အပိုင်း (၂၁) ကျုပ်ကို ကယ်ပါ
အလှည့်ကျထုတ်ပယ်ပွဲပြီးနောက် အနားမပေးချေ။ ထိပ်သီး (၆၄) ဦးအကြားပြိုင်ပွဲကို နောက်တစ်ရက်၌ စတင်လိုက်သည်။
သို့သော် စုရှောင်ရှန်လူသတ်လိုက်သည်ဟူသော သတင်းက ထိုတစ်ညအတွင်း အပြင်စည်းတစ်ခုလုံး နှံ့နေပြီးဖြစ်သည်။
လူတိုင်းက မိုးတိမ်လေ ပြိုင်ပွဲ၌ လျာထားသော ထိပ်သီး (၁၀) ယောက်ကိုသာ အဓိကထားအာရုံစိုက်ကြသည်။ သို့သော် ဝုပန် လို မြင်းနက် ကိုတော့ လူတိုင်းသတိပြုမိကြသည်။
သို့ဖြင့် အဆင့်တက် ပြိုင်ပွဲက နောက်နေ့ မွန်းတည့်ချိန်၌ စလိုက်၏။
အလှည့်ကျထုတ်ပယ်ပွဲနှင့်မတူသည်မှာ ဤအချိန်မှစ၍ ချု့ယွင်ပြိုင်ပွဲကို ပြိုင်ကွင်း (၁၈) ခုအဖြစ် မခွဲခြားတော့ဘဲ အဓိက ပြိုင်ကွင်းကြီး၌ ကျင်းပခြင်းဖြစ်သည်။ ပြိုင်ကွင်းဘုရင်များပင် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရနိုင်သည်။
ဤအရာကိုလည်း လူတိုင်း စောင့်မျှော်နေကြခြင်းဖြစ်သည်။
အခြားကွင်းပြင်များအားကြည့် နေသည့်ကြရာ အပြင်စည်း၌ သမိုင်း၀င် လူသတ်ခြင်းဖြစ်ရပ်ကို မတွေ့လိုက်ရသည့်အတွက် စိတ်မရွှင်ဖြစ်နေသည့် ဂိုဏ်းသားများစွာရှိနေသည်။
“လာပြီ။ လာပြီ။ ငါတို့စောင့်မျှော်နေတဲ့ အချိန် နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”
“ဟူး… ဒီမှာရှိတဲ့လူ ဘယ်သူက မစောင့်နေလို့လဲ။ ဒါပေမယ့် စစ်မှန်ခြင်းနယ်ပယ်တွေဖြစ်တဲ့ ဂိုဏ်းတူအကို မိုနဲ့ ဂိုဏ်းတူ အကို ချောင်တို့ရဲ့ ပွဲတွေလိုက်ကြည့်နေလို့ အပြင်စည်းမှာ လူသတ်တဲ့ ဖြစ်ရပ်ကို မတွေ့လိုက်ရတာ နာတယ်ကွာ”
“ဒါဆိုမင်း အဲ့တာကို လွတ်သွားတာပေါ့။ အဆင့်တက် ပြိုင်ပွဲမကျင်းမပခင် သူတို့လို စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေကို ဘာလို့လိုက်ကြည့်နေမှာလဲ။ ပျင်းစရာကြီး။ ဘယ်သူလာလာ တစ်ကွက်တည်းနဲ့ နိုင်နေတာကို”
“လွတ်သွားတဲ့သူတွေကို ငါပြောပြမယ်။ မနေ့က စုရှောင်ရှန်ကို ၀မ်သခင်လေး အလစ်တိုက်တော့ စုရှောင်ရှန် နောက်ဆုံး တစ်ချက် ချလိုက်တဲ့ အချိန် အရှိန်ကိုပြန်ဆုတ်လိုက်သေးတယ် သိလား။ ဒါပေမယ့် ကံမကောင်းတာက ၀မ်ချောင်ရဲ့ ရင်ဘက်ကို သွားစိုက် နေပြီးဖြစ်တာပဲ။ သူတို့ ကြားက တိုက်ပွဲက အလှိမ့်အကောက်တွေနဲ့ တကယ် စိတ်လှုပ်ရှားဖို့ကောင်းတယ်”
