင်းလိုက်ပြီး ပြိုင်ပွဲစကြောင်းကို ကြေငြာလိုက်၏။ ထို့နောက် အေးအေးဆေးဆေး ပြိုင်ပွဲ၀င်များအား တွဲပေးရန် မဲသွားနှိုက်လိုက်သည်။
ပွဲကြည့်စင်မှ လူတိုင်း၏ စူးစမ်းလိုစိတ်များ ပြင်းပြသွားခဲ့သည်။
ဘာဖြစ်သွားတာလဲ။
စုရှောင်ရှန်သူကိုယ်တိုင် ဆေးတွေစား၍ ပြိုင်ပွဲမှ ထုတ်ပယ်ပါရန် တောင်းဆိုသည်မဟုတ်ပါလား။ အဘယ်ကြောင့် သူ၏ အဆိုကို ရှောင်ချိစွေ ပယ်ဖျက်ပြီး စုရှောင်ရှန်အား ဆေးကုသမှု မခံယူခိုင်းရပါသနည်း။
“ဟားဟား။ မခံနိုင်တော့ဘူး။ ဒီနေ့ ဖြစ်ပျက်သွားတဲ့ အရာတွေက တအားရယ်ရတယ်။ မကောင်းတဲ့သူတွေ ၀ဠ်ပြန်လည်ကုန်တာပေါ့”
“စုရှောင်ရှန် တအား သနားဖို့ကောင်းတယ်။ သူဆေးတွေအလွန်အကျွံစားပြီး ဒီလိုအခြေအနေရောက်တာတောင် ပြိုင်ပွဲ၀င်ရဦးမယ်တဲ့။ တောင့်ထား စုရှောင်ရှန်”
“သူ့ကို ဆေးကုသမှုလေးတော့ ပေးလိုက်ကြပါဟ။ ဟိုမှာ အသားကင်ဖြစ်တော့မယ်။ ဟားဟား… ငါလည်း မခံနိုင်တော့ဘူး”
စုရှောင်ရှန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဗလာဖြစ်သည်။ ထို့ပြင် စက္ကန့်နှင့်အမျှ သူ့ခန္ဓာကိုယ် ရဲရဲနီလာခဲ့၏။ သူ့ခန္ဓာကိုယ်မှ အခိုးအငွေ့များပင် ထွက်နေပြီးဖြစ်သည်။
စုရှောင်ရှန် စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ပြိုင်ပွဲဝင်များအနားယူဖို့ ပေးထားသည့် နားနေဆောင်သို့ သွားလိုက်သည်။
“သူ ဘယ်လိုတောင် ရက်စက် လိုက်တာလဲ။ ငါ့ကိုတောင် ဘယ် သမားတော်နဲ့မှ မပြဘူး”
စုရှောင်ရှန် အခြေအနေအား အကျဉ်းချုပ်လိုက်သော် သူဤနေရာသို့ လာသည်မှာ အလကားတော့မဖြစ်ပါပေ။ အနည်းဆုံးတော့ အဓိက အချက်အချာကျသည့် သတင်းအချက်အလက်များကို ရလိုက်သည်။
ငရဲမီးတောက်အစေ့သည် ယခင်က စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်အား ဒုက္ခိတ ဖြစ်သွား စေခဲ့၏။
ထို့အပြင်…။
အကြီးအကဲစန်းဆိုပါလား။
ငါတစ်နေရာရာမှာ အဲ့နာမည်ကို ကြားဖူးနေသလိုပဲ။
ရှောင်ချိစွေထံမှ သတင်းအချက်အလက်များအရ သူစားလိုက်သည့်အရာကိုတော့ မည်သည်ဖြစ်ကြောင်း စုရှောင်ရှန်သိလိုက်ရသည်။ ငရဲမီးတောက်အစေ့။
ထို့ပြင် ရှောင်ချိစွေလည်း ထို လူယုတ်မာ အဖိုးကြီးအား သိပုံရသည်။
ဤအချက်အလက်များကြောင့် စုရှောင်ရှန် ပေခံမနေခဲ့ခြင်းဖြစ်သည်။
“သူတို့က တစ်ပေါင်းတစ်စုတည်းပဲ။ လူယုတ်မာတွေ”