“လူတိုင်း ကြက်သေသေပြီး တိတ်ဆိတ်နေကြတာဆိုတာလေ လေလည်လိုက်ရင်တောင် ကြားနိုင်တယ်သိလား”
“ရွံစရာကြီး။ တော်ပါ တော့ကွာ။ မင်းပြောတာ နားမထောင်ချင်တော့ဘူး”
ပြိုင်ပွဲကြည့်ရန်လာကြသည့်သူများအတွင်း စုရှောင်ရှန်အား ထောက်ခံ အားပေသည့်သူများရှိသလို သူ့ကို အပြစ်တင်ဝေဖန်ကြသည့် သူများလည်း ရှိသည်။
သို့သော် လူတိုင်း တစ်ညအိပ်ပြီးနောက် သွေးအေးသွားကြပြီးဖြစ်ရာ ယမန်နေ့ကကဲ့သို့ ပွဲမဖြစ် တော့ပေ။ အလွန်ဆုံး စုရှောင်ရှန်၏ နာမည်ကြားသည့်အခါတိုင်း တစ်ဦးကို တစ်ဦး မကြည်မရွှင်သာ ကြည့်လိုက်ကြမည်ဖြစ်သည်။
ရှောင်ချိစွေ အဓိက ပြိုင်ကွင်းပေါ်သို့ ဆင်းလိုက်သည်။ လေထဲ၌သာ ပြီးခဲ့ရက်များအတွင်း ရပ်နေခဲ့သော ထိပ်ခေါင်အကြီးအကဲရှောင် ယခုမှ ပထမဦးဆုံး ကြမ်းပြင်ပေါ်သို့ ဆင်းရင်း ကြီးကြပ်သူ ဒိုင်အဖြစ် ဆောင်ရွက်ရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
သူကောင်းကင်၌လည်း ဆက်မနေရဲပါတော့ချေ။ အခြား ဝိညာဉ်တစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်ကို ကြည့်နိုင်သည့် နှလုံးသားသူ့မှာ မရှိပါပေ။
သူ၏ ၀တ်ရုံထဲမှ စာရွက်တစ်ရွက်ကို ကျွမ်းကျင်စွာထုတ်လိုက်သည်။ ဤအချင်းအရာအားမြင်သော် လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှောင်ချိစွေပြောမည့်အရာကို နားစွင့်ထားလိုက်ကြသည်။
“ယနေ့က မတော်တဆမှုကို အားလုံးကြားကြပြီးပြီလို့ ငါထင်တယ်…”
ရှောင်ချိစွေ ဤကိစ္စကို ဖော်ထုတ်လာသောအခါ လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြသည်။
ဤအဖြစ်အပျက်က မည်သူမှ ထပ်မပြောလျှင် အတိတ်၌ တဖြေးဖြေး ပျောက်ကွယ်သွားမည်သာဖြစ်သည်။ ယခု ရှောင်ချိစွေ ထိုအဖြစ်အပျက်အား ပြန်အစ ဖော်လိုက်ခြင်းမှာ ခေါင်းဆောင်ပိုင်းမှ လူများ ဤကိစ္စကို မည်သို့ ကိုယ်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းကြောင့် မဟုတ် ပေလော။
စိတ်ဝိညာဉ်စည်းထိန်းသိမ်းရေးဌာနမှ ဆုံးဖြတ်ချက်ချလိုက်ပြီလော။ စုရှောင်ရှန်အား ပြိုင်ပွဲမှ ထုတ်ပယ်တော့မည်လော။
လေးဘက်လေးရံ စလုံးကို ရှောင်ချိစွေ ကြည့်လိုက်သည်။ သူ့အတွက် ပထမဆုံးအကြိမ် စာရွက်မှ စာဖတ်ပြခြင်းမဟုတ်ရာ သူ၏ မျက်နှာထားမှာ တင်းမာ နေသည်။