စုရှောင်ရှန် တင်ပြင်ခွေထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ကျစ်ကျစ်တောက်ပူနေသော စွမ်းအင်များကို ဖြေးဖြေးခြင်း သန့်စင် လိုက်သည်။ ဤအရာသည် ယခု သူအကောင်းဆုံးလုပ်နိုင်သည့်အရာလည်းဖြစ်သည်။
သို့သော် ထိုကြောက်မက်ဖွယ်ရာ အပူစွမ်းအင်များအား သန့်စင်လေလေ သူ့ ဒန်ထျန်(စွမ်းအင်ပင်လယ်) ထဲသို့ ၀င်လေလေဖြစ်သည်။
“ဒီလိုဆိုငါ့ ဒန်ထျန် မပေါက်ကွဲသွားနိုင်ဘူးလား”
စုရှောင်ရှန်၏ မျက်နှာ အကျဉ်းတန်သွား၏။ ထိုလူယုတ်မာအဖိုးကြီး၏ ကောက်ကျစ်စဉ်းလဲမှုအောက်၌ သူ့ဘ၀ ကိစ္စတုံးသွားချေပြီ။
သို့သော် ဤအရာသည် သူ့အတွက် အခွင့်အရေးလည်းဖြစ်သည်ဟု ရှောင်ချိစွေပြောသည်ကို သူ သတိရလိုက်သည်။
ကြည့်ရသည်မှာ ထိုလူယုတ်မှာအဖိုးကြီး မယုတ်မာပဲနှင့် ဤ ငရဲမီးတောက်အစေ့ကို သူ အောင်အောင်မြင်မြင် သန့်စင်နိုင်မည်ယူဆ၍ သူ့ကို ကျွေးလိုက်သည်လော။
ဤသို့တွေးမိသော် ဤအရာကြောင့် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးပင် ဒုက္ခိတဖြစ်သွားရသည်ကို မေ့ထားလိုက်သည်။ မည်သူမှ သူ့အားမကူညီလျှင် သူ့အားကို သူကိုးရပေလိမ့်မည်။
ပြိုင်ကွင်းအထက်ရှိ ဖန်သားပြင် တောက်ပသွားသည်။ အမည်နှစ်ခုပေါ်လာပြီး လူနှစ်ယောက် ပြိုင်ကွင်းအတွင်းသို့ ၀င်လိုက်ကြ၏။
ပွဲကြည့်ရှူသူများ စိတ်အားထက်သန်စွာ အော်ဟစ် အားပေးလိုက်ကြသည်။ လူအုပ်ကြီးတစ်ခုလုံး အားအင်အပြည့်ဖြင့် ပွဲကြည့်ရန် ပြင်လိုက်ကြ၏။
အခြားတစ်ဘက်မှ စုရှောင်ရှန်သည်တော့ ၎င်းအစေ့အား သန့်စင်နေဆဲဖြစ်သည်။ ရွှေနီဆေးတစ်လုံးအား ထုတ်ယူပြီး မကြာ ခဏ ရှိုက်နေ၏။ ဤသို့ဖြင့် သူ၏ အတွင်းဒဏ်ရာများကို ပြန်ကုသလိုက်သည်။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁ ]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁ ]
…
သူ့စိတ်ထဲမှ အသိပေးချက်ဖန်သားပြင် ပေါ်တွင် သူအလောင်ကျွမ်းခံနေရသည်နှင့်အမျှ လိုက်၍ အသိပေးချက်အသစ်များ ပေါ်လာခဲ့သည်။ သာမန်အခြေအနေ၌ ဤသို့ ပင်ကိုယ်မှတ်အများကြီး ရရှိနေခြင်းကြောင့် သူပျော်နေလိမ့်မည်ဖြစ်သော်လည်း ယခုတော့ မပျော်နိုင်ချေ။
၎င်းက စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ရှိသည့်သူတစ်ယောက်ကိုပင် ဒုက္ခိတဖြစ်သွားစေခဲ့သည်။
ထိုစကားက အိပ်မက်ဆိုးသဖွယ် သူ့အား အချိန်အနဲ့ အမျှ လိုက်၍ ခြောက်လှန့်နေ၏။
“ဟူး။ ဒီအခြေအနေကြီးနဲ့ ပြိုင်ပွဲဝင်ရဦးမယ်တဲ့။ ဘာလို့လဲကွာ”