“ဒီကနေပြီး မင်းတို့ အားလုံးကို အသိပေးလိုတာကတော့…”
“ထျန်းစန်စိတ်ဝိညာဉ်နန်းတော်က မင်းတို့ကို သက်တောင့်သက်သာ လေ့ကျင့်လို့ရတဲ့ ပတ်၀န်ကျင်မျိုးနဲ့ ထားပေးတယ်။ ဒါကို ပျော်မွေ့ပြီး မင်းတို့ရဲ့ စိတ်တွေ ပျော့ညံ့သွားကြတယ်”
“တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်စရာတွေ အကုန်သင်ယူပြီးရင် မင်းတို့လည်း ဒီစိတ်ဝိညာဉ်နန်းတော် သိုင်းကျောင်းကြီးကနေ ထွက်ခွာသွားရမှာပဲ။ ဒါပေမယ့် အဲ့အချိန်ကြရင်တော့ ဒီမှာလို စိတ်ဝိညာဉ်နန်းတော်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေကြတော့မှာ မဟုတ်ဘူး။ ဒီတော့ ဒီသိုင်းကျောင်းကြီးကနေ ရှန်းရှန် ကုန်းမြေကြီးထဲကို ခြေလှမ်းလိုက်တာနဲ့ သေရေးရှင်ရေး အခိုက်အတန့်တွေကို ကြုံလာကြရလိမ့်မယ်”
“ပြိုင်ပွဲတွေကျင်းပတယ်ဆိုတာ တကယ့် အပြင်ဘက်ကမ္ဘာကြီးကိုရောက်သွားရင် အူတူတူ အတတ မဖြစ်သွားဖို့ပဲ”
“ဒါပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်ကောင်းလေးတော့ထားဖို့လိုတယ်။ ဒီစိတ်လေးကပဲ မင်းတို့ရဲ့ ရှင်ခြင်း၊ သေခြင်းနဲ့ လူသားဆန်မှုကို အဆုံးအဖြတ်ပေးသွားမှာ။ ဒီစိတ်လေးကပဲ မင်းရဲ့ စည်းဘောင် တစ်ခုဖြစ်လာမှာ”
“အဲ့ဒီ စည်းဘောင်ကို လွန်သွားပြီဆိုရင်တော့ မင်းစိုက်ထားတာကို မင်းရိတ်သိမ်းရ တော့မှာပဲ”
“မင်းနာမည်က ၀မ်ချောင်ဖြစ်ဖြစ် စုရှောင်ရှန်ဖြစ်ဖြစ် အရေးမကြီးဘူး”
လူတိုင်း ငြိမ်သက်သွားကြသည်။
သူတို့အားလုံး ထိုရလဒ်ကို စောင့်နေခဲ့ကြခြင်းဖြစ်သည်။ စုရှောင်ရှန်အား ပြိုင်ပွဲမှ ထုတ်ဖယ်လိုက်မည်လော၊ အပြစ်မရှိဟုယူဆကာ ဆက်ပြိုင်ခွင့်ပေးမည်လော။ မည်သူမှ အဖြေမသိချေ။
ဤလူများအတွက် လူ့အသက်တစ်ချောင်းက ထိုအဖြစ်အပျက်၏ ရလဒ်လောက် အရေးပါချေ။
ယမန်နေ့မှ အဖြစ်အပျက်နှင့် ပတ်သက်၍ ရှောင်ချိစွေလည်း မည်သည်ကိုမှ မပြောလိုပေ။ သို့သော် အဆုံး၌ ထို အဖြစ်အပျက်ကို အကြောင်းပြုကာ လူတိုင်းအား သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်၏။
၀မ်ချောင် သူ့ စည်းဘောင်ကို ကျော်မိသည့်အတွက် သူ စိုက်တာ သူရိတ်သိမ်းလိုက်ရခြင်း မဟုတ်ပေလော။