အကောင်းဆုံးတောင့်ထားရန် ကြိုးစားနေသောငြား သူ့အခြေအနေက ကောင်းမလာပေ။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောများအဆက်မပြတ် လောက်ကျွမ်းခံနေရပြီး ရွှေနီဆေးကြောင့် အဆက်မပြတ် ပြန်ကောင်းလာနေခဲ့၏။
နာကျင်မှုက စကားလုံးဖြင့်ပင် ဖော်ပြရမရချေ။
“ဒါမှမဟုတ် တိုက်ပွဲထဲမှာ ချရင်း ငါ့ခန္ဓာကိုယ်က အပူစွမ်းအင်တွေကို ထုတ်လွှတ်လို့ တကယ်ရမလားမသိဘူး”
အချိန်တစ်ခုကြာသော် ကြမ်းပြင်၌ ထိုင်နေသည့် စုရှောင်ရှန်၏ ခေါင်းထဲ အတွေးတစ်ခု ၀င်လာပြီး ချက်ခြင်း ထရပ်လိုက်သည်။
ထိုအကြံအောင်လောက်သည်။
ပြိုင်ကွင်းရှိရာသို့ သူကြည့်လိုက်သည်။ တိုက်ပွဲများစွာ ဖြစ်ပွားပြီးသော်လည်း သူ့နာမည် တစ်ခါမှ ကျမလာပေ။
မျက်စိဆံပင်မွှေးအလွန်ဆူးသည့်သူမှာ ပြိုင်ကွင်းပေါ်၌ ယခု ရပ်နေသော အဖြူရောင်၀တ် လူတစ်ယောက်ဖြစ်သည်။ သူ၏ မျက်နှာအမူအရာမှာ အေးစက်စက်ရှိနေပြီး ရေခဲဖြင့်ပြုလုပ်ထားသကဲ့သို့ ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူ၏ တိုက်ကွက်များက ပြိုင်ဘက်များကို ရေခဲဖြစ်သွားစေ၏။
“ကျောက်ချင်းထန် အနိုင်ရရှိတယ်”
စုရှောင်ရှန်၏ မျက်လုံးများ အရောင်တောက်ပသွားသည်။ ရေခဲဟုတ်လား။
အခြားသူ၏ ဓားဖြင့်သူ့အား ခုတ်လိုက်စေချင်မိသည်။ သို့ဆိုပါက သူ အလွန်နေ၍ ကောင်းသွားမည်ဖြစ်၏။
သို့သော် ကျောက်ချင်းထန်မှာ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
၎င်းကသူ့ကို အနည်းငယ် စိုးရွံ့သွားစေသည်။
ထိုစဉ် ဖန်သားပြင်တောက်ပသွားပြီး အမည်နှစ်ခု ပေါ်လာခဲ့သည်။
“စုရှောင်ရှန်”
“ကျန်းဖေး”
ထိုကြေငြာချက်ကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ပုရိသတ်များ စိတ်အားထန်သံစွာ ညာသံပေးလိုက်ကြသည်။ ဤသို့ဖြစ်ပွားခြင်းမှာ ယခုတစ်ကြိမ်ဖြင့်ဆို (၂) ခါမြောက်ဖြစ်သည်။ ပထမတစ်ခါက စစ်မှန်ခြင်းနယ်ပယ် ကျောက်ချင်းထန် ပြိုင်ကွင်းပေါ်သို့ ခြေချလိုက်ချိန်ဖြစ်၏။
“သူလာပြီ။ စုရှောင်ရှန်လာပြီ”
“မင်းတို့မျက်လုံးတွေ ပြူးပြီးကြည့်ထားကြ။ သဲအိတ်စုလာတော့မယ်”
“ဘာလို့ သူ့ကို သဲအိတ်စုလို့ခေါ်တာ”
“မင်းမသိဘူးလား။ အံ့ဩစရာပဲ။ ထားပါ ငါမင်းကို ပြောပြမယ်။ အဲ့ဒီစုရှောင်ရှန်ဆိုတဲ့ ကောင်က…”
စုရှောင်ရှန် ပြိုင်ကွင်းပေါ်သို့ နားနေဆောင်မှ ပြေးတက်သွားလိုက်သည်။ ထို့နောက် ပြိုင်ကွင်းပေါ်ရောက်သော် ရှောင်ချိစွေထံသို့ တစ်ဖန် ပြေးသွားလိုက်၏။