စုရှောင်ရှန်လည်း စည်းဘောင်ကျော်၍ ရည်ရွယ်ချက်ရှိရှိ သေစေနိုင်သည့် တိုက်ခိုက်မှုမျိုး တမင်တကာ လုပ်ခဲ့သည်လား ဟူသည်မှာတော့ အဖြေမရှိသည့် ပုစ္စာတစ်ခုလား ကျန်ရှိနေ၏။
သို့သော် ဤပုစ္စာကို ဖြေရှင်းနည်းတစ်ခု တော့ရှိသည်။ အချိန်ပင်ဖြစ်၏။
ယခု ရှောင်ချိစွေ ဤသို့ပြောလာရာတွင် စုရှောင်ရှန် ကောင်းမွန်သော အဆုံးသတ်နှင့် တွေ့မလား ဆိုးရွားသော အဆုံးသတ်နှင့် တွေ့မလား ဆိုတာကို အချိန်သာပြောနိုင်တော့မည်။
ပြိုင်ကွင်းအတွင်း၍ လူအုပ်ကြီး၏ တုန့်ပြန်ချက်များကို တွေ့လိုက်သော် အကြီးအကဲထိပ်ခေါင် ရှောင် စိတ်သက်သာရာ ရသွားသည်။
လူများစွာ၏ အသက်ကို နှုတ်ယူဖူးသည့် သူ့လိုလူတစ်ယောက်အတွက် တစ်စုံတစ်ယောက် သေသည်ကို ကြားရခြင်းမှာ ကိစ္စကြီးတစ်ခုမဟုတ်ပါ။ ဤအဖြစ်အပျက်၌ပင် အားထည့်ကာ သူ့စကားများကို မဖြုန်းတီးခြင်ပေ။
သို့သော် ဤလူငယ်များအတွက်တော့ ၎င်းမှာ ကွဲပြားသည်။ သူ့စကားများက ထို လူအုပ်ထဲမှာ အနည်းငယ်ကိုပဲ လောကကြီး၏ အဖြစ်မှန်ကို ပြနိုင်စေဦးတော့ သူကြိုးစားရကြိုးနပ်ပေသည်။
တဒင်္ဂ ဖြစ်ပေါ်လာသည့် သတ္တိနှင့် မုန်းတီးခြင်းတို့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ရခြင်းမှာ သူတို့အတွက် အကျိုးမရှိပေ။ ၎င်းက အနာဂါတ်၌ပင် သူတို့အား ပြဿနာများ ကြုံရစေနိုင်သည်။
ရှောင်ချိစွေလည်း စိတ်ခံစားချက်များစွာ ခံစားနေရသည်။ အတိတ်ကဆိုလျှင် သူဘာမျှ ပြောမည်မဟုတ်သော်လည်း အချိန်က အရာအားလုံးကို ပြောင်းလဲပေးနိုင်လေသည်။
ဆိုရလျှင် သူသည် အတိတ်က လူသတ်မိစ္ဆာ ရှောင်ချိစွေ မဟုတ်တော့ပေ။ ယခု ထျန်းစန်စိတ်၀ိညာဥ်နန်းတော်ရှိ ထိပ်ခေါင်အကြီးအကဲဖြစ်လေသည်။
“ကောင်းတယ်”
ရှောင်ချိစွေ သူ့လက်ထဲမှ စာကို ခေါက်လိုက်ပြီး “ဒီလိုဆိုမှတော့ လက်ရှိ အဓိက အကြောင်းအရာကို ပြောရအောင်”
“ထိပ်သီး (၆၄) ယောက်အကြား တိုက်ပွဲကို အခု စမယ်။ အရင်လိုပဲ ပြိုင်ပွဲ၀င်တွေကိုဖန်သားပြင်ပေါ်ကနေ ရွေးချယ်ပြီး တွဲပေးမယ်။ ပြိုင်ပွဲကလည်း တစ်ပွဲကို (၂) ယောက်စီပဲ။ ပြီးတော့ အချိန်အကန့်အသတ်က မိနစ် (၃၀) ရမယ်”
“ဆိုတော့ ဒီနေ့ မင်းတို့ စိတ်ရှိသလောက် ချကြပေတော့။ ငါတို့မှာ အချိန်တွေရှိတယ်။ ငါတို့လည်း အဆင့်တက်သွားမယ့် လူတွေကိုကြည့်ချင်နေပြီ”