ရှောင်ချိစွေ၏ မျက်နှာ အမူအရာ မဲမှောင်သွားသည်။ ဤပြိုင်ပွဲဝင်ဘာဖြစ်ချင်နေသနည်း။
‘ငါက ခေါင်းဆောင်ကြီးကြပ်သူ တစ်ယောက်ပါ’ တွေးလိုက်သည်။ ‘မင်းငါ့ကိုစီကို ပြေးချင်တိုင်းပြေးလာနေရအောင် ငါ့ကို ဘာထင်နေတာလဲဟ”
ရှောင်ချိစွေအနောက်ရှိ ကြီးကြပ်သူဝိုင်းမှ လူတစ်ယောက် ဤအချင်းအရာကိုမြင်သော် ပျော်သွားသည်။ “ခေါင်းဆောင်ရှောင်ကိုကြည့်လိုက်။ စုရှောင်ရှန် အခုမှ ပေါ်လာတာတောင် သူ မခံနိုင်တော့ဘူး။ ဒေါသထွက်နေပြီ”
အခြားသူများကံဆိုးမိုးမှောင်ကျနေသည်ကို ပျော်ပျော်ကြီး သူကြည့်နေလိုက်၏။
“ပြိုင်ကွင်းစီပြန်သွားပြီး ကိုယ့်ထောင့်မှာကိုယ် သွားရပ်နေစမ်း” ရှောင်ချိစွေ ငေါက်လိုက်သည်။
အခိုးအငွေ့များ ထွက်လာနေသည့် သူ၏ လည်ပင်းကို စုရှောင်ရှန် လက်ညိုးထိုးပြလိုက်သည်။
စုရှောင်ရှန်အား ရှောင်ချိစွေကြည့်နေသည့်အကြည့်များမှာ မနှစ်မျို့ဟန် အထင်းသားပေါ်လွင်နေသည်။ သူသည် ကြီးကြပ်သူဒိုင်တစ်ယောက်သာဖြစ်ပါသည်။ မည်သည်ကို လုပ်စေလိုသနည်း။
“ကြည့် ဒီနေရာဆို လောင်သွားတာ ရဲရဲနီနေပြီ။ ကျုပ်လည်း ပြိုင်ပွဲ၀င်တစ်ယောက်ပါ။ ကျုပ်မှာ ဆေးကုသ ခံယူခွင့်ရှိတယ်”
“ဟီးဟီး။ အဲ့တာ မင်းဘာမင်း ပြိုင်ပွဲစခင်က ဖြစ်လာတာလေ။ ပြိုင်ပွဲနဲ့ ဘာဆိုင်လို့လဲ”
ရှောင်ချိစွေလည်း စုရှောင်ရှန်အား ကုသေပေးချင်ပါသည်။ သို့သော် ဤနေရာရှိ အတော်ဆုံးသမားတော်ပင် သူ့ကို ဘာမှ လုပ်ပေးနိုင်မည်မဟုတ်ချေ။ ဒိုင်တစ်ယောက်သာဖြစ်သည့် သူဆို ပိုဝေး၏။ ထို့ကြောင့်စုရှောင်ရှန်အား အနာခံရင် အဆင်ပြေသွားမှာပါဟု အကြံပေးခြင်းဖြစ်သည်။
ဤသည်ကိုကြားသော် စုရှောင်ရှန်မျက်လုံးများတောက်ပလာခဲ့၏။ ထို့နောက်ဆက်၍ “ခင်ဗျားပြောတာနော်။ ကျုပ်ပြိုင်ပွဲမစခင်က ဖြစ်လာတာမို့ ပြိုင်ပွဲနဲ့မဆိုင်ဘူးလို့။ ဒါပေမယ့် ကျုပ်ပြိုင်ပွဲထဲမှာ ဒဏ်ရာသွားရင်တော့ ခင်ဗျားတို့ ကျုပ်ကို ကုသပေးရမယ်”ဟု ဆိုလိုက်သည်။
“ဟုတ်တယ် မှန်တယ်” ကြက်အစာကောက်သကဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်နေရင်းမှ စုရှောင်ရှန် လူအများကြားအောင် ရေရွတ်လိုက်သည်။ “ထပ်လောင်းပြောရရင် ကျုပ်ရဲ့ အကောင်းဆုံးအခြေအနေထိ ခင်ဗျားတို့ ပြန် ကုသပေးရမယ်”
ရှောင်ချိစွေ အမှန်တကယ် ဒေါသွက်နေပြီဖြစ်ရာ “ထွက်သွားစမ်းကွာ”
“ကျန်းဖေး”
“မင်းဘယ်မှာလဲ ကျန်းဖေး။ ပြိုင်ကွင်းထဲကို အခုလာခဲ့စမ်း ကျန်းဖေး”