တိတ်ဆိတ်နေသည့်လူအုပ်ကြီး ရှောင်ချိစွေ၏ စကားအဆုံး၌ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး လေးနက်နေသည့် အခြေအနေကို ပေါ့ပါးသွားစေလိုက်သည်။
ထိပ်ခေါင် အကြီးအကဲရှောင်လည်း လူအုပ်ကြီး၏ တုန့်ပြန်ချက်ကြောင့် ကျေနပ်သွားသည်။ ချက်ခြင်း ပြိုင်ပွဲစတင်ကြောင်း အချက်ပေးရန် လက်ပြလိုက်ပြလိုက်သည်။ သို့ဖြင့် ပုရိသတ်များထံမှ အားပေးမှုကို ထပ်မံရရှိလိုက်၏။
“ဆိုတော့ စကြရ…”
“နေဦး” အလျင်လိုနေသည့် အသံတစ်သံက သူ့ကို ကြား၀င်ဖြတ်လိုက်သည်။
လူတိုင်း အံ့အားသင့်သွားကြပြီး ထိုပြောလိုက်သော လူကို ဝိုင်းကြည့်လိုက်ကြသည်။ အကြီးအကဲထိပ်ခေါင်အား ကြား၀င်ဖြတ်ရဲသည်လော။ သေချင်နေသည်လော။
“အဲ့တာ စုရှောင်ရှန်ပဲဟ”
“ငါပြောပါတယ် ကျပ်မပြည့်ပါဘူးလို့ အဲ့ကောင်”
“ဘုရားရေ ထိပ်ခေါင်အကြီးအကဲရှောင်သူ့ကို အရေးမယူတာကိုက ကံကောင်းနေပြီ။ အခု အကြီးအကဲကိုသူ ရန်သွားစချင်နေသေးတာလား”
“သူလာပြီ။ သူလာပြီ။ စုရှောင်ရှန်လာပြီ။ အဖွဲ့လိုက် ပြိုင်ပွဲကတည်းကနေသူ့ကို အာရုံစိုက်ပြီး ကြည့်လာတဲ့ သူတစ်ယောက် အနေနဲ့ သူများကို ရန်သွားမစရရင် အဲ့တာ စုရှောင်ရှန်မဟုတ်ဘူးလို့ ငါပြောရဲတယ်”
ကြီးကြပ်သူများ၏ ဝိုင်း၌ အနက်၀တ်ကြီးကြပ်သူ (၁၈) ရောက်ထိုင်နေကြသည်။ ထိုထဲမှ (၁၂) ယောက်မြောက်ကြီးကြပ်သူဖြစ်သူက စုရှောင်ရှန်အားမြင်သော် ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။
“သူလာပြီ။ အဲ့ဒီ စုရှောင်ရှန်ဆိုတဲ့ ငါမင်းတို့ကို ပြောပြတဲ့ တစ်ယောက်ရောက်လာပြီ”
“သေခြာကြည့်ထားကြ။ အဲ့ကောင် ပြဿတစ်ခုမဟုတ် တစ်ခုရှာတော့မှာ”
“ငါ ကိုယ်တိုင် အဲ့စုရှောင်ရှန်ရဲ့ လက်အောက်မှာ အနှိပ်စက်ခံခဲ့ရတာ ငါအသိဆုံး။ လာကြ။ လာကြ။ ငါစိတ်ဝိညာဉ်သလင်းကျောက်တစ်တုံးလောင်းကြေးထပ်မယ်။ သူ့ရှေ့မှာဆိုရင် ခေါင်းဆောင်ရှောင်တောင် သူ့ကိုယ်သူ ထိန်းနိုင်မှာ မဟုတ်ဘူး”
သူ့ဘေးနား၌ ထိုင်နေသော အနက်၀တ် ကြီးကြပ်သူများ အနည်းငယ် ရယ်မောလိုက်ကြသည်။
“မင်းပြောသလောက် တကယ်ကော ဆိုးလို့လား”
“သူ့မှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်နဲ့ စတင်ခြင်းအဆင့် ဓားဆန္ဒလေးပဲရှိတာမလား။ ဘယ်တုန်းက ပါရမီရှင်တွေကို ငါတို့ မမြင်ဖူးလို့လဲ*
“ဟုတ်တယ်။ သူ ဘယ်လောက် ပါရမီရှိရှိ အတွင်းစည်းက စုရှင်းရှင်းထက် တော်နိုင်ပါ့မလား”
(၁၂) ယောက်မြောက်ကြီးကြပ်သူ ထိုင်ခုံကို မှီနေရာမှ အရှေ့သို့ ကိုင်းညွှတ်လိုက်သည်။ ရှောင်ချိစွေထံ စုရှောင်ရှန်ကို ပြေးသွားသည်ကို မြင်သော် အနည်းငယ် ခေါင်းရမ်းလိုက်၏။
“မဟုတ်ဘူး။ မဟုတ်ဘူး။ သူ့ပါရမီက အဲ့လောက်မဟုတ်ဘူး။ သူတကယ်ကြောက်စရာကောင်းတဲ့အချက်က သူ့ကို ခန့်မှန်းလို့ မရလို့ပဲ”
တစ်ခဏ ရပ်တန့်ပြီးနောက် သူ ထပ်လောင်းပြောလိုက်သည်။ “သူနောက်ထပ် စိတ်တိုစရာ ကောင်းအောင် ဘာထပ်လုပ်မယ်ဆိုတာ မင်းသို့ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး”
လူတိုင်း ပြိုင်ကွင်းအား ကြည့်နေကြ၏။
ရှောင်ချိစွေ၏ မျက်နှာထား ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် မဲမှောင်သွားသည်။ သို့သော် စိုးရိမ်နေသော မျက်နှာထားဖြင့် သူ့ထံပြေးလာနေသော လူငယ်လေးကို ကြည့်နေရုံမှ တစ်ပါး မည်သည်မျှ မလုပ်နိုင်ချေ။
ပြိုင်ပွဲဝင်များ ထိပ်ခေါင်ကြီးကြပ်သူအား အထူး အခိုက်အတန့်များ၌ ပြိုင်ပွဲအား ရပ်တန့်ပေးရန် တောင်းဆိုနိုင်၏။
၎င်းမှာ မိုးတိမ်လေပြိုင်ပွဲ၏ စည်းကမ်းချက်များထဲမှ တစ်ခုဖြစ်သော်လည်း ယခင်က မည်သူမှ အမှန်တကယ် လက်တွေ့၌ ပြိုင်ပွဲနားရန် မတောင်းဆိုဖူးချေ။
“ဘာဖြစ်လို့လဲ။ အကြောင်းတစ်ခုခု မထူးရင်း မင်းကို ငါကိုယ်တိုင် ပြိုင်ပွဲကနေ ထုတ်ပစ်မယ်” ရှောင်ချိစွေ သူအော်နိုင်သလောက် အော်ပြောလိုက်၏။ စုရှောင်ရှန်၏ ကြားဝင်ဖြတ်မှုက သူ့ကို စိတ်မရွှင်မပြဖြစ်သွားစေလေသည်။
“ကျုပ်ကိုကယ်ပါဦး ကြီးကြပ်သူ”
သူ့ရှေ့ရှိ ကောင်လေးမှာ အလွန် စိုးရိမ်နေသည့်ဟန်ပေါ်လွင် နေပြီး မျက်နှာမှာလည်း ရဲရဲနီနေသည်။ စုရှောင်ရှန် သူ့အနားကပ်လာသောအခါ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ် နေသော အပူလှိုင်းများကို ရှောင်ချိစွေခံစားလိုက်ရသည်။
စုရှောင်ရှန် ယခု၌ အမှန်တကယ် စိုးရိမ်နေခြင်းဖြစ်သည်။
ထိုယုတ်မာသည့်အဖိုးကြီးသူ့ကို ဘာကျွေးလိုက်မှန်း မသိချေ။ ထိုအနီရောင်အစေ့ သူ့၀မ်းထဲ၀င်သွားသည်မှ စ၍ ပို၍ ပို၍ ပူလာသည်ကို သူခံစားလိုက်ရသည်။ ထိုအစေ့မှ အလွန်ပြင်းထန်သော ကြောက်မက်ဖွယ်ရာကောင်းသည့် အပူလှိုင်းများ သူ့တစ်ကိုယ်လုံးစီသို့လည်း ဖြန့်ကျက်နေ၏။
ငန်းကန်၌ တရားထိုင်၍ ထိုအစေ့ကို သူ့ခန္ဓာကိုယ်မှ ထုတ်ပယ်ရန် ကြိုးစားကြည့်လိုက်သေးသည်။
သို့သော် လက္ခဏာများမှာ ပို၍ ဆိုးလာသည်သာရှိပြီး သူဆက်ကြိုးစားရင်း ကြိုးစားရင်းနှင့် အစေ့ပါ အရည်ပျော်ကျသွား၏။
ကျစ်ကျစ်တောက်ပူနေသည့် အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးအတွင်းသို့ စိမ့်၀င်သွားပြီး အဆက်မပြတ်သူ့ကို လောင်ကျွမ်းနေစေလေသည်။
သူပေါက်ကွဲထွက်သွားတော့မည်ဟုပင် စုရှောင်ရှန်ခံစား နေရသည်။
သူ၏ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ပင် ထိုလောင်ကျွမ်းခြင်းကို မခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောအများစု ပျက်ဆီးသွားခဲ့ပြီးဖြစ်ရာ ဤသို့ ဆက်ဖြစ်နေလျှင် သူသေသွားချေတော့မည်။
သူ စိတ်ဝိညာဉ်ဆေးဘက်ဆိုင်ရာဌာနသို့ သွားရန်ပြင်လိုက်သော်လည်း ရုတ်တရက် ထိုဌာနရှိ အကောင်းဆုံး သမားတော်များနှင့် ဆေးအကူများ မိုးတိမ်လေပြိုင်ပွဲ၌ ကူညီရန်ရောက်နေကြသည်ကို သတိရလိုက်သည်။
ထို့ကြောင့် ဤနေရာ၌ သူတို့ကို လာရှာခြင်းဖြစ်သည်။
သို့သော် ထိုလူများအား လွယ်လွယ်ကူကူ သူတွေ့နိုင်မည်လော။ ထို့ပြင် ထို အဖိုးကြီး၏ နောက်ကြောင်းကိုမသိရာ သမားတော်များနှင့်ပါ ပတ်သက်မှုရှိနေမည်စိုး၍ သူဘာဖြစ်နေသည်ကို မထုတ်ဖော်ခြင်းဖြစ်သည်။
ထို့ကြောင့် စုရှောင်ရှန် သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်သည်။
ရှောင်ချိစွေ သူ့ရှေ့မှ စုရှောင်ရှန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ မည်သို့ အဓိပ္ပာယ်မရှိသည်များအား စုရှောင်ရှန် ပြောမည်ကို သူကြားလိုက်ချင်သည်။
စုရှောင်ရှန်သူ၏ အပေါ်ပိုင်းအင်္ကျီကို စုတ်ဖြဲလိုက်ပြီး ရဲရဲနီနေသော အသားကိုပြလိုက်သည်။
“ကျုပ်ကိုကယ်ပါလို့” သွေးရူးသွေးတန်း သူအော်လိုက်သည်။
“ကျုပ်ဆေးတွေစားထားတာ။ ကျုပ်ကို ပြိုင်ပွဲကနေ ထုတ်လိုက်တော့”
“ဒါပေမယ့် ကျုပ်ခန္ဓာကိုယ်ကို အရင် သမားတော်တွေကို ချက်ခြင်း စစ်ဆေးခိုင်းပါ လုပ်ပါ